မိမိကိုယ်ကိုအကျိုးပြုရန် သူတစ်ပါးကို အကူအညီပေး
၁ ကျွန်ုပ်တို့သိအပ်ရာများကို သွန်သင်ပေးတော်မူမည်ဟု ယေဟောဝါကတိထားတော်မူသည်။ ဆာလံ ၃၂:၈ (ကဘ) တွင်ကိုယ်တော်သည် ဤသို့အာမခံထားတော်မူ၏– “သင့်ကို ငါထိုးထွင်းသိမြင်စေမည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံပေး၍ ကြည့်ရှုပြုစုမည်။” ဤအာမခံချက်သည် ကျွန်ုပ်တို့ကို များစွာအကျိုးပြုသည်။ သမ္မာကျမ်းစာ၏ ပညာရှိသြဝါဒကို လိုက်နာခြင်းအားဖြင့် မိမိကိုယ်ကို မည်သို့အကျိုးပြုနိုင်ကြောင်း သူတစ်ပါးကို ကိုယ်ကျိုးစွန့်ကူညီပေးလိုကြသည်။ (ဟေရှာ. ၄၈:၁၇) စက်တင်ဘာလအတွင်း ထာဝစဉ်အသက်ရှင်စာအုပ်ကို ဝေငှခြင်းအားဖြင့် ယင်းသို့ပြုနိုင်သည်။ ယင်းကိုဝေငှရာတွင် သမ္မာကျမ်းစာ၏ လက်တွေ့ကျပုံကို နည်းအမျိုးမျိုးဖြင့် တင်ပြနိုင်သည်။
၂ ယနေ့ အိမ်ထောင်ရေးပြဿနာ များပြားနေသည့်အတွက် “ထာဝစဉ်အသက်ရှင်” စာအုပ်မှ ဤအချက်ကို ဖော်ပြလိုပေမည်–
◼ “အိမ်ထောင်မသာယာမှုနဲ့ လင်မယားကွာရှင်းမှု အကြီးအကျယ် တိုးများနေတာကို လူအတော်များများ စိုးရိမ်နေကြတယ်။ အဲ့ဒီပြဿနာကို ခင်ဗျားကော ဘယ်လိုယူမှတ်သလဲ။ [ဖြေဆိုပါစေ။] လူအများက ဖြစ်ရတဲ့အကြောင်းရင်းကို မသိကြဘူး။ မောင်နှံစုံများဟာ တကယ်ကြိုးစားကြမယ်ဆိုရင် သူတို့အိမ်ထောင်ကွဲစရာမလိုတဲ့အပြင် စစ်မှန်တဲ့ပျော်ရွှင်မှုကိုလည်း ရနိုင်မယ်။ ကျမ်းစာမှာတွေ့ရတဲ့ ဩဝါဒကိုကျင့်သုံးခြင်းဟာ အောင်မြင်မှုရဲ့သော့ချက်ပါပဲ” ဧဖက် ၅:၂၈၊ ၂၉၊ ၃၃ ကိုဖတ်ပါ။ စာမျက်နှာ ၂၄၃ ကိုဖွင့်ပြီး အပိုဒ် ၁၆ နှင့် ၁၇ ကိုဆွေးနွေးပြီးနောက် စာအုပ်ကိုဝေငှပါ။
၃ ကလေးများသည် မိဘများထံမှ အကျိုးပြုအချိန်နှင့် လေ့ကျင့်ပေးမှု လိုအပ်ကြသည်။ “ထာဝစဉ်အသက်ရှင်” စာအုပ်ကို ဖော်ပြရာတွင် ဤသို့ပြောနိုင်ပေမည်–
◼ “ကျွန်ုပ်တို့အားလုံး လူငယ်တွေရဲ့ နောင်ရေးကို စိုးရိမ်နေကြတယ်။ ကလေးတွေရဲ့နောင်ရေး လုံခြုံရအောင် မိဘတွေအနေနဲ့ ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းက ဘာဖြစ်မယ်လို့ခင်ဗျားထင်သလဲ။ [ဖြေဆိုပါစေ။] လွန်ခဲ့တဲ့ အနှစ် ၃,၀၀၀ လောက်က ရေးခဲ့တဲ့ ကျမ်းချက်တစ်ချက်ကို နားထောင်ကြည့်ပါ။ [သု. ၂၂:၆ ဖတ်။] ကျောင်းပညာဟာ ကလေးတွေကို အကျိုးပေးတာ မှန်ပေမဲ့ သူတို့လေးတွေအတွက် တန်ဖိုးအရှိဆုံးက အိမ်မှာ မိဘများပေးတဲ့ လေ့ကျင့်မှုပဲ။ အချိန်ပေး၊ အာရုံစိုက်ပြီး မေတ္တာပြဖို့လိုတယ်။ ဒါပေမဲ့ အကျိုးနပ်ပါတယ်။” စာမျက်နှာ ၂၄၅ သို့ဖွင့်ပြီး အပိုဒ် ၂၀ နှင့် ၂၁ တို့ကိုဆွေးနွေးပြီးနောက် ကျမ်းစာကို မိသားစုလိုက်လေ့လာရာတွင် ယင်းစာအုပ်ကို အခြေခံအဖြစ် မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြပါ။
၄ ကမ္ဘာမြေကြီးသည် ပရဒိသုခဘုံ မည်သို့ဖြစ်လာမည်ကို ဖော်ပြပြီး “ထာဝစဉ်အသက်ရှင်” စာအုပ်ကို သင်ဝေငှလိုပေမည်–
◼ “ခင်ဗျားရဲ့အနာဂတ်ကို သိချင်မှာပဲ။ သခင့်ဆုတောင်းချက်ထဲမှာ ယေရှုက ဘုရားသခင်ရဲ့အလိုတော် ကောင်းကင်မှာပြည့်စုံသလို မြေကြီးပေါ်မှာလည်း ပြည့်စုံလာပါစေလို့ ဆုတောင်းဖို့ သင်ပေးတယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါ ကမ္ဘာမြေကြီးရဲ့အခြေအနေဟာ ဘယ်လိုဖြစ်မလဲ။ [ဖြေဆိုပါစေ။] ပရဒိသုကမ္ဘာကို ပန်းချီဆရာတစ်ယောက်က ဒီလိုဖော်ပြတယ်။ [စာမျက်နှာ ၁၂ နှင့် ၁၃ ပါရုပ်ပုံများကိုပြပြီး အပိုဒ် ၁၂ ပါဟေရှာယ ၁၁:၆-၉ ကိုဖတ်။] ဒီလိုမျိုးကမ္ဘာမှာနေရရင် ပျော်စရာကောင်းမှာပဲနော်။ ဒီလိုပရဒိသုကမ္ဘာပေါ်မှာ ခင်ဗျားနဲ့ ခင်ဗျားရဲ့မိသားစု ဘယ်လိုနေထိုင်နိုင်မယ်ဆိုတာကို ဒီစာအုပ်က ဖော်ပြလိမ့်မယ်။”
၅ အိမ်ပေါက်ဝတွင် သင်အောင်မြင်မှုတွေ့ရှိရန် သင့်တင်ဆက်ပုံကို ကြိုတင်ပြင်ဆင်ခြင်းက သော့ချက်ဖြစ်သည်။ တံခါးမခေါက်မီ ကျမ်းစာမှ အချက်တစ်ခုကို အတိအကျဖော်ပြရန် အသေအချာစဉ်းစားထားပါ။ ထို့ပြင် စာအုပ်မယူလျှင် သင်ဝေငှမည့် မဂ္ဂဇင်း သို့မဟုတ် ဝေစာမှ စိတ်ဝင်စားစရာအကြောင်းတစ်ခုကို လိုရင်းတိုရှင်းဖော်ပြဖို့ စဉ်းစားထားပါ။ စက်တင်ဘာလအတွင်း အခွင့်အရေးရတိုင်း နိုင်ငံတော်သမ္မာတရားမျိုးစေ့ကို ကြဲဖြန့်ရန် ကြိုးစားပါ။ (ဒေ. ၁၁:၆) သူတစ်ပါးအား ထာဝရအကျိုးကျေးဇူးများခံစားစေရန် သင်အကူအညီပေးနိုင်ပါလိမ့်မည်။