စကားစမြည်စပြောနိုင်ဖို့ “သမ္မာကျမ်းစာကနေ သိရှိနိုင်ရာများ” စာအုပ်ကို အသုံးပြုပါ
၁။ အမှုဆောင်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် ဘယ်စာအုပ်အသစ်ကို ရရှိထားသလဲ။
၁ ၂၀၁၄၊ ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာလျက်နေပါ ခရိုင်စည်းဝေးမှာ “သမ္မာကျမ်းစာကနေ သိရှိနိုင်ရာများ” စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အမှုဆောင်လုပ်ငန်းအတွက် တင်ဆက်နည်းတွေ ကြိုတင်ပြင်ဆင်တဲ့အခါ ဒီစာအုပ်ကို ဘယ်လိုအသုံးပြုနိုင်မလဲ။ ကျိုးကြောင်းဆင်ခြင်စာအုပ်လိုမျိုး ဒီစာအုပ်မှာ ကျမ်းစာအကြောင်းအရာအမျိုးမျိုးနဲ့ သက်ဆိုင်တဲ့ကျမ်းချက်တွေပါတယ်။ ဒါကြောင့် ဒီစာအုပ်ကိုအသုံးပြုပြီး စကားစမြည်စပြောဖို့ လွယ်ကူနိုင်ပါတယ်။
၂။ “သမ္မာကျမ်းစာကနေ သိရှိနိုင်ရာများ” စာအုပ်ကို အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုအသုံးပြုနိုင်သလဲ။
၂ မေးခွန်းနံပါတ် ၈ ကို အသုံးပြုပြီး ဒီလိုမေးနိုင်ပါတယ်– “‘လူသားတွေ ဆင်းရဲဒုက္ခရောက်တာ ဘုရားသခင်ကြောင့်လား’ ဆိုတဲ့ မေးခွန်းကို လူအတော်များများသိချင်ကြတယ်။ [ရပ်ကွက်တချို့မှာ မေးခွန်းကို စာအုပ်ထဲကနေ ပြပေးတာက ပိုထိရောက်မှုရှိပါတယ်။] မိတ်ဆွေကော မသိချင်ဘူးလား။ [အဖြေကိုစောင့်ပါ။] အဲဒီမေးခွန်းရဲ့အဖြေကို သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖြေဆိုပေးထားပါတယ်။” ဖော်ပြထားတဲ့ ကျမ်းချက်တစ်ချက်၊ နှစ်ချက်ကို ကျမ်းစာကနေ တိုက်ရိုက်ဖတ်ပြပြီး ဆွေးနွေးပါ။ အိမ်ရှင်က စိတ်ဝင်စားမှုရှိမယ်ဆိုရင် သမ္မာကျမ်းစာကနေသိရှိနိုင်ရာများ စာအုပ်မှာပါတဲ့ မေးခွန်းပေါင်း ၂၀ ကိုပြပြီး နောက်တစ်ခေါက်လည်ပတ်မှုမှာ ဆွေးနွေးနိုင်ဖို့ မေးခွန်းတစ်ခုကို ရွေးခိုင်းပါ။ ဒါမှမဟုတ် သင်ဆွေးနွေးသုံးသပ်သွားတဲ့ အကြောင်းအရာပါတဲ့ လေ့လာရန်စာပေတစ်ခုခုကို ပေးနိုင်ပါတယ်။
၃။ ခရစ်ယာန်မဟုတ်တဲ့သူတွေနဲ့ စကားစမြည်ပြောဖို့ “သမ္မာကျမ်းစာကနေ သိရှိနိုင်ရာများ” စာအုပ်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။
၃ မေးခွန်း နံပါတ် ၄ နဲ့ ၁၃-၁၇ တွေကို အသုံးပြုပြီး ခရစ်ယာန်မဟုတ်တဲ့သူတွေကို ထိထိရောက်ရောက် ဟောပြောနိုင်ပါတယ်။ ဥပမာ၊ မေးခွန်း ၁၇ မှာပါတဲ့ ကျမ်းချက်တွေကို အသုံးပြုပြီး ဒီလိုပြောနိုင်ပါတယ်– “ဒီနေ့ခေတ် မိသားစုတွေဟာ ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့နေရတယ်မဟုတ်လား။ [အဖြေကိုစောင့်ပါ။] ဒီပညာရှိကျမ်းစကားတွေက ဇနီးမောင်နှံအတော်များများအတွက် အကျိုးရှိခဲ့ကြတယ်– “ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။” [ဧဖက် ၅:၃၃ ကိုကျမ်းစာကနေ ဖွင့်ဖတ်ပြစရာ မလိုပါဘူး။ တကယ်လို့ အမျိုးသမီးဖြစ်မယ်ဆိုရင် ဧဖက် ၅:၂၈ ကိုဖတ်ပြပါ။] ဒီပညာရှိစကားကို လိုက်နာမယ်ဆိုရင် အိမ်ထောင်သာယာမယ် မဟုတ်လား။”
၄။ ခရစ်ယာန်မဟုတ်တဲ့သူနဲ့ စကားပြောပြီးပြန်ခါနီးမှာ သင် ဘာလုပ်နိုင်သလဲ။
၄ စကားပြောပြီးပြန်ခါနီးမှာ နောက်တစ်ခါလာပြီး ဆွေးနွေးနိုင်ဖို့ သေချာစီစဉ်ပါ။ သင် အသုံးပြုခဲ့တဲ့ မေးခွန်းအောက်မှာပါတဲ့ ကျမ်းချက်တစ်ချက်ကို ဆွေးနွေးဖို့ စီစဉ်နိုင်တယ်။ အိမ်ရှင်ရဲ့အခြေအနေကိုကြည့်ပြီး ဒီပညာရှိစကားတွေဟာ ကျမ်းစကားတွေဖြစ်တယ်ဆိုတာ ပြောပြပါ။ ဆွေးနွေးခဲ့တဲ့အချက်တွေနဲ့ သမ္မာကျမ်းစာအပေါ် သူ့ရဲ့ရှုမြင်ချက်ကို သုံးသပ်ပြီး သူကြိုက်မယ်လို့ထင်တဲ့ စာပေတစ်ခုကိုဝေငှလိုက်ပါ။—၂၀၁၃၊ ဒီဇင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်ကို ကြည့်ပါ။