“သခင်ဘုရား၏လုပ်ငန်းတော်၌ လုပ်ကိုင်စရာများစွာရှိ”
၁ ဧပြီနှင့်မေလအတွင်းဆောင်ရွက်ရန် သီအိုကရက်တစ်လုပ်ငန်းများ မြောက်မြားစွာရှိသည်! ဧပြီ ၁၄ ရက်နေ့တွင် ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့သည့်ပွဲတော်ကျင်းပပါမည်။ ထိုအရေးကြီးအချိန်တွင် သင်၏လုပ်ငန်းခွင်မှမိတ်ဆွေများ၊ မယုံကြည်သူဆွေမျိုးများ၊ ကျောင်းနေဖက်များ၊ စိတ်ဝင်စားသူလူသစ်များနှင့် ကျမ်းစာသင်သားတို့အား ရောက်ရှိနေကြရန် အတတ်နိုင်ဆုံးအားပေးသင့်သည်။ သင်ဖိတ်ခေါ်လိုသူ မည်သူကိုမျှမကျန်စေရန် စာရင်းရေးဆွဲထားပါ။
၂ သတိရအောက်မေ့ပွဲတက်ရောက်သူအားလုံးကို အထူးလူထုဟောပြောချက်ဖြစ်သည့် “မှားယွင်းသောဘာသာတရား၏အဆုံးနီးပြီ” ဟူသော အကြောင်းကိုကြားနာရန် ဧပြီ ၂၃ ရက်နေ့တွင်ထပ်မံတက်ရောက်လာကြဖို့ အားပေးပါမည်။ ဤပွင့်လင်းသည့်သတင်းကိုကြားနာသော စိတ်ဝင်စားသူများစွာတို့သည် အသင်းတော်နှင့် အထူးအချိန်အခါများတွင်သာမဟုတ်ဘဲ မှန်မှန်ပေါင်းသင်းရန်လိုကြောင်းကို သဘောပေါက်မည်ဟူ၍ မျှော်လင့်ပါသည်။
၃ အထူးနိုင်ငံတော်သတင်း ကိုထုတ်ဝေရန်ရှိ– ဧပြီ ၂၃ ရက်နေ့အစည်းအဝေးတွင် ထူးခြားချက်တစ်ခုမှာ မေ ၁၄ ရက်နေ့အထိ နှံ့စပ်အောင်ဝေငှကြရမည့် အခန့်သင့်သောလေးမျက်နှာရှိ နိုင်ငံတော်သတင်းကိုထုတ်ဝေခြင်းဖြစ်သည်။ ဤနှစ်သတိရအောက်မေ့ပွဲကာလအတွင်း “သခင်ဘုရား၏လုပ်ငန်းတော်၌ လုပ်ကိုင်စရာများစွာရှိ” သည်ဟု သင်သဘောတူညီသည်မဟုတ်ပေလော။—၁ ကော. ၁၅:၅၈၊ ကဘ။
၄ အသင်းတော်တိုင်းထံ နိုင်ငံတော်သတင်း အလုံအလောက်ပို့ထားပါမည်။ နိုင်ငံတော်သတင်း ထည့်ထားသည့်ဘူးများကို လုံခြုံသောနေရာတွင် သိမ်းဆည်းထားပြီး ဧပြီ ၂၃ ရက်နေ့အစီအစဉ်မပြီးမချင်း လုံးဝမဖွင့်ကြည့်သင့်ပါ။ ထိုအခါ၌သာ နိုင်ငံတော်သတင်း ကို ညီအစ်ကိုများနှင့်လူထုအား ဝေငှပေးပါမည်။ ဧပြီ ၂၃ ရက်နေ့တွင် အသင်းတော်အစည်းအဝေးများ၊ တိုက်နယ်အစည်းအဝေးများ၊ သို့မဟုတ် အထူးအစည်းအဝေးနေ့အစီအစဉ်များအပြီးတွင် တက်ရောက်လာသူတိုင်း တစ်စောင်စီရကြမည်။ ဤနည်းဖြင့် ယင်း၌ပါဝင်သောအကြောင်းကို ကိုယ်တိုင်သိရှိထားပြီးဝေငှရန် အသင့်ရှိနိုင်မည်။
၅ အကြီးအကဲများ လုပ်ကိုင်စရာများစွာရှိ– ဤအထူးအစီအစဉ်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဆွေးနွေးရန် ဤလအစောပိုင်းတွင် အကြီးအကဲအဖွဲ့ စည်းဝေးသင့်သည်။ အသင်းတော်များသည် မိမိတို့တာဝန်ရထားသောရပ်ကွက်ကိုနှံ့စပ်ရန် ကြိုးစားသင့်သည်။ ဤအစီအစဉ်မပြီးဆုံးမီ လွန်ခဲ့သောခြောက်လအတွင်း မရောက်ခဲ့သည့်ရပ်ကွက်များတွင် အမှုဆောင်ရန် အထူးကြိုးစားပါ။ ဤလုပ်ငန်း၏အရေးကြီးမှုကိုထောက်၍ ဓမ္မအမှုအတွက် အချိန်ပေးနိုင်သမျှပါဝင်ရန်ဆန္ဒရှိပါမည်။ အရန်ရှေ့ဆောင်များအဖြစ် စာရင်းသွင်းမည့်ကြေညာသူများ ခါတိုင်းထက်များမည်ဟုယုံကြည်သည်။ ကျမ်းစာသင်သားများစွာလည်း နှစ်ခြင်းမခံရသေးသော လက်ခံထားသည့်ကြေညာသူအသစ်များအဖြစ် ကျွန်ုပ်တို့နှင့်ပူးပေါင်းပါဝင်မည်ဟုမျှော်လင့်သည်။ သခင်ဘုရား၏လုပ်ငန်းတွင် အတူတကွကြိုးပမ်းလုပ်ဆောင်ခြင်းသည် မည်မျှပျော်ရွှင်ဖွယ်ရာအချိန်ဖြစ်မည်တကား!
၆ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် စနေနှင့်တနင်္ဂနွေနေ့များတွင် အုပ်စုလိုက်သက်သေခံထွက်ရန် အစီအစဉ်အတိအကျရေးဆွဲထားသင့်သည်။ အုပ်စုအဝင်ရှိသူတိုင်းအား တက်ကြွစွာပါဝင်ရန် တိုက်တွန်းပေးသင့်သည်။ သီတင်းပတ်ကုန်ရက်များတွင် အမှုဆောင်သည့်အခါ ညနေပိုင်းသက်သေခံထွက်ခြင်းကိုလည်း ဤအထူးအစီအစဉ်အတွင်း တစ်ပတ်တစ်ခါပြုလုပ်ရန် စီစဉ်ထားသင့်သည်။ တိုး၍ပါဝင်လိုသောကျောင်းသူကျောင်းသားများအတွက် အချို့သူများသည် ကျောင်းဆင်းချိန်ပြီးနောက် အမှုဆောင်ထွက်ဖို့ဆုံဆည်းလိုကြပေမည်။
၇ ကြေညာသူများနှင့်ရှေ့ဆောင်များသည် ဓမ္မအမှုကိုနေ့စဉ်စောစောလုပ်ကိုင်နိုင်ရန် လယ်ကွင်းလုပ်ငန်းအတွက်အစည်းအဝေးများကို စီစဉ်ထားသင့်သည်။ ဤစည်းဝေးများသည် အချိန်တိုအတွင်းဖြစ်သင့်သည်။ ယင်းတို့တွင် နိုင်ငံတော်သတင်း အားရိုးရိုးလေးတင်ဆက်ပုံကို ဖော်ပြသင့်သည်။ ကြေညာသူများသည် စိတ်ဝင်စားမှုတင်ပြကြောင်းတွေ့ရှိသည့်အခါ မဂ္ဂဇင်းများကိုဝေငှနိုင်ရန် နောက်ဆုံးထုတ်စာစောင်များကိုလည်း ဆောင်ထားသင့်သည်။ နိုင်ငံတော်သတင်း ကိုလက်ခံယူထားသူများထံ ပြန်လည်ပတ်သွားရန် အကြံပြုချက်တစ်ခုနှစ်ခုကို မွန်းလွဲပိုင်းလုပ်ငန်းတော်အတွက်စည်းဝေးများတွင် ထည့်တင်ပြနိုင်သည်။ သို့ရာတွင် ကြေညာသူအချို့က နံနက်နှင့်မွန်းလွဲပိုင်းတွင်ပါ ယင်းကိုဝေငှသည့်လုပ်ငန်း၌ ပို၍ပါဝင်လိုပေမည်။ ထိုကြောင့် လုပ်ငန်းတော်ကြီးကြပ်မှူးက ရပ်ကွက်အလုံအလောက်ရှိမရှိသေချာစေပါ။ စိတ်ဝင်စားမှုတင်ပြသူတိုင်း၏ နာမည်နှင့်လိပ်စာကို တစ်အိမ်မှတစ်အိမ်မှတ်တမ်းပေါ်တွင် ရေးမှတ်ထားလိုမည်။ အချိန်တိုအတွင်းဆွေးနွေးခဲ့သည့် အဓိကအချက်များကို မှတ်ချက်အကွက်တွင် ရေးမှတ်ထားလိုပေမည်။ ဤသို့ပြုလုပ်ထားခြင်းအားဖြင့် သီတင်းပတ်အတွင်း သို့မဟုတ် ထိုလအတွင်း ပြန်လည်ပတ်မှုပြုလုပ်ရန် လမ်းခင်းထားပါလိမ့်မည်။
၈ အသင်းတော်တစ်ခုက အခြားအသင်းတော်တစ်ခု၏ရပ်ကွက်တွင် ဝင်ရောက်ကူညီပေးပါက စိတ်ဝင်စားသူများ၏နာမည်နှင့်လိပ်စာများကို ရပ်ကွက်ပိုင်အသင်းတော်ထံ အပ်ပေးသင့်သည်။
၉ မိဘများ၊ သင့်ကလေးများသည် နှစ်ခြင်းမခံသေးသောကြေညာသူများအဖြစ်တက်လှမ်းရန် ကြိုးစားနေပါသလော။ အသင်းတော်အချို့တွင် လိမ္မာသောကလေးများသည် သူတို့၏ဆက်ကပ်အပ်နှံမိဘများနှင့်အတူ ဓမ္မအမှုတွင် နှစ်အတန်ကြာပါဝင်ခဲ့ပြီဖြစ်၍ သူတို့သည်သတင်းကောင်းကြေညာသူများ မဖြစ်ကြသေးသော်လည်း ချီးမွမ်းစရာကောင်းလောက်အောင် လုပ်ဆောင်နေကြပါသည်။ မိမိတို့ကလေးများသည် ဤအခွင့်အရေးကိုရယူနိုင်သည့် အရည်အချင်းရှိမရှိ မိဘများဆင်ခြင်သုံးသပ်သင့်သည်။ အကြီးအကဲနှစ်ဦးသည် အိမ်ထောင်ဦးစီးနှင့် အချက်အလက်အားလုံးကို ဆွေးနွေးပြီး ကလေးအား နှစ်ခြင်းမခံယူရသေးသောကြေညာသူအဖြစ် ရေတွက်နိုင်မနိုင် ဆုံးဖြတ်ကြမည်။— ဓအ စစ. ၁၂၅-၂၆။
၁၀ သင့်အသင်းတော်ရပ်ကွက်ရှိ ကြေညာသူတစ်ဦးတစ်ယောက်သည် ယေဟောဝါအားချီးမွမ်းခြင်းယဇ် မဆက်သတော့ဘဲဖြစ်နေပါသလော။ (ဟေဗြဲ ၁၃:၁၅) မလှုပ်ရှားတော့သူအချို့သည် ကျမ်းစာစာရိတ္တစံနှုန်းများကို မစွန့်လွှတ်သော်လည်း စိတ်ဓာတ်ကျခြင်း၊ သို့မဟုတ် ဘဝ၏စိုးရိမ်မှုများ၏ဖိစီးမှုကို ခံခဲ့ပေမည်။ အကြီးအကဲတစ်ဦးသည် ထိုသူ့ထံဖော်ရွေစွာအလည်အပတ်သွားခြင်းဖြင့် သူသည်အသင်းတော်နှင့် မှန်မှန်ပြန်ပူးပေါင်းပြီး အတန်ကြာလေသော် ဓမ္မအမှုတွင် ပြန်လှုပ်ရှားလာပေမည်။
၁၁ ဤပျော်ရွှင်ဖွယ်လုပ်ငန်းတွင် အားလုံးပါဝင်နိုင်– တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင်ပါဝင်ရန် အသင်ကလေးများနှင့် ဆယ်ကျော်သက်များ အခက်တွေ့နေပါသလော။ ဟောပြောခြင်းလုပ်ငန်းတွင် အတွေ့အကြုံနည်းသေးသော အသင်လူသစ်များကော။ ဤအထူးနိုင်ငံတော်သတင်း လုပ်ငန်းကို ပျော်ရွှင်စရာအလုပ်အဖြစ် အသင်တွေ့ရှိလိမ့်မည်။ လိုအပ်သည်ကား ရိုးရိုးလေးတင်ဆက်ပုံသာဖြစ်သည်။
ဤသို့ပြောဆိုလိုပေမည်–
◼ “ဒီလထဲမှာ တစ်ကမ္ဘာလုံး ၂၃၂ နိုင်ငံမှာအရေးကြီးသတင်းတစ်ခုကို ကျွန်တော်တို့ဝေငှနေပါတယ်။ အခုရင်ဆိုင်နေကြတဲ့ပြဿနာတွေအတွက် ဖြေရှင်းနည်းရှိတယ်ဆိုတာကို ယုံကြည်နိုင်ဖို့ ခိုင်လုံတဲ့အကြောင်းတွေပေးတဲ့အတွက် ဒီသတင်းကအရေးကြီးတယ်လေ။ ခင်ဗျားကိုတစ်စောင်ပေးချင်ပါတယ်။”
သို့မဟုတ် ဤနည်းကိုသင်စမ်းကြည့်လိုပေမည်–
◼ “ဒီလထဲမှာ ဘာသာစကားအမျိုးမျိုးနဲ့ အရေးကြီးတဲ့သတင်းတစ်ခုကို လူငါးသန်းနီးပါးဟာ စေတနာအလျောက်ဝေငှနေကြတယ်။ အခုကျွန်တော်တို့အားလုံး ရင်ဆိုင်နေကြရတဲ့ပြဿနာတွေရဲ့အဆုံးကို တွေ့ မြင်ချင်တဲ့လူတွေအတွက် ပြင်ဆင်ထားပါတယ်။ ဒါခင်ဗျားအတွက်ပါ။”
ဤတင်ဆက်ပုံရိုးရိုးကလေးကို သင်နှစ်သက်ပေမည်–
◼ “ဒီအရေးကြီးတဲ့ [နိုင်ငံတော်သတင်းခေါင်းစဉ်ကိုဖတ်] သတင်းကို လူတိုင်းဖတ်ကြည့်ဖို့ အားပေးနေကြပါတယ်။ [နိုင်ငံတော်သတင်းမှ ရွေးချယ်ထားသည့်ဝါကျကိုဖတ်ပြ] . . . နဲ့ပတ်သက်တဲ့ ပြဿနာတိုးလာနေတဲ့အကြောင်းကို စာမျက်နှာ ၂ မှာဘာပြောထားတယ်ဆိုတာကို သတိပြုပါ။ ကျန်တဲ့အခန့်သင့်သတင်းကို ဖတ်ချင်မယ်လို့ထင်တယ်။ ဒါခင်ဗျားအတွက်ပါ။”
၁၂ နိုင်ငံတော်သတင်း လက်ခံယူသူတိုင်းကို စိတ်ဝင်စားပါ။ ဖြည်းဖြည်းနှင့်ရှင်းလင်းစွာပြောပါ; အလျင်စလိုမရှိဘဲ တင်ဆက်ပါ။ ရပ်ကွက်ကိုနှံ့စပ်လိုကြမည်။ နိုင်ငံတော်သတင်း ကိုဖတ်လိုသူတိုင်း တစ်စောင်စီရရှိစေပါ။ အိမ်တွင်လူမရှိလျှင် သင့်တစ်အိမ်မှတစ်အိမ်မှတ်တမ်းတွင် အသေအချာမှတ်ထားပြီး သင့်လျော်သည့်အချိန်တွင် အိမ်ရှင်အားနိုင်ငံတော်သတင်း လာပေးပါနိုင်သည်။ ဤနိုင်ငံတော်သတင်း ကို လမ်းပေါ်သက်သေခံရာတွင် စိတ်ဝင်စားမှုတင်ပြသူအား ဝေငှနိုင်သည်။ သို့သော် လက်ကမ်းကြော်ငြာများကဲ့သို့ အရမ်းကာရောမဝေသင့်ပါ။ ယင်းအစား ဖြတ်သန်းသွားလာသူများထံသို့ချဉ်းကပ်ကာ တင်ပြနေသောသတင်း၏အရေးကြီးမှုကို ရှင်းပြပါ။ ခရီးသွားစဉ်၊ ခေတ္တနားချိန်တွင် လုပ်ဖော်ကိုင်ဖက်များအား သက်သေခံစဉ် နိုင်ငံတော်သတင်း ကို အလွတ်သဘောသက်သေခံရာတွင် အသုံးပြုပါ။ အိမ်ပြင်မထွက်နိုင်သူများ သို့မဟုတ် မကျန်းမမာသူများသည် မိမိအိမ်သို့လာသော ဧည့်သည်များ၊ ဆရာဝန်နှင့်သူနာပြုများ၊ ဈေးသည်များနှင့် အခြားသူတို့အား ဝေငှနိုင်သည်။
၁၃ ဤအထူးအစီအစဉ်အတွင်း ပြန်လည်ပတ်မှုမည်မျှပြုလုပ်မည်နည်း။ များစွာပြုပါလိမ့်မည်။ အကြောင်းမှာ နိုင်ငံတော်သတင်း ကိုစိတ်ဝင်စားသူတိုင်းထံ ပြန်သွားရမည်ဖြစ်သည်။ ပထမအကြိမ်တွင် နိုင်ငံတော်သတင်း ကိုသာတင်ပြလျှင်ကောင်းမည်။ ထိုနောက်ပြန်လည်ပတ်သည့်အခါတွင် နိုင်ငံတော်သတင်း ပါသတင်းတရား၏ အခန့်သင့်မှုအကြောင်းကို အနည်းအကျဉ်းဖော်ပြပါ။ အိမ်ရှင်ဖတ်လိုက်သည့်အကြောင်းကို သူမည်သို့ယူဆကြောင်းကို ဂရုစိုက်နားထောင်ပါ။ သူကောက်ချက်ချပုံအားဖြင့် နောက်ဆုံးထုတ် အဘယ်မဂ္ဂဇင်းများကို သူ့အားဝေငှနိုင်ကြောင်းနှင့် ထပ်မံဆွေးနွေးဖို့ရန် မည်သို့ပြင်ဆင်ထားရမည်ကို သိရှိပါလိမ့်မည်။ ပြန်လည်ပတ်မှုကို သဘောကျနှစ်သက်ပုံရှိလျှင် ကျမ်းစာသင်အံမှုစရန် ကြိုးစားပါ။—၁ ကော. ၃:၆၊ ၇။
၁၄ ‘သင့်ဆောင်ရွက်မှုသည် အကျိုးကြီးသည်’– ဤလုပ်ငန်းအားလုံးသည် အကျိုးရှိပါမည်လော။ ကောရိန္သုမြို့သားများကို ပေါလုဤသို့အာမခံသည်– “သင်တို့ဆောင်ရွက်မှုသည် အရှင်ဘုရား၌အကျိုးမဲ့မဟုတ်” (၁ ကော. ၁၅:၅၈၊ သမ) နှစ်ပေါင်းတစ်လျှောက် နိုင်ငံတော်သတင်း ကိုကြိုးစားဝေငှခဲ့ခြင်းကို များစွာကောင်းချီးသွန်းလောင်းခံခဲ့ရပြီ။ လူမနေသည့်အခန်းအသစ်တစ်ခုသို့ ပြောင်းရွှေ့လာသောမောင်နှံစုံတစ်စုံသည် အံဆွဲတစ်ခုတွင် နိုင်ငံတော်သတင်း အဟောင်းတစ်စောင်ကို တွေ့ရှိခဲ့သည်။ တစ်ခန်းလုံးတွင် ဤအရာတစ်ခုသာကျန်ရစ်ခဲ့သည်။ ယင်းကိုဖတ်ရှုပြီးနောက် ဒေသခံအသင်းတော်ကို သူတို့အဆက်အသွယ်ပြုပြီး ကျမ်းစာသင်အံမှုတောင်းဆိုကြသည်။ စည်းဝေးအားလုံးကို သူတို့စတက်ကြပြီး နောက်ပိုင်းတွင် နှစ်ခြင်းခံလိုသည့်ဆန္ဒကိုဖော်ပြကြသည်။ သင်ထားရစ်သောနိုင်ငံတော်သတင်း တစ်စောင်သည်လည်း ထပ်တူအကျိုးဖြစ်ထွန်းကောင်းဖြစ်ထွန်းမည်!—နဓ ၁၁/၇၄ စ. ၁ [လိပ်]; ၁၉၇၆၊ နိုဝင်ဘာ ၈၊ နိုးလော့!၊ စ. ၁၅ [လိပ်] လည်းရှု။
၁၅ ကျွန်ုပ်တို့ထမ်းဆောင်ရမည့်လုပ်ငန်းသည် အလွန်ကြီးမားပါသည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ မေ ၁၄ တိုင်လျှင် အသင်းတော်တိုင်းသည် မိမိတာဝန်ရထားသည့်ရပ်ကွက်ကို နှံ့စပ်အောင်ပြီးစီးသွားရန်ဖြစ်သည်။ လိုအပ်မည်ဆိုလျှင် မေလကုန်အထိ နိုင်ငံတော်သတင်း ကိုဝေငှပါမည်။ မှန်မှန်ရှေ့ဆောင်နှင့် အရန်ရှေ့ဆောင်တိုင်းသည် နိုင်ငံတော်သတင်း ၂၅၀ စီရရှိရန် ပို့ပေးထားပါသည်။ အသင်းတော်ကြေညာသူတိုင်းသည် ၅၀ စီရကြမည်။ ကြေညာသူနှင့်ရှေ့ဆောင်များသည် မိမိဝေငှနိုင်မည့်စောင်ရေကိုသာလက်ခံယူထားပြီး အပိုများရှိမည်ဆိုလျှင် အခြားသူများအသုံးပြုနိုင်ရန် ပြန်အပ်သင့်သည်။ ကောင်းစွာဝိုင်းဝန်းကူညီခြင်းဖြင့် ဤအရေးကြီးသတင်းကို အနှံ့အပြားဝေငှနိုင်ကြပါမည်။ ရပ်ကွက်ကြီးသည့်အတွက် အသင်းတော်အချို့သည် မေလလယ်တွင် မိမိရပ်ကွက်ကိုမနှံ့စပ်နိုင်သေး၍ နိုင်ငံတော်သတင်း စောင်ရေများရှိနေသေးမည်ဆိုလျှင် အနီးအနားရှိအသင်းတော်များအား လာရောက်အကူအညီပေးရန် ဖိတ်ခေါ်လျှင်ကောင်းပေမည်။ အခြားအသင်းတော်များတွင်မူ ကြေညာသူများက အရန်ရှေ့ဆောင်မည်၊ သို့မဟုတ် ဓမ္မအမှုတွင် များများပါဝင်မည်ဆိုလျှင် ဒေသခံအသင်းတော်လိုအပ်ရာကိုဖြည့်စွက်ပေးနိုင်ပေမည်။
၁၆ ကျွန်ုပ်တို့၏လုပ်ငန်းကိုပြီးမြောက်နိုင်ရန် စိုးလ်အကြွင်းမဲ့ယေဟောဝါအားဆည်းကပ်ဝတ်ပြုမှုလိုသည်။ (ကော. ၃:၂၃) သေရေးရှင်ရေးဖြစ်နေပါသည်။ ယနေ့ကမ္ဘာ့အခြေအနေများ၏အဓိပ္ပာယ်ကို လူတို့သည် လျစ်လျူရှု၍မရပါ။ အချိန်ကုန်လုနီးပြီ။ ဤလောကပြဿနာများကို လူသားမဖြေရှင်းနိုင်ကြောင်း သူတို့အသိအမှတ်ပြုဝန်ခံကြရမည်။ ဘုရားသခင်ဖြေရှင်းပေးနိုင်သည်။ ဘုရားသခင့်ကောင်းချီးခံစားလိုလျှင် ကိုယ်တော်၏တောင်းဆိုချက်များနှင့်အညီ မနှောင့်မနှေးပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုသည်။
၁၇ အထူးအစီအစဉ်ကုန်ဆုံးမည့် မေ ၁၄ ရက်နေ့တွင် လက်ကိုအနားပေးကြမည်လော။ မဟုတ်ပါ! ပေါလု၏ မှုတ်သွင်းခံသြဝါဒနှင့်အညီ ဆက်လက်အလုပ်များနေကြပါမည်။