‘အချည်းနှီးသောအမှုများ’ လေ့လာလိုက်စားခြင်းကိုရှောင်
၁ ယနေ့ရေပန်းစားနေသည့် ဆက်သွယ်ရေးနည်းလမ်းတစ်ခုမှာ အီး-မေးလ် ဖြစ်သည်။ ၎င်းမှတစ်ဆင့် မိသားစုနှင့် မိတ်ဆွေများအချင်းချင်း ကိုယ်ပိုင်တွေ့ကြုံမှုများဝေမျှခြင်းသည် သင့်လျော်မည်ဖြစ်သော်လည်း အဘယ် ‘အချည်းနှီးသောအမှုများ’ သည် အီး-မေးလ် ကို အကန့်အသတ်မဲ့အသုံးပြုခြင်းနှင့် ဆက်နွှယ်နိုင်သနည်း။—သု. ၁၂:၁၁။
၂ အီး–မေးလ် နှင့်စပ်လျဉ်းသည့် သတိပေးချက်များ– အချို့သူတို့သည် အချက်အလက်အသစ်များဟု မိမိတို့ယူမှတ်သည့်အရာကို အီး-မေးလ်မှတစ်ဆင့်ရရှိသောအခါ ယေဟောဝါ၏အဖွဲ့အစည်းနှင့် ပို၍လက်ပွန်းတတီးရှိသည်ဟု ခံစားကြသည်။ ယင်းတွင် တွေ့ကြုံမှုများ၊ ဗေသလမှအဖြစ်အပျက်များ၊ ဘေးဒဏ်များ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုသတင်းများနှင့် နိုင်ငံတော်ဓမ္မအမှုကျောင်းများတွင်ကြေညာခဲ့သော အတွင်းရေးများပင် ပါဝင်နိုင်သည်။ အခြားသူတို့မူ မိတ်ဆွေများအား သတင်းအချက်အလက်များ ဦးဆုံးအသိပေးရသူဖြစ်ဖို့မျှော်လင့်ကာ ထိုသို့သောသတင်းများပို့ရန် အလွန်ထက်သန်ပုံရသည်။
၃ တစ်ခါတစ်ရံ၊ အချက်အလက်များနှင့် တွေ့ကြုံမှုများကို လိုရာဆွဲ၍မမှန်မကန် ချဲ့ကားပြောဆိုကြသည်။ သို့မဟုတ် အချို့သူတို့သည် စိတ်လှုပ်ရှားဖွယ်သတင်းဖြစ်ရန်ကြိုးစားရာတွင် အထင်အမြင်မှားစေခဲ့ကြပေမည်။ ထိုသို့သောကိစ္စများကို အလျင်စလိုပြောဆိုကြသူများသည် များသောအားဖြင့် အချက်အလက်အားလုံး မရရှိထားကြပါ။ (သု. ၂၉:၂၀) အချို့ကိစ္စများတွင် အဖြစ်အပျက်တစ်ခုသည် မယုံနိုင်စရာဖြစ်သည့်အခါ၌ပင် စိတ်ဝင်စားစရာသတင်းတစ်ခုအဖြစ် ယင်းကိုလက်ဆင့်ကမ်းကြသည်။ ထိုသို့တိကျမှန်ကန်မှုမရှိသည့် သို့မဟုတ် တလွဲထင်မြင်စေသည့် သတင်းများသည် စစ်မှန်သောဘုရားဝတ်၌မွေ့လျော်ခြင်းကို အထောက်အကူမပြုသည့် ‘ဒဏ္ဍာရီစကားများ’ နှင့်အတူတူပင်ဖြစ်သည်။—၁ တိ. ၄:၆၊ ၇။
၄ သင်သည် မှန်ကန်မည်မဟုတ်သည့် အချက်အလက်များကို တစ်ဆင့်ပို့မည်ဆိုလျှင် ယင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဝမ်းနည်းမှု သို့မဟုတ် ရှုပ်ထွေးမှုအတွက် အတိုင်းအတာတစ်ခုအထိ တာဝန်ရှိသည်။ ဒါဝိဒ်သည် မိမိ၏သားတော်အားလုံး အသတ်ခံရပြီဟူသော ချဲ့ကားသည့်သတင်းတစ်ခုရရှိသောအခါ စိတ်သောကရောက်လျက် “အဝတ်တော်ကိုဆုတ်” ခဲ့သည်။ သို့သော် အမှန်မှာ သားတော်တစ်ဦးတည်းသာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းသည် စိတ်သောက အတော်အသင့်ရောက်စေသော်လည်း ထိုသို့ချဲ့ကားပြောဆိုခြင်းသည် ဒါဝိဒ်ကို ပို၍စိတ်သောကရောက်စေခဲ့သည်။ (၂ ရာ. ၁၃:၃၀-၃၃) ကျွန်ုပ်တို့၏ညီအစ်ကိုတစ်ဦးဦးကို တလွဲထင်မြင်စေမည့် သို့မဟုတ် စိတ်ဓာတ်ကျစေမည့် တစ်စုံတစ်ရာကိုမျှ ကျွန်ုပ်တို့ပြုလိုကြမည်မဟုတ်သည်မှာ အမှန်ပင်။
၅ ဘုရားသခင်ခန့်အပ်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်း– ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် “သစ္စာနှင့်သတိပညာရှိကျွန်” တည်းဟူသော ဆက်သွယ်ရေးလမ်းကြောင်းကို ခန့်အပ်ထားတော်မူ၏။ ထို “ကျွန်” သည် ယုံကြည်ခြင်းအိမ်သူအိမ်သားများအား မည်သည့်အချက်အလက်များပေးရမည်ကိုသာမက ၎င်းကိုပေးရမည့် “အခန့်သင့်အချိန်” ကိုပါဆုံးဖြတ်ရန်တာဝန်ရှိသည်။ ယင်းဝိညာဏအစာကို သီအိုကရက်တစ်အဖွဲ့အစည်းအားဖြင့်သာ ရရှိနိုင်သည်။ ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချရသောအချက်အလက်များအတွက် အင်တာနက်အသုံးပြုသူများ၏ကွန်ရက်ကိုမဟုတ်ဘဲ ဘုရားသခင်ခန့်အပ်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းကို အစဉ်မျှော်ကိုးသင့်သည်။—မ. ၂၄:၄၅၊ ကဘ။
၆ အင်တာနက်ဝက်ဘ်ဆိုက်များ– ကျွန်ုပ်တို့၌ တရားဝင် ဝက်ဘ်ဆိုက်တစ်ခု (www.watch– tower.org) ရှိသည်။ ယင်းဆိုက်သည် အများပြည်သူကို အချက်အလက်များပေးရန် လုံလောက်သည်။ မည်သည့်ပုဂ္ဂိုလ်၊ ကော်မတီ သို့မဟုတ် အသင်းတော်မဆို ယေဟောဝါသက်သေများနှင့်ပတ်သက်၍ ဝက်ဘ်စာမျက်နှာတစ်ခုပြင်ဆင်ရန်မလိုပေ။ အချို့သည် အလှူငွေပေါ်အခြေပြုလျက် ကျွန်ုပ်တို့၏စာပေများတွင်ပါသည့် အကြောင်းအရာများကို ကျမ်းချက်များ၊ ရည်ညွှန်းချက်များနှင့်အတူ အပြည့်အစုံဖော်ပြကာ စည်းဝေးကြီးအကြောင်းအရာမိတ္တူများကိုပင် ဝေမျှခဲ့ကြပြီ။ အကျိုးအမြတ်ပါဝင်ပတ်သက်သည်ဖြစ်၊ မပတ်သက်သည်ဖြစ်စေ အီလက်ထရွန်းနစ် မှတ်တမ်းမှတ်ရာတစ်ခုတွင်ပါသည့် ကင်းမျှော်စင်စာပေများကို မူပွားကူးယူဖြန့်ဝေသည့်လုပ်ရပ်သည် မူပိုင်ခွင့်ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်။ အချို့က ၎င်းအား ညီအစ်ကိုများ၏အကျိုးကိုသယ်ပိုးသည့် လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ကြမည်ဖြစ်သော်လည်း ယင်းကို ခွင့်ပြုချက်မရထားသည့်အတွက် ရပ်ဆိုင်းသင့်သည်။
၇ အီလက်ထရွန်းနစ် ဆက်သွယ်ရေးလမ်းကြောင်းကို အသုံးပြုသည့်အခါ ကောင်းစွာချင့်ချိန်ကာ သမာသတိရှိခြင်းဖြင့် ကျွန်ုပ်တို့၏စိတ်သည် ‘အဖိုးထိုက်၍ နှစ်သက်ဖွယ်သောအရာ’ များနှင့်ပြည့်နေမည်မှာအမှန်ပင်။—သု. ၂၄:၄။