နိုင်ငံတော်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ဝေမျှနေကြ
၁ ဤခဲယဉ်းသော နောက်ဆုံးကာလတွင် လူများစွာမှာ မျှော်လင့်ချက်မဲ့နေကြသည်။ (ဧ. ၂:၁၂) အချို့သည် စည်းစိမ်ဥစ္စာ၊ လူ့အုပ်စိုးရှင်များ၊ ခေတ်သစ်သိပ္ပံပညာ စသည်တို့ကို ပညာမဲ့စွာ အားကိုးကြ၏။ ကျွန်ုပ်တို့တွင်မူ အနာဂတ်အတွက် စစ်မှန်သောမျှော်လင့်ချက်၊ “မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ကျောက်ဆူး” ဖြစ်သော မျှော်လင့်ချက်ရှိသောကြောင့် ဝမ်းသာစရာပင်။—ဟေဗြဲ ၆:၁၉။
၂ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ကမ္ဘာမြေသည် ပရဒိသုဖြစ်လာတော့မည်။ ချစ်မြတ်နိုးရသော သေလွန်သူများ ရှင်ပြန်ထမြောက်လာလိမ့်မည်။ (တ. ၂၄:၁၅) ဆင်းရဲနွမ်းပါးခြင်း၊ တရားမမျှတခြင်း၊ ဖျားနာခြင်း၊ အိုမင်းခြင်းနှင့်သေခြင်းတို့ ရှိတော့မည်မဟုတ်။ (ဆာ. ၉:၁၈; မ. ၁၂:၂၀၊ ၂၁; ဗျာ. ၂၁:၃၊ ၄) ယင်းတို့မှာ မကြာမီပြည့်စုံမည့် ယေဟောဝါ၏ကတိတော်အချို့ဖြစ်သည်။ ယင်းတို့ထဲမှ အဘယ်အချက်ကို သင်အထူးမျှော်လင့်သနည်း။
၃ ဝမ်းမြောက်စရာသတင်းကို ကြားပြောလော့– ကျွန်ုပ်တို့သည် နိုင်ငံတော်မျှော်လင့်ချက်ကို မိမိတို့အတွက်သာ မသိမ်းဆည်းထားကြပါ။ ဘုရားသခင်နှင့်လူသားချင်းကို ချစ်သောမေတ္တာက ယေရှုကို တုပရန်၊ ‘ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောရန်၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကိုပြရန်၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မရန်’ လှုံ့ဆော်ပေးသည်။ (လု. ၄:၁၈၊ ၁၉) တမန်တော်ပေါလုသည် ဈေးတွင်၊ လူရှိသောနေရာတိုင်းတွင် သတင်းကောင်းဟောပြောခဲ့သည်။ တရားဟောခြင်းအမှုကိုသာ သူ အာရုံစိုက်ဆောင်ရွက်ခဲ့၏။ (တ. ၁၈:၅) ဓမ္မအမှုတွင် ဇွဲထက်သန်သော သူ၏ပုံသက်သေကို လိုက်လျှောက်ခြင်းက “လောကီအမှု၌စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” တို့ဖြင့် ကျွန်ုပ်တို့၏ခရစ်ယာန်မျှော်လင့်ချက်ကို မှေးမှိန်မသွားစေရန် ကာကွယ်ပေးလိမ့်မည်။—မာ. ၄:၁၉။
၄ သတင်းကောင်းကို စိတ်မဝင်စားသူ၊ ဆန့်ကျင်သူများနှင့် တွေ့ဆုံရလျှင်ပင် ကျွန်ုပ်တို့၏နိုင်ငံတော်မျှော်လင့်ချက် မှေးမှိန်မသွားပေ။ ကျွန်ုပ်တို့သည် “မျှော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြ” သည်။ (ဟေဗြဲ ၁၀:၂၃) ထို့ပြင် “ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ။” (ရော. ၁:၁၆) ကျွန်ုပ်တို့၏ခိုင်မာသောယုံကြည်စိတ်ချမှုနှင့် ဇွဲရှိမှုတို့ကြောင့် နောက်ဆုံးတွင် အချို့သူတို့ နားထောင်လာကြပေမည်။
၅ ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံမှုဖြစ်သော ကမ္ဘာ့အခြေအနေဆိုးများကို ကျွန်ုပ်တို့ အာရုံစိုက်စေသော်လည်း ကျွန်ုပ်တို့သည် သတင်းဆိုးကြေညာသူများ မဟုတ်ပါ။ ယင်းအစား ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဖြစ်သော နိုင်ငံတော်မျှော်လင့်ချက်ကိုသာ အာရုံစိုက်စေသည်။ ကျွန်ုပ်တို့သည် “အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသောမျှော်လင့်ခြင်းနှင့် ပြည့်စုံ” နိုင်ရန် ထိုသတင်းကောင်းကို ယုံကြည်စိတ်ချမှုအပြည့်နှင့် ဇွဲထက်သန်စွာ ကြေညာကြပါစို့။—ဟေဗြဲ ၆:၁၂။