လူမျိုးအားလုံးအတွက် သတင်းကောင်းဘရိုရှာကို အသုံးပြုပုံ
ပြန်လည်ပတ်မှုနဲ့ ကျမ်းစာသင်အံမှုစတင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ ဘရိုရှာအသစ်
၁။ ပြန်လည်ပတ်မှုတွေနဲ့ ကျမ်းစာသင်အံမှုတွေ စတင်နိုင်မယ့် ဘယ်ဘရိုရှာအသစ်ကို ‘သင့်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ’ ခရိုင်စည်းဝေးကြီးမှာ ထုတ်ဝေလိုက်ပါသလဲ။
၁ ပြန်လည်ပတ်မှုတွေနဲ့ ကျမ်းစာသင်အံမှုတွေ စတင်နိုင်မယ့် လူမျိုးအားလုံးအတွက် သတင်းကောင်း ဘရိုရှာအသစ်ကို ‘သင့်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ’ ဆိုတဲ့ ခရိုင်စည်းဝေးကြီးမှာ ကျွန်ုပ်တို့ ရရှိခဲ့ကြပါတယ်။ အဲဒီဘရိုရှာဟာ တောင်းဆို ဘရိုရှာနဲ့ ဆင်တူပါတယ်။ တောင်းဆိုဘရိုရှာ နေရာမှာ အစားဝင်လာတဲ့ ဘရိုရှာအသစ်ရဲ့ အခန်းတွေကို လိုရင်းတိုရှင်း ဖော်ပြထားပါတယ်။ အိမ်ပေါက်ဝ ကျမ်းစာသင်အံမှုတွေကို အဲဒီဘရိုရှာအသစ်နဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာဖြစ်တယ်။ တောင်းဆို ဘရိုရှာမှာ ခရစ်ယာန်တွေ လိုက်နာရမယ့်အချက်တွေကို ဆွေးနွေးထားပေမဲ့ ကျမ်းစာသင်သားအသစ်တွေ လက်ခံဖို့ အခက်တွေ့နိုင်ပါတယ်။ ဒီဘရိုရှာအသစ်မှာတော့ ကျမ်းစာမှာပါရှိတဲ့ သတင်းကောင်းကို အလေးပေးဖော်ပြထားတယ်။—တ. ၁၅:၃၅။
၂။ သတင်းကောင်းဘရိုရှာကို ဘာကြောင့် ထုတ်ဝေရတာလဲ။
၂ အဲဒီဘရိုရှာအသစ်ကို ဘာကြောင့် ထုတ်ဝေရတာလဲ။ ကမ္ဘာတစ်၀န်းက ညီအစ်ကိုတွေဟာ အမှန်တရားကို လူတွေ စိတ်ဝင်စားလာပြီး သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ပြောင်းသင်စေနိုင်မယ့် ရိုးရှင်းတဲ့စာအုပ်ကို တောင်းဆိုလာခဲ့ကြပါတယ်။ စာအုပ်တစ်အုပ်နဲ့ ကျမ်းစာလေ့လာဖို့ အင်တင်တင် ဖြစ်နေကြတဲ့ လူတွေဟာ ဘရိုရှာနဲ့ကျတော့ တလိုတလား လေ့လာတတ်ကြတယ်။ ဒါ့အပြင် ဘရိုရှာကို ဘာသာစကားများစွာနဲ့ ပြန်ဆိုဖို့လည်း ပိုပြီးလွယ်ကူစေတယ်။
၃။ ဒီဘရိုရှာအသစ်က တခြားကျမ်းစာလေ့လာမှု စာအုပ်တွေနဲ့ ဘယ်လိုကွာခြားသလဲ။
၃ ဘရိုရှာကို ပြင်ဆင်ထားပုံ– ကျမ်းစာသင်အံမှုအတွက် အသုံးပြုတဲ့ စာအုပ်အတော်များများကို တခြားသူရဲ့ အကူအညီမပါဘဲ ကိုယ့်ဘာသာကိုယ်ဖတ်ပြီး အမှန်တရားကို နားလည်နိုင်အောင် ရေးသားထားပါတယ်။ ဒီဘရိုရှာကျတော့ အဲဒီစာအုပ်တွေနဲ့မတူပါဘူး။ ကျမ်းစာသင်ပေးမယ့်သူနဲ့အတူ ကျမ်းစာလေ့လာနိုင်အောင် ရည်ရွယ်ပြီး ရေးသားထားပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို ဘရိုရှာပေးပြီးတဲ့အခါ စာအုပ်ထဲကအပိုဒ် တစ်ပိုဒ်နှစ်ပိုဒ်ကို ဖတ်ပြီး ဆွေးနွေးတာက အကောင်းဆုံးဖြစ်တယ်။ စာပိုဒ်တွေက တိုတဲ့အတွက် အိမ်ပေါက်ဝမှာ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းခွင်မှာတောင် ဆွေးနွေးသုံးသပ်နိုင်ပါတယ်။ အခန်း ၁ နဲ့ စတင်လေ့လာတာက ကောင်းပေမဲ့ ဘယ်အခန်းကနေမဆို စတင်လေ့လာလို့လည်း ရပါတယ်။
၄။ သမ္မာကျမ်းစာကနေ တိုက်ရိုက် သွန်သင်ပေးနိုင်အောင် ဘရိုရှာအသစ်က ဘယ်လိုကူညီပေးနိုင်သလဲ။
၄ ကျွန်ုပ်တို့ရဲ့စာပေ တော်တော်များများမှာ အဖြေတွေကို စာပိုဒ်တွေထဲမှာပဲ ရှာတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဒီဘရိုရှာအသစ်မှာတော့ အဖြေတွေကို အများအားဖြင့် သမ္မာကျမ်းစာထဲမှာပဲ ရှာတွေ့နိုင်မှာဖြစ်တယ်။ လူအများစုဟာ ကျွန်ုပ်တို့ရဲ့စာပေတွေကနေမဟုတ်ဘဲ သမ္မာကျမ်းစာကနေပဲ လေ့လာချင်ကြပါတယ်။ ဒါကြောင့် စာပိုဒ်တွေထဲမှာ ရည်ညွှန်းထားတဲ့ ကျမ်းချက်တွေကို ကိုးကားဖော်ပြထားခြင်း မရှိသလောက်ပါပဲ။ ကျမ်းချက်တွေကို သမ္မာကျမ်းစာကနေ ဖွင့်ဖတ်ရမှာဖြစ်တယ်။ ဒီလိုနဲ့ ကျမ်းစာသင်သားတွေဟာ သူတို့သင်ယူနေတဲ့အရာတွေက ဘုရားသခင်ဆီက ဖြစ်တယ်ဆိုတာကို သဘောပေါက်လာကြပါတယ်။—ဟေရှာ. ၅၄:၁၃။
၅။ ကျမ်းစာသင်ပေးသူဟာ သင်အံမှုမလုပ်ခင် ကြိုတင်ပြင်ဆင်ထားဖို့ ဘာကြောင့် အရေးကြီးတာလဲ။
၅ ဒီဘရိုရှာက ကျမ်းချက်အားလုံးကို မရှင်းပြပေးပါဘူး။ ဘာကြောင့်လဲ။ ဒီဘရိုရှာက ကျမ်းစာသင်သား မေးခွန်းတွေမေးလာအောင် အားပေးတဲ့အပြင် ကျမ်းစာသင်ပေးတဲ့သူရဲ့ သွန်သင်ခြင်းစွမ်းရည်ကိုပါ အသုံးပြုခွင့်ရရှိစေပါတယ်။ ဒါကြောင့် သင်အံမှုမကျင်းပခင် ကောင်းကောင်း ပြင်ဆင်ထားဖို့ အရေးကြီးတယ်။ သတိပြုရမယ့် အချက်တစ်ချက်က စကားများများမပြောပါနဲ့။ ကျွန်ုပ်တို့ဟာ ကျမ်းချက်တွေကို ရှင်းပြပေးချင်ပေမဲ့ ကျမ်းချက်ရဲ့ ဆိုလိုရင်းက ဘာဖြစ်တယ်ဆိုပြီး သင်သားရဲ့အမြင်ကို ပြောပြခိုင်းတာက ထိရောက်မှု ပိုရှိတတ်ပါတယ်။ ကျမ်းချက်ရဲ့အဓိပ္ပာယ်ကို သင်သား ကျိုးကြောင်းဆင်ခြင်တတ်အောင် မေးခွန်းတွေကို ပညာသားပါပါ မေးပြီး ကူညီပေးနိုင်ပါတယ်။—တ. ၁၇:၂။
၆။ ဘရိုရှာကို (က) ဘုရားသခင်နဲ့သမ္မာကျမ်းစာကို သံသယဝင်တဲ့သူတွေဆီ ဟောပြောတဲ့အခါ၊ (ခ) တစ်အိမ်မှတစ်အိမ် ဟောပြောတဲ့အခါ၊ (ဂ) ကျမ်းစာသင်အံမှု တိုက်ရိုက်အစပြုတဲ့အခါ၊ (ဃ) ပြန်လည်ပတ်မှုတွေ လုပ်တဲ့အခါမှာ ဘယ်လိုအသုံးပြုနိုင်သလဲ။
၆ လအတွက် ဘာစာပေတွေပဲ ဝေငှပါစေ၊ သင်အံမှုအတွက် အသုံးပြုတဲ့ တခြားစာပေတွေလိုပဲ ဒီဘရိုရှာကိုလည်း အချိန်မရွေး ဝေငှနိုင်ပါတယ်။ ဒီဘရိုရှာနဲ့ အိမ်ပေါက်ဝ သင်အံမှုတွေ တိုက်ရိုက်စတင်ရတာကို ညီအစ်ကိုညီအစ်မ အတော်များများ နှစ်သက်ကြပါလိမ့်မယ်။ ဒါ့အပြင် ခရိုင်စည်းဝေးကြီးမှာ ဖော်ပြခဲ့တဲ့အတိုင်း စိတ်ဝင်စားမှုပြခဲ့တဲ့သူတွေဆီ ပြန်သွားတဲ့အခါ ဒီဘရိုရှာနဲ့ “ပြန်လည်ပတ်မှုလုပ်ရတာ တကယ့်ကို ပျော်စရာကောင်း” ပါတယ်။—စာမျက်နှာ ၅-၇ မှာရှိတဲ့ လေးထောင့်ကွက် တွေကို ကြည့်ပါ။
၇။ ဘရိုရှာကို အသုံးပြုပြီး ကျမ်းစာသင်အံမှု ဘယ်လိုလုပ်နိုင်ပါ သလဲ။
၇ သင်အံမှုပြုလုပ်နိုင်ပုံ– စာလုံးမည်းနဲ့ နံပါတ်တပ်ထားတဲ့ မေးခွန်းကိုဖတ်ပြီး စတင်လေ့လာနိုင်ပါတယ်။ အဲဒီနောက် စာပိုဒ်ကိုရော စာလုံးမည်းနဲ့ရေးထားတဲ့ ကျမ်းချက်(တွေ) ကိုပါ ဖတ်ပါ။ ကျမ်းချက်ရဲ့ဆိုလိုရင်းကို အိမ်ရှင် နားလည်နိုင်အောင် မေးခွန်းတွေကို ပညာသားပါပါ မေးပါ။ နောက်အပိုင်းတစ်ပိုင်းကို မကူးခင် အိမ်ရှင်နားလည်မလည် သေချာအောင် စာလုံးမည်းနဲ့ ရေးထားတဲ့ မေးခွန်းကို မေးပါ။ ပြန်လည်ပတ်မှုအစပိုင်းမှာ စာလုံးမည်းနဲ့ရေးထားတဲ့ မေးခွန်းတွေထဲက တစ်ခုလောက်ပဲ သုံးသပ်တာက အကောင်းဆုံးဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ အခန်းတစ်ခန်းလုံး ဆွေးနွေးသွားနိုင်ပါတယ်။
၈။ ကျမ်းချက်တွေကို ဘယ်လိုရည်ညွှန်းသင့်သလဲ။ ဘာကြောင့်လဲ။
၈ “ဖတ်ပါ” လို့ရေးထားတဲ့ ကျမ်းချက်တွေက အများအားဖြင့် မေးခွန်းရဲ့ တိုက်ရိုက်အဖြေ ဖြစ်တယ်။ ကျမ်းချက်တွေကို ရည်ညွှန်းတဲ့အခါ “တမန်တော်ပေါလု ရေးသားခဲ့တယ်” ဒါမှမဟုတ် “ယေရမိ ဘယ်လိုကြိုဟောခဲ့လဲဆိုတာ သတိပြုပါ” စတဲ့ အသုံးအနှုန်းတွေကို ရှောင်ပါ။ လူတွေရဲ့စကားတွေကို ကျွန်ုပ်တို့ ဖတ်နေတာလို့ အိမ်ရှင် ထင်သွားနိုင်တဲ့အတွက် “ဘုရားသခင်က ဘာပြောတယ်” ဒါမှမဟုတ် “ကျမ်းစာက ဘယ်လိုကြိုပြောသလဲဆိုတာ သတိပြုပါ” လို့ပြောရင် ပိုကောင်းမှာဖြစ်တယ်။
၉။ သင်အံမှုလုပ်နေချိန်မှာ ရည်ညွှန်းထားတဲ့ ကျမ်းချက်အားလုံးကို ဖတ်သင့်သလား။
၉ ရည်ညွှန်းထားတဲ့ ကျမ်းချက်တွေအားလုံးကို ဒါမှမဟုတ် “ဖတ်ပါ” ဆိုတဲ့ ကျမ်းချက်တွေကိုပဲ ဖတ်သင့်သလား။ အခြေအနေအပေါ်မူတည်ပြီး ဖတ်နိုင်ပါတယ်။ ရည်ညွှန်းထားတဲ့ ကျမ်းချက်တွေဟာ အကြောင်းရင်းရှိလို့ ဖော်ပြထားတာဖြစ်တယ်။ ကျမ်းချက်တစ်ချက်စီမှာ ဆွေးနွေးထိုက်တဲ့ အချက်အလက်တွေပါတယ်။ တချို့အခြေအနေတွေမှာတော့၊ သင်သားမှာ အချိန်မရှိဘူး၊ စိတ်မဝင်စားဘူး၊ စာကောင်းကောင်းမဖတ်နိုင်ဘူးဆိုရင် “ဖတ်ပါ” ဆိုတဲ့ ကျမ်းချက်တွေကိုပဲ ဖတ်တာကောင်းပါတယ်။
၁၀။ ဘယ်အချိန်မှာ သွန်သင်ရာစာအုပ်နဲ့ ပြောင်းသင်နိုင်သလဲ။
၁၀ ကျမ်းစာသွန်သင်ရာစာအုပ်နဲ့ ပြောင်းသင်နိုင်မယ့်အချိန်– ဆွေးနွေးမှုအကြိမ်ရေ များလာပြီးနောက် ကျမ်းစာကို ပုံမှန်လေ့လာနိုင်ပြီဆိုရင် ကျမ်းစာသွန်သင်ရာစာအုပ်နဲ့ ပြောင်းသင်နိုင်ပါတယ်။ သတင်းကောင်း ဘရိုရှာကို ပြီးအောင် ဆက်သင်သွားရင်လည်း ရပါတယ်။ သွန်သင်ရာစာအုပ်နဲ့ ဘယ်အချိန်မှာ ပြောင်းသင်မယ်ဆိုတာ ချင့်ချိန်ဆုံးဖြတ်ပါ။ သွန်သင်ရာစာအုပ်နဲ့ ပြောင်းသင်တဲ့အခါ အခန်း ၁ ကနေ စသင်ဖို့ လိုသလား။ အဲဒီအတွက် သတ်မှတ်ချက်မရှိပါဘူး။ သင်သားတွေရဲ့ အခြေအနေတွေက မတူကြပါဘူး။ ဒါပေမဲ့ ဘရိုရှာထဲမှာလေ့လာနေတဲ့ အကြောင်းအရာကို သွန်သင်ရာစာအုပ်ထဲမှာ အသေးစိတ် ထပ်လေ့လာမယ်ဆိုရင် သင်သားအများစုအတွက် အကျိုးရှိပါလိမ့်မယ်။
၁၁။ ဒီဘရိုရှာအသစ်ကို ဘာကြောင့် ကောင်းကောင်းအသုံးပြုသင့်သလဲ။
၁၁ သတင်းကောင်းကြားရခဲတဲ့ ဒီလောကမှာ အကောင်းဆုံးသတင်းကို ကြေညာခွင့် ကျွန်ုပ်တို့ ရရှိထားကြပါတယ်။ အဲဒီသတင်းကောင်းကတော့ မကြာခင် ဒီလောကကို ဘုရားသခင့်အစိုးရ အုပ်ချုပ်ပြီး ဖြောင့်မတ်ခြင်းတည်နေရာ ကမ္ဘာသစ်အဖြစ် ပြောင်းလဲပေးတော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ (မ. ၂၄:၁၄; ၂ ပေ. ၃:၁၃) သတင်းကောင်းကို ကြားရတဲ့သူ အတော်များများဟာ ဒီကျမ်းစကားကို သဘောတူကြမယ်လို့ ကျွန်ုပ်တို့ ယုံကြည်စိတ်ချပါတယ်– “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ သင်၏ဘုရားသခင် စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသောသူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။” (ဟေရှာ. ၅၂:၇) ကျွန်ုပ်တို့ရဲ့ ရပ်ကွက်မှာ သတင်းကောင်းမကြားရတဲ့ သူတွေကို ဘုရားသခင်ဆီကလာတဲ့ သတင်းကောင်းပြောပြဖို့ ဒီဘရိုရှာအသစ်ကို အသုံးပြုနိုင်ပါစေ။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ဘုရားသခင်နဲ့သမ္မာကျမ်းစာကို သံသယဝင်တဲ့သူတွေဆီ ဟောပြောတဲ့အခါ–
● တချို့ရပ်ကွက်တွေမှာ “ဘုရားသခင်” နဲ့ “သမ္မာကျမ်းစာ” ဆိုတဲ့ စကားလုံးတွေကို အသုံးပြုတဲ့အခါမှာ အိမ်ရှင်နဲ့ စကားဆက်ပြတ်သွားတာကို ကြေညာသူတွေ တွေ့ရှိရပါတယ်။ ဒါကြောင့် ပထမဆုံးလည်ပတ်ချိန်မှာ သင့်ရပ်ကွက်ကလူတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာ တွေနဲ့ ပြောဆိုဆွေးနွေးတာက အကောင်းဆုံးဖြစ်နိုင်ပါတယ်။ ဥပမာ၊ အုပ်ချုပ်မှုကောင်း လိုအပ်မှု၊ မိသားစု တွေအတွက် လက်တွေ့ကျအကူအညီ ရနိုင်ပုံနဲ့ အနာဂတ် အလားအလာ တို့ဖြစ်ပါတယ်။ ဘုရားသခင် တည်ရှိ တယ်ဆိုတာ ဘယ်လိုသိရှိနိုင်ပုံနဲ့ သမ္မာကျမ်းစာကို ဘာကြောင့် ယုံကြည်စိတ်ချထိုက်တဲ့အကြောင်းတွေကို အတော်များများဆွေးနွေးပြီးတဲ့နောက် သတင်းကောင်း ဘရိုရှာကို မိတ်ဆက်ပေးနိုင်ပါတယ်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
တစ်အိမ်မှတစ်အိမ် ဟောပြောတဲ့အခါ–
● “လူသားတွေရဲ့ အနာဂတ်အတွက် ဘုရားသခင် ဘာ ရည်ရွယ်ထားတယ်ဆိုတဲ့အကြောင်း အလွယ်တကူ သိရှိနိုင်တယ်ဆိုတာ ပြောပြဖို့ ရောက်လာတာပါ။ ကျွန်တော်တို့ကို ဆင်းရဲဒုက္ခတွေကနေ ဘုရားသခင် ကယ်တင်ပါ့မလားဆိုပြီး မိတ်ဆွေ စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီစာစောင်ထဲမှာ သမ္မာကျမ်းစာရဲ့ အဖြေကို ဖော်ပြပေးထားပါတယ်။ [အိမ်ရှင်ကို ဘရိုရှာပေးပြီး အခန်း ၁ ရဲ့ပထမဆုံးစာပိုဒ်နဲ့ ယေရမိ ၂၉:၁၁ ကိုဖတ်ပါ။] ဒီအချက်တွေကို ကြည့်ရင် ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းမွန်တဲ့ အနာဂတ် ပိုင်ဆိုင်စေချင်တယ်လို့ ယူဆတာက ကျိုးကြောင်းညီညွတ်ပုံ မပေါ်ဘူးလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီစာစောင်ကို မိတ်ဆွေဖတ်ချင်တယ်ဆိုရင် ယူထားနိုင်ပါတယ်။ ‘လူသားတွေကို ဆင်းရဲဒုက္ခတွေကနေ ဘုရားသခင် ဘယ်လိုကယ်တင်မလဲ’ ဆိုတဲ့မေးခွန်းရဲ့ ကျမ်းစာအဖြေကို သိဖို့ ဒုတိယစာပိုဒ်ကို မိတ်ဆွေနဲ့ ဆွေးနွေးချင်ပါတယ်။ နောက် တစ်ခေါက်လာလို့ရမလား။” ပထမဆုံးလည်ပတ်ချိန်မှာပဲ အိမ်ရှင်က အချိန်ပေးနိုင်ပုံ ပေါက်တယ်ဆိုရင် ဒုတိယစာပိုဒ်နဲ့ ညွှန်းထားတဲ့ ကျမ်းချက်သုံးချက်ကို ဖတ်ပြီး ဆွေးနွေးနိုင်ပါတယ်။ အဲဒီအခန်းက ဒုတိယမေးခွန်းကို ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
● “လူတော်တော်များများ ဆုတောင်းတတ်ကြပါတယ်၊ အထူးသဖြင့် ပြဿနာကြုံရတဲ့အခါ ဆုတောင်းကြတယ်။ မိတ်ဆွေကော ဆုတောင်းသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဆုတောင်းချက်အားလုံးကို ဘုရားသခင် နားထောင်ပေးတယ်လို့ မိတ်ဆွေ ယူဆသလား။ ဒါမှမဟုတ်ရင် တချို့ ဆုတောင်းချက်တွေကို ဘုရားသခင် လက်မခံဘူးဆိုတာ ဖြစ်နိုင်ပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီမေးခွန်းတွေရဲ့ ကျမ်းစာအဖြေတွေကို ဖော်ပြထားတဲ့ စာစောင်တစ်စောင် ယူလာပေးပါတယ်။ [အိမ်ရှင်ကို ဘရိုရှာပေးပြီး အခန်း ၁၂ ရဲ့ ပထမဆုံးစာပိုဒ်နဲ့ “ဖတ်ပါ” ဆိုတဲ့ကျမ်းချက်တွေကို ဆွေးနွေးပါ။] ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို လိုလိုလားလား နားထောင်ပေးတယ်ဆိုတာ သိရလို့ မအံ့သြဘူးလား။ ဒါပေမဲ့ ဆုတောင်းချက်ကနေ အကျိုးအပြည့်အဝရနိုင်အောင် ဘုရားသခင်ကို ကောင်းကောင်း သိကျွမ်းဖို့လိုတယ်။ [အခန်း ၂ သွားပြီး ခေါင်းစဉ်ငယ် တွေကို ပြပါ။] ဒီစာစောင်ကို မိတ်ဆွေဖတ်ချင်တယ်ဆိုရင် ယူထားလို့ရပါတယ်။ စိတ်ဝင်စားဖွယ် မေးခွန်းတွေရဲ့ ကျမ်းစာအဖြေတွေကို သိချင်ရင် နောက်တစ်ခေါက် ကျွန်တော် ပြန်လာခဲ့ပါ့မယ်။”
● “အနာဂတ်မှာ ဒီကမ္ဘာကြီး ဘယ်လိုဖြစ်သွားမလဲဆိုတာကို လူတွေက စိုးရိမ်နေကြတယ်။ အခြေအနေတွေ ကောင်းလာလိမ့်မယ်လို့ မိတ်ဆွေယူဆသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] သမ္မာကျမ်းစာထဲမှာ မျှော်လင့်ချက်ပေးတဲ့ သတင်းကောင်းပါရှိတယ်ဆိုတာကို လူအတော်များများ သိလိုက်ရတဲ့အခါ အံ့ဩသွားကြတယ်။ မေးခွန်းတချို့ရဲ့ ကျမ်းစာအဖြေတွေကို ဒီစာစောင်ထဲမှာ ဖော်ပြထားတယ်။” အိမ်ရှင်ကို ဘရိုရှာပေးပြီး နောက်ကျောဖုံး မှာပါတဲ့ မေးခွန်းတွေထဲက သူစိတ်အဝင်စားဆုံးမေးခွန်းကို ရွေးခိုင်းပါ။ ပြီးတော့ သူရွေးထားတဲ့ အခန်းကိုသွားပြီး သင်အံမှုပြုလုပ်ပုံကို သရုပ်ပြပါ။ အဲဒီအခန်းထဲက နောက်မေးခွန်းကို သုံးသပ် နိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
တိုက်ရိုက်သင်အံမှုစဖို့ ကြိုးစားပါ–
● “ကျမ်းစာလေ့လာနိုင်တဲ့ နည်းလမ်းအသစ်တစ်ခု ပြောပြဖို့ ရောက်လာတာပါ။ ဒီစာစောင်ထဲမှာ အခန်း ၁၅ ခန်းပါပြီး အရေးကြီးတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို မိတ်ဆွေရဲ့ ကိုယ်ပိုင်ကျမ်းစာထဲက ဘယ်နေရာမှာ ရှာတွေ့နိုင်တယ်ဆိုတာ ဖော်ပြပေးပါတယ်။ [အိမ်ရှင်ကို ရှေ့မျက်နှာဖုံးနဲ့ နောက်ကျောဖုံးကို ပြပါ။] ကျမ်းစာအကြောင်း ပိုမသိချင်ဘူးလား။ [တုံ့ပြန်မှုကို စောင့်ပါ။] လေ့လာဖို့ ဘယ်လောက်လွယ်ကူတယ်ဆိုတာ ပြောပြချင်တယ်။ [အခန်း ၃ က မေးခွန်း ၃ ရဲ့ ပထမဆုံးစာပိုဒ် ကို သုံးသပ်ပြီး ဗျာဒိတ် ၂၁:၄၊ ၅ ကိုဖတ်ပါ။ အခြေအနေပေးမယ်ဆိုရင် နောက်စာပိုဒ်နဲ့ “ဖတ်ပါ” ဆိုတဲ့ ကျမ်းချက်တွေကို သုံးသပ်ပါ။] ဒီစာစောင်ကို မိတ်ဆွေဖတ်ချင်တယ်ဆိုရင် ယူထားလို့ရပါတယ်။ အနည်းဆုံး တစ်ခေါက်လောက်တော့ ဒီပုံစံအတိုင်း လေ့လာကြည့်မလား။ မိတ်ဆွေ သဘောကျတယ်ဆိုရင် ဆက်လေ့လာ လို့ရပါတယ်။ နောက်တစ်ခါလာတဲ့အခါ အခန်းတစ်ကို လေ့လာကြမယ်။ အခန်းတစ်က တစ်မျက်နှာပဲ ရှိပါတယ်။”
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
ပြန်လည်ပတ်မှုသွားတဲ့အခါ ဘရိုရှာအသစ်ကို မိတ်ဆက်ပေးပါ–
● စိတ်ဝင်စားတဲ့သူဆီ ပြန်လည်ပတ်တဲ့အခါ ဒီလိုပြောနိုင်တယ်– “နေကောင်းပါသလား။ စိတ်ဝင်စားစရာ မေးခွန်းတော်တော်များများရဲ့ ကျမ်းစာအဖြေတွေကို ဖော်ပြ ထားတဲ့ ဒီစာစောင်ကို မိတ်ဆွေအတွက် ယူလာပေးပါတယ်။ [အိမ်ရှင်ကို စာစောင်ပေးပြီး နောက်ကျောဖုံး ကို ပြပါ။] ဘယ်အကြောင်းအရာကို မိတ်ဆွေ စိတ်အဝင်စားဆုံးလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။ ပြီးတော့ သူရွေးထားတဲ့ အခန်းကိုသွားပါ။] ဒီစာစောင်ထဲမှာ ကျမ်းစာအဖြေကို ဘယ်လိုရှာတွေ့နိုင်တယ်ဆိုတာ ပြောပြပါရစေ။” စာပိုဒ်တစ်ပိုဒ်နှစ်ပိုဒ်နဲ့ “ဖတ်ပါ” ဆိုတဲ့ ကျမ်းချက်တွေကို ဆွေးနွေးပြီး သင်အံမှုပြုလုပ်ပုံကို သရုပ်ပြပါ။ ကျမ်းစာကို ဒီလိုပုံစံနဲ့ လွယ်လွယ်ကူကူလေ့လာလို့ရပါတယ်။ အိမ်ရှင်ကို စာစောင်ပေးပြီး နောက်တစ်ခါ ပြန်လည်ပတ်ဖို့ စီစဉ်ပါ။ အခန်းတစ်ခန်း ပြီးသွားတဲ့အခါ နောက် တစ်ခန်းကို လေ့လာဖို့ အိမ်ရှင်ကို ထပ်ရွေးခိုင်းနိုင်တယ် ဒါမှမဟုတ် အခန်းတစ်ကနေ စနိုင်ပါတယ်။