အခြားသူများကို အကျိုးပြုရန် စိတ်ဝင်စားသူအားလုံးထံပြန်သွားပါ
၁ ပြန်လည်ပတ်မှုများပြုလုပ်ရန် ကျွန်ုပ်တို့၌တာဝန်ရှိသည်။ စာအုပ်စာတမ်းများမယူသော်လည်း စိတ်ဝင်စားမှုပြမည်ဆိုလျှင် သူတို့ထံပြန်သွားရမည်။ နိုင်ငံတော်သတင်းကို အနည်းအကျဉ်းသာ စိတ်ဝင်စားမည်ဆိုလျှင်ပင် ထိုသူကို အတတ်နိုင်ဆုံး ကူညီပေးလိုကြမည်။ ထို့ကြောင့် သူ၏စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးရန်နှင့် အိမ်တွင်းကျမ်းစာသင်အံမှုစလိုသည့်ရည်ရွယ်ချက်ဖြင့် ပြန်လည်ပတ်မှုလုပ်ကြသည်။ စာပေကို မယူစေကာမူ ယင်းကိုကျွန်ုပ်တို့၏ပန်းတိုင်ထားသည်။ ထိုသို့ မည်သို့ပြုလုပ်နိုင်မည်နည်း။
၂ နောက်ဆုံးအခေါက်တွင် အိမ်ထောင်ရေးပြဿနာများယခု များပြားနေကြောင်းကိုပြောဆိုခဲ့ပြီး “ထာဝစဉ်အသက်ရှင်“ စာအုပ်ကို ဝေငှခဲ့မည်ဆိုလျှင် ဤသို့စကားစမြည်စတင်နိုင်မည်–
◼ “အရင်တစ်ခေါက်က အိမ်ထောင်ရေးအကြောင်းနဲ့ ပျော်ရွှင်မှုပိုပေးတဲ့ လက်တွေ့ကျကျမ်းစာသြဝါဒအကြောင်း ပြောဆိုခဲ့တယ်။ စံပြအိမ်ထောင်တွေထဲမှာတောင် ပြဿနာများ တစ်ခါတလေ ပေါ်တတ်တယ်မဟုတ်လား။ [ဖြေဆိုပါစေ။] မိသားစုဆက်ဆံရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးသြဝါဒစကားတွေ ကျမ်းစာထဲမှာရှိတယ်။ မိသားစုတစ်စု ကျမ်းစာကိုအတူတူလေ့လာမယ်ဆိုရင် ကောင်းချီးရနိုင်တယ်။” စာမျက်နှာ ၂၄၆ သို့ဖွင့်ပြီး အပိုဒ် ၂၃ ကိုဆွေးနွေးပါ။ ယောဟန် ၁၇:၃ ကိုဖတ်ပြီး အိမ်တွင်း၌ ကျမ်းစာကိုစတင်လေ့လာရန် မိသားစုကို အကူအညီပေးလိုကြောင်း တင်ပြပါ။
၃ ကလေးများအကြောင်းနှင့် သူတို့လိုအပ်နေသည့် လေ့ကျင့်မှုအကြောင်း ပြောဆိုခဲ့မည်ဆိုလျှင် ဤသို့ဆက်ဆွေးနွေးနိုင်သည်–
◼ “အရင်တစ်ခေါက်က ကလေးတွေလိုအပ်တဲ့ ဝိညာဏလေ့ကျင့်မှုအကြောင်းနဲ့ အဲ့ဒါကို မိဘတွေ ဘယ်လိုပေးနိုင်မဲ့အကြောင်းကို ပြောဆိုခဲ့ကြတယ်။ အခုအချိန်မှာ လူငယ်အတော်များများ အကျင့်တွေပျက်စီးနေတဲ့အတွက် မိဘအများက အတော်စိုးရိမ်နေကြတယ်။ . . . အကြောင်း ခင်ဗျားဘယ်လိုထင်သလဲ။ [သင့်အရပ်ဒေသတွင် တွေ့ရှိနေသော လူငယ်တို့၏အကျင့်ပျက်ပုံတစ်ခုကို ဖော်ပြပါ။ ဖြေဆိုပါစေ။] ကျမ်းစာထဲမှာပါတဲ့ လက်တွေ့ကျအကြံဉာဏ်တချို့ကို ဖော်ပြပါရစေ။” ထာဝစဉ်အသက်ရှင်စာအုပ် စာမျက်နှာ ၂၄၆ အပိုဒ် ၂၂ သို့ဖွင့်ပြီး အဓိကအချက်ကို ဆွေးနွေးပြီးနောက် ဧဖက် ၆:၄ ကိုဖတ်ပါ။ ကလေးအများစုသည် ပဲ့ပြင်မှုနှင့် လမ်းပြညွှန်ကြားမှုအမှန်ပင် လိုအပ်ကြောင်း ဖော်ပြပါ။ မိဘများသည် ဝီရိယရှိရှိ ပဲ့ပြင်ဆုံးမပေးပါက ကလေးများသည် ပိုပျော်ရွှင်မှုရှိပြီး ရိုသေလေးစားမှုပိုရှိသည်။ ကလေးများနှင့် သမ္မာကျမ်းစာကို ကျွန်ုပ်တို့မည်သို့လေ့လာကြောင်း ရှင်းပြပါ။
၄ ပရဒိသုမြေကြီးအကြောင်း သင်ပြောဆိုခဲ့မည်ဆိုလျှင် စိတ်ဝင်စားမှုကို ပြန်နှိုးဆွပေးရန် ဤသို့ပြောဆိုနိုင်ပေမည်–
◼ “ဒီကမ္ဘာကြီးကို ဘုရားသခင်က ပရဒိသုခဘုံဖြစ်စေတဲ့အခါ ဖြစ်လာမယ့်မြေကြီးရဲ့အခြေအနေ ရုပ်ပုံတွေကို ဒီစာအုပ်ထဲမှာကြည့်ခဲ့တယ်။ ကိုယ်ချစ်မြတ်နိုးရတဲ့သူတွေနဲ့အတူ ဒီလိုနေရာမျိုးမှာ မနေရရင် ပျော်မှာမဟုတ်ဘူးနော်။” ဖြေဆိုပါစေ။ ထိုနောက် ထာဝစဉ်အသက်ရှင်စာအုပ်၊ စာမျက်နှာ ၁၆၂ ကိုဖွင့်ပါ။ ဗျာဒိတ် ၂၁:၃၊ ၄ ဖတ်ပြီး မိမိချစ်မြတ်နိုးရသူများ မိမိတို့နှင့်အတူ အဘယ်နည်းဖြင့် အမြဲရှိနိုင်မည့်အကြောင်းကို ရှင်းပြပါ။ တုံ့ပြန်မှုကောင်းမည်ဆိုလျှင် လူသေများ ပြန်အသက်ရှင်လာမည့်အကြောင်းကို ဖော်ပြရန် ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။ စာအုပ်အဖုံးကိုပြပြီး ဤသို့ပြောပါ– “တကယ်ပါ—ကမ္ဘာ့ပရဒိသုပေါ်မှာ ထာဝစဉ်အသက်ရှင်နိုင်တယ်!” ယင်းသည် အလွန်နီးကပ်နေကြောင်း ကျွန်ုပ်တို့မည်သို့သိရှိသည်ကို ဆွေးနွေးရန် ပြန်လာမည်ဟု ပြောပြပါ။
၅ ပြန်လည်ပတ်မှု၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်သတင်းစကားမှ စိတ်ဝင်စားသူတို့ အကျိုးခံစားရစေရန်ဖြစ်သည်။ လူအများသည် ဝိညာဏရေးရာများကို ခံတွင်းတွေ့ရန် လှုံ့ဆော်မှုလိုသည်။ စာအုပ်ပါ လက်တွေ့ကျအချက်များကို သူတို့အားပြပြီး သမ္မာကျမ်းစာကို သူတို့ပိုနားလည်နိုင်ရန် ယင်းသည် မည်သို့ကူညီပေးနိုင်ကြောင်း အလေးအနက် ဖော်ပြပါ။ ပန်းတိုင်မီသော ပြန်လည်ပတ်မှုများသည် သူတစ်ပါးအား အကျိုးအရှိဆုံးနည်းဖြင့် အကူအညီပေးပါလိမ့်မည်။