နိုင်ငံတော်သတင်းဟောပြောခြင်း—တန်ဖိုးရှိအခွင့်ထူးတစ်ခု
၁ ကမ္ဘာသူကမ္ဘာသား သန်းပေါင်းများစွာတို့သည် အသက်ရှင်ရေးအတွက် ယေဟောဝါ၏ ရက်ရောသောပြင်ဆင်ပေးမှုများမှ နေ့စဉ် အကျိုးခံစားကြရသည်။ (မ. ၅:၄၅) သို့သော် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြင့် မိမိတို့၏ဖန်ဆင်းရှင်အား ကျေးဇူးတင်ကြောင်းပြရသည့် အခွင့်ထူးကို လူအနည်းငယ်သာရရှိကြသည်။ (မ. ၂၄:၁၄) ဤတန်ဖိုးရှိအခွင့်ထူးကို သင် မည်မျှတန်ဖိုးထားသနည်း။
၂ နိုင်ငံတော်သတင်းဟောပြောခြင်းသည် ဘုရားသခင်ကို ဂုဏ်တင်ရုံမက ကသောင်းကနင်းနိုင်သည့် ယခုခေတ်ကာလကြောင့် စိတ်သောကရောက်နေသူများအား မျှော်လင့်ချက်နှင့် ငြိမ်သက်မှုရရှိစေ၏။ (ဟေဗြဲ ၁၃:၁၅) ယင်းက သတင်းတရားကို တုံ့ပြန်သူများအား ထာဝရအသက်ရရှိစေ၏။ (ယော. ၁၇:၃) မည်သည့်လောကအလုပ်က ထိုသို့သောအကျိုးကျေးဇူးများ ရရှိစေနိုင်ပါမည်နည်း။ တမန်တော်ပေါလုသည် ဓမ္မအမှုကို တန်ဖိုးထားကြောင်း ၎င်းကို ထမ်းဆောင်ပုံဖြင့် ပြသခဲ့သည်။ သူသည် ယင်းကို ဘဏ္ဍာအဖြစ်ယူမှတ်ခဲ့သည်။—တ. ၂၀:၂၀၊ ၂၁၊ ၂၄; ၂ ကော. ၄:၁၊ ၇၊ ကဘ။
၃ ကျွန်ုပ်တို့၏တန်ဖိုးရှိအခွင့်ထူးကို တန်ဖိုးထားခြင်း– ဟောပြောရသည့်အခွင့်ထူးကို တန်ဖိုးထားကြောင်းပြသည့်နည်းတစ်နည်းမှာ ကျွန်ုပ်တို့၏အမှုဆောင်ခြင်းအရည်အသွေးကို ဂရုပြုခြင်းဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် နားထောင်သူများ၏ နှလုံးကိုထိမိစေမည့် တင်ဆက်နည်းတစ်ခုကို အချိန်ယူပြင်ဆင်ပါသလော။ ကျမ်းစာအသုံးပြုရာတွင်၊ လူတို့နှင့်ကျိုးကြောင်းဆင်ခြင်ရာတွင် ကျွန်ုပ်တို့၏ ကျွမ်းကျင်မှုကို တိုးတက်စေနိုင်သလော။ ကျွန်ုပ်တို့၏ ခန့်အပ်ခံရပ်ကွက်တွင် စေ့စေ့စပ်စပ်အမှုဆောင်သလော။ ကျမ်းစာသင်အံမှုတစ်ခုကို စတင်ကျင်းပနိုင်မည်လော။ အတိတ်နှင့် မျက်မှောက်ခေတ်ရှိ သစ္စာရှိခရစ်ယာန်များကဲ့သို့ ကျွန်ုပ်တို့သည် ဤလုပ်ငန်းအပေါ် အမြင်မှန်ရှိခြင်းကြောင့် လှုံ့ဆော်ခံရကာ ဤအခွင့်ထူးကို မြတ်နိုးကြသည်။—မ. ၂၅:၁၄-၂၃။
၄ ကျွန်ုပ်တို့သည် အသက်အရွယ်ကြီးရင့်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း သို့မဟုတ် အခြားခက်ခဲသည့်အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ဓမ္မအမှုတွင် ပါဝင်ရန် ကျွန်ုပ်တို့၏ စိတ်အားထက်သန်စွာကြိုးစားမှုများသည် အလွန်တန်ဖိုးထားခံရကြောင်းသိရခြင်းက စိတ်ချမ်းမြေ့စရာပင်။ အခြားသူများအတွက် စွဲမှတ်စရာဖြစ်ပုံမရလျှင်ပင် ကိုယ်တော့်အမှုတော်ထမ်းဆောင်ရာတွင် ထိုသို့သောကြိုးစားမှုများကို ယေဟောဝါ တန်ဖိုးထားကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က အာမခံထားသည်။—လု. ၂၁:၁-၄။
၅ နိုင်ငံတော်သတင်းဟောပြောခြင်းသည် ကျေနပ်မှုများစွာရရှိစေ၏။ အသက် ၉၂ နှစ်ရှိသည့် ညီအစ်မတစ်ဦးက ဤသို့ဆို၏– “ဘုရားသခင့်အမှုတော်ကို လွန်ခဲ့တဲ့ အနှစ် ၈၀ ကျော် ထမ်းဆောင်ခွင့်ရခဲ့တဲ့အချိန်ကို ပြန်တွေးကြည့်ရင် တကယ့်ကိုဂုဏ်ယူစရာပဲ။ ဝမ်းနည်းစရာအကြောင်း ဘာတစ်ခုမှမရှိဘူး။ ကျွန်မဘဝကို ပြန်စခွင့်ရမယ်ဆိုရင် ဒီအတိုင်းပဲ အသက်ရှင်မှာပါ၊ ဘာကြောင့်လည်းဆိုတော့ တကယ့်ကိုပဲ ‘ဘုရားသခင်ရဲ့ ကရုဏာတော်ဟာ အသက်ထက်သာ၍ကောင်း’ နေလို့ပါပဲ။” (ဆာ. ၆၃:၃) ကျွန်ုပ်တို့လည်း နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတည်းဟူသော ဘုရားသခင့်ထံတော်မှ ဤတန်ဖိုးရှိအခွင့်ထူးကို တန်ဖိုးထားနိုင်ကြပါစေ။