အပိုင်း ၁၀–တိုးတက်သော ကျမ်းစာသင်အံမှုများ ကျင်းပခြင်း
တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် သင်သားများအား လေ့ကျင့်ပေးခြင်း
၁ အကြီးအကဲများက ကျမ်းစာသင်သားတစ်ဦးသည် နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီသည်ဟု ဆုံးဖြတ်သောအခါ သူသည် လူထုရှေ့ဟောပြောခြင်းလုပ်ငန်းတွင် အသင်းတော်နှင့်အတူ စတင်ပါဝင်နိုင်သည်။ (ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စစ. ၇၉-၈၁ ရှု။) တစ်အိမ်မှတစ်အိမ်ဟောပြောခြင်း၏ စိန်ခေါ်ချက်ကို ရင်ဆိုင်ရန် သင်သားများအား ကျွန်ုပ်တို့ မည်သို့ကူညီနိုင်သနည်း။
၂ အတူတကွပြင်ဆင်ပါ– ကောင်းစွာပြင်ဆင်ခြင်းအတွက် အစားထိုးစရာမရှိချေ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နှင့် ကျိုးကြောင်းဆင်ခြင် စာအုပ်တွင် အကြံပြုထားသည့်တင်ဆက်နည်းများ ရှာတွေ့နိုင်သောနေရာကို သင်သားအား ပြပေးပြီး ဒေသခံရပ်ကွက်အတွက် လက်တွေ့ကျသည့် ရိုးရှင်းသောချဉ်းကပ်နည်းတစ်ခုကို ရွေးချယ်တတ်ရန် ကူညီပေးပါ။ စတင်ကတည်းက သူ၏ဓမ္မအမှုတွင် ကျမ်းစာကိုအသားပေးရန် အားပေးပါ။—၂ တိ. ၄:၂။
၃ အစမ်းလေ့ကျင့်သောအစီအစဉ်များသည် ကြေညာသူလူသစ်တစ်ဦးအတွက် အလွန် အကျိုးရှိ၏။ တင်ဆက်မှုကို သင်သား အစမ်းလေ့ကျင့်စဉ် ရပ်ကွက်တွင် ကြုံတွေ့ရလေ့ရှိသည့် တုံ့ပြန်မှုများအား လိမ္မာပါးနပ်စွာကိုင်တွယ်ပုံကို သူ့အား ပြပေးပါ။ (ကော. ၄:၆)ခရစ်ယာန်ဓမ္မအမှုဆောင်များသည် အိမ်ရှင်မေးလာမည့် မေးခွန်းတိုင်း၏အဖြေကို သိဖို့မလိုကြောင်း သူ့အား အသေအချာပြောပြပါ။ အကြောင်းအရာကို ဆက်ဆွေးနွေးရန် သုတေသနပြုလုပ်ပြီး ပြန်လာမည်ဟု ပြောပြခြင်းဖြင့် ထိုသို့သောမေးခွန်းများကို ကိုင်တွယ်ခြင်းသည် များသောအားဖြင့် အကောင်းဆုံးဖြစ်၏။—သု. ၁၅:၂၈။
၄ အတူတကွဟောပြောပါ– တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် သင်သား ဦးဆုံးအကြိမ်ပါဝင်သည့်အခါ သင်တို့နှစ်ဦး အတူပြင်ဆင်ခဲ့သည့် တင်ဆက်မှုကို သင် တင်ဆက်နေစဉ် သူ့အား ကြည့်ရှုစေပါ။ ထို့နောက် သူ့ကို ပါဝင်စေပါ။ တချို့အခြေအနေတွင် ကျမ်းချက်တစ်ချက်ကို ဖတ်ရှုခြင်းနှင့် မှတ်ချက်ပေးခြင်းကဲ့သို့သော တင်ဆက်မှုတစ်စိတ်တစ်ဒေသတွင်သာ ကြေညာသူလူသစ်ကို ပါဝင်စေခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ သင်သား၏ ပင်ကိုအရည်အသွေးနှင့် အစွမ်းအစများကို ထည့်စဉ်းစားပါ။ (ဖိ. ၄:၅၊ ကဘ) သူ့အား ဟောပြောခြင်းလုပ်ငန်း ကဏ္ဍအသီးသီးတွင် အဆင့်ဆင့်လေ့ကျင့်ပေးစဉ် များများချီးမွမ်းပါ။
၅ ဓမ္မအမှုတွင် ပါဝင်ရန်၊ ဖြစ်နိုင်မည်ဆိုလျှင် အပတ်စဉ်ပါဝင်ရန်အတွက် ပုံမှန်ဇယားတစ်ခုကိုဆွဲထားရန် ကြေညာသူလူသစ်တစ်ဦးအား ကူညီပေးဖို့အရေးကြီး၏။ (ဖိ. ၃:၁၆) အတူတကွအမှုဆောင်ရန် တိကျသည့်အစီအစဉ်များပြုလုပ်ပါ၊ အခြားထက်သန်သူများနှင့်လည်း အတူတကွအမှုဆောင်ရန် သူ့ကို အားပေးပါ။ သူတို့၏ပုံသက်သေနှင့် ပေါင်းသင်းမှုတို့က တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းတွင် ကျွမ်းကျင်လာပြီး ပျော်ရွှင်မှုရရှိရန် သူ့အား ကူညီပေးပါလိမ့်မည်။