“အခန့်သင့်ပြောဆိုသောစကားတစ်ခွန်း”
၁ အခြားသူတို့အား အသက်ပေးသတင်းတရားကို ဝေမျှရခြင်းသည် သင့်အတွက် စိန်ခေါ်ချက်တစ်ခုဖြစ်သလော။ နားထောင်သူများ၏စိတ်ထဲစွဲမှတ်စေရန် နက်နဲသည့်အကြောင်းအရာတစ်ခုကို ပြောရမည်ဟု သင်ယူမှတ်သလော။ မိမိ၏တပည့်တော်များအား ယေရှုစေလွှတ်သည့်အခါ သူတို့ကို ဤသို့မိန့်ဆိုခဲ့သည်– “သွားစဉ်တွင် ‘ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ’ ဟုသတင်းကြားပြောကြလော့။” (မ. ၁၀:၇) သတင်းတရားသည် ရိုးရှင်းပြီး ဝေမျှရန်လွယ်ကူ၏။ ယနေ့လည်း ထိုသို့ပင်ဖြစ်သည်။
၂ စကားစမြည်စတင်ပြောဆိုရန် စကားလုံးအနည်းငယ်သာလိုလေ့ရှိ၏။ ဖိလိပ္ပုသည် အဲသယောပိအမတ်နှင့်တွေ့ဆုံသည့်အခါ “ဖတ်သောအရာကိုနားလည်ပါ၏လော” ဟုထိုသူအားမေးခဲ့သည်။ (တ. ၈:၃၀) “အခန့်သင့်ပြောဆိုသောစကားတစ်ခွန်း” မှအကျိုးဖြစ်ထွန်းသောဆွေးနွေးခန်းတစ်ခုကို ရရှိခဲ့သည်တကား!—သု. ၂၅:၁၁၊ ကဘ။
၃ သင့်ဓမ္မအမှုတွင် အလားတူချဉ်းကပ်နည်းတစ်ခုကို အသုံးပြုနိုင်သည်။ မည်သို့အားဖြင့်နည်း။ မျက်စိရှင်ရှင်ထားကာ အခြေအနေနှင့်သင့်လျော်သည့်စကားလုံးများကို ရွေးချယ်ခြင်းဖြင့်ဖြစ်၏။ မေးခွန်းတစ်ခုကိုမေးကာ တုံ့ပြန်မှုကိုနားထောင်ပါ။
၄ အချို့သောအခြေခံမေးခွန်းများ– သင်သည် စကားစမြည်အစပြုပြောဆိုရန် ဤမေးခွန်းများမှတစ်ခုခုကို စမ်းကြည့်နိုင်သည်–
◼ “ဝတ်ပြုကိုးကွယ်တဲ့အခါ သခင့်ပတ္ထနာ (သို့မဟုတ် ကျွန်ုပ်တို့၏အဘ) ကို မိတ်ဆွေအသုံးပြုသလား။” (မ. ၆:၉၊ ၁၀) အပိုင်းတစ်ပိုင်းကိုရွတ်ပြကာ ဤသို့ပြောပါ– “‘သန့်ရှင်းခြင်း (သို့မဟုတ် ရိုသေလေးမြတ်ခြင်း) ရှိဖို့ယေရှုမိန့်မှာခဲ့တဲ့ ဘုရားသခင့်နာမတော်ဟာဘာလဲ’ လို့အချို့ကမေးကြတယ်။ တချို့ကျတော့ ‘ကျွန်တော်တို့ဆုတောင်းသင့်တယ်လို့ ယေရှုမိန့်မှာခဲ့တဲ့ နိုင်ငံတော်ဟာဘာလဲ’ လို့မေးကြတယ်။ ဒီမေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေကို မိတ်ဆွေရထားပြီလား။”
◼ “‘ဘဝရဲ့အဓိပ္ပာယ်ဟာဘာလဲလို့’ မိတ်ဆွေစဉ်းစားဖူးသလား။” ယင်းသည် ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့် ဆက်စပ်နေကြောင်း တင်ပြပါ။—ဒေ. ၁၂:၁၃; ယော. ၁၇:၃။
◼ “သေခြင်းဟာ တစ်ချိန်ချိန်မှာ ကွယ်ပျောက်သွားမယ်လို့ မိတ်ဆွေထင်သလား။” ယုံကြည်စိတ်ချထိုက်သောအဖြေတစ်ခုကိုပေးရန် ဟေရှာယ ၂၅:၈ နှင့် ဗျာဒိတ်ကျမ်း ၂၁:၄ ကိုအသုံးပြုပါ။
◼ “ကမ္ဘာပေါ်မှာရှိနေတဲ့ ဗရုန်းသုန်းကားအခြေအနေကို ရိုးရိုးလေးနဲ့ဖြေရှင်းတဲ့နည်းရှိသလား။” ဘုရားသခင်က “သင့်အိမ်နီးချင်းကိုချစ်” ပါဟုသွန်သင်ကြောင်း တင်ပြပါ။—မ. ၂၂:၃၉၊ ကဘ။
◼ “နောင်တစ်ချိန်ချိန်မှာ အာကာသကလာတဲ့ဘေးဒဏ်တစ်ခုကြောင့် ကျွန်တော်တို့ရဲ့ကမ္ဘာဂြိုဟ်ဟာပျက်စီးသွားမလား။” ကမ္ဘာမြေကြီး ထာဝစဉ်တည်မည်ဟူသော ကျမ်းစာကတိတော်ကိုဝေမျှပါ။—ဆာ. ၁၀၄:၅။
၅ ရိုးရှင်းပြီး တိုက်ရိုက်ဖြစ်သောနည်း၊ ကြင်နာသောချဉ်းကပ်နည်းတို့ဖြင့် သတင်းကောင်းကိုတင်ဆက်ပါ။ အခြားသူတို့အား သမ္မာတရားနှင့်စပ်လျဉ်းသည့် “စကားတစ်ခွန်း” ကိုပင်ဝေမျှရန်ဟူသော သင်၏ကြိုးစားမှုများကို ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။