အထူးဝေစာကင်ပိန်း အောက်တိုဘာ ၂၀–နိုဝင်ဘာ ၁၆!
၁ အောက်တိုဘာ ၂၀၊ တနင်္လာနေ့မှစ၍ နောက်သီတင်းလေးပတ်အတွင်း အမှန်တရားကို သင်သိလိုပါသလောခေါင်းစဉ်ရှိသည့် ဝေစာအသစ်ကို ဝေငှသွားပါမည်။ ဤကမ္ဘာချီအထူးကင်ပိန်းကြောင့် လူများစွာသည် တစ်ခုတည်းသော အမှန်တရားရင်းမြစ်ကို ပို၍စိတ်ဝင်စားလာကြမည်ဟု မျှော်လင့်ပါသည်။—ယော. ၁၇:၁၇။
၂ “ကျွန်ုပ်တို့ကို ဘုရားသခင် အမှန်တကယ် ဂရုစိုက်ပါသလော၊” “စစ်နှင့်ဆင်းရဲခက်ခဲမှုများ အဆုံးတိုင်ပါမည်လော၊” “ကျွန်ုပ်တို့သေဆုံးသောအခါ ဘာဖြစ်သွားသနည်း၊” “သေလွန်သူတို့အတွက် မျှော်လင့်ချက်ရှိပါသလော၊” “ဘုရားသခင်၏နားညောင်းမှုကိုခံရရန် မည်သို့ဆုတောင်းနိုင်သနည်း” နှင့် “ပျော်ရွှင်သောဘဝအသက်တာကို မည်သို့ရှာတွေ့နိုင်သနည်း” ဟူသောအရေးကြီးမေးခွန်းခြောက်ခု၏ လိုရင်းတိုရှင်းကျမ်းစာအဖြေများကို ဤဝေစာတွင်ဖော်ပြထားသည်။ ထိုမေးခွန်းများ၏ ကျေနပ်ဖွယ်အဖြေများကို ခရစ်ယာန်ဘောင်ချာ့ချ်များ လုံးဝမဖြေဆိုပေးပါ။ ခရစ်ယာန်မဟုတ်သူများစွာပင် ထိုမေးခွန်းများကို စဉ်းစားမိသော်လည်း ယင်းတို့၏ရှင်းလင်းသောအဖြေများ ကျမ်းစာတွင် ပါရှိကြောင်း သိကြမည်မဟုတ်ပေ။ ထို့ကြောင့် ဤသတင်းစကားကို လူများစွာကြိုက်နှစ်သက်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။
၃ သင်၏ရပ်ကွက်ကို ပြီးစီးစေပါ– သင်၏ အမှုဆောင်ရပ်ကွက်ကို များနိုင်သမျှများများ ပြီးစီးစေရန် ကြိုးစားပါ။ သင်၏ရပ်ကွက်သည် ကြီးမားပါက ဦးဆုံးအကြိမ်တွင် လူမရှိသောအိမ်များ၌ ဝေစာတစ်စောင်ထားခဲ့ရန် အကြီးအကဲများ အားပေးပေမည်။ အိမ်နီးချင်းများ၊ ဆွေမျိုးများ၊ အလုပ် သို့မဟုတ် ကျောင်းမှမိတ်ဆွေများအပြင် သင်နှင့်ပုံမှန်တွေ့ဆုံနေရသူများကိုလည်း ဝေငှပါ။ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလများတွင် အရန်ရှေ့ဆောင်လုပ်ရန် သင်၏ကိစ္စရပ်များကို စီစဉ်နိုင်ပါသည်။ သင့်တွင် ဝိညာဉ်ရေး၌ ကောင်းစွာတိုးတက်နေပြီး နှစ်ခြင်းမခံသေးသော ကြေညာသူအဖြစ် ဤကင်ပိန်းတွင် ကျွန်ုပ်တို့နှင့်အတူပါဝင်နိုင်မည့် ကလေး သို့မဟုတ် ကျမ်းစာသင်သားရှိပါသလော။ သို့ဖြစ်လျှင် အကြီးအကဲများထံ အကြောင်းကြားပါ။
၄ ပြောဆိုရမည့်အရာ– လူများနိုင်သမျှများများထံ သတင်းတရားရောက်ရှိနိုင်ရန် အတိုချုပ်တင်ဆက်ခြင်းက အကောင်းဆုံးဖြစ်သည်။ မျက်နှာဖုံးပါ မေးခွန်းခြောက်ခုအနက် တစ်ခုကို အိမ်ရှင်အားမေးပြီး ဝေစာပါအဖြေကိုပြပါ။ ယင်းက ကြေညာသူများအား ရပ်ကွက်ရှိလူတို့၏လိုအပ်ရာများနှင့်အညီ တင်ဆက်မှုကို ပြုပြင်ပြောင်းလဲစေနိုင်ပါလိမ့်မည်။ စိတ်ဝင်စားမှုတင်ပြသူများကို မှတ်ထားပြီး ပြန်လည်ပတ်ပါ။ သီတင်းပတ်အကုန်ရက်များတွင် ဝေစာကို နောက်ဆုံးထုတ်မဂ္ဂဇင်းများနှင့်အတူ ဝေငှနိုင်သည်။ နိုဝင်ဘာ ၁၆ တွင် ကင်ပိန်းပြီးနောက် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို ဆက်ဝေငှပါမည်။ ကျန်ရှိနေသောဝေစာများကို အခြားဝေစာများနည်းတူ ဝေငှနိုင်ပါသည်။
၅ ကျမ်းစာသင်အံမှုတစ်ခု စတင်ပါ– ဤဝေစာကို အထူးသဖြင့် ကျမ်းစာသင်အံမှုများ စတင်ကျင်းပစေနိုင်ရန် ရည်ရွယ်ထားသည်။ စိတ်ဝင်စားမှုပြသူတစ်ဦးထံ ပြန်လည်ပတ်ရာတွင် အဘယ်ကျမ်းစာအမှန်တရားက သူ့ကို နှစ်သိမ့်မှု၊ သက်သာမှုပေးကြောင်း မေးနိုင်သည်။ ကျမ်းစာသင်အံမှုအစီအစဉ်ကို ဖော်ပြထားသော နောက်ကျောစာမျက်နှာကို ပြပြီး သမ္မာကျမ်းစာသွန်သင်ရာစာအုပ်တစ်အုပ် ပေးပါ။ ဖြစ်နိုင်မည်ဆိုပါက သူရွေးချယ်သောအကြောင်းအရာနှင့်ပတ်သက်သည့် ထပ်ဆင့်အချက်အလက်များပါဝင်သောအခန်းမှ တစ်ပိုဒ် သို့မဟုတ် နှစ်ပိုဒ်ကို အတိုချုပ်ဆွေးနွေးပါ။
၆ ယေဟောဝါသည် “စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ” မိမိအား ကိုးကွယ်မည့်သူများကို ရှာဖွေလျက်ရှိသည်။ (ယော. ၄:၂၃၊ ကဘ) ထို့ကြောင့် အခြားသူများ အမှန်တရားသိလာရန် ကူညီပေးဖို့ ဤအထူးကင်ပိန်းတွင် ကျွန်ုပ်တို့အားလုံး ပါဝင်နိုင်ကြပါစေ။