“ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပြည့်အဝဟောပြောလော့”
၁ သင်သည် ကောင်းမွန်ရာတစ်ခုခုကိုရသည့်အတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်သောအခါ ယင်းကို သင်၏သဘောထားနှင့် လုပ်ရပ်များအားဖြင့် ပြသသည်မဟုတ်လော။ ထိုသို့ သင်ပြုမည်ဖြစ်သည်! လူသားတို့အား ယေဟောဝါကမ်းလှမ်းတော်မူသည့် ကောင်းမြတ်မှု၊ ချစ်ခင်ကြင်နာမှုနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုတုံ့ပြန်ခဲ့ပုံကို သတိပြုပါ။ သူဤသို့ဆိုသည်– “ပြော၍မကုန်နိုင်သော ဘုရားသခင်၏ဆုကျေးဇူးတော်ကိုအောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း!” ထို “ဆုကျေးဇူးတော်” တွင်အဘယ်အရာပါဝင်သနည်း။ ကျွန်ုပ်တို့ကိုပြသခဲ့သည့် “ထူးမြတ်သောဘုရားသခင်၏ ကျေးဇူးတော် [“မခံစားထိုက်သောကြင်နာမှု၊” ကဘ]” အားလုံးပါဝင်ကာ ယင်းတို့တွင် အကြီးမားဆုံးအရာမှာ ကျွန်ုပ်တို့၏အပြစ်များအတွက် ရွေးနုတ်ဖိုးအဖြစ် ကိုယ်တော့်သားတော်ကို လက်ဆောင်အဖြစ်ပေးခဲ့ခြင်းဖြစ်သည်။—၂ ကော. ၉:၁၄၊ ၁၅; ယော. ၃:၁၆။
၂ ပေါလု၏ကျေးဇူးတင်ခြင်းသည် နှုတ်ဖြင့်ဖွင့်ဟဖော်ပြရုံသက်သက်လော။ လုံးဝမဟုတ်ပါလေ! သူသည် မိမိ၏အလွန်ကျေးဇူးတင်လေးမြတ်မှုကို နည်းများစွာဖြင့်ပြခဲ့သည်။ သူသည် ခရစ်ယာန်ချင်းတို့၏ ဝိညာဏကောင်းကျိုးကို အလွန်စိတ်ဝင်စားကာ ဘုရားသခင်၏ချစ်ခင်ကြင်နာမှုမှ သူတို့အကျိုးအပြည့်အဝခံစားရရန် ကူညီပေးနိုင်သမျှ ကူညီပေးလိုခဲ့သည်။ ထိုသို့သောသူများနှင့်ပတ်သက်၍ ပေါလုဤသို့ဆိုခဲ့သည်– “နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကိုနှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင်ပေးချင်သော စေတနာစိတ်ရှိကြ၏။” (၁ သက်. ၂:၈) ပေါလုသည် အသင်းတော်အဝင်ဖြစ်နေသူများအား သူတို့၏ကယ်တင်ခြင်းသေချာစေရန် ကူညီပေးသည့်အပြင် “ထာဝရအသက်ကိုတလိုတလားရှိသူ” များကိုရှာဖွေရန် ကုန်ကြောင်း၊ ရေကြောင်းခရီးဖြင့် မိုင်ပေါင်းများစွာခရီးဆန့်ကာ သတင်းကောင်းကို မမောနိုင်မပန်းနိုင် ဟောပြောခဲ့သည်။ (တ. ၁၃:၄၈၊ ကဘ) သူ့အပေါ် ယေဟောဝါလုပ်ဆောင်ပေးခဲ့သမျှအတွက် ပေါလု၏အလွန်ကျေးဇူးတင်စိတ်က သူ့အား “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို အကုန်အစင် [“အပြည့်အဝ၊” ကဘ] ဟောပြော” ရန်လှုံ့ဆော်ခဲ့သည်။—ကော. ၁:၂၆။
၃ ကျွန်ုပ်တို့အား ယေဟောဝါလုပ်ဆောင်ပေးခဲ့သမျှအတွက် ကျေးဇူးတင်လေးမြတ်ခြင်းက အသင်းတော်တွင် အကူအညီလိုအပ်သူများကို ဝိညာဏအကူအညီပေးရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်မဟုတ်လော။ (ဂလ. ၆:၁၀) ထို့အပြင် ကျွန်ုပ်တို့၏ရပ်ကွက်အနှံ့ နိုင်ငံတော်သတင်းကောင်းဟောပြောရာတွင် အတတ်နိုင်ဆုံး အပြည့်အဝပါဝင်ရန် လှုံ့ဆော်ခံခဲ့ရသည်မဟုတ်ပေလော။—မ. ၂၄:၁၄။
၄ ကျေးဇူးတင်လေးမြတ်မှုပြရန် အခွင့်အရေးတစ်ရပ်– နှစ်စဉ် ခရစ်တော်၏သေခြင်းဆိုင်ရာ အောက်မေ့ရာပွဲက ကျွန်ုပ်တို့အပေါ် ယေဟောဝါနှင့် ယေရှုလုပ်ဆောင်ပေးခဲ့ရာများကို ကျေးဇူးတင်လေးမြတ်ကြောင်းပြရန် အထူးအခွင့်အရေးရရှိစေသည်။ ယင်းသည် အခြားအစည်းအဝေးတစ်ခုမျှသာ သို့မဟုတ် ဖြစ်ရပ်တစ်ခုနှင့်ဆိုင်သည့် အောက်မေ့ရာပွဲတစ်ခုမျှသာမဟုတ်ပါ။ ယေရှုက “ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုမိန့်တော်မူ၏။ (လု. ၂၂:၁၉) ယေရှု၏သေခြင်းဆိုင်ရာ အောက်မေ့ရာပွဲသည် ယေရှုမည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်းကို သတိရရန်အခါသမယဖြစ်သည်။ ယင်းသည် ကိုယ်တော်၏သစ္စာရှိဘဝလမ်းစဉ်နှင့် ကိုယ်ကျိုးစွန့်မှုအတွက် ပေးအပ်ခံရသော ဘုန်းအသရေနှင့် ဘုရင့်အရိုက်အရာတို့ဖြင့် ကိုယ်တော်သည် ယနေ့ သက်ရှိထင်ရှားလျက် တက်ကြွစွာလုပ်ဆောင်နေကြောင်း အသိအမှတ်ပြုရန်အချိန်ဖြစ်သည်။ ဤအထိမ်းအမှတ်ပွဲသည် ခရစ်ယာန်အသင်းတော်၏အရေးကိစ္စများနှင့် လုပ်ဆောင်မှုများကို ခရစ်တော်ညွှန်ကြားစဉ် ကိုယ်တော့်ဦးဆောင်မှုကို ကျွန်ုပ်တို့လက်အောက်ခံကြောင်းပြရန် အခွင့်အရေးတစ်ရပ်လည်းဖြစ်၏။ (ကော. ၁:၁၇-၂၀) ဘုရားသခင့်လူမျိုးတော်အားလုံးသည် ခရစ်တော်၏သေခြင်းဆိုင်ရာအောက်မေ့ရာပွဲကို လေးစားစွာတက်ရောက်သင့်သည်။ ဤနှစ်တွင် ၂၀၀၂ ခုနှစ်၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့၊ နေဝင်ပြီးချိန်၌ ယင်းကိုကျင်းပမည်ဖြစ်သည်။
၅ လွန်ခဲ့သည့်နှစ်က အောက်မေ့ရာအထိမ်းအမှတ်ပွဲမတိုင်မီ ဝီရိယစိုက်ထုတ်ကြိုးစားမှုကြောင့် မြန်မာနိုင်ငံတွင် တစ်ခါမျှမရခဲ့ဖူးသည့် အများဆုံးတက်ရောက်သူ ၇,၂၃၃ ယောက်ရရှိခဲ့သည်။ ဤနှစ်တွင် တက်ရောက်သူမည်မျှရှိမည်နည်း။ များနိုင်သရွေ့များများတက်ရောက်ရန် ကူညီပေးရသည့် ကျွန်ုပ်တို့၏ “ကြိုးစားအားထုတ်” မှုအပေါ် များစွာမူတည်ပါမည်။—၁ တိ. ၄:၁၀၊ သမ္မာ။
၆ သခင့်ညစာစားပွဲတက်ရောက်ခြင်းအပြင် ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုကိုလည်း တိုးချဲ့နိုင်ပေမည်။ ထောင်ပေါင်းများစွာသောညီအစ်ကိုညီအစ်မများသည် တစ်လ သို့မဟုတ် ထိုထက်မက အရန်ရှေ့ဆောင်လုပ်ကြမည်မှာသေချာသည်။ လွန်ခဲ့သည့်ငါးနှစ်အတွင်း နှစ်စဉ် မတ်လမှ မေလအထိဖြစ်သည့် အောက်မေ့ရာပွဲကာလ၌ ပျမ်းမျှအရန်ရှေ့ဆောင် ၁၀၀ ရရှိခဲ့သည်။ ဤနှစ်တွင် အရန်ရှေ့ဆောင်ခြင်းအခွင့်အရေးရရှိရန် သင့်အရေးကိစ္စများကို စီစဉ်နိုင်မည်လော။ ယင်းသည် ခရစ်တော်၏ယဇ်သကာဆိုင်ရာ ဘုရားသခင့်မေတ္တာပါသောအစီအစဉ်အတွက် သင် အမှန်တကယ်ကျေးဇူးတင်လေးမြတ်ကြောင်းပြရန် နည်းလမ်းကောင်းတစ်ခုဖြစ်မည်။ သင်သည် အောက်ပါတွေ့ကြုံမှုများက ဖော်ပြသည့်အတိုင်း ယေဟောဝါ၏ကောင်းချီးရဖို့စိတ်ချနိုင်သည်။
၇ အချိန်ပြည့်လောကီလုပ်ငန်းရှိသော ညီအစ်မတစ်ဦးက လွန်ခဲ့သည့်မတ်လတွင် အရန်ရှေ့ဆောင်လုပ်ခဲ့သည့် သူ၏တွေ့ကြုံမှုကို ဤသို့ရေးသားခဲ့သည်– “ဖေဖော်ဝါရီ ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု က သတိရအောက်မေ့ပွဲကာလအတွင်းမှာ အခြေအနေခွင့်ပြုသူတိုင်းကို အရန်ရှေ့ဆောင်လုပ်ကြဖို့ အားပေးခဲ့တယ်။ မတ်လမှာ စနေနေ့ငါးကြိမ်ပါတဲ့အတွက်ကြောင့် ကျွန်မရဲ့ဇယားနဲ့အံဝင်ခွင်ကျဖြစ်ခဲ့တယ်။ ဒါကြောင့် လျှောက်လွှာတင်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။” သူသည် ထိုလကိုအစပြုသည်နှင့် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုစရန် ကြိုးစားမည်ဟုပန်းတိုင်ထားသည်။ သူ အောင်မြင်ခဲ့သလော။ အောင်မြင်ခဲ့သည်၊ ထိုလတွင် ၅၂ နာရီသက်သေခံခဲ့ရသည်! သူ မည်သို့ကောက်ချက်ချခဲ့သနည်း။ “ပိုပြီးကြိုးစားတဲ့အခါ အံ့မခန်းဖွယ်ကောင်းချီးတွေခံစားရတယ်” ဟူ၍ဖြစ်သည်။
၈ မိသားစုလိုက်ရှေ့ဆောင်လုပ်သည့် အကျိုးကျေးဇူးများကား အဘယ်နည်း။ လွန်ခဲ့သောဧပြီလက ထိုသို့လုပ်ခဲ့သည့် မိသားစုဝင်လေးဦးရှိမိသားစုတစ်စုသည် ထိုလမှာ ဘယ်သောအခါမျှ မေ့မရမည့်လဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ မိခင်ဖြစ်သူက ဤသို့ဆို၏– “ကျွန်မတို့ဟာ ဓမ္မအမှုမှာ စည်းစည်းလုံးလုံးပါဝင်ခဲ့ကြတဲ့အတွက် နေ့တိုင်း အလွန်ပျော်စရာကောင်းတဲ့အမြင်ရှိခဲ့ကြတယ်! ကျွန်မတို့ရဲ့ နေ့စဉ်အမှုဆောင်လုပ်ငန်းတွေကို ဆွေးနွေးခြင်းက ညစာစားတဲ့အချိန်ကို အလွန်ပျော်စရာဖြစ်စေတယ်။” သားဖြစ်သူက ဤသို့ဆိုသည်– “ဝမ်းစာရှာလုပ်ငန်းကို အဖေပုံမှန်လုပ်နေတဲ့ သီတင်းပတ်အတွင်းမှာ အဖေနဲ့အတူ လယ်ကွင်းလုပ်ငန်းမှာ ပါဝင်နေရတာကို ကျွန်တော်ပျော်တယ်။” ဖခင်ဖြစ်သူက ဤသို့ထပ်ဆင့်ခဲ့သည်– “အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ကျွန်တော်တို့ခေတ်ရဲ့ အရေးကြီးဆုံးလုပ်ငန်းမှာ အတူလုပ်ဆောင်နေတယ်ဆိုတာကိုသိရလို့ ကျေနပ်မှုခံစားခဲ့ရတယ်။” သင့်မိသားစုသည် အတူတကွရှေ့ဆောင်လုပ်နိုင်မည်လော။ ဤအောက်မေ့ရာပွဲကာလအတွင်း တစ်အိမ်ထောင်လုံး အရန်ရှေ့ဆောင်ရန် ဖြစ်နိုင်မဖြစ်နိုင် မိသားစုလိုက်ဆွေးနွေးကာ ဆန်းစစ်သုံးသပ်ပါလေ။
၉ မတ်လကို အကောင်းတကာ့အကောင်းဆုံးလ ဖြစ်စေနိုင်မည်လော– ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု က “သက္ကရာဇ် ၂၀၀၀ ဧပြီလကို အကောင်းတကာ့အကောင်းဆုံးလ ဖြစ်စေနိုင်မည်လော” ဟူ၍မေးခွန်းထုတ်ခဲ့သည်။ တုံ့ပြန်မှုကားအဘယ်နည်း။ အမြင့်ဆုံးနှုန်းသစ်များ အတော်အတန်ရရှိခဲ့သည်။ တစ်ခါမျှမရခဲ့ဖူးသည့် အရန်ရှေ့ဆောင်အများဆုံး ၁၆၄ ယောက်ရရှိခဲ့သည့်လတစ်လ ရှိခဲ့ပါသည်။ ထို့အပြင် နာရီ၊ မဂ္ဂဇင်းဝေငှမှုနှင့် ပြန်လည်ပတ်မှုများတွင် အမြင့်ဆုံးနှုန်းသစ်များရခဲ့သည်။ ထိုအထူးလတွင် ဝိညာဉ်ရေးလုပ်ငန်းကို တစ်ခဲနက် အားသွန်ခွန်စိုက်လုပ်ဆောင်မှုကြောင့် သင့်အသင်းတော်တွင်ဖြစ်ပေါ်လာသည့် စိတ်အားထက်သန်မှုကို သင်အမှတ်ရသလော။ ဤနှစ်တွင် ထိုမျှလောက် သို့မဟုတ် ထိုထက်မက ဖြစ်မြောက်နိုင်မည်လော။ အားလုံး တက်ညီလက်ညီကြိုးစားခြင်းဖြင့် မတ်လ ၂၀၀၂ ခုနှစ် သည် “ကျွန်ုပ်တို့၏ အကောင်းတကာ့အကောင်းဆုံးလ” ဖြစ်လာနိုင်သည်။ အဘယ်ကြောင့်နည်း။
၁၀ မတ်လသည် အထူးလုပ်ဆောင်မှုလဖြစ်သင့်သည့် အကြောင်းရင်းနှစ်ခုရှိ၏။ ဦးဆုံးကား၊ အောက်မေ့ရာပွဲကို လကုန်ခါနီးတွင် ကျင်းပမည်ဖြစ်ရာ များနိုင်သရွေ့များများတက်ရောက်ဖို့ ဖိတ်ခေါ်ရန် လ၏အစောပိုင်းတွင် အခွင့်အရေးအလုံအလောက်ရရှိသည်။ ဒုတိယအနေဖြင့်၊ ဤနှစ် မတ်လတွင် စနေတနင်္ဂနွေငါးကြိမ်ရှိရာ ဝမ်းစာရှာလုပ်ငန်းလုပ်သူများ သို့မဟုတ် ကျောင်းတက်နေသူများအတွက် အရန်ရှေ့ဆောင်ရန် သာ၍လွယ်ကူစေသည်။ ဤကြားညှပ်တွင်ဖော်ပြထားသည့် ပြက္ခဒိန်ကိုအသုံးပြု၍ လက်တွေ့ကျသောဇယားတစ်ခုကို ယခုထိုင်၍ ရေးဆွဲပါလေ။ အရန်ရှေ့ဆောင်ခြင်းသည် သင်ထင်သည်ထက် ပိုလွယ်ကူပေမည်။ ဥပမာ၊ စနေတနင်္ဂနွေနှစ်ရက်၏ လယ်ကွင်းလုပ်ငန်းအတွက် ၈ နာရီဇယားဆွဲခြင်းဖြင့် သတ်မှတ်နာရီ ၅၀ ပြည့်ရန် လ၏ကျန်ရှိသည့်အချိန်အတွင်း နောက်ထပ် ၁၀ နာရီသာဇယားဆွဲရန် လိုမည်ဖြစ်သည်။
၁၁ “ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုအပြည့်အဝဟောပြော” ရန် အသင်းတော်ရှိသူအားလုံးကို အကြီးအကဲများ မည်သို့ကူညီပေးနိုင်သနည်း။ အစည်းအဝေးအပိုင်းများနှင့် နှစ်ကိုယ်ကြားစကားပြောဆိုခြင်းများအားဖြင့် စိတ်အားထက်သန်မှုကို တည်ဆောက်ပေးပါ။ အသင်းတော်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးများနှင့် ၎င်းတို့၏လက်ထောက်တို့သည် မိမိတို့၏အုပ်စုတွင် တက်ရောက်သူတစ်ဦးစီနှင့် စကားစမြည်ပြောဆိုကာ ကိုယ်တိုင်ကိုယ်ကျအကူအညီပေးရန် အစပြုလုပ်ဆောင်နိုင်သည်။ ကြင်နာမှုရှိသောအားပေးစကားအနည်းငယ် သို့မဟုတ် လက်တွေ့ကျအကြံပြုချက်အချို့သာ လိုပေမည်။ (သု. ၂၅:၁၁) အများသောသူတို့သည် မိမိတို့၏ဇယားကို အနည်းငယ်ပြုပြင်ပြောင်းလဲခြင်းဖြင့် အရန်ရှေ့ဆောင်အဖြစ် အမှုဆောင်ရန်အခွင့်အရေးရရှိနိုင်ကြောင်း တွေ့ရှိလိမ့်မည်။ အသင်းတော်များစွာတွင် အကြီးအကဲများ၊ ဓမ္မအမှုထမ်းများနှင့် ၎င်းတို့၏ဇနီးများအားလုံးမဟုတ်သည့်တိုင် ၎င်းတို့အများစုသည် အောက်မေ့ရာပွဲကာလအတွင်း အတူတကွအရန်ရှေ့ဆောင်လုပ်ကြခြင်းဖြင့် ပုံသက်သေကောင်းချမှတ်ခဲ့ကြသည်။ ယင်းက သူတို့နှင့်အတူပါဝင်ရန် ကြေညာသူများစွာကို အားပေးသည်။ ကြေညာသူအချို့သည် ကာယရေးကန့်သတ်မှုများ သို့မဟုတ် အခြားအခြေအနေများကြောင့် ရှေ့ဆောင်လုပ်နိုင်ကြမည်မဟုတ်သော်လည်း ကျန်ရှိသည့် အသင်းတော်သားများနှင့်အတူ ဓမ္မအမှုတွင် တတ်နိုင်သရွေ့ပါဝင်ခြင်းဖြင့် မိမိတို့၏လေးမြတ်မှုကိုပြသရန် အားပေးခံရနိုင်သည်။
၁၂ အောင်မြင်မှုသည် အကြီးအကဲများအပိုင်းမှ သေချာစွာစီစဉ်ခြင်းအပေါ်မူတည်သည်။ လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများကို သီတင်းပတ်အတွင်း အဆင်ပြေသည့်အချိန်တွင် စီစဉ်သင့်သည်။ ဖြစ်နိုင်လျှင် လုပ်ငန်းတော်ကြီးကြပ်မှူးသည် လုပ်ငန်းတော်တွေ့ဆုံမှုများအားလုံးကို ကျင်းပရန် အရည်အချင်းရှိသည့်ညီအစ်ကိုများကို ကြိုတင်တာဝန်ပေးမည်ဖြစ်သည်။ အုပ်စုများဖွဲ့စည်းပေးခြင်း၊ ရပ်ကွက်သတ်မှတ်ပေးခြင်းနှင့် ဆုတောင်းခြင်းအပါအဝင် ယင်းတွေ့ဆုံမှုများသည် ၁၀ မိနစ်မှ ၁၅ မိနစ်ထက်မကျော်စေရန် ကောင်းစွာပြင်ဆင်ထားဖို့လိုမည်ဖြစ်သည်။ (စက်တင်ဘာ ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါမေးခွန်းသေတ္တာကိုရှု။) ထိုလအတွက် လုပ်ဆောင်မှုဇယားကို အသင်းတော်အား အသေအချာရှင်းပြကာ ကြော်ငြာသင်ပုန်းတွင် ကပ်ထားသင့်သည်။
၁၃ ရပ်ကွက်အလုံအလောက်ရှိသင့်သည်။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ရံဖန်ရံခါသာအမှုဆောင်သည့်ရပ်ကွက်များကို လုပ်ဆောင်ရန်အတွက် အစီအစဉ်များပြုလုပ်ဖို့ ရပ်ကွက်ကိုင်သူညီအစ်ကိုနှင့်တွေ့ဆုံသင့်သည်။ လူမတွေ့သည့်အိမ်များကိုလုပ်ဆောင်ခြင်း၊ လမ်းပေါ်နှင့် တစ်ဆိုင်မှတစ်ဆိုင်သက်သေခံခြင်းနှင့် ညနေပိုင်းသက်သေခံခြင်းတို့ကို အလေးထားသင့်သည်။ သင့်တော်သည့်အခါ ကြေညာသူအချို့သည် တယ်လီဖုန်းဖြင့်သက်သေခံရန် အကူအညီပေးခံရပေမည်။
၁၄ ပြန်အမှုဆောင်လာရန် သူတို့ကိုကူညီပါ– သင့်အသင်းတော်ရပ်ကွက်တွင် သတင်းကောင်းဟောပြောရာ၌ မလှုပ်ရှားတော့သူတစ်စုံတစ်ဦးရှိသလော။ ထိုသူတို့သည် အသင်းတော်အဝင်ဖြစ်နေဆဲဖြစ်ကာ အကူအညီလိုအပ်ကြသည်။ (ဆာ. ၁၁၉:၁၇၆) ဤကမ္ဘာဟောင်း၏အဆုံးသည် အလွန်နီးကပ်ကာ ကမ္ဘာသစ်သည် လက်တစ်ကမ်းလေးတွင်ရှိသောကြောင့် မလှုပ်ရှားသူများကို အကူအညီပေးရန် ကြိုးစားအားထုတ်ကြဖို့အကြောင်းကောင်းရှိသည်။ (ရော. ၁၃:၁၁၊ ၁၂) လွန်ခဲ့သည့်ငါးနှစ်အတွင်း နှစ်စဉ် ၂၆,၅၀၀ ကျော်သောသူတို့သည် အကူအညီကိုတုံ့ပြန်ကာ ပြန်လှုပ်ရှားလာကြသည်။ နောက်ထပ်များစွာသောသူတို့အား အစက သူတို့တွင်ရှိခဲ့သည့် မေတ္တာနှင့် ယုံကြည်စိတ်ချမှုမျိုး ပြန်ရှိလာရန်ကူညီပေးဖို့ ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း။—ဟေဗြဲ ၃:၁၂-၁၄။
၁၅ အကြီးအကဲအဖွဲ့သည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းက မလှုပ်မရှားဖြစ်လာသူများအား မည်သို့ကူညီပေးနိုင်ပုံကို ဆွေးနွေးလိုကြမည်ဖြစ်သည်။ (မ. ၁၈:၁၂-၁၄) အတွင်းရေးမှူးသည် အသင်းတော်ကြေညာသူကတ်များကို စစ်ဆေးကာ မလှုပ်မရှားဖြစ်လာသူများအားလုံးကို မှတ်သားထားသင့်သည်။ အကူအညီပေးရန် သိုးထိန်းခြင်းအစီအစဉ်အားဖြင့် အထူးကြိုးစားသင့်သည်။ အကြီးအကဲတစ်ဦးသည် ယခင်က ရင်းနှီးကျွမ်းဝင်ပြီး ပေါင်းသင်းဆက်ဆံမှုရှိခဲ့ခြင်းကြောင့် အချို့သောကြေညာသူတို့ထံ လည်ပတ်လိုပေမည် သို့မဟုတ် အကူအညီပေးရန် အခြားကြေညာသူများကို တောင်းဆိုပေမည်။ သူတို့သည် ယခုမလှုပ်မရှားဖြစ်သူနှင့် သင်အံမှုပြုခဲ့သူများဖြစ်နိုင်ကာ ဤလိုအပ်နေချိန်တွင် အထူးအကူအညီပေးရန်အခွင့်အရေးကို လက်ခံကြိုဆိုကောင်းကြိုဆိုပေမည်။ မလှုပ်ရှားသူများစွာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပြန်လည်စတင်ဟောပြောရန် လှုံ့ဆော်ခံရမည်ဟု မျှော်လင့်ပါသည်။ သူတို့အရည်အချင်းပြည့်မီလျှင် အောက်မေ့ရာပွဲကာလအတွင်း စတင်ခြင်းထက် သာ၍ကောင်းသည့်အချိန်မရှိပါ!—ထပ်ဆင့်အသေးစိတ်အတွက် နိုဝင်ဘာ ၂၀၀၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါ မေးခွန်းသေတ္တာကိုရှု။
၁၆ ဟောပြောရန် အခြားသူများ အရည်အချင်းပြည့်မီသလော– ယေဟောဝါသည် “လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာ” များကိုခေါ်ဆောင်ခြင်းဖြင့် မိမိ၏လူမျိုးကို ဆက်၍ကောင်းချီးပေးနေ၏။ (ဟဂ္ဂဲ ၂:၇) နှစ်စဉ် နှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ် အရည်အချင်းပြည့်မီလာသူ ထောင်နှင့်ချီရှိသည်။ သူတို့ကား မည်သူများနည်း။ ယေဟောဝါသက်သေတို့၏ကလေးများအပြင် တိုးတက်လာသောကျမ်းစာသင်သားများဖြစ်သည်။ သူတို့သည် သတင်းကောင်းကြေညာသူများဖြစ်ရန် အရည်အချင်းပြည့်မီမမီ ကျွန်ုပ်တို့မည်သို့သိရှိမည်နည်း။
၁၇ ယေဟောဝါသက်သေတို့၏ကလေးများ– ကလေးများစွာသည် နှစ်ခြင်းမခံရသေးသော ကြေညာသူများအဖြစ် အမှုမထမ်းကြသေးသော်လည်း သူတို့၏မိဘများနှင့် နှစ်ချီ၍ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပါဝင်ခဲ့ကြပြီ။ မတ်လသည် ကြေညာသူစလုပ်ဖို့ အချိန်ကောင်းဖြစ်နိုင်သည်။ သင့်ကလေး အရည်အချင်းပြည့်မီမမီ သင်မည်သို့သိရှိမည်နည်း။ ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန်ဖွဲ့စည်းထားခြင်း စာအုပ်၊ စာမျက်နှာ ၁၀၀ က “ကလေးတစ်ဦးသည် အပြုအမူအကျင့်အကြံတွင် စံပြဖြစ်ပြီး နှလုံးမှစေ့ဆော်မှုဖြင့် သတင်းကောင်းကို သူများအား ပြောပြကာ မိမိယုံကြည်ခြင်းကိုတင်ပြ” သည့်အခါတွင်ဖြစ်သည်ဟု ဖော်ပြသည်။ သင့်ကလေး အရည်အချင်းပြည့်မီသည်ဟုယူဆလျှင် အသင်းတော်လုပ်ငန်းတော်ကော်မတီမှ အကြီးအကဲတစ်ဦးကို ပြောပြပါ။
၁၈ အရည်အချင်းပြည့်မီသောသင်သားများ– ကျမ်းစာသင်သားတစ်ဦးသည် အသိပညာဆည်းပူးကာ အတန်ကြာ အစည်းအဝေးများတက်ရောက်ခဲ့ပြီးနောက် နိုင်ငံတော်ကြေညာသူတစ်ဦးဖြစ်လိုပေမည်။ သင်သည် ထိုသို့သောသင်သားတစ်ဦးနှင့် သင်အံမှုကျင်းပနေလျှင် ဤမေးခွန်းများကိုသုံးသပ်ပါ– သူသည် သူ၏အသက်အရွယ်၊ အစွမ်းအစနှင့်အညီ တိုးတက်နေသလော။ သူသည် အခြားသူတို့အား သူ၏ယုံကြည်ခြင်းကို အလွတ်သဘောဝေမျှနေပြီလော။ သူသည် “လူသစ်” ကိုယူတင်ဝတ်ဆောင်နေသလော။ (ကော. ၃:၁၀) သူသည် ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၉၈-၁၀၀ တွင်ဖော်ပြထားသည့် နှစ်ခြင်းမခံရသေးသောကြေညာသူများအတွက် အရည်အချင်းများကို ပြည့်မီသလော။ ပြည့်မီပါက သင်သည် သင်နှင့် သင်၏သင်သားအားတွေ့ဆုံရန် အကြီးအကဲနှစ်ဦးကို စီစဉ်ပေးနိုင်ဖို့ အသင်းတော်လုပ်ငန်းတော်ကော်မတီနှင့် ဆက်သွယ်သင့်သည်။ သူအရည်အချင်းပြည့်မီလျှင် အကြီးအကဲနှစ်ဦးက သူ့အား လူထုရှေ့ဓမ္မအမှုတွင် စတင်ပါဝင်နိုင်ကြောင်း အသိပေးမည်ဖြစ်သည်။
၁၉ ဧပြီနှင့်မေလ၌ကောအသို့နည်း။ ယင်းလများသည်လည်း လယ်ကွင်းဓမ္မအမှုတွင် တိုးချဲ့လုပ်ဆောင်ရန်အတွက် အထူးလများဖြစ်လိမ့်မည်။ မတ်လတွင် အရန်ရှေ့ဆောင်လုပ်သူများစွာသည် ဧပြီနှင့်/သို့မဟုတ် မေလတွင် ထိုသို့ပြန်လုပ်နိုင်ပေမည်။ ဧပြီနှင့်မေလတွင် ဓမ္မအမှု၌ ကင်းမျှော်စင် နှင့် နိုးလော့! ဝေငှခြင်းကို ဦးစားထားကြမည်ဖြစ်သည်။ ၎င်းတို့သည် ဖတ်ရှုသူများ၏အသက်တာအပေါ် အလွန်ကောင်းသောအကျိုးများသက်ရောက်စေခဲ့ကြပြီ! ၎င်းမဂ္ဂဇင်းများသည် ကမ္ဘာတစ်ဝန်းတွင် အံ့မခန်းဖွယ်တိုးတက်မှုရရှိစေရာ၌ ကြီးမားသောကဏ္ဍမှပါဝင်လျက်ရှိသည်။ ဧပြီနှင့်မေလတွင် လူများနိုင်သရွေ့များများအား မဂ္ဂဇင်းများဝေငှရန် အထူးကြိုးစားကြမည်။ အပြည့်အဝပါဝင်ရန် ယခုစီစဉ်ပါ။
၂၀ သင်သည် ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့ရန်စီစဉ်ထားသောကြောင့် အသင်းတော်မှတစ်ဆင့် မဂ္ဂဇင်းများပိုမှာယူဖို့လိုသလော။ ကျွန်ုပ်တို့သည် လုပ်ငန်းတော်နှစ်တစ်လျှောက်လုံး မဂ္ဂဇင်းနေ့အဖြစ် သတ်မှတ်ထားသည့်စနေနေ့တိုင်း ကင်းမျှော်စင် နှင့် နိုးလော့! ကို ဝေငှကြသည်။ သို့သော် အရန်ရှေ့ဆောင်လုပ်ငန်းတွင် အများအပြားပါဝင်မည်၊ ကျွန်ုပ်တို့အားလုံး နှစ်လစလုံးတွင် မဂ္ဂဇင်းများဝေငှမည်ဖြစ်ရာ အသင်းတော်တွင် သင် မဂ္ဂဇင်းပိုမှာယူဖို့လိုပေမည်။ လိုမည်ဆိုလျှင် ကျေးဇူးပြု၍ သင့်အသင်းတော်ရှိ မဂ္ဂဇင်းအမှုထမ်းကို ချက်ချင်းအကြောင်းကြားပါ။ တစ်ချိန်တည်းတွင် စာအုပ်စာတမ်းအမှုထမ်းသည် အားလုံးအသုံးပြုဖို့အတွက် သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာအလုံအလောက်ရှိရန် သေချာစေသင့်သည်။
၂၁ များစွာသောသူတို့သည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါ “မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ” ဟူသောကဏ္ဍအတွက် ကျေးဇူးတင်ကြောင်းဖွင့်ဟခဲ့ကြပြီ။ နမူနာမဂ္ဂဇင်းတင်ဆက်မှုများကို သင်ယူခြင်းအားဖြင့် ဤအစီအစဉ်ကို သင်အကျိုးရှိရှိအသုံးချခဲ့ပြီလော။ ဤတင်ဆက်မှုများကိုလေ့ကျင့်ရန် ပတ်စဉ်သင့်မိသားစုကျမ်းစာသင်အံမှု၏ အချိန်တစ်ပိုင်းကိုသုံးပါ။
၂၂ ဤအောက်မေ့ရာပွဲကာလကို အပြည့်အဝအသုံးချပါ– ဤအောက်မေ့ရာပွဲကာလအတွက် စီစဉ်ထားသည့် ဝိညာဏလုပ်ဆောင်မှုများတွင် အပြည့်အဝပါဝင်ခြင်းဖြင့် တမန်တော်ပေါလုကဲ့သို့ “ပြော၍မကုန်နိုင်သော ဘုရားသခင်၏ဆုကျေးဇူးတော်” ကိုကျွန်ုပ်တို့မည်မျှလေးမြတ်ကြောင်း ယေဟောဝါအားပြကြစို့။ ယင်းတို့တွင် (၁) ၂၀၀၂၊ မတ် ၂၈၊ ကြာသပတေးနေ့တွင် နှစ်၏အရေးကြီးဆုံးအခါသမယဖြစ်သည့် သခင့်ညစာစားပွဲကိုတက်ရောက်ခြင်း; (၂) “[သူတို့] ၌အစကရှိခဲ့သည့်မေတ္တာ” ပြန်ရှိလာရန် မလှုပ်ရှားသူများကိုကူညီပေးခြင်း (ဗျာ. ၂:၄၊ ကဘ; ရော. ၁၂:၁၁); (၃) နှစ်ခြင်းမခံရသေးသောကြေညာသူများဖြစ်လာရန် အရည်အချင်းပြည့်မီသည့် ကျွန်ုပ်တို့၏ကလေးများနှင့် မည်သည့်ကျမ်းစာသင်သားကိုမဆို ကူညီပေးခြင်း နှင့် (၄) မတ်လနှင့် နောက်ပိုင်းလများတွင် အရန်ရှေ့ဆောင်လုပ်ကာ ဧဝံဂေလိလုပ်ငန်းတွင် အတတ်နိုင်ဆုံးပါဝင်ခြင်း တို့ပါဝင်သည်။—၂ တိ. ၄:၅။
၂၃ ကျွန်ုပ်တို့၏ထက်သန်သောဆုတောင်းချက်မှာ ကျွန်ုပ်တို့အားလုံး ဤအောက်မေ့ရာပွဲကာလတွင် နိုင်ငံတော်သတင်းကောင်းဟောပြောခြင်း၌ အပြည့်အဝပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ယေဟောဝါလုပ်ဆောင်ပေးရာအားလုံးအတွက် အလွန်ကျေးဇူးတင်ကြောင်းပြရန်ဖြစ်သည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
မတ် ၂၀၀၂ အတွက် ကိုယ်ပိုင်လယ်ကွင်းလုပ်ငန်းဇယား
တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ
၁ ၂ မဂ္ဂဇင်း နေ့
၃ ၄ ၅ ၆ ၇ ၈ ၉
မဂ္ဂဇင်း နေ့
၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆
မဂ္ဂဇင်း နေ့
၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃
မဂ္ဂဇင်း နေ့
၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀
အောက်မေ့ရာပွဲ မဂ္ဂဇင်း နေ့
နေဝင်ပြီးနောက်
၃၁ သင်သည် မတ်လတွင် အရန်ရှေ့ဆောင်ရန် စုစုပေါင်းနာရီ ၅၀ စီစဉ်နိုင်မည်လော