အပိုင်း ၆–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
သင်သားတစ်ဦးက မေးခွန်းမေးလာသောအခါ
၁ များသောအားဖြင့် ကျမ်းစာသင်အံမှုတစ်ခုကို ကောင်းစွာအခြေချပြီးသည်နှင့် အကြောင်းအရာတစ်ခုမှတစ်ခုသို့ ဟိုခုန်သည်ခုန်လုပ်မည့်အစား ကျမ်းစာသွန်သင်ချက်များကို စနစ်တကျသုံးသပ်ခြင်းသည် အကောင်းဆုံးဖြစ်၏။ ယင်းက တိကျမှန်ကန်သောအသိပညာဆိုင်ရာ အုတ်မြစ်တစ်ခုကို တည်ဆောက်ရန်နှင့် ဝိညာဉ်ရေးတိုးတက်ရန် သင်သားအား ကူညီပေးသည်။ (ကော. ၁:၉၊ ၁၀၊ ကဘ) သို့သော် သင်သားများသည် သင်အံမှုပြုနေချိန်အတွင်း အကြောင်းအရာအမျိုးမျိုးနှင့်စပ်လျဉ်းသည့် မေးခွန်းများမေးလေ့ရှိကြသည်။ ယင်းတို့ကို မည်သို့ကိုင်တွယ်သင့်သနည်း။
၂ ပိုင်းခြားသိမြင်မှုရှိပါ– များသောအားဖြင့် လေ့လာသည့်အကြောင်းနှင့်သက်ဆိုင်သောမေးခွန်းများကို ချက်ချင်းဖြေဆိုပေးနိုင်သည်။ လေ့လာသည့်စာအုပ်၌ နောက်ပိုင်းတွင် ဆွေးနွေးမည့်မေးခွန်းဖြစ်လျှင် ယင်းကို ညွှန်ပြရုံနှင့် လုံလောက်ပေမည်။ သို့သော် မေးခွန်းသည် လေ့လာသည့်အကြောင်းနှင့် မသက်ဆိုင်လျှင် သို့မဟုတ် ကောင်းစွာဖြေဆိုရန် သုတေသနပြုဖို့လိုမည်ဆိုလျှင် သင်အံမှုပြီးနောက် သို့မဟုတ် အခြားအချိန်တစ်ချိန်တွင် ၎င်းကိစ္စကို သုံးသပ်ခြင်းသည် ပိုကောင်းပေမည်။ မေးခွန်းကိုရေးမှတ်ထားခြင်းက သင်သား၏မေးခွန်းကို အလေးအနက်ထားကြောင်း စိတ်ချစေကာ သင်အံမှုကို လမ်းကြောင်းမပြောင်းသွားရန်တားဆီးဖို့ ကူညီပေးကြောင်း ကြေညာသူအချို့တွေ့ရှိကြသည်။
၃ ကျွန်ုပ်တို့၏အခြေခံသင်အံမှုစာပေများတွင် ကျမ်းစာသွန်သင်ချက်များစွာကို အကျဉ်းချုံးသာသုံးသပ်ထားသည်။ သင်သားတစ်ဦးသည် သွန်သင်ချက်တစ်ခုကို လက်ခံရန်အခက်တွေ့နေလျှင် သို့မဟုတ် မှားယွင်းသောယုံကြည်ချက်တစ်ခုကို အခိုင်အမာစွဲကိုင်ထားလျှင် အသို့နည်း။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ကျမ်းစာအဆိုကို စေ့စေ့စပ်စပ်ဆွေးနွေးထားသည့် ထပ်ဆင့်အကြောင်းအရာကို သုံးသပ်လျှင် အကျိုးရှိပေမည်။ သင်သားသည် လက်ခံယုံကြည်ခြင်းမရှိသေးလျှင် အခြားအချိန်တစ်ချိန်တွင်လေ့လာရန် ထိုအကြောင်းအရာကိုထားလိုက်ပြီး ပုံမှန်သင်အံမှုကို ဆက်၍ကျင်းပပါ။ (ယော. ၁၆:၁၂) သူသည် ကျမ်းစာအသိပညာတိုးများလာကာ ဝိညာဉ်ရေးတိုးတက်လာသည်နှင့်အမျှ ထိုကျမ်းစာသွန်သင်ချက်ကို နားလည်လာပေမည်။
၄ ကျိုးနွံမှုရှိပါ– သင်သည် မေးခွန်းတစ်ခု၏အဖြေကို သေသေချာချာမသိလျှင် ကိုယ်ပိုင်ထင်မြင်ချက်ပေးခြင်းကိုရှောင်ပါ။ (၂ တိ. ၂:၁၅; ၁ ပေ. ၄:၁၁) သင်သည် အကြောင်းအရာကို သုတေသနပြုကာ အဖြေနှင့်အတူပြန်လာမည်ဖြစ်ကြောင်း ရှင်းပြပါ။ သင်သည် သင်သားအား သုတေသနပြုလုပ်ပုံကို သင်ပေးရန်အခွင့်အရေးပင် ရရှိနိုင်သည်။ ယေဟောဝါ၏အဖွဲ့အစည်းကပြင်ဆင်ပေးသည့် သုတေသနပြုကိရိယာအမျိုးစုံ အသုံးပြုပုံကို သူ့အား အဆင့်ဆင့်ပြပေးပါ။ ဤနည်းဖြင့် နောက်ဆုံးတွင် သူ၏မေးခွန်းများကို သူ့ဘာသာဖြေဆိုနိုင်ပါလိမ့်မည်။—တ. ၁၇:၁၁။