ကျွန်ုပ်တို့၏သတင်းတရားကို မည်သူနားထောင်မည်နည်း
၁ လူ့သမိုင်းတွင်တစ်ခါနှင့်မျှမတူ၊ လူတို့သည် ရေရာမှုမရှိဘဲ အထင်အမြင်ပင်လွဲမှားစေသည့်သတင်းများဖြင့်လွှမ်းမိုးခံနေရကြသည်။ ရလဒ်အနေနှင့် လူများစွာ မခံမရပ်နိုင်သည့်ဖိစီးမှုခံစားရပြီး ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို သူတို့အားနားထောင်စေရန်ဟောဖို့ အခက်ကြုံလာရသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နားထောင်ခြင်းဖြင့် အပြုသဘောဆောင်သည့်အကျိုးသက်ရောက်နိုင်ကြောင်း သဘောမပေါက်ကြပေ။—လု. ၁၁:၂၈။
၂ ကမ္ဘာ့ဒေသများစွာတွင် ထောင်ပေါင်းများစွာသောသူတို့ သတင်းတရားကို နားထောင်ပြီး အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းခြင်းကို လက်ခံနေသောကြောင့် ကျွန်ုပ်တို့ရွှင်လန်းကြသည်။ သို့သော် အခြားဒေသများတွင် တုံ့ ပြန်မှုသိပ်မကောင်းပါ။ ဓမ္မအမှုတွင် လည်ပတ်မှုများစွာသည် အပြုသဘောဆောင်သည့်ရလဒ်မရရှိဘဲ မည်သူသတင်းတရားနားထောင်မည်နည်းဟု ကျွန်ုပ်တို့စဉ်းစားမိပေမည်။
၃ စိတ်ဓာတ်ကျခြင်းကို ကျွန်ုပ်တို့ကာကွယ်ရမည်။ ပေါလုဤသို့ရှင်းပြသည်– “‘ထာဝရဘုရားကိုပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။’ သို့ရာတွင် . . . သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။ . . . ‘ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်း၊ ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ခြေတို့သည် အလွန်တင့်တယ်စွတကား’ ဟုလာသတည်း။” (ရော. ၁၀:၁၃-၁၅) ကျွန်ုပ်တို့သည် နိုင်ငံတော်မျိုးစေ့ကို လုံ့လဝီရိယရှိစွာကြဲပါက ရိုးဖြောင့်သောနှလုံးများအတွင်း၌ ဘုရားသခင်ကြီးထွားစေတော်မူမည်။—၁ ကော. ၃:၆။
၄ မှန်မှန်ပြန်လည်ပတ်မှုပြုလုပ်ခြင်းသည် အဓိကသော့ချက်ဖြစ်– သတင်းတရားကိုနားထောင်သူနည်းသည်ဟု ထင်ရသည့်ရပ်ကွက်များတွင် စာပေဝေရသည်ဖြစ်စေ၊ မဝေရသည်ဖြစ်စေ တွေ့ရသည့်စိတ်ဝင်စားသူတိုင်းကို တိုးတက်လာရန်အာရုံစိုက်ဖို့လိုသည်။ ဘာမျှပြီးမြောက်အောင်မြင်မည်မဟုတ်ဟု အဘယ်ကြောင့် အဆောတလျင်ကောက်ချက်ချရသနည်း။ မျိုးစေ့ကြဲသောအခါမည်သည့်နေရာတွင် အောင်မြင်မှုရှိမည်ကို ကျွန်ုပ်တို့မသိကြပါ။ (ဒေ. ၁၁:၆) ကျွန်ုပ်တို့သည် ကျမ်းစာမှအကြောင်းတစ်ခုခုကိုဝေမျှရန် ကောင်းစွာပြင်ဆင်သွားပါက တိုတိုတုတ်တုတ်ပင်ဖြစ်သော်လည်း လူတို့၏နှလုံးကိုထိမိနိုင်သည်။ ဝေစာပေးနိုင်သည် သို့မဟုတ် နောက်ဆုံးထုတ်မဂ္ဂဇင်းများဝေငှနိုင်သည်။ နောက်ဆုံး ကျမ်းစာသင်အံမှုပြုလုပ်ပုံကို သရုပ်ပြနိုင်ပေမည်။ ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုကို ယေဟောဝါမည်မျှကောင်းချီးပေးသည်ကို တွေ့ မြင်ရသည့်အခါ နှစ်လိုဖွယ်အံ့သြမှုဖြစ်ရပေမည်။—ဆာ. ၁၂၆:၅၊ ၆။
၅ အနည်းငယ်စိတ်ဝင်စားမှုပြသည့် အမျိုးသမီးတစ်ဦးထံတွင် ဝေစာတစ်စောင်ထားခဲ့သည်။ နောက်ထပ်နှစ်လတိုင် အိမ်၌ မတွေ့ရတော့ပေ။ တွေ့သည့်အခါ စကားပြောဖို့အချိန်မရလောက်အောင် အလုပ်များနေသည်။ ထပ်တူဝေစာကိုပင်ထပ်၍ထားခဲ့သည်။ ကြေညာသူသည် သူမကိုအိမ်၌တွေ့ရန် ဇွဲဖြင့်ကြိုးစားသော်လည်း နောက်သုံးလကြာမှတွေ့ရပြီး ထိုအချိန်တွင် သူမဖျားနေသည်။ ညီအစ်မသည် နောက်တစ်ကြိမ်ပြန်သွားသောအခါ ဝေစာအကြောင်း တိုတိုတုတ်တုတ်ပြောပြခွင့်ရခဲ့သည်။ နောက်တစ်ပတ် ညီအစ်မပြန်သွားသောအခါ အမျိုးသမီးသည် နိုင်ငံတော်သတင်းတရားကို အမှန်တကယ်စိတ်ဝင်စားကြောင်း တင်ပြသည်။ သူမ၏အသက်တာတွင် အခြေအနေပြောင်းလဲမှုတစ်ခုက သူမ၏ဝိညာဏလိုအပ်ချက်ကို သတိပြုမိစေသည်။ ကျမ်းစာသင်အံမှုစလိုက်ပြီး သူမသည် အပတ်တိုင်းပင် အလွန်စိတ်ထက်သန်စွာဖြင့်လေ့လာခဲ့သည်။
၆ ပန်းပင်၊ သစ်ပင်ဖြစ်စေ သို့မဟုတ် နိုင်ငံတော်သတင်းတရားကိုစိတ်ဝင်စားမှုဖြစ်စေ ကြီးထွားလာသည်ကိုတွေ့လိုပါက ပြုစုပျိုးထောင်ပေးဖို့လိုသည်။ ယင်းသို့ဖြစ်ရန် အချိန်၊ လုံ့လစိုက်ထုတ်မှု၊ ဂရုစိုက်မှုနှင့် လက်မလျှော့ဘဲဇွဲရှိရန်လိုသည်။ လွန်ခဲ့သည့်နှစ်တွင် နိုင်ငံတော်မျိုးစေ့အမြစ်တွယ်ခဲ့သော တစ်သန်း၏သုံးပုံတစ်ပုံကျော်သောသူတို့သည် နှစ်ခြင်းခံခဲ့ကြသည်! ဟောပြောခြင်းကို ဆက်လုပ်ဆောင်သွားပါက ကျွန်ုပ်တို့၏သတင်းတရားကို နားထောင်မည့်သူမြောက်မြားစွာကိုတွေ့ရဖို့သေချာပေမည်။—ဂလာတိ ၆:၉ နှိုင်းယှဉ်။