ပညာရှိကဲ့သို့ ကျင့်ဆောင်လော့
၁ ယေရှုသည် တံငါသည်လေးဦးကို မိမိနောက်လိုက်ရန် ဖိတ်ခေါ်သည့်အခါ သူတို့သည် တုံ့ဆိုင်းမနေဘဲ “ချက်ချင်း . . . နောက်တော်သို့လိုက်ကြ၏။” (မ. ၄:၁၈-၂၂) တာရှုမြို့သားရှောလုလည်း ဘာသာပြောင်းဝင်လာပြီး မျက်စိပြန်မြင်လာချိန်တွင် “ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို တရားဇရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။” (တ. ၉:၂၀) အချိန်သည် အဆက်မပြတ်ရွေ့လျားနေရာ ကုန်ဆုံးသွားသောအချိန်ကို မည်သည့်အခါမျှ ပြန်မရနိုင်တော့ပေ။ ထို့ကြောင့် အချိန်ကိုအသုံးပြုပုံနှင့်ပတ်သက်၍ ‘ပညာရှိကဲ့သို့ ကျင့်ဆောင်’ ရန် အလွန်အရေးကြီးသည်။—ဧ. ၅:၁၅၊ ၁၆။
၂ ကြိုတင်မမြင်ရသောအဖြစ်အပျက်– ယေဟောဝါ၏အမှုဆောင်ရန် ယနေ့ရရှိထားသောအခွင့်အရေးများကို မနက်ဖြန်တွင် မရနိုင်တော့ပေ။ (ယာ. ၄:၁၄) “ကြိုတင်မမြင်ရသောအဖြစ်အပျက်” များကို မည်သူမျှမရှောင်လွှဲနိုင်ပေ။ (ဒေ. ၉:၁၁၊ ကဘ) ထို့ပြင် ဤအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏အမှုတော်ကို အပြည့်အဝမထမ်းဆောင်နိုင်တော့မည့် “ဆိုးသောကာလ” ဖြစ်သည့် ဇရာအိုကာလကိုလည်း မရှောင်လွှဲနိုင်ကြပေ။ (ဒေ. ၁၂:၁) ထို့ကြောင့် ဘုရားသခင်ထံဆက်ကပ်အပ်နှံရန် ရွှေ့ဆိုင်းနေခြင်း သို့မဟုတ် ဓမ္မအမှုကို အတတ်နိုင်ဆုံးတိုးချဲ့ရန် အကောင်းဆုံးအခြေအနေကို စောင့်ဆိုင်းနေခြင်းသည် ပညာရှိရာမရောက်ပါ။ (လု. ၉:၅၉-၆၂) အာဗြဟံသည် မိမိအသက်တာကို ယေဟောဝါထံ အကြွင်းမဲ့ဆည်းကပ်မြှုပ်နှံ၍ ပညာရှိစွာကျင့်ဆောင်ခဲ့သောကြောင့် “အသက်ကြီးရင့်၍ အိုမင်းခြင်း၊ နေ့ရက်ကာလပြည့်စုံ [“ကျေနပ်၊” ကဘ] ခြင်းနှင့်တကွ” အသက်ချုပ်လေ၏။—က. ၂၅:၇၊ ၈။
၃ အချိန်အနည်းငယ်သာ ကျန်တော့သည်– “အချိန်အနည်းငယ်သာ ကျန်တော့” သောကြောင့် ကျွန်ုပ်တို့သည် အချိန်ကို ပညာရှိစွာအသုံးပြုလိုကြသည်။ (၁ ကော. ၇:၂၉-၃၁၊ ကဘ) မကြာမီ ဤအစီအစဉ်စနစ်ဟောင်း အဆုံးတိုင်တော့မည်။ ‘မြေကြီးပေါ်၌ ရိတ်သိမ်းချိန်’ အတွင်း သိုးကဲ့သို့သောသူများကို စုသိမ်းခြင်းလုပ်ငန်းတွင်ပါဝင်ရန် အခွင့်အရေး ကုန်ဆုံးတော့မည်။ (ဗျာ. ၁၄:၁၅) ထို့ကြောင့် ဘဝ၏စိုးရိမ်ပူပန်မှုများနှင့် အာရုံပျံ့လွင့်စရာများက ဓမ္မအမှုတွင်အသုံးပြုရမည့်အချိန်ကို လုယူမသွားစေရန် သတိပြုရမည်။ (လု. ၂၁:၃၄၊ ၃၅) အတိတ်ကိုပြန်တွေးကြည့်သည့်အခါ ရိတ်သိမ်းခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ အပြည့်အဝပါဝင်ခဲ့သည်ဟူသော အသိစိတ်က အလွန်ပင် ကျေနပ်ပျော်ရွှင်စေလိမ့်မည်။
၄ ဘုရားသခင့်အမှုတော်တွင် ရရှိနိုင်မည့် ရွှင်လန်းဖွယ်အခွင့်ထူးများကို လက်မလွှတ်မိရန် အမြဲသတိရှိနေရမည်။ “‘ယနေ့’ ဟူ၍ခေါ်ဝေါ်သောအချိန်” တွင် ယေဟောဝါ၏အမှုတော်ကို အတတ်နိုင်ဆုံးထမ်းဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြပါစို့။ (ဟေဗြဲ ၃:၁၃) ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ပညာရှိစွာကျင့်ဆောင်နေကြောင်း တင်ပြနိုင်ပါလိမ့်မည်။ အကြောင်းမှာ “ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်” သောကြောင့်တည်း။—၁ ယော. ၂:၁၇။