ကျွန်ုပ်တို့ကွာခြားသည်ကို သူတို့တွေ့မြင်နိုင်
၁ လွန်ခဲ့သည့်နှစ်က ၃၀၀,၀၀၀ ကျော်သောလူသစ်များသည် နှစ်ခြင်းခံခြင်းဖြင့် ကျွန်ုပ်တို့နှင့်ပူးပေါင်းခဲ့ကြသည်။ ဤသူတို့သည် ဘုရားသခင့်အဖွဲ့အစည်း၏အစိတ်အပိုင်းဖြစ်ချင်လာအောင် ယေဟောဝါသက်သေများ၌ မည်သည့်အရာကို တွေ့ မြင်ခဲ့ကြသနည်း။ ကျွန်ုပ်တို့သည် အခြားဘာသာတရားအားလုံးနှင့် ခြားနားစွာ အဘယ်ကြောင့် ရပ်တည်ရသနည်း။ ဤတွင် ရှင်းလင်းနားလည်လွယ်သော အဖြေအချို့ကို ဖော်ပြထားသည်–
—ကျွန်ုပ်တို့သည် ကိုယ်ပိုင်အယူအဆများအစား သမ္မာကျမ်းစာကို စွဲကိုင်ကြသည်– ကျွန်ုပ်တို့သည် ယေရှုခရစ်မြွက်ကြားခဲ့သကဲ့သို့ ယေဟောဝါဘုရားသခင်အား “စိတ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း” ကိုးကွယ်ကြသည်။ ယင်းက ဘာသာတရားဆိုင်ရာမှားယွင်းမှုများကို ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏ရေးသားထားသောနှုတ်ကပါဌ်တော်ကို လိုက်နာခြင်းဟူ၍ အဓိပ္ပာယ်ရသည်။—ယော. ၄:၂၃၊ ၂၄၊ ကဘ; ၂ တိ. ၃:၁၅-၁၇။
—ကျွန်ုပ်တို့ထံသို့ လာသည်ကိုစောင့်နေမည့်အစား လူတို့ထံကျွန်ုပ်တို့သွားသည်– ကျွန်ုပ်တို့သည် ခရစ်တော်ပေးအပ်သည့် ဟောပြောသွန်သင်ခြင်းတာဝန်ကို လက်ခံခဲ့ကြကာ နှလုံးရိုးဖြောင့်သူများအား ရှာဖွေခြင်းဆိုင်ရာကိုယ်တော့်ပုံသက်သေကို တုပကြသည်။ ကျွန်ုပ်တို့သည် သူတို့အား အိမ်များတွင်၊ လမ်းများတွင် သို့မဟုတ် သူတို့ကိုတွေ့ရှိနိုင်မည့်နေရာတိုင်းတွင် ရှာဖွေကြသည်။—မ. ၉:၃၅; ၁၀:၁၁; ၂၈:၁၉၊ ၂၀; တ. ၁၀:၄၂။
—ကျွန်ုပ်တို့သည် အဖိုးအခမယူဘဲ လူတိုင်းကို ကျမ်းစာညွှန်ကြားချက်ပေးသည်– ကျွန်ုပ်တို့သည် ဘုရားသခင့်လုပ်ငန်းတော်အတွက် နှစ်စဉ် နာရီသန်းပေါင်းတစ်ထောင်ကျော်အကုန်ခံကာ ကျွန်ုပ်တို့၏ဥစ္စာအင်ခွင်နှင့် ခွန်အားကို အဖိုးအခမယူဘဲအသုံးပြုကြသည်။ ကျွန်ုပ်တို့သည် မျက်နှာမလိုက်ဘဲ လူမျိုးအသီးသီးနှင့်ကျမ်းစာလေ့လာကြသည်။—မ. ၁၀:၈; တ. ၁၀:၃၄၊ ၃၅; ဗျာ. ၂၂:၁၇။
—ကျွန်ုပ်တို့သည် လူတို့ကို ဝိညာဉ်ရေးအရကူညီရန် ကောင်းစွာလေ့ကျင့်ခံရသည်– သမ္မာကျမ်းစာကို ကျွန်ုပ်တို့ကိုယ်ပိုင်လေ့လာခြင်းနှင့် အသင်းတော်အစည်းအဝေးများ၊ အစည်းအဝေးနှင့် စည်းဝေးကြီးများတွင်စီစဉ်ပေးသည့် ညွှန်ကြားချက်အားဖြင့် အခြားသူများအား ဝိညာဏအလင်းပေးနိုင်သည့် တန်ဖိုးမဖြတ်နိုင်သော အဆက်မပြတ်သီအိုကရက်တစ်ပညာရေးကို ကျွန်ုပ်တို့ရရှိကြသည်။—ဟေရှာ. ၅၄:၁၃; ၂ တိ. ၂:၁၅; ၁ ပေ. ၃:၁၅။
—ကျွန်ုပ်တို့သည် သမ္မာတရားကိုအလေးအနက်ထားကာ နေ့စဉ်အသက်တာတွင်ကျင့်သုံး၏– ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်သောကြောင့် ပြောင်းလဲကာ ကျွန်ုပ်တို့၏အသက်တာကို ကိုယ်တော့်အလိုတော်နှင့်ညီညွတ်စေကြသည်။ ခရစ်တော်ကဲ့သို့သော ကျွန်ုပ်တို့၏ဥပဓိရုပ်သစ်က အခြားသူများအား သမ္မာတရားသို့ဆွဲဆောင်သည်။—ကော. ၃:၉၊ ၁၀; ယာ. ၁:၂၂၊ ၂၅; ၁ ယော. ၅:၃။
—ကျွန်ုပ်တို့သည် အခြားသူများနှင့် ငြိမ်းချမ်းစွာအသက်ရှင်လုပ်ဆောင်ရန် ကြိုးစားကြသည်– ဘုရားရေးရာအရည်အသွေးများကို ပြုစုပျိုးထောင်ခြင်းက ကျွန်ုပ်တို့၏အပြုအမူအပြောအဆိုကို စောင့်ထိန်းရန် ကူညီပေးသည်။ ကျွန်ုပ်တို့သည် လူအားလုံးနှင့် “ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်” ကြသည်။—၁ ပေ. ၃:၁၀၊ ၁၁၊ ကဘ; ဧ. ၄:၁-၃။
၂ ယေဟောဝါ၏အဖွဲ့အစည်းတွင် လူတို့တွေ့ မြင်သည့် ခရစ်ယာန်အသက်တာ၏စံနမူနာများက များစွာသောသူတို့အား သမ္မာတရားကိုလက်ခံရန် လှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့တစ်ဦးစီ၏ပုံသက်သေသည် ကျွန်ုပ်တို့ကိုသိရှိပြီး အာရုံစိုက်နေသူများအပေါ် ထပ်တူအကျိုးသက်ရောက်နိုင်ပါစေ။