အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ အခုကတည်းက ပြင်ဆင်ပါ
၁။ အောက်မေ့ရာပွဲကာလမှာ ဘာအတွက် အခွင့်အရေးရသလဲ။ ဘယ်လိုပြင်ဆင်နိုင်မလဲ။
၁ အောက်မေ့ရာပွဲရာသီရောက်တိုင်း ‘ယေဟောဝါဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်း’ ဖို့ အခွင့်အရေးသစ်ကို ကျွန်ုပ်တို့ရရှိကြတယ်။ (ဆာ. ၁၀၉:၃၀) ရွေးနုတ်ဖိုးပြင်ဆင်ပေးရှင်ကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြနိုင်တဲ့ နည်းတစ်ခုကတော့ မတ်လအတွင်း အမှုတော်ဆောင်ခြင်းကို တိုးချဲ့ခြင်းအားဖြင့် ဖြစ်တယ်။ ပြင်ဆင်ရမယ့်အချိန်က အခုအချိန်ပါပဲ။—သု. ၂၁:၅။
၂။ သင်နဲ့ အခြားသူတွေ မနှစ်က သတ်မှတ်နာရီ လျှော့ချပေးခဲ့တာကို ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။
၂ အရန်ရှေ့ဆောင်လုပ်ခြင်း– မနှစ်က ဧပြီလမှာ အရန်ရှေ့ဆောင်အတွက် နာရီတောင်းဆိုချက်ကို လျှော့ချပေးခဲ့လို့ အသင်းတော်တွေမှာ စိတ်လှုပ်ရှားစရာတစ်ခုဖြစ်ခဲ့တယ်။ ညီအစ်ကိုတစ်ယောက်က ဒီလိုစာရေးခဲ့တယ်– “ကျွန်တော်က အထက်တန်းကျောင်းသားတစ်ယောက်ပါ၊ မှန်မှန်ရှေ့ဆောင်မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဧပြီလမှာနာရီ ၃၀ လုပ်ဖို့ လျှောက်လွှာတင်ထားပြီး နာရီ ၅၀ ရဖို့ကြိုးစားမယ်။” အချိန်ပြည့်အလုပ်လုပ်နေတဲ့ ညီအစ်မတစ်ယောက်လည်း ဒီလိုစာရေးခဲ့တယ်– “နာရီ သုံးဆယ်ဆိုတော့ အရမ်းအဆင်ပြေတာပဲ။” ဒီအစီအစဉ်အကြောင်း ကြေညာတဲ့အခါ အခုအသက် ၈၀ ကျော်ပြီဖြစ်တဲ့ ရှေ့ဆောင်ညီအစ်မဟောင်းတစ်ယောက်က ဒီလိုပြောခဲ့တယ်– “ဒီအခြေအနေမျိုးကို ကျွန်မစောင့်နေတာ။ ရှေ့ဆောင်လုပ်တဲ့အချိန်က ကျွန်မဘဝရဲ့ အကောင်းဆုံးအချိန်ဆိုတာ ယေဟောဝါဘုရားသိတယ်။” အရန်ရှေ့ဆောင်မလုပ်နိုင်တဲ့ တခြားသူတွေလည်း အမှုတော်ဆောင်ခြင်းမှာတိုးပြီးပါဝင်ဖို့ ပန်းတိုင်ထားနိုင်ခဲ့တယ်။
၃။ မတ်၊ ဧပြီနဲ့ မေမှာ အရန်ရှေ့ဆောင်လုပ်ဖို့ ဘာအကြောင်းရင်းတွေ ရှိသလဲ။
၃ မတ်လဟာ အရန်ရှေ့ဆောင်လုပ်ဖို့ အကောင်းဆုံးလဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွန်ုပ်တို့က နာရီ ၃၀ ဒါမှမဟုတ် ၅၀ ကိုရွေးချယ်ခွင့်ရထားလို့ပါ။ ဒါ့အပြင်၊ ဧပြီ ၅ ရက်မှာ ကျင်းပမယ့် အောက်မေ့ရာပွဲကို ကျွန်ုပ်တို့နဲ့အတူပါဝင်ဖို့ တခြားသူတွေကို ဖိတ်ခေါ်တဲ့ အထူးကင်ပိန်းကို မတ် ၁၇၊ စနေနေ့မှာ စတင်မှာဖြစ်လို့ပါ။ အမှုတော်ဆောင်ခြင်းကို တိုးချဲ့ရတာကို ပျော်ရွှင်ကြသူများစွာက ဧပြီနဲ့ မေ မှာလည်းပဲ နာရီ ၅၀ ကိုပြည့်မီအောင်လုပ်ပြီး အရန်ရှေ့ဆောင်လုပ်ကြပါလိမ့်မယ်။
၄။ အမှုတော်ဆောင်ခြင်းကို ဘယ်လိုတိုးချဲ့နိုင်မလဲ၊ ဘာအကျိုးရမလဲ။
၄ လာမယ့် မိသားစုဝတ်ပြုမှုညချမ်းမှာ အောက်မေ့ရာပွဲကာလအတွင်း မိသားစုဝင်တစ်ယောက်စီအနေနဲ့ အမှုတော်ဆောင်ခြင်းကို ဘယ်လိုတိုးချဲ့ကြမလဲ ဆိုတာဆွေးနွေးကြရင် မကောင်းဘူးလား။ (သု. ၁၅:၂၂) သင့်ရဲ့ ကြိုးစားလုပ်ဆောင်မှုတွေအပေါ် ကောင်းချီးပေးဖို့ ယေဟောဝါဆီဆုတောင်းပါ။ (၁ ယော. ၃:၂၂) သင့်အမှုဆောင်ခြင်းတိုးချဲ့တာက ယေဟောဝါကို တိုးပြီးချီးမွမ်းရာရောက်တဲ့အပြင် သင့်ကို ပိုပျော်ရွှင်စေပါလိမ့်မယ်။—၂ ကော. ၉:၆။