သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်နဲ့လေ့လာဖို့ အသင့်မဖြစ်သေးသူကို ကူညီပေးခြင်း
၁။ ယောက်တိုင်းကို သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်သုံးပြီး ကျမ်းစာသင်အံမှုစတာ သင့်လျော်ပါသလား။ ရှင်းပြပါ။
၁ လူတစ်ယောက် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူဖြစ်လာဖို့ဆိုရင် အရင်ဆုံး ကျမ်းစာသွန်သင်ချက်တွေကို သင်ယူဖို့လိုတယ်။ ဒါပေမဲ့ တချို့သူတွေဟာ ခရစ်ယာန်နောက်ခံမဟုတ်တဲ့အတွက် သမ္မာကျမ်းစာကို ဘုရားသခင့်တရားစကားတော်အနေနဲ့ မယူမှတ်ကြဘူး။ ဘုရားသခင်ရှိတယ်ဆိုတာ မယုံကြည်တဲ့သူတွေကျပြန်တော့ သမ္မာကျမ်းစာကို တန်ဖိုးမထားကြဘူး။ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်လေ့လာဖို့ အသင့်မဖြစ်သေးတဲ့သူတွေကို ဘယ်လိုကူညီပေးနိုင်ပါသလဲ။ အောက်မှာဖော်ပြထားတဲ့ အကြံပြုချက်တွေဟာ နိုင်ငံ ၂၀ ခန့်က ကြေညာသူတွေရဲ့ မှတ်ချက်တွေကို အခြေခံထားခြင်းဖြစ်ပါတယ်။
၂။ လူတစ်ယောက်က ဘုရားသခင်ရှိတယ်ဆိုတာ မယုံဘူးလိုပြောရင် ဘာသိဖို့ ကြိုးစားသင့်သလဲ၊ ဘာကြောင့်လဲ။
၂ ဘုရားသခင်ရှိတယ်ဆိုတာကို မယုံကြည်သူ– လူတစ်ယောက်က ဘုရားသခင်ရှိတယ်ဆိုတာ မယုံဘူးလို့ပြောရင် မယုံကြည်ရတဲ့အကြောင်းရင်းကို မေးတာက အကျိုးဖြစ်စေပါတယ်။ ဆင့်ကဲအယူကို ယုံကြည်လို့လား။ လောကမှာ တရားမမျှတမှုတွေများနေလို့ ဒါမှမဟုတ် ဘာသာရေးအရေခြုံမှုတွေကြောင့် ဘုရားသခင်ကို မယုံတော့တာလား။ ဘုရားကိုမယုံကြည်တဲ့ ဒေသမှာ နေလို့လား။ ဘုရားသခင်ရှိတယ်ဆိုတာ လုံးလုံးလက်မခံတာမဟုတ်ဘဲ ဘုရားသခင်ကို ယုံကြည်ဖို့လိုတယ်ဆိုတာကို မသိတာလည်းဖြစ်နိုင်တယ်။ ဘုရားသခင်ကို မယုံဘူးလို့ပြောတဲ့သူတွေနဲ့တွေ့ရင် ကြေညာသူများစွာက “အဲဒီလိုမယုံတာ အရင်ကတည်းကလား” လို့မေးတဲ့အခါ သူတို့ ရှင်းပြလာကြတယ်။ အဲဒီအခါ နားထောင်ပါ၊ ကြားဖြတ်မပြောပါနဲ့။ ဘုရားသခင်ကို မယုံရတဲ့အကြောင်းရင်းကိုသိရမှ ဘယ်လိုပြန်ပြောမယ်၊ ဘယ်စာပေဝေငှမယ်ဆိုတာ သိမှာဖြစ်တယ်။—သု. ၁၈:၁၃။
၃။ အိမ်ရှင်နဲ့ အိမ်ရှင်ရဲ့ယုံကြည်ချက်ကို လေးစားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။
၃ သင်ပြန်ပြောတဲ့အခါမှာ သူ့ရဲ့ရှုမြင်ပုံကို တိုက်ခိုက်နေတဲ့ပုံမျိုးမထွက်အောင် ဂရုစိုက်ပါ။ အမေရိကန်နိုင်ငံက ကြေညာသူတွေက ဒီလိုအကြံပေးပါတယ်– “ယုံကြည်ချက်နဲ့ပတ်သက်ပြီး သူတို့ရဲ့ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို လေးစားဖို့ အရေးကြီးတယ်။ စကားနဲ့အနိုင်ယူဖို့ ကြိုးစားမယ့်အစား စဉ်းစားစေတဲ့၊ သူကိုယ်တိုင် ကောက်ချက်ချစေတဲ့ မေးခွန်းတွေမေးတာက အကောင်းဆုံးဖြစ်တယ်။” နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်က အိမ်ရှင်ပြောတဲ့စကားကို နားထောင်ပြီးတဲ့နောက် “ဒီအချက်ကိုကော စဉ်းစားဖူးပါသလား” လို့မေးပြီး စကားအစပျိုးလေ့ရှိတယ်။
၄။ ဗုဒ္ဓဘာသာတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။
၄ ဗုဒ္ဓဘာသာဝင်များစွာဟာ ဖန်ဆင်းရှင်နဲ့ စိမ်းနေတတ်ကြတယ်။ ဗြိတိန်မှာရှိတဲ့ ကြေညာသူတချို့က သူတို့ကို သက်သေခံတဲ့အခါ တည်မြဲသောငြိမ်းချမ်းရေးနှင့် ပျော်ရွှင်မှု—ယင်းတို့ကို ရှာတွေ့နိုင် (အင်္ဂလိပ်) ဘရှိရှာကို သုံးကြတယ်။ နိဒါန်းကို သုံးသပ်ပြီးတဲ့နောက် “အကြီးမြတ်ဆုံးဖန်ဆင်းရှင် တကယ်ရှိရဲ့လား” ဆိုတဲ့အခန်းကို ဆွေးနွေးတယ်။ ပြီးတဲ့နောက် “လူသားအားလုံးကို ကောင်းကျိုးဖြစ်စေတဲ့ လမ်းညွှန်စာအုပ်” ဆိုတဲ့အခန်းကို ဆွေးနွေးတယ်။ အဲဒီနောက် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကိုပြပြီး “ဘုရားသခင်ကို မယုံကြည်ဘူးဆိုရင်တောင် သမ္မာကျမ်းစာလေ့လာခြင်းကနေ အကျိုးများစွာရနိုင်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတာ့ သမ္မာကျမ်းစာထဲမှာ လက်တွေ့ကျတဲ့ လမ်းညွှန်ချက်အများကြီးပါလို့ပါ” လို့ အိမ်ရှင်ကိုပြောတယ်။ တရုတ်စကားပြောရပ်ကွက်မှာအမှုဆောင်နေတဲ့ အမေရိကန်က ရှေ့ဆောင်တစ်ယောက် ဒီလိုပြောတယ်– “ကျွန်တော့်ရပ်ကွက်ကသူတွေဟာ စာဖတ်ဝါသနာပါကြတယ်။ ဒါကြောင့် ပြန်လည်ပတ်မှုလုပ်တဲ့အခါ သူတို့က ပေးထားတဲ့စာပေကို ဖတ်ပြီးနေပြီ။ ဒါပေမဲ့ ကျမ်းစာဆွေးနွေးနိုင်တဲ့အကြောင်းကို သဘောမပေါက်ကြဘူး။ ဒါကြောင့် အပြန်အလှန် ဆွေးနွေးနိုင်တဲ့ သတင်းကောင်းဘရိုရှာကို ပထမဆုံးစတွေ့ချိန်မှာပဲ ဝေငှတယ်။” အမေရိကန်က တရုတ်စကားပြောတိုက်နယ်မှာ အမှုဆောင်နေတဲ့ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးက ဦးဆုံးစတွေ့ဆုံချိန်မှာ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်နဲ့ စလို့ရနိုင်ပါတယ်လို့ ပြောပြတယ်။ ဒါပေမဲ့ ဘုရားသခင်အကြောင်း ဆွေးနွေးထားတဲ့ အခန်း ၁ နဲ့စမယ့်အစား သမ္မာကျမ်းစာအကြောင်း ရှင်းပြထားတဲ့ အခန်း ၂ နဲ့စတာ ပိုကောင်းတယ်လို့ သူပြောတယ်။
၅။ စိတ်ရှည်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
၅ လူတစ်ယောက် ဘုရားသခင်ကို ယုံကြည်လာအောင် ကူညီပေးရာမှာ အချိန်လိုတဲ့အတွက် စိတ်ရှည်ဖို့ အရေးကြီးပါတယ်။ ဦးဆုံးအကြိမ် ဆွေးနွေးတာနဲ့ပဲ ဖန်ဆင်းရှင်ရှိတယ်ဆိုတာကို သူယုံကြည်သွားမှာမဟုတ်ဘူး။ ဒါပေမဲ့ နောက်ပိုင်း၊ ဖန်ဆင်းရှင် ရှိနိုင်တယ်လို့ သူကောက်ချက်ချလာနိုင်တယ် ဒါမှမဟုတ် ဘာကြောင့် ဖန်ဆင်းရှင်ကို လူတချို့ ယုံကြည်တာလဲဆိုတာ သဘောပေါက်ပြီလို့ ပြောလာနိုင်တယ်။
၆။ တချို့သူတွေ ဘာကြောင့် သမ္မာကျမ်းစာကို စိတ်မဝင်စားကြတာလဲ။
၆ သမ္မာကျမ်းစာကို စိတ်မဝင်စားသူ ဒါမှမဟုတ် ကျမ်းစာအဆိုကို မယုံကြည်သူများ– ဘုရားရှိနိုင်တယ်ဆိုတာကိုတော့ ယုံပေမဲ့ သမ္မာကျမ်းစာကို ဘုရားသခင့်တရားစကားတော်လို့ မယုံကြည်တဲ့အတွက် ကျမ်းစာသွန်သင်ချက်တွေကို စိတ်မဝင်စားတာဖြစ်နိုင်တယ်။ ခရစ်ယာန်တွေမရှိတဲ့ဒေသမှာ နေထိုင်သူဖြစ်ပြီး သမ္မာကျမ်းစာကို ခရစ်ယာန်တွေရဲ့စာအုပ်လို့ ယူဆတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကျမ်းစာကို သိပ်အလေးမထားတဲ့ အမည်ခံခရစ်ယာန်တွေနဲ့အတူ နေထိုင်ပြီး သမ္မာကျမ်းစာက အသုံးမဝင်ဘူးလို့ ထင်တာလည်း ဖြစ်နိုင်တယ်။ အဲဒီလိုလူတွေ ကျမ်းစာစိတ်ဝင်စားလာပြီး သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်နဲ့ လေ့လာမှုလုပ်တာကို လက်ခံလာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
၇။ ဘယ်နည်းတွေက သမ္မာကျမ်းစာကို စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးသလဲ။
၇ ဂရိဌာနခွဲရုံးက ဒီလိုစာရေးတယ်– “သမ္မာကျမ်းစာ စိတ်မဝင်စားတဲ့သူတွေကို ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းက ကျမ်းစာဖွင့်ပြီး ကျမ်းစာမှာပါတဲ့အချက်ကို ပြပေးတာဖြစ်တယ်။ ကျမ်းစာမှာပါတဲ့စကားကို အလွတ်ပြောပြတာထက် ကျမ်းစကားကို ကိုယ်တိုင်တွေ့လိုက်တဲ့အခါ စိတ်ထိမိသွားကြတာကို ကြေညာသူများစွာ သတိပြုမိကြတယ်။ (ဟေဗြဲ ၄:၁၂) အတော်များများဟာ ကျမ်းစာထဲမှာ ဘုရားသခင့်နာမည်ကို တွေ့လိုက်ရတာကြောင့် သမ္မာကျမ်းစာကို ထပ်ဆင့်လေ့လာချင်စိတ် ပေါ်လာကြတယ်။” အိန္ဒိယဌာနခွဲရုံးက ဒီလိုစာရေးတယ်– “ဟိန္ဒူအတော်များများဟာ အသက်နဲ့ သေခြင်းအကြောင်း၊ ဇာတ်မြင့်ဇာတ်နိမ့်မရှိတဲ့ကမ္ဘာ ဖြစ်လာမယ့် ဘုရားသခင့်ကတိတော်အကြောင်းကို စိတ်ဝင်စားကြတယ်။” လူတွေစိုးရိမ်ပူပန်နေတဲ့ အခက်အခဲတွေကို ပြောလာတဲ့အခါ ကြေညာသူတွေဟာ အဲဒါတွေကို ဘုရားသခင့်နိုင်ငံတော် ဖြေရှင်းပေးမယ်လို့ ကတိပြုထားတဲ့ ကျမ်းချက်တွေပြဖို့ အခွင့်အရေးရကြတယ်။
၈။ ခရစ်ယာန်ဘောင်ကြောင့် သမ္မာကျမ်းစာအပေါ် အမြင်စောင်းနေသူတွေကို ဘယ်လိုပြောနိုင်ပါသလဲ။
၈ ခရစ်ယာန်ဘောင်ကြောင့် သမ္မာကျမ်းစာအပေါ် အကောင်းမမြင်တဲ့သူဖြစ်မယ်ဆိုရင် ခရစ်ယာန်ဘောင်ဟာ သမ္မာကျမ်းစာနဲ့ ကျမ်းစာသွန်သင်ချက်တွေကို တလွဲအသုံးပြုတယ်ဆိုတာ သူ့ကိုပြောပြပါ။ အိန္ဒိယဌာနခွဲရုံးက ဒီလိုစာရေးပါတယ်– “တစ်ခါတလေ သူတို့ကို ချာ့ချ်တွေဟာ သမ္မာကျမ်းစာအတိုင်း လိုက်လျှောက်နေကြတာမဟုတ်ဘူးဆိုတာ သိမြင်လာအောင် ကူညီပေးဖို့လိုတယ်။” ချာ့ချ်တွေဟာ သမ္မာကျမ်းစာကို တခြားအယူတွေနဲ့ ရောနှောဖို့၊ ဖျက်ဆီးဖို့ကြိုးစားခဲ့တာတွေကို ရှင်းပြထားတဲ့ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်း ဘရိုရှာ အခန်း ၄ ကို ဟိန္ဒူတွေက သဘောကျကြတယ်လို့လည်း ဖော်ပြထားတယ်။ ဘရာဇီးက ရှေ့ဆောင်ညီအစ်ကိုက ကျမ်းစာလေ့လာဖို့ ဒီလိုကမ်းလှမ်းတယ်– “ကျမ်းစာမှာပါတဲ့ တခြားအကြောင်းအရာကို ဆက်ပြီးလေ့လာကြည့်ပါ။ ဘာသာပြောင်းဖို့မဟုတ်ဘဲ အမြင်ကျယ်ကျယ်နဲ့ ကျမ်းစာလေ့လာနေကြသူတွေ အများကြီးရှိပါတယ်။ တကယ်အကျိုးရှိပြီး လက်တွေ့အသုံးဝင်တဲ့အရာများစွာ သိလာပါလိမ့်မယ်။”
၉။ စတွေ့တွေ့ချင်းမှာ တချို့သူတွေဟာ သမ္မာကျမ်းစာသွန်သင်ချက်တွေကို စိတ်မဝင်စားဘူးဆိုရင်တောင် ဘာကြောင့်လက်မလျှော့သင့်သလဲ။
၉ ယေဟောဝါက လူတစ်ယောက်စီရဲ့ စိတ်နှလုံးကိုကြည့်ပါတယ်။ (၁ ရာ. ၁၆:၇; သု. ၂၁:၂) စိတ်သဘောထားမှန်ရှိတဲ့သူကို စစ်မှန်တဲ့ဝတ်ပြုရေးထဲ သွေးဆောင်နေပါတယ်။ (ယော. ၆:၄၄) စိတ်သဘောထားမှန်ရှိသူများစွာဟာ ဘုရားသခင်အကြောင်း၊ သမ္မာကျမ်းစာအကြောင်း မသိကြဘူး။ သူတို့တွေ “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို” သိရှိလာပြီး ကယ်တင်ခြင်းရဖို့ အမှုဆောင်လုပ်ငန်းက အခွင့်အရေးရစေပါတယ်။ (၁ တိ. ၂:၄) ဒါကြောင့် စတွေ့တွေ့ချင်းမှာ တချို့သူတွေဟာ သမ္မာကျမ်းစာသွန်သင်ချက်တွေကို စိတ်မဝင်စားဘူးဆိုရင်တောင် လက်မလျှော့လိုက်ပါနဲ့။ သူတို့စိတ်ဝင်စားလာအောင် သင့်ဘာသာစကားနဲ့ထုတ်ဝေထားတဲ့ စာပေတစ်မျိုးမျိုးကို အသုံးပြုပါ။ နောက်ပိုင်း ကျမ်းစာလေ့လာရာမှာ အဓိကအသုံးပြုတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်နဲ့ ပြောင်းသုံးနိုင်မှာဖြစ်ပါတယ်။
စာမျက်နှာ ၄ ပါ လေးထောင့်ကွက်
အိမ်ရှင်က ဘုရားသခင်ကို မယုံဘူးလို့ပြောလာရင် အောက်ပါအတိုင်း ကြိုးစားကြည့်ပါ–
• ဘာကြောင့်မယုံသလဲဆိုတာသိရအောင် “အရင် ကတည်းက အဲဒီလိုပဲ ယုံကြည်ခဲ့တာလား” လို့မေးပါ။
• ဗုဒ္ဒဘာသာဝင်တစ်ဦးဖြစ်ရင် တည်မြဲသောငြိမ်းချမ်းရေးနှင့် ပျော်ရွှင်မှု—ယင်းတို့ကိုရှာတွေ့နိုင် (အင်္ဂလိပ်) ဘရိုရှာ စာမျက်နှာ ၉-၁၂ ကိုသုံးပါ။
• ဆင့်ကဲအယူကို ယုံကြည်သူဖြစ်ရင် အောက်ပါအကြောင်းအရာတွေက အထောက်အကူပြုနိုင်ပါတယ်–
နိုးလော့! မှာပါတဲ့ “ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆောင်းပါးတွေ
အံ့ဖွယ်ဖန်ဆင်းရာများက ဘုရားသခင့်ဘုန်းတော် ထင်ရှားစေကြ (အင်္ဂလိပ်) ဗီဒီယို
ဘရိုရှာများ– ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ—မည်သို့ရရှိနိုင်သနည်း၊ အခန်း ၄; သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော; သက်ရှိများ၏မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု (အင်္ဂလိပ်)
• တရားမမျှတမှုနဲ့ ဆင်းရဲဒုက္ခတွေကြောင့် ဘုရားသခင်ကို မယုံကြည်တော့တဲ့သူဖြစ်ရင် အောက်ပါအကြောင်းအရာတွေက အထောက်အကူပြုနိုင်ပါတယ်–
သင့်အားဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော စာအုပ်၊ အခန်း ၁၀
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာ၊ အပိုင်း ၆ နဲ့ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း ဘရိုရှာ အခန်း ၆
• ဘုရားသခင် ရှိနိုင်တယ်ဆိုတာကို အိမ်ရှင်ဖွင့်ပြောလာတာနဲ့ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ပြောင်းလဲအသုံးပြုပါ။ အခန်း ၂ ဒါမှမဟုတ် သူနဲ့သင့်တော်တဲ့ တခြားအကြောင်းအရာနဲ့ အစပြုနိုင်ပါတယ်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
အိမ်ရှင်က သမ္မာကျမ်းစာကို အယုံအကြည်မရှိဘူးဆိုရင် အောက်ပါအတိုင်း ကြိုးစားကြည့်ပါ–
• အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော (အင်္ဂလိပ်) စာအုပ် အခန်း ၁၇ နဲ့ ၁၈ ကိုသုံးပါ
• ဟိန္ဒူဘာသာဝင်တွေအတွက် ကျွန်ုပ်တို့သည် ဘုရားသခင်အား မေတ္တာနှင့်သမ္မာတရားဖြင့် အဘယ်ကြောင့်ဝတ်ပြုသင့်သနည်း (အင်္ဂလိပ်) ဘရိုရှာကိုသုံးပါ
• ဂျူးတွေအတွက် စစ်မဲ့ကမ္ဘာ တစ်နေ့နေ့ရှိနိုင်ပါမည်လော (အင်္ဂလိပ်) ဘရိုရှာ စာမျက်နှာ ၃-၁၁ ကိုသုံးပါ
• ကျမ်းစာလမ်းညွှန်ချက်တွေကို လိုက်လျှောက်တဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးတွေအကြောင်း ဆွေးနွေးပါ။ သမ္မာကျမ်းစာမှာပါတဲ့ လက်တွေ့ကျအကြံပြုချက်တွေကို ပြနိုင်တဲ့ ကိရိယာတွေကတော့–
နိုးလော့! မှာပါတဲ့ “မိသားစုတွေအတွက် အကူအညီ” ဆောင်းပါးတွေ
သမ္မာကျမ်းစာ—သင့်အသက်တာ၌ ယင်း၏သြဇာတန်ခိုး ဗီဒီယို
လူမျိုးအားလုံးအတွက်သတင်းကောင်း၊ အခန်း ၉ နဲ့ ၁၁၊ လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်၊ စာမျက်နှာ ၂၂-၂၆၊ ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ—မည်သို့ရရှိနိုင်သနည်း၊ အခန်း ၂
ဗုဒ္ဓဘာသာဝင်တွေအတွက် ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေသောလမ်း ဘရိုရှာ စာမျက်နှာ ၃-၇ ကိုသုံးပါ
မွတ်ဆလင်တွေအတွက် ပျော်ရွှင်တဲ့ဘဝအသက်တာရရှိစေတဲ့ စစ်မှန်သောယုံကြည်ခြင်း (အင်္ဂလိပ်) ဘရိုရှာ အခန်း ၃ ကိုသုံးပါ
သမ္မာကျမ်းစာအပေါ် တစ်ဖက်သတ်အစွဲရှိနေတဲ့သူတွေကို ဟောပြောနေရတယ်ဆိုရင် အကြိမ်ကြိမ်ပြည်လည်ပတ်မှုလုပ်ပြီး ပညာရှိစကားတွေကို ဝေမျှပြီးနောက်မှသာ အဲဒီပညာရှိစကားတွေဟာ သမ္မာကျမ်းစာထဲကဖြစ်တယ်ဆိုတာ ပြောပြပါ။
• သမ္မာကျမ်းစာမှာပါတဲ့ ကြိုဟောချက်တွေ ပြည့်စုံလာပုံအကြောင်း ရှင်းပြပါ။ အသုံးပြုနိုင်တဲ့ ကိရိယာတွေကတော့-
သမ္မာကျမ်းစာ—တိကျသောသမိုင်း၊ စိတ်ချရသောပရောဖက်ပြုချက် ဗီဒီယို
လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာ စာမျက်နှာ ၂၇-၂၉
• အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာသွန်သင်ချက်အကြောင်း မေးလာပြီဆိုရင် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ပြောင်းလဲအသုံးပြုပါ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အိမ်ရှင်က “ဖန်ဆင်းရှင်ရှိတယ်ဆိုတာ မယုံဘူး” လို့ပြောရင် ဒီလိုပြောနိုင်တယ်–
• “ဖန်ဆင်းရှင်ရှိတယ်ဆိုတာကို ကျွန်တော် ယုံကြည်ရတဲ့ အကြောင်းရင်းကို အတိုချုပ်ရှင်းပြပါရစေ” လို့ပြောပြီး ကျိုးကြောင်းဆင်ခြင် စာအုပ် စာမျက်နှာ ၁၇၁-၁၇၃ ကအချက်တချို့ကို ရှင်းပြပါ ဒါမှမဟုတ် ဖန်ဆင်းရှင်ရှိကြောင်း ယုံကြည်စိတ်ချစေတဲ့ စာပေတစ်ခုခုကို ပေးပါ။
• “တကယ်လို့များ ဖန်ဆင်းရှင်ရှိမယ်ဆိုရင် ဘယ်လိုဘုရားမျိုး ဖြစ်တာကို မိတ်ဆွေအလိုရှိသလဲ” လို့မေးတဲ့အခါ အိမ်ရှင် အများစုက မေတ္တာရှိတဲ့ဘုရား၊ တရားမျှတတဲ့ဘုရား၊ မျက်နှာမလိုက်တဲ့ဘုရားဖြစ်စေလိုတဲ့အကြောင်း ပြောတတ်ကြတယ်။ ဘုရားသခင်မှာ အဲဒီအရည်အသွေးတွေရှိကြောင်း သမ္မာကျမ်းစာထဲကနေ ပြပေးပါ။ (သမ္မာကျမ်းစာသွန်သင်ရာ စာအုပ် အခန်း ၁၊ အပိုဒ် ၆ ကနေစပြီး ဆွေးနွေးနိုင်ပါတယ်။)
အိမ်ရှင်က “သမ္မာကျမ်းစာကို မယုံကြည်ဘူး” လို့ပြောရင် ဒီလိုပြောနိုင်တယ်–
• “အဲဒီလိုယူမှတ်တဲ့သူ အများကြီးရှိပါတယ်။ တချို့က သမ္မာကျမ်းစာဟာ သိပ္ပံပညာနဲ့မညီဘူးလို့ပြောတဲ့သူရှိသလို ကျမ်းစာစံနှုန်းတွေက လက်တွေ့မကျဘူးလို့ ပြောတဲ့သူလည်းရှိတယ်။ မိတ်ဆွေကော ကျမ်းစာကို အရင်က ဖတ်ကြည့်ဖူးပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာ၊ စာမျက်နှာ ၃ မှာပါတဲ့ နိဒါန်းကိုပြပြီး ဘရိုရှာကို ဝေငှပါ။] လူတော်တော်များများက သမ္မာကျမ်းစာကို အယုံအကြည်မရှိကြဘူး၊ ဘာကြောင့်လဲဆိုတော့ ဘာသာတရားတွေက သမ္မာကျမ်းစာသွန်သင်ချက်တွေကို အမှားမှားအယွင်းယွင်း သွန်သင်ကြတယ်။ စာမျက်နှာ ၄ နဲ့ ၅ မှာပါတဲ့ နမူနာတစ်ခုကို နောက်တစ်ခေါက်လာလည်တဲ့အခါမှာ ဆွေးနွေးလို့ ရမလား။”
• “လူတော်တော်များများလည်း မိတ်ဆွေလိုပဲ ခံယူကြတယ်။ သမ္မာကျမ်းစာကို ကျွန်တော် ဘာလို့လေးမြတ်သလဲဆိုတာ ပြောခွင့်ပြုပါလား။ [ယောဘ ၂၆:၇ ဒါမှမဟုတ် ဟေရှာယ ၄၀:၂၂ ကိုဖတ်ပြီး သမ္မာကျမ်းစာဟာ သိပ္ပံပညာအရ မှန်ကန်မှုရှိတယ်ဆိုတာ ရှင်းပြပါ။] သမ္မာကျမ်းစာထဲမှာ ပျော်ရွှင်တဲ့မိသားစုဖြစ်အောင် ကူညီပေးတဲ့ ပညာရှိစကားတွေလည်း ပါတယ်။ နောက်တစ်ခါကျရင် နမူနာတစ်ခုလောက် ပြောပြချင်ပါတယ်။”
• “အခုလို ပွင့်ပွင့်လင်းလင်းပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ဟာ လူသားတွေအတွက် စာအုပ်တစ်အုပ်ရေးခဲ့တယ်ဆိုရင် အဲဒီစာအုပ်ထဲမှာ ဘာတွေပါမယ်လို့ မိတ်ဆွေ ထင်ပါသလဲ။” သူ့ရဲ့အဖြေနဲ့ကိုက်ညီတဲ့ သမ္မာကျမ်းစာပါအချက်တစ်ခုကို ပြပါ။