ဧပြီလအတွင်း “ကောင်းသောလုပ်ငန်းအတွက် စိတ်အားကြီး” လော့!
၁ လွန်ခဲ့သည့်နှစ်က နိုင်ငံတော်သတင်း နံပါတ် ၃၄ ကို ကမ္ဘာတစ်ဝန်း သန်းချီဝေငှခဲ့စဉ်က တစ်ချိန်တစ်ခါနှင့်မျှမတူသည့် သက်သေခံချက်ကို ပေးခဲ့သည်။ အသင်းတော်ကြေညာသူများနှင့် ရှေ့ဆောင်များပါ ဤအားရှိစေသည့်လုပ်ငန်းတွင် ဇွဲလုံ့လဖြင့် ပါဝင်ခဲ့ကြသည်။ သူတို့တွင် အသင်လည်းပါဝင်ခဲ့သလော။ ပါဝင်ခဲ့မည်ဆိုလျှင် ထိုထူးခြားသောလုပ်ငန်း၌ ပါဝင်ခွင့်ရရှိခဲ့၍ အလွန်ပျော်ရွှင်မှုရရှိခဲ့ပေမည်။ ယခု သင်က ဤနှစ်အတွက် အဘယ် ‘ကောင်းသောလုပ်ငန်း’ လုပ်ကိုင်စရာ ရှိသနည်းဟု စဉ်းစားနေပေမည်။—တိ. ၂:၁၄။
၂ ဧပြီနှင့်မေအစောပိုင်းအတွင်း ၁၉၉၆၊ ဧပြီ ၂၂ နိုးလော့! မဂ္ဂဇင်းအထူးထုတ်ကို အင်္ဂလိပ်၊ တယ်မီလ်၊ တရုတ်ဘာသာစကားဖြင့် ဝေငှခွင့်ရကြမည်။ ထိုတွင် “စစ်ပွဲများ မရှိတော့သည့်အခါ” အကြောင်းကို ဆွေးနွေးတင်ပြထားသည်။ ဤအကြောင်းကို အိမ်ရှင်မြောက်မြားစွာ နှစ်သက်ကြမည်ဖြစ်သောကြောင့် ဤမဂ္ဂဇင်းကို အတတ်နိုင်ဆုံး များပြားစွာ ကြိုးစားဝေငှကြပါမည်။ ဤနိုးလော့!တွင်ပါသောအကြောင်း၏ အရေးကြီးမှုကြောင့် ယင်းကို ဧပြီနှင့်မေလများအတွင်း ကုန်သွားသည့်အထိ ဝေငှကြမည်။
၃ ကျွန်ုပ်တို့၏ပန်းတိုင်—ကြေညာသူအားလုံး ပါဝင်ခြင်း– ဧပြီလအတွင်း ဤနိုင်ငံရှိ ကြေညာသူတိုင်းသည် ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်နိုင်မည်ဆိုလျှင် အလွန်အားရှိစရာဖြစ်ပါလိမ့်မည်။ ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့သည့်အနေဖြင့် ပွဲတော်ကျင်းပပြီးသည်ကား မကြာသေးသည့်အတွက် ဘုရားသခင်၏ကောင်းမြတ်ခြင်းကို ကျေးဇူးတင်လေးမြတ်ကြောင်းကို လယ်ကွင်းဓမ္မအမှု၌ ပါဝင်ပြီး “ချီးမွမ်းခြင်းယဇ်” ကိုတိုက်ရိုက်ပြုလိုမည်အမှန်ပင်။—ဟေဗြဲ ၁၃:၁၅။
၄ ဧပြီလအတွင်း ဇွဲလုံ့လဖြင့် အားလုံးပါဝင်နိုင်ကြရန် အသင်းတော်သားတိုင်း၏လိုအပ်ရာများကို သိရှိရန် ကြိုးစားစစ်ဆေးသင့်သည်။ (ရော. ၁၅:၁) စာအုပ်ကြီးသင်တန်းမှူးများသည် မိမိတို့အုပ်စုများရှိသူတို့၏ အခြေအနေကို ကောင်းစွာသိရှိပြီး လက်တွေ့ကျအကူအညီကို လိုအပ်သလိုပေးသင့်သည်။ ကြိုပို့ပေးရန် လိုအပ်နေသူရှိသလော။ မည်သူပြုလုပ်ပေးနိုင်မည်နည်း။ အချို့တို့သည် အလွန်ရှက်တတ်သလော။ အတွေ့အကြုံပိုရှိသူများနှင့် တွဲပေးနိုင်မည်လော။ အိမ်တွင်းအောင်းသူ၊ သို့မဟုတ် ဖျားနာသူများရှိသလော။ တယ်လီဖုန်းနှင့် သက်သေခံခြင်း၊ စာရေးခြင်း၊ သို့မဟုတ် အခြားအကျိုးရှိလုပ်ငန်း တစ်ခုခုတွင် ပါဝင်နိုင်မည်လော။
၅ မလှုပ်ရှားတော့သူအချို့သည် ဝိညာဏအားပေးမှုကို မှန်မှန်ရခဲ့ပြီး ဟောပြောခြင်းလုပ်ငန်းတွင် တစ်ဖန်ပြန်ပါဝင်ရန် တိုက်တွန်းခံခဲ့ရပေမည်။ နိုးလော့!အထူးထုတ်ကို ဝေငှခွင့်ရခြင်းဖြင့် တစ်ဖန်ပြန်လှုပ်ရှားလာရန် အခွင့်ကောင်းရရှိကြလိမ့်မည်။
၆ လူငယ်များပါပါဝင်ရန် သူတို့ကို လေ့ကျင့်ပေး– ယေဟောဝါသက်သေများ၏ကလေးငယ်များစွာတို့သည် နှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ် အမှုမထမ်းကြသေးသော်လည်း သူတို့မိဘများနှင့်အတူ နှစ်ချီ၍ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပါဝင်ခဲ့ကြပြီ။ ယခုအချိန်တွင် သူတို့စတင်ရန်အချိန်ဖြစ်ပြီလော။ သူတို့သည်နှလုံးထဲမှ လှုံ့ဆော်ခံရကာ တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ အဓိပ္ပာယ်ရှိရှိ ပါဝင်ရန် အသင့်ရှိကြပြီလော။ အိမ်ထောင်ဦးစီးများသည် မိသားစု ကျမ်းစာသင်အံမှုပြုလုပ်ချိန်တွင် အချိန်ယူပြီး အရည်အချင်းပြည့်မီသော သူတို့သားသမီးတစ်ဦးစီ၏အသက်နှင့် စွမ်းရည်အလိုက် တင်ဆက်ပြောဆိုချက်တစ်ခုကို ပြင်ဆင်ပေးသင့်သည်။ အနည်းငယ်ကြီးရင့်သူများသည် အိမ်ရှင်၏ စိတ်ဝင်စားမှုကို နှိုးဆွပြီး မဂ္ဂဇင်းတွင်ပါသောအဖြေကိုတင်ပြရန် စဉ်းစားဆင်ခြင်စရာအကြောင်းတစ်ခုကို ရွေးချယ်နိုင်သည်။ အနည်းငယ် အသက်ငယ်သူများမှာမူ စကားလုံးအနည်းငယ်ဖြင့် ထိရောက်စွာ သက်သေခံနိုင်ပေမည်။ ဥပမာ၊ “ဒီလ တစ်ကမ္ဘာလုံးမှာဝေငှနေတဲ့ အထူးထုတ်မဂ္ဂဇင်းကို ဖတ်ကြည့်” ရန် အိမ်ရှင်အား တိုက်တွန်းနိုင်သည်။ မိသားစုလိုက်ပြင်ဆင်မှုပြုလုပ်ချိန်တွင် အများအားဖြင့်တင်ပြတတ်သည့် ကန့်ကွက်ချက်များကို မည်သို့အောင်မြင်စွာဖြေရှင်းနိုင်ကြောင်း အကြံပြုချက်များ ထည့်သွင်းပေးပါ။ ကျိုးကြောင်းဆင်ခြင်နှင့် ထာဝစဉ်အသက်ရှင်စာအုပ်များတွင် အကြံဉာဏ်ကောင်းများ ရရှိနိုင်ပါသည်။ အစာစားချိန်နှင့် အခြားသင့်တော်သည့်အချိန်အခါများတွင် လယ်ကွင်းလုပ်ငန်း၌ မိသားစုတွေ့ဆုံခဲ့သော တွေ့ကြုံမှုများကို တင်ပြပြောဆိုရန် အားပေးပါ။
၇ အရည်အချင်းပြည့်မီသောကျမ်းစာသင်သားများ ယေရှုပြုတော်မူခဲ့သောလုပ်ငန်းကို လုပ်ကိုင်– ယေရှုသည် အယူဝါဒကိုသာ သွန်သင်ပေးတော်မူခဲ့သည်မဟုတ်ပါ။ တပည့်တော်များနှင့်အတူ ဓမ္မအမှုတွင်ပါဝင်ပြီး မည်သို့ဟောပြောရမည်ကို သွန်သင်ပေးတော်မူခဲ့၏။ (လု. ၈:၁; ၁၀:၁-၁၁) ယနေ့ကော အဘယ်အခြေအနေရှိသနည်း။ ကျမ်းစာသင်အံမှုပေါင်း ၁,၇၃၆ ထက်မက ကျင်းပနေပါသည်။ သင့်တော်စွာ အားပေးတည်ဆောက်ခြင်းအားဖြင့် ဤသင်သားများစွာသည် သူတို့သင်တန်းတွင် နောက်ထပ်တစ်ဆင့်တက်ပြီး ဧပြီလအတွင်း နှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ် အမှုဆောင်ကြရန် အရည်အချင်းရှိလာနိုင်ပါသည်။
၈ သင်သည် ကျမ်းစာသင်အံမှုကျင်းပနေမည်ဆိုလျှင် ဤမေးခွန်းများကို သုံးသပ်ကြည့်ပါ– သင်သားသည် သူ၏အသက်အရွယ်နှင့် စွမ်းရည်အလိုက် တိုးတက်နေပါသလော။ သူ၏ယုံကြည်ခြင်းကို အခြားသူများအား အလွတ်သဘော ပြောဆိုတင်ပြနေပါသလော။ “လူသစ်” ကို ယူတင်ဝတ်ဆောင်နေပြီလော။ (ကော. ၃:၁၀) မိမိတို့ဓမ္မအမှုစာအုပ် စာမျက်နှာ ၁၂၂ မှ ၁၂၅ တွင်အကြမ်းဖျင်းဖော်ပြထားသည့် နှစ်ခြင်းမခံသေးသောကြေညာသူများအတွက် အရည်အချင်းကို ပြည့်မီပြီလော။ အရည်အချင်းရှိသည်ဟု သင်ယူဆလျှင် ယင်းကိစ္စကို သူနှင့်ဆွေးနွေးပါ။ သင်သားအချို့သည် လုပ်ငန်းတော်၌ပါဝင်ရန် တိုက်ရိုက်ဖိတ်ခေါ်ခြင်းထက် အားပေးရန် လိုပေမည်။ သင်သားက တလိုတလားရှိမည်ဆိုလျှင် ဦးဆုံး ဦးစီးကြီးကြပ်မှူးသည် ပုံမှန်ပြုသည့်အတိုင်း အကြီးအကဲနှစ်ဦးနှင့် ဆွေးနွေးရန် လိုပါသည်။ သင်သားအား နောက်တွန့်ဆုတ်စေသည့် အကြောင်းတစ်ခုခုလည်း ရှိကောင်းရှိနေမည်။ အကြီးအကဲတစ်ဦးသည် သင်နှင့် သင်အံမှုသို့လိုက်သွားကာ သမ္မာတရားအပေါ် သင်သား၏စိတ်သဘောကို သိရှိရန် မေးမြန်းကြည့်နိုင်ပေမည်။ သင်သား၏စကားကိုနားထောင်ပြီးနောက် အကြီးအကဲအနေနှင့် လက်တွေ့ကျအကြံပြုချက်များကို ကျမ်းစာဆိုင်ရာအကူအညီနှင့်အတူ ပေးနိုင်ပေမည်။
၉ အရန်ရှေ့ဆောင်ရန် ‘အချိန်ကိုဝယ်ယူ’– နှစ်စဉ် သတိရအောက်မေ့ပွဲအချိန်တွင် ရွေးနုတ်ဖိုးအစီအစဉ်ကို ကျေးဇူးတင်လေးမြတ်မှုက ထောင်ပေါင်းများစွာသောသူတို့အား အရန်ရှေ့ဆောင်ရန် အချိန်ကို ‘ဝယ်ယူ’ ဖို့ တိုက်တွန်းလှုံ့ဆော်ပေးပါသည်။ (ဧ. ၅:၁၅-၁၇) အနည်းငယ်စွန့်လွှတ်စရာများရှိမည်မှန်သော်လည်း ရရှိမည့်အကျိုးကျေးဇူးများက များပြားလှသည်။ လူငယ်အတော်များများ ကျောင်းပိတ်ရက်များကို အခွင့်အရေးယူပြီး အရန်ရှေ့ဆောင်လုပ်ကြသည်။ အချိန်ပြည့်အလုပ်လုပ်သော လူကြီးများသည် ညနေချိန်နှင့် သီတင်းပတ် ကုန်ရက်များကို အပြည့်အဝအသုံးပြုကာ ထပ်တူလုပ်ငန်း၌ ပါဝင်ကြသည်။ ဤနည်းဖြင့် မိသားစုတစ်စုလုံး အတူတကွအရန်ရှေ့ဆောင်ခဲ့ဖူးကြပြီ! အသင်းတော်အချို့တွင် အကြီးအကဲများ၊ ဓမ္မအမှုထမ်းများ နှင့် သူတို့၏ ဇနီးများ အများစုသည် အရန်ရှေ့ဆောင်များအဖြစ် ပါဝင်ခဲ့ကြပါသည်။ သူတို့၏ဇွဲရှိသောပုံသက်သေကြောင့် အားပေးခံရပြီး အခြားသူများကလည်း ထပ်တူပြုခဲ့ကြရာ ဧပြီလအတွင်း အသင်းတော်ရှိရာခိုင်နှုန်းအတော်အတန် အရန်ရှေ့ဆောင်ခဲ့ကြပါသည်။
၁၀ သင်သည် အရန်ရှေ့ဆောင်နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ဧပြီလအတွင်း သင့်လုပ်ငန်းတော်ကို တိုးချဲ့ရန် နည်းလမ်းများကို ရှာဖွေပါ။ ကိုယ်ပိုင်ပန်းတိုင်ထားပါ။ ပြည့်မီနိုင်ရန် အနည်းငယ်ကြိုးစားအားထုတ်ဖို့လိုသော ပန်းတိုင်မျိုးဖြစ်ပါစေ။ ယေဟောဝါ၏လုပ်ငန်းတွင် သင်၏အခြေအနေအရ ‘သင့်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း ကုန်စေခြင်းငှာ’ စိတ်ဆန္ဒရှိခြင်းကို ကိုယ်တော်ကောင်းချီးပေးတော်မူမည်။—၂ ကော. ၁၂:၁၅။
၁၁ လယ်ကွင်းလုပ်ငန်းအတွက် အစည်းအဝေးများ– နိုးလော့!ကိုအထူးထုတ်ဝေခြင်းလုပ်ငန်းအတွင်း လယ်ကွင်းလုပ်ငန်းအတွက် အစည်းအဝေးများကို နေ့စဉ်စီစဉ်ထားသင့်သည်။ ယင်းကို ဓမ္မအမှုတွင် စောစောပါဝင်နိုင်မည့်အချိန်၌ ကန့်သတ်စီစဉ်ပါ။ ညနေပိုင်း သက်သေခံခြင်းလုပ်ငန်းကို ပြုလုပ်ရန်အတွက်လည်း အစီအစဉ်ရှိသင့်သည်။ ကြေညာသူအများစုသည် လယ်ကွင်းလုပ်ငန်းတွင် သီတင်းပတ် ကုန်ရက်များ၌ ပါဝင်ကြမည်။ ယင်းကြောင့် အသင်းတော်များသည် နိုးလော့! အထူးထုတ်ကို ဝေငှခြင်းလုပ်ငန်းအတွင်း စနေနေ့ နံနက်နှင့် မွန်းလွဲပိုင်းတွင် လယ်ကွင်းလုပ်ငန်းအစည်းအဝေးများ စီစဉ်ထားသင့်သည်။
၁၂ လယ်ကွင်းလုပ်ငန်းအတွက် အစည်းအဝေးများကို ကျင်းပသောသူများသည် ရပ်ကွက်အလုံအလောက်ရှိမရှိ စီစဉ်ထားသင့်သည်။ အမှုမဆောင်ရသည်မှာ ကြာမြင့်ပြီဖြစ်သောရပ်ကွက်များတွင် အလျင်အမှုဆောင်သင့်သည်။ သို့ရာတွင် အသင်းမတာဝန်ယူသည့် မခန့်အပ်ထားသောရပ်ကွက်တွင် အသင်းမခွင့်ပြုချက်မရှိဘဲ အမှုမဆောင်သင့်ပါ။ အမှုမဆောင်ရသည်မှာ ကြာမြင့်ပြီဖြစ်သော သင်ယူထားသည့် ကိုယ်ပိုင်ရပ်ကွက်များရှိပါသလော။ ဤအထူးလုပ်ငန်းအတွင်း ယင်းတို့တွင် အမှုဆောင်ရန် အကူအညီလိုမည်ဆိုလျှင် လုပ်ငန်းတော်ကြီးကြပ်မှူး သို့မဟုတ် ရပ်ကွက်ကိုကိုင်သောညီအစ်ကိုအား အကြောင်းကြားပါ။ သူတို့က သင့်အတွက် အကူအညီရရှိရန် စီစဉ်ပေးဖို့ အသင့်ရှိပါလိမ့်မည်။
၁၃ သင်မဂ္ဂဇင်းမည်မျှဝေငှမည်နည်း– ယင်းမေးခွန်းကို တစ်ဦးစီအနေနှင့် ဖြေဆိုရန်ဖြစ်သည်။ အထူးလုပ်ငန်းအတွင်း မဂ္ဂဇင်းမည်မျှဝေနိုင်ခြင်းကို ဆုံးဖြတ်ရာတွင် သင်အမှုဆောင်မည့်ရပ်ကွက်၊ သင့်အသက်အရွယ်၊ သင့်ကျန်းမာရေး၊ လုပ်ငန်းတော်တွင် သင်ပါဝင်နိုင်မည့်အချိန်နှင့် အခြားအချက်အလက်များကို ထည့်စဉ်းစားပါ။ သို့သော် ၁၉၉၄၊ ဇန်နဝါရီ ၁၊ ကင်းမျှော်စင်တွင်ပါခဲ့သော သတိပေးချက်ကို သတိပြုပါ– “အကြံပြုချက်တစ်ခုအနေနှင့် ကြေညာသူများသည် မိမိတို့အခြေအနေပေါ်မူတည်၍ တစ်လလျှင် ဥပမာအားဖြင့် မဂ္ဂဇင်း ၁၀ စောင် ပန်းတိုင်ထားနိုင်သည်; ရှေ့ဆောင်များမူ ၉၀ ထားနိုင်သည်။” ထပ်တူပန်းတိုင်သည် သင့်အတွက်ဖြစ်နိုင်မည်လော။
၁၄ အကြီးအကဲများ—အသေအချာစီစဉ်ခြင်း လိုအပ်– ဖြစ်နိုင်မည်ဆိုလျှင် အသင်းတော်၏ရပ်ကွက်အားလုံးတွင် နိုးလော့!အထူးထုတ်နှင့် အမှုဆောင်ဖြစ်ရန် သေချာစေသင့်သည်။ အသင်းတော်အားတာဝန်ခန့်အပ်ထားသည့် မည်သည့်စီးပွားရေးရပ်ကွက်တွင်မဆိုအမှုဆောင်ရန် အသေအချာသတိပြုသင့်သည်။ ယင်း၌အမှုဆောင်သူများသည် ပြင်ဆင်မှုကောင်းစွာပြုထားပြီး သပ်ရပ်စွာဆင်ယင်သင့်သည်။ အကျယ်တဝင့်တင်ဆက်ပြောဆိုစရာမလိုပါ။ အလုပ်ရှင်တစ်ဦးထံ ချဉ်းကပ်သည့်အခါ လုပ်ငန်းရှင်များကို အိမ်တွင် များသောအားဖြင့် မဆုံနိုင်သဖြင့် သူစိတ်ဝင်စားမည့်အကြောင်းတစ်ခုကိုပေးရန် အလုပ်ဌာနသို့လာရခြင်းဖြစ်ကြောင်း ပြောပြနိုင်သည်။ ထို့နောက် မဂ္ဂဇင်းပါအချက်တစ်ချက်ကို အကျဉ်းချုပ်ဖော်ပြနိုင်သည်။ မဂ္ဂဇင်းများနှင့် လမ်းပေါ်သက်သေခံခြင်းပြုရာတွင် အသင်းတော်ရပ်ကွက်အတွင်းဖြစ်သင့်ပြီး အစီအစဉ်စနစ်တကျဖြစ်သင့်သည်။ လမ်းပေါ်သက်သေခံခြင်းလုပ်ငန်းတွင် အထိရောက်ဆုံးနည်းဖြင့်ပါဝင်ရန် လမ်းသွားလမ်းလာသူများထံ ကိုယ်ကဦးဆောင်ပြီး ချဉ်းကပ်ရန်ဖြစ်သည်။ သူတို့အလာကို စောင့်မျှော်မည်မဟုတ်ပါ။ သင့်အား လူတို့ဂရုစိုက်နေမည်ဖြစ်သောကြောင့် အသရေရှိသောအသွင်ရှိခြင်းကို ဂရုစိုက်သင့်သည်။ ဤအထူးလုပ်ငန်းအတွင်း သင့်ရပ်ကွက်တွင် အမှုဆောင်နိုင်သည့် အခြားနေရာများလည်း ရှိပေမည်။ ဥပမာ၊ လေယာဉ်ကွင်းများ၊ ဆေးရုံများ၊ ကားရပ်ရန်နေရာများ၊ ဥယျာဉ်များ၊ နှင့် အပေါ့အပါးစွန့်ဌာနများ အစရှိသည်တို့ဖြစ်သည်။ အကြီးအကဲအဖွဲ့သည် သင့်အသင်းတော်ရှိရပ်ကွက်၏ ဤဒေသများတွင် သက်သေခံရန် အဘယ်သင့်တော်သောအစီအစဉ်များကိုပြုလုပ်နိုင်ကြောင်း ဆုံးဖြတ်ပါမည်။
၁၅ ယေဟောဝါသည် မောပန်းခြင်းမရှိ အလုပ်လုပ်တော်မူသောအရှင်ဖြစ်တော်မူ၏။ (ယော. ၅:၁၇) ကိုယ်တော်သည် ကောင်းကင်မြေကြီးနှင့် သစ်ပင်ပန်းမန်အပြင် တိရစ္ဆာန်များကို ဖန်ဆင်းထားတော်မူသည်; သို့သော် ကိုယ်တော်၏ ကမ္ဘာပေါ်အထွတ်အထိပ်ဖြစ်သောအောင်မြင်မှု—လူသား—ကိုဖန်ဆင်းပြီးတော်မူသည်အထိ ဆက်အလုပ်လုပ်ခဲ့၏။ ကျွန်ုပ်တို့အသက်ရှင်ခွင့်ရှိခြင်းသည် ဘုရားသခင်၏ အလုပ်လုပ်ကိုင်လိုသော စိတ်တော်ကြောင့်သာဖြစ်သည်။ “ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြ” သူများအနေနှင့် ကိုယ်တော်အားချစ်မြတ်နိုးခြင်းကြောင့် ‘ကောင်းသောလုပ်ငန်းကို စိတ်အားကြီး’ ရန် တိုက်တွန်းခံသင့်သည်။ (ဧ. ၅:၁; တိ. ၂:၁၄) ကျွန်ုပ်တို့ထံမှ အကောင်းဆုံးအရာကို ယေဟောဝါရထိုက်တော်မူသောကြောင့်လည်းကောင်း၊ အကျိုးဖြစ်ထွန်းရန် ဆန္ဒပြင်းပြခြင်းသည် ဇွဲရှိသည့် စိတ်အားကြီးသူ၏အကျင့်စရိုက်ဖြစ်သောကြောင့်လည်းကောင်း ဓမ္မအမှုတွင် အရည်အချင်းပြည့်လုပ်ငန်းကို ထမ်းဆောင်ရန် စိတ်ဝင်စားသင့်သည်။ မှန်ပါ၏၊ ယေဟောဝါသည် ကိုယ်တော်အတွက် ကျွန်ုပ်တို့ပြုသော မည်သည့်စွန့်လွှတ်မှုကိုမဆို တန်ဖိုးထား၍ ကျွန်ုပ်တို့၏လုပ်ငန်းသည် ဘယ်သောအခါမျှ အချည်းနှီးမဖြစ်ရပါ။ (၁ ကော. ၁၅:၅၈) ထို့ကြောင့် ယေဟောဝါ၏အလိုတော်နှင့်တွေ့ပြီး ကောင်းချီးခံစားရကာ အောင်မြင်မှုများစွာရှိမည်ဟု စိတ်ချစွာဖြင့် ဧပြီလအတွင်း ကျေးဇူးတင်စွာဖြင့် ဇွဲလုံ့လရှိရှိ ကြိုးပမ်းအားထုတ်ကြစို့လေ!