ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဖေဖော်ဝါရီ ၄-၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ရောမ ၁-၃
“သင်တို့ရဲ့ အမှားအမှန်သိစိတ်ကို ဆက်လေ့ကျင့်ပေးပါ”
(ရောမ ၂:၁၄၊ ၁၅) လူမျိုးခြားတွေဟာ ပညတ်မရရှိထားပေမဲ့ ပညတ်တွေကို ကိုယ့်အသိစိတ်နဲ့ ကျင့်ကြံကြတယ်။ ပညတ်မရရှိထားပေမဲ့ သူတို့စိတ်ထဲမှာ ပညတ်တွေ ရှိနေတယ်။ ၁၅ သူတို့စိတ်ထဲမှာ ပညတ်တွေရှိမှန်း လုပ်ရပ်နဲ့ ဖော်ပြကြတယ်။ သူတို့ရဲ့ အမှားအမှန်သိစိတ်က သူတို့ရဲ့လုပ်ရပ် မှန်သလား၊ မှားသလားဆိုတာကို အသိပေးတယ်။ ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အခါရှိသလို ခွင့်လွှတ်တဲ့အခါလည်း ရှိတယ်။
ကြည်လင်တဲ့ အမှားအမှန်သိစိတ်
၆ ယေဟောဝါကို မသိတဲ့လူတွေတောင် များသောအားဖြင့် ဘာက မှန်တယ်၊ မှားတယ်ဆိုတာ သိကြတယ်။ “ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အခါရှိသလို ခွင့်လွှတ်တဲ့အခါလည်း ရှိတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ရောမ ၂:၁၄၊ ၁၅) ဥပမာ လူသတ်တာ၊ ခိုးတာ မှားကြောင်း လူအများစု သိကြတယ်။ တကယ်တော့ ကိုယ်တိုင် မသိကြပေမဲ့ ယေဟောဝါ ထည့်သွင်းပေးထားတဲ့ အမှားအမှန်သိစိတ် သတိပေးတာကို နားထောင်နေကြတာ။ ဘဝမှာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ အခြေခံ အမှန်တရားတွေ၊ ဘုရားပေးတဲ့ အခြေခံမူတွေကို လိုက်လျှောက်နေကြတာ။
(ရောမ ၂:၁၅) သူတို့စိတ်ထဲမှာ ပညတ်တွေရှိမှန်း လုပ်ရပ်နဲ့ ဖော်ပြကြတယ်။ သူတို့ရဲ့ အမှားအမှန်သိစိတ်က သူတို့ရဲ့လုပ်ရပ် မှန်သလား၊ မှားသလားဆိုတာကို အသိပေးတယ်။ ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အခါရှိသလို ခွင့်လွှတ်တဲ့အခါလည်း ရှိတယ်။
ကြည်လင်တဲ့ အမှားအမှန်သိစိတ်
၈ ကိုယ့်ခံစားချက်အတိုင်း လုပ်တာက အမှားအမှန်သိစိတ် သတိပေးတာကို နားထောင်တာလို့ လူတချို့ ထင်ကြတယ်။ ကောင်းတယ်လို့ ထင်သရွေ့ ကိုယ်ကြိုက်တာ လုပ်နိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်တွေက မစုံလင်လို့ တလွဲလမ်းညွှန်နိုင်တယ်။ ခံစားချက်တွေက အမှားအမှန်သိစိတ်အပေါ် အကျိုးသက်ရောက်နိုင်စွမ်း ရှိတယ်။ “စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။ ထင်ရာစိုင်းတတ်တယ်။ စိတ်ရဲ့ သဘောကို ဘယ်သူ သိနိုင်သလဲ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယေရမိ ၁၇:၉) အမှားကို အမှန်လို့တောင် စတွေးမိလာနိုင်တယ်။ ဥပမာ၊ ခရစ်ယာန် ဖြစ်မလာခင်တုန်းက ပေါလုဟာ ဘုရားလူမျိုးကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် မှန်ရာ လုပ်နေတယ်လို့ ယုံကြည်ထားတယ်။ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ “ကျွန်တော့်ကို စစ်ဆေးတဲ့သူဟာ ယေဟောဝါပဲ” လို့ နောက်ပိုင်းမှာ ပြောခဲ့တယ်။ (၁ ကောရိန္သု ၄:၄။ တမန်တော် ၂၃:၁။ ၂ တိမောသေ ၁:၃) သူ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစားရမှန်း ပေါလု သိတဲ့အခါ ပြောင်းလဲဖို့ လိုအပ်ကြောင်း သဘောပေါက်ခဲ့တယ်။ ဒါကြောင့် တစ်ခုခု မလုပ်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးရမယ်– ‘ယေဟောဝါ ငါ့ကို ဘာလုပ်စေချင်သလဲ။’
၉ တစ်ယောက်ယောက်ကို ချစ်တဲ့အခါ သူ မနှစ်သက်တာကို မလုပ်ချင်ကြပါဘူး။ ယေဟောဝါကို ကျွန်တော်တို့ ချစ်လို့ ဘုရား မနှစ်သက်မယ့်အရာ ဘာတစ်ခုမှ မလုပ်ချင်ကြဘူး။ ယေဟောဝါ မနှစ်သက်မှာကို ကြောက်တဲ့ စိတ်က ပြင်းထန်နေဖို့ လိုတယ်။ ဒါကို နေဟမိရဲ့ စံနမူနာကနေ သိရတယ်။ ဘုရင်ခံ ရာထူးကို သုံးပြီး ချမ်းသာကြွယ်ဝဖို့ မကြိုးစားခဲ့ဘူး။ ဘာကြောင့်လဲ။ “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့အတွက်” လို့ ရှင်းပြခဲ့တယ်။ (နေဟမိ ၅:၁၅) ယေဟောဝါ မနှစ်သက်တာ ဘာတစ်ခုကိုမှ နေဟမိ မလုပ်ချင်ခဲ့ဘူး။ နေဟမိလိုပဲ ကျွန်တော်တို့လည်း အမှားတစ်ခုခု လုပ်ပြီး ယေဟောဝါ မနှစ်သက်မှာကို ကြောက်ရွံ့ကြတယ်။ ကျမ်းစာ ဖတ်ရှုခြင်းအားဖြင့် ယေဟောဝါ ဘာနှစ်သက်သလဲဆိုတာ သိနိုင်တယ်။—ရှင်းလင်းချက် ၆ ကို ကြည့်ပါ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ရောမ ၃:၄) လုံးဝ မဟုတ်ပါဘူး။ လူတွေ လိမ်လည်ရင်တောင် ဘုရားသခင်ကတော့ ဖြောင့်မှန်ပါတယ်။ “နှုတ်တော်ထွက်စကားတွေက ကိုယ်တော် ဖြောင့်မှန်ကြောင်း ဖော်ပြလိမ့်မယ်။ ပြစ်တင်စွပ်စွဲသူတွေ မှားယွင်းကြောင်း ကိုယ်တော် သက်သေပြလိမ့်မယ်” ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။
ရောမမြို့သားများထံ ရေးသောစာမှ ပေါ်လွင်ချက်များ
၃:၄။ လူ့စကားသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ ကိုယ်တော့် နှုတ်တော်ထွက်နှင့် ဆန့်ကျင်သောအခါ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏ သတင်းစကားကို ယုံကြည်စိတ်ချပြီး ဘုရားသခင့်အလိုတော်နှင့်အညီ ပြုမူခြင်းဖြင့် ‘ဘုရားသခင်၏ဖြောင့်မှန်မှုကို တည်စေ’ ကြသည်။ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် တက်ကြွစွာပါဝင်ခြင်းဖြင့် ဘုရားသခင် ဖြောင့်မှန်ကြောင်း အခြားသူများ တွေ့မြင်ရန် ကျွန်ုပ်တို့ ကူညီနိုင်သည်။
(ရောမ ၃:၂၄၊ ၂၅) ခရစ်တော်ယေရှုရဲ့ ရွေးဖိုးကြောင့်သာ ဘုရားသခင်ရှေ့ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရတာပါ။ ဒါဟာ မဟာကရုဏာတော်ကြောင့်ရတဲ့ ဆုလက်ဆောင်ပဲ။ ၂၅ ဘုရားသခင်က ခရစ်တော် စွန့်လွှတ်ခဲ့တဲ့သွေးကို ယုံကြည်သူတွေအတွက် ပြန်လည်သင့်မြတ်ရာ ပူဇော်သက္ကာအဖြစ် ခရစ်တော်ကို ပေးဆပ်ခဲ့တယ်။ အတိတ်တုန်းက လူတွေကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီး သူတို့ကို သည်းခံခဲ့တယ်။ ဒီနည်းနဲ့ မိမိရဲ့ဖြောင့်မတ်မှုကို ဖော်ပြခဲ့တယ်။
ရောမမြို့သားများထံ ရေးသောစာမှ ပေါ်လွင်ချက်များ
၃:၂၄၊ ၂၅—“ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုး” သည် ရွေးနုတ်ဖိုး မပေးမီ “အတိတ်မှအပြစ်များကို” မည်သို့ ဖုံးအုပ်နိုင်သနည်း။ ညှဉ်းဆဲရာသစ်တိုင်ပေါ် ယေရှု အသတ်ခံရသောအခါ ကမ္ဘာဦး ၃:၁၅ တွင် မှတ်တမ်းတင်ထားသည့် ဦးဆုံး မေရှိယဆိုင်ရာ ပရောဖက်ပြုချက်သည် စီအီး ၃၃ တွင် ပြည့်စုံခဲ့သည်။ (ဂလ. ၃:၁၃၊ ၁၆) သို့သော် ထိုပရောဖက်ပြုချက်ကို ယေဟောဝါ မိန့်တော်မူခဲ့ချိန်တွင် ရွေးနုတ်ဖိုးပေးဆက်ခဲ့ပြီးသည့်အလား ကိုယ်တော် ရှုမြင်နိုင်သည်၊ အကြောင်းမှာ ဘုရားသခင့်ရည်ရွယ်တော်မူချက်များ မပြည့်စုံရန် အဘယ်အရာကမျှ မတားဆီးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် ယေရှုခရစ်ပေးဆက်မည့် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို အခြေခံ၍ ထိုကတိတော်အပေါ် ယုံကြည်ခြင်းတင်ပြသော အာဒံ့သားစဉ် မြေးဆက်များ၏ အပြစ်များကို ယေဟောဝါ ခွင့်လွှတ်နိုင်သည်။ ရွေးနုတ်ဖိုးက ခရစ်ယာန်ခေတ် မတိုင်မီက လူတို့ကို ရှင်ပြန်ထမြောက်စေရန်လည်း ဖြစ်နိုင်သည်။—တ. ၂၄:၁၅။
ကျမ်းစာဖတ်ရှုခြင်း
(ရောမ ၁:၁-၁၇) ဘုရားသခင်ရဲ့ သတင်းကောင်းကို ကြေညာဖို့ သီးသန့်ဖယ်ထားခံရသူ၊ တမန်တော်အဖြစ် ရွေးချယ်ခံရသူ၊ ယေရှုခရစ်ရဲ့ကျွန်ဖြစ်သူ ကျွန်တော်ပေါလု စာရေးလိုက်ပါတယ်။ ၂ အဲဒီသတင်းကောင်းနဲ့ပတ်သက်ပြီး ဘုရားသခင်က ပရောဖက်တွေကတစ်ဆင့် သမ္မာကျမ်းစာမှာ ဟိုးအရင်ကတည်းက ကတိပေးထားတယ်။ ၃ အဲဒီသတင်းကောင်းဟာ ဒါဝိဒ်မျိုးနွယ်ကနေ လူသားအဖြစ် မွေးဖွားလာတဲ့ သားတော်နဲ့ဆိုင်တယ်။ ၄ သားတော်ဟာ ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်ပဲ။ သူ သေရာကနေ ရှင်ပြန်ထမြောက်လာချိန်မှာ ဘုရားသခင်ရဲ့ သားဖြစ်ကြောင်း သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးအားဖြင့် ထင်ရှားလာတယ်။ ၅ သူကတစ်ဆင့် မဟာကရုဏာတော်နဲ့ တမန်တော်တာဝန်ကို ကျွန်တော်တို့ ရရှိကြတယ်။ လူမျိုးအပေါင်း ယုံကြည်ပြီး နာခံခြင်းအားဖြင့် သူ့ရဲ့နာမည်ကို ဂုဏ်တင်လာကြဖို့ပဲ။ ၆ ခင်ဗျားတို့လည်း အဲဒီလူမျိုးအပေါင်းထဲမှာ ပါဝင်တဲ့အတွက် ယေရှုခရစ်ရဲ့ နောက်လိုက်တွေ ဖြစ်လာဖို့ ဘုရားသခင် ရွေးချယ်တဲ့သူတွေ ဖြစ်တယ်။ ၇ ရောမမြို့မှာရှိတဲ့ ဘုရားသခင် ချစ်မြတ်နိုးသူ၊ သန့်ရှင်းသူအဖြစ် ရွေးချယ်ခံရသူ အားလုံးဆီ ကျွန်တော် စာရေးလိုက်ပါတယ်- အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာတော်နဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၈ ဦးဆုံး၊ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ယေရှုခရစ်ကတစ်ဆင့် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ချီးမွမ်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်လောကလုံးမှာရှိတဲ့ လူတွေက ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းအကြောင်း ပြောဆိုနေကြလို့ပဲ။ ၉ ကျွန်တော်ဟာ သားတော်နဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုပါတယ်။ ကျွန်တော် ဆုတောင်းတဲ့အခါတိုင်း ခင်ဗျားတို့အတွက် အမြဲတောင်းပေးမှန်း ဘုရားသခင်ဟာ သက်သေပဲ။ ၁၀ ဘုရားသခင်အလိုရှိရင် မကြာမီ ခင်ဗျားတို့ဆီ တစ်နည်းနည်းနဲ့ လာခွင့်ရဖို့ ဆုတောင်းနေတယ်။ ၁၁ ခင်ဗျားတို့ကို သိပ်တွေ့ချင်တယ်။ ဘုရားသခင်ဆီက ဆုကျေးဇူးကို ဝေမျှပေးပြီး ခင်ဗျားတို့ကို မြဲမြံခိုင်ခံ့စေချင်လို့ပါ။ ၁၂ တစ်နည်းအားဖြင့် ခင်ဗျားတို့ရော ကျွန်တော်ပါ ကိုယ့်ရဲ့ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေးခွင့်ရချင်လို့ပါ။ ၁၃ ညီအစ်ကိုတို့၊ လူမျိုးခြားတွေဆီမှာ ကျွန်တော် ဟောပြောတဲ့အခါ ရလဒ်ကောင်းတွေ ရခဲ့သလို ခင်ဗျားတို့ဆီမှာလည်း ရလဒ်ကောင်းတွေ ရချင်လို့ ခင်ဗျားတို့ဆီလာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်ဆိုတာ သိစေချင်တယ်။ အခုချိန်ထိတော့ ကျွန်တော်လာလို့ မရသေးဘူး။ ၁၄ ဂရိလူမျိုး၊ တိုင်းတစ်ပါးသား၊ ဉာဏ်ပညာရှိသူ၊ အသိဉာဏ်မဲ့သူ အားလုံးကို ကျွန်တော် အကြွေးတင်နေတယ်။ ၁၅ ဒါကြောင့် ရောမမြို့မှာရှိတဲ့ ခင်ဗျားတို့ကိုလည်း သတင်းကောင်း သိပ်ပြောပြချင်တယ်။ ၁၆ သတင်းကောင်းအတွက် ကျွန်တော် မရှက်ပါဘူး။ သတင်းကောင်းဟာ ယုံကြည်ခြင်းရှိသူတိုင်းကို ကယ်တင်ခြင်းရစေတဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်ပဲ။ ဦးဆုံး ဂျူးလူမျိုး၊ ပြီးတဲ့နောက် ဂရိလူမျိုးပါ သတင်းကောင်း ကြားခဲ့ရတယ်။ ၁၇ ယုံကြည်ခြင်းရှိသူတွေဟာ သတင်းကောင်းအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ထင်ရှားလာတာကို မြင်တွေ့ပြီး ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ “ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းကြောင့် အသက်ရှင်လိမ့်မယ်” ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။
ဖေဖော်ဝါရီ ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ရောမ ၄-၆
“ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြ တယ်”
(ရောမ ၅:၈) ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့တယ်။ ဒီနည်းနဲ့ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြတယ်။
(ရောမ ၅:၁၂) အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။
ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြတယ်
၅ ဒီအကြောင်းကို ပေါလု ဒီလိုအစပြုပြောဆိုခဲ့တယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရော. ၅:၁၂) လူ့အသက် ဘယ်လို စတင်တယ်ဆိုတဲ့အကြောင်း ဘုရားသခင် မှတ်တမ်းတင်စေခဲ့တဲ့အတွက် ဒီအကြောင်းကို ကျွန်ုပ်တို့ သိရတယ်။ ယေဟောဝါက လူသားမောင်နှံ အာဒံနဲ့ဧဝကို ဖန်ဆင်းခဲ့တယ်။ ဖန်ဆင်းရှင်က စုံလင်တယ်၊ ကျွန်ုပ်တို့ရဲ့ ဘိုးဘေးဖြစ်တဲ့ ပထမ လူသားမောင်နှံလည်း စုံလင်ခဲ့တယ်။ ဘုရားသခင်က သူတို့ကို စည်းကမ်းချက်တစ်ခု သတ်မှတ်ပေးခဲ့ပြီး အဲဒါကို မလိုက်နာဘူးဆိုရင် သေရမယ်လို့ ပြောခဲ့တယ်။ (က. ၂:၁၇) ဒါပေမဲ့ သူတို့က ဘုရားသခင်ရဲ့ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ စည်းကမ်း သတ်မှတ်ချက်ကို ဖောက်ဖျက်ခြင်းအားဖြင့် ပညတ်ပေးရှင်၊ အကြွင်းမဲ့ ပိုင်သအုပ်စိုးရှင်ကို ငြင်းပယ်ခဲ့တယ်။—တရား. ၃၂:၄၊ ၅။
(ရောမ ၅:၁၃၊ ၁၄) ပညတ်တရား မရှိခင်ကတည်းက လူ့လောကမှာ အပြစ်ဆိုတာ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ပညတ်ဥပဒေ မရှိတဲ့အတွက် အပြစ်ကျူးလွန်သူအဖြစ် ဘယ်သူ့ကိုမှ သတ်မှတ်လို့မရဘူး။ ၁၄ အာဒံလက်ထက်ကနေ မောရှေလက်ထက်အထိ သေခြင်းက ဘုရင်တစ်ပါးလို ကြီးစိုးခဲ့တယ်။ အာဒံ အပြစ်ကျူးလွန်ခဲ့သလို မကျူးလွန်တဲ့သူတွေကိုတောင် ကြီးစိုးခဲ့တယ်။ အာဒံဟာ နောင်တစ်ချိန်မှာ ပေါ်ထွန်းလာမယ့်သူနဲ့ ဆင်တူတယ်။
ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြတယ်
၆ အာဒံ အပြစ်ပြုပြီးနောက်မှ သားသမီးတွေ မွေးဖွားလာပြီး သူတို့အားလုံး အပြစ်နဲ့ အပြစ်ရဲ့ဆိုးကျိုးကို အမွေရခဲ့ကြတယ်။ သူတို့တွေက အာဒံလို ဘုရားသခင့် ပညတ်ကို မချိုးဖောက်ခဲ့ဘူး၊ သူတို့ကို ဘာပညတ်မှ မပေးထားဘူး ဆိုတာတော့ မှန်ပါတယ်။ (က. ၂:၁၇) ဒါပေမဲ့ အာဒံရဲ့ သားစဉ်မြေးဆက်တွေက အပြစ်တရားကို အမွေရခဲ့ကြတယ်။ ဒါကြောင့် အပြစ်နဲ့ သေခြင်းက အစိုးရခဲ့တယ်။ အစ္စရေးလူမျိုးကို ပညတ်တရားပေးလိုက်တဲ့အခါ သူတို့ဟာ အပြစ်သားတွေ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလာတယ်။ (ရောမ ၅:၁၃၊ ၁၄ ကိုဖတ်ပါ။) အမွေခံရတဲ့ အပြစ်ရဲ့ ဆိုးကျိုးကို မျိုးရိုးလိုက်ရောဂါတွေဖြစ်တဲ့ သွေးမတိတ်ရောဂါ၊ သွေးအားနည်း ရောဂါတွေနဲ့ ဥပမာပေးနိုင်တယ်။ ရုရှားဘုရင် နီကိုလပ်စ် ၂ နဲ့ အလက်ဇန္ဒရားတို့ရဲ့ သား အဲလက်ဇေမှာ ဒီမျိုးရိုးလိုက် သွေးမတိတ်ရောဂါ ရှိတယ်ဆိုတာ ဖတ်ဖူးပါလိမ့်မယ်။ ဒီလိုမိသားစုမှာ ကလေးတချို့က ဒီရောဂါ ရှိနေပေမဲ့ ရောဂါလက္ခဏာ မပြဘဲ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ အပြစ်တရားက ဒီလိုမဟုတ်ဘူး။ အာဒံထံကရရှိတဲ့ အပြစ်ရဲ့အကျိုးဆက်ကိုတော့ ရှောင်လွှဲလို့မရဘူး။ အားလုံး မလွဲမသွေ ခံစားကြရ တယ်။ အားလုံး သေကြရတယ်။ သားစဉ်မြေးဆက်အားလုံး အမွေခံကြရတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ပါဦးမလား။
(ရောမ ၅:၁၈) ဒီတော့ အပြစ်တစ်ခုကြောင့် လူအမျိုးမျိုး ပြစ်ဒဏ်စီရင်ခံရတယ်။ အလားတူ၊ ဖြောင့်မတ်ရာရောက်စေတဲ့ လုပ်ရပ်တစ်ခုကြောင့် လူအမျိုးမျိုးက ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရပြီး အသက်ရနိုင်ကြမယ်။
(ရောမ ၅:၂၁) ဘာအတွက် တိုးများရတာလဲ။ အပြစ်နဲ့ သေခြင်းက ဘုရင်တစ်ပါးလို စိုးမိုးနေသလို မဟာကရုဏာတော်ကလည်း လူတွေကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်ပြီး ဘုရင်တစ်ပါးလို စိုးမိုးနေဖို့ပဲ။ ဒီနည်းနဲ့ လူတွေက သခင်ယေရှုခရစ်ကြောင့် ထာဝရအသက် ရနိုင်ကြမယ်။
ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြတယ်
၉ “ဖြောင့်မတ်ရာသို့ ရောက်စေ၏” ဆိုတဲ့ ဂရိအသုံးအနှုန်းက ဘာအဓိပ္ပာယ်လဲ။ ကျမ်းစာဘာသာပြန်သူ ဒေါက်တာ ဒေးဗစ် ဂျေ. ဝီလျံက ဒီလိုရေးခဲ့တယ်– “ဒီဂရိအသုံးအနှုန်းက တရားဥပဒေအသုံးအနှုန်းနဲ့ ဆက်စပ်တယ်။ တရားခံကိုယ်နှိုက်က တစ်နည်းနည်းနဲ့ ပြောင်းလဲသွားတာ မဟုတ်ဘဲ သူ့အပေါ် ဘုရားသခင် အမြင်ပြောင်းလဲသွားတာ ဖြစ်တယ်။ မဖြောင့်မတ်ဘူးလို့ စွပ်စွဲခံရတဲ့ တရားခံက ဘုရားသခင်ရဲ့ တရားရုံးကို ရောက်သွားပြီး ဘုရားသခင်က သူ့ကို အမှုကနေ တရားသေလွှတ်ပေးလိုက်တဲ့ အဓိပ္ပာယ်မျိုးဖြစ်တယ်။”
၁၀ “မြေကြီးလုံးကိုစီရင်တော်မူသော” ဖြောင့်မတ်တဲ့သခင်က ဘယ်အရာအပေါ် အခြေခံပြီး မဖြောင့်မတ်တဲ့သူတစ်ဦးကို အပြစ်ကနေ တရားသေလွှတ်လိုက်တာလဲ။ (က. ၁၈:၂၅) မိမိရဲ့ တစ်ဦးတည်းသောသားတော်ကို ဘုရားသခင် မေတ္တာပါစွာ စေလွှတ်ခြင်းက အရေးပါတဲ့ အခြေခံအချက်တစ်ချက် ဖြစ်တယ်။ သွေးဆောင်မှု၊ ကဲ့ရဲ့ပြောင်လှောင်မှုနဲ့ မတော်မတရားဆက်ဆံမှုတွေကြားမှာ ယေရှုက ခမည်းတော်ရဲ့အလိုတော်ကို အပြည့်အဝ လုပ်ဆောင်ခဲ့တယ်။ ညှဉ်းဆဲရာနှက်တိုင်ပေါ်မှာ အသေခံသွားတဲ့အထိ တည်ကြည်မှု တင်ပြခဲ့တယ်။ (ဟေဗြဲ ၂:၁၀) ယေရှုက မိမိရဲ့စုံလင်တဲ့အသက်ကို ပူဇော်ခြင်းအားဖြင့် အာဒံရဲ့ သားစဉ်မြေးဆက်တွေကို အပြစ်နဲ့သေခြင်းကနေ ရွေးနုတ်ခဲ့တယ်။—မ. ၂၀:၂၈; ရော. ၅:၆-၈။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ရောမ ၆:၃-၅) ကျွန်တော်တို့အားလုံး နှစ်ခြင်းခံပြီး ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီဆိုတော့ ခရစ်တော်နဲ့အတူ သေခြင်းမှာ နှစ်ခြင်းခံရမယ်ဆိုတာ မသိကြဘူးလား။ ၄ ကျွန်တော်တို့က ခရစ်တော်ရဲ့သေခြင်းမှာ နှစ်ခြင်းခံထားတဲ့အတွက် ခရစ်တော်နဲ့အတူ သင်္ဂြိုဟ်ခံရတယ်။ အဖဘုရားရဲ့ ဘုန်းတော်ကြောင့် ခရစ်တော်ဟာ သေရာကနေ အသက်ပြန်ရှင်လာသလို ကျွန်တော်တို့လည်း ဘဝလမ်းစဉ်သစ်မှာ လျှောက်လှမ်းရမယ်။ ၅ ခရစ်တော်လို သေဆုံးတယ်ဆိုရင် ခရစ်တော်လို ရှင်ပြန်ထမြောက်လာမှာ သေချာတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကြတယ်။
ရောမမြို့သားများထံ ရေးသောစာမှ ပေါ်လွင်ချက်များ
၆:၃-၅—ခရစ်တော်ယေရှု၌ နှစ်ခြင်းခံခြင်းနှင့် ကိုယ်တော်၏သေခြင်း၌ နှစ်ခြင်းခံခြင်းကား အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယေဟောဝါသည် ခရစ်တော်၏ နောက်လိုက်များကို သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးလိုက်သောအခါ သူတို့သည် ယေရှုနှင့်အတူ ပူးပေါင်းကြပြီး ခရစ်တော်၏ကိုယ်ဖြစ်သော အသင်းတော်သားများ ဖြစ်လာကြသည်၊ ခရစ်တော်သည် အသင်းတော်၏ဦးခေါင်း ဖြစ်သည်။ (၁ ကော. ၁၂:၁၂၊ ၁၃၊ ၂၇; ကော. ၁:၁၈) ယင်းသည် သူတို့အတွက် ခရစ်တော်ယေရှု၌ နှစ်ခြင်းခံခြင်းဖြစ်သည်။ ဘိသိက်ပေးခံရသောခရစ်ယာန်များသည် “[ခရစ်တော်၏] သေခြင်း၌ နှစ်ခြင်းခံ” သည်ဆိုရာ၌လည်း သူတို့သည် ကိုယ်ကျိုးစွန့်အသက်တာဖြင့် အသက်ရှင်ပြီး မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မည်သည့်မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် သူတို့၏သေခြင်းတွင် ရွေးနုတ်ဖိုးတန်ဖိုး မပါသော်လည်း သူတို့၏သေခြင်းသည် ယေရှု၏သေခြင်းကဲ့သို့ပင် ပူဇော်ရာယဇ်တစ်ခုဖြစ်သည်။ ခရစ်တော်၏သေခြင်း၌ခံသော ဤနှစ်ခြင်းသည် သူတို့ သေဆုံးပြီး ကောင်းကင်သို့ ထမြောက်ချိန်တွင် ပြီးပြည့်စုံသွားသည်။
(ရောမ ၆:၇) လူတစ်ယောက် သေဆုံးပြီဆိုရင် အပြစ်ရဲ့လက်အောက်ကနေ လွတ်မြောက်သွားပြီ။
ကွယ်လွန်သွားတဲ့ ဘိုးဘေးတွေအတွက် ဘာမျှော်လင့်ချက်ရှိသလဲ
မဖြောင့်မတ်တဲ့သူတွေ အသက်ပြန်ရှင်လာတဲ့အခါ သူတို့မသေခင်က လုပ်ရပ်တွေအပေါ် မူတည်ပြီး တရားစီရင်မှာလား။ မဟုတ်ပါဘူး။ “သေသောသူသည် အပြစ်တရား၏လက်မှ ကင်းလွတ်ပြီ” လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ရောမ ၆:၇) မဖြောင့်မတ်တဲ့သူတွေဟာ သူတို့ရဲ့အပြစ်အတွက် သေခဲ့ပြီးပါပြီ။ ဒါကြောင့် မသေခင်က လုပ်ရပ်ပေါ်မဟုတ်ဘဲ အသက်ပြန်ရှင်လာပြီးနောက် သူတို့ရဲ့ လုပ်ရပ်ပေါ်မှာ မူတည်ပြီး တရားစီရင်ပါလိမ့်မယ်။ သူတို့ ဘာအကျိုးကျေးဇူး ရရှိကြမလဲ။
ကျမ်းစာဖတ်ရှုခြင်း
(ရောမ ၄:၁-၁၅) အဲဒီလိုဆိုရင် ဘိုးဘေးအာဗြဟံက ဘာအကျိုးရခဲ့သလဲ။ ၂ တကယ်လို့ သူက လုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်ဆိုရင် ဝါကြွားစရာအကြောင်း ရှိပေမဲ့ ဘုရားသခင့်ရှေ့မှာတော့ ဝါကြွားလို့ မရဘူး။ ၃ ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ။ “အာဗြဟံက ယေဟောဝါကို ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်” ဆိုပြီး ပြောထားတယ်။ ၄ လူတစ်ယောက် အလုပ်လုပ်ပြီး အခကြေးငွေ ရလာတဲ့အခါ မဟာကရုဏာကြောင့် ရတာမဟုတ်ဘဲ ရထိုက်လို့ရတာလို့ ယူမှတ်ကြတယ်။ ၅ ဘုရားတရားမဲ့သူကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်တဲ့အရှင်ကို ယုံကြည်သူကတော့ လုပ်ရပ်မပါရင်တောင် သူ့ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူလို့ သတ်မှတ်ခံရတယ်။ ၆ လူတစ်ယောက်က ပညတ်ကို အပြည့်အဝ မစောင့်ထိန်းနိုင်ပေမဲ့ ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။ သူလိုလူရဲ့ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး ဒါဝိဒ်ကလည်း၊ ၇ “ကျူးလွန်ခဲ့တဲ့ တရားမဲ့လုပ်ရပ်တွေ ခွင့်လွှတ်ခံရသူ၊ အပြစ်တွေ ဖုံးအုပ်ခံရသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ၈ အပြစ်ရှိတယ်လို့ ယေဟောဝါ လုံးဝ မယူမှတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ပြောခဲ့တယ်။ ၉ အဲဒီပျော်ရွှင်မှုကို အရေဖျား ဖြတ်ထားသူတွေပဲ ခံစားရတာလား။ အရေဖျား မဖြတ်ထားသူတွေရော မခံစားရဘူးလား။ “အာဗြဟံက ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်” လို့ ကျွန်တော်တို့ ပြောခဲ့ဖူးတယ်။ ၁၀ ဒါဆိုရင် ဘယ်အခြေအနေမှာ သူ အဲဒီလို သတ်မှတ်ခံရတာလဲ။ အရေဖျားဖြတ်ပြီးမှလား၊ မဖြတ်ခင်ကလား။ ဖြတ်ပြီးမှ မဟုတ်ပါဘူး၊ မဖြတ်ခင်ကတည်းက သတ်မှတ်ခံခဲ့ရတာပါ။ ၁၁ ဘုရားသခင်က အာဗြဟံကို အရေဖျားဖြတ်ခိုင်းတယ်။ ဒါဟာ သူအရေဖျား မဖြတ်ခင်ကတည်းက ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူဖြစ်ခဲ့ကြောင်း ဖော်ပြတဲ့ အမှတ်အသားပဲ။ ဒါကြောင့် အာဗြဟံဟာ အရေဖျား မဖြတ်သေးပေမဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေရဲ့ ဖခင်ဖြစ်လာခဲ့တယ်။ ၁၂ ဘိုးဘေးအာဗြဟံဟာ အရေဖျားဖြတ်သူတွေရဲ့ ဖခင်ပဲ။ ဒါပေမဲ့ အရေဖျားဖြတ်ရမယ်ဆိုတဲ့ ပညတ်ကို စွဲစွဲမြဲမြဲလိုက်နာတဲ့ လူတွေရဲ့ ဖခင်ပဲ မဟုတ်ဘူး။ သူ့ရဲ့ယုံကြည်ခြင်း ခြေရာအတိုင်း လိုက်လျှောက်သူတွေရဲ့ ဖခင်လည်း ဖြစ်တယ်။ တကယ်တော့ အာဗြဟံဟာ အရေဖျား မဖြတ်ခင်ကတည်းက အဲဒီလို ယုံကြည်ခြင်းမျိုး ရှိခဲ့တယ်။ ၁၃ အာဗြဟံနဲ့ သူ့မျိုးနွယ်က ဒီလောကကို အမွေခံရမယ်ဆိုတဲ့ ကတိတော်ကို ပညတ်စောင့်ထိန်းလို့ ရခဲ့တာမဟုတ်ဘူး။ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရလို့ အဲဒီကတိကို ရခဲ့တာ။ ၁၄ ပညတ်ကို စွဲစွဲမြဲမြဲ လိုက်နာသူတွေပဲ အမွေခံရမယ်ဆိုရင် ယုံကြည်ခြင်းဟာ အချည်းနှီး ဖြစ်သွားမှာပေါ့။ ကတိတော်လည်း ပျက်ပြယ်သွားမှာပေါ့။ ၁၅ အဖြစ်မှန်ကတော့ ပညတ်တရားက အမျက်တော်သင့်စေတယ်။ ပညတ်ဥပဒေမရှိရင် အပြစ်ကျူးလွန်ခြင်းဆိုတာ ရှိမှာမဟုတ်ဘူး။
ဖေဖော်ဝါရီ ၁၈-၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ရောမ ၇-၈
“သင် ‘မျှော်လင့်တကြီး စောင့်ဆိုင်းနေ’ သလား”
(ရောမ ၈:၁၉) ဘုရားသခင်ရဲ့ ဖန်ဆင်းရာတွေက ဘုရားသခင်ရဲ့သားတွေ ပေါ်ထွန်းမယ့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြတယ်။
စစ်မှန်တဲ့ လွတ်လပ်မှုရဖို့ ယေဟောဝါကို ဦးဆောင်ခွင့်ပေးပါ
၁၇ မြေကြီးပေါ်မှာရှိတဲ့ မိမိလူမျိုးကို ယေဟောဝါပေးမယ့် လွတ်လပ်မှုအကြောင်း ပေါလု ရေးခဲ့တယ်။ သူ ဒီလိုပြောတယ်– “ဖန်ဆင်းခံအရာများသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းကို အလွန်တောင့်တ စောင့်မျှော်လျက် နေကြ၏။” အဲဒီနောက် သူ ဒီလိုထပ်ပြောတယ်– ‘ဖန်ဆင်းခံ အရာများသည် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှုဘုန်းကို ခံစားရလိမ့်မည်။’ (ရော. ၈:၁၉-၂၁) “ဖန်ဆင်းခံအရာများ” ဆိုတာက မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိပြီး “ဘုရားသခင့်သား” တွေဖြစ်တဲ့ ကောင်းကင်အတန်းအစားတွေရဲ့ “ပေါ်ထွန်းခြင်း” ကနေ အကျိုးခံစားရမယ့် လူသားတွေကို ရည်ညွှန်းတယ်။ ကောင်းကင်ကို ရောက်ရှိသွားပြီး ဖြစ်တဲ့ ဘုရားသခင့်သားတွေဟာ ခရစ်တော်နဲ့အတူ ဆိုးညစ်သူအားလုံးကို ဖျက်ဆီးပြီး “လူအုပ်ကြီး” ကို စနစ်သစ်ထဲ ပို့ဆောင်ပေးရာမှာ ပါဝင်ကူညီခြင်းအားဖြင့် ဒီပေါ်ထွန်းခြင်း စတင်ပါလိမ့်မယ်။—ဗျာ. ၇:၉၊ ၁၄။
(ရောမ ၈:၂၀) ဘာကြောင့်လဲဆိုတော့ ဖန်ဆင်းရာတွေ အချည်းနှီးအဖြစ်ကို ရောက်ခဲ့ရလို့ပဲ။ ဆန္ဒအလျောက် ရောက်ခဲ့ရတာတော့ မဟုတ်ဘူး။ အချည်းနှီးအဖြစ်ကို ရောက်သွားအောင် ခွင့်ပြုလိုက်တဲ့ အရှင်ရဲ့ အလိုတော်ကြောင့်သာ ဖြစ်ရတာပါ။ ဒါပေမဲ့ အဲဒီအရှင်ပေးထားတဲ့ မျှော်လင့်ချက်ကတော့၊
မျှော်လင့်ခြင်းမှာ ဝမ်းမြောက်ပါ
၁၁ ကတိထားရာ “အမျိုးအနွယ်” အားဖြင့် လူသားတွေကို စာတန့်ချုပ်နှောင်မှုအောက်ကနေ လွတ်မြောက်စေမယ်လို့ ယေဟောဝါ ကတိပေးခဲ့ချိန်မှာ လူသားတွေကို ကိုယ်တော် “မျှော်လင့်ချက်” ပေးခဲ့တယ်။ (က. ၃:၁၅; ဗျာ. ၁၂:၉) အမျိုးအနွယ်ရဲ့ အဓိကအပိုင်းက ယေရှုခရစ်ဖြစ်တယ်။ (ဂလ. ၃:၁၆) ယေရှုရဲ့သေခြင်းနဲ့ ထမြောက်ခြင်းက လူတွေကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိစေခဲ့တယ်။ ဒီမျှော်လင့်ချက်က ကောင်းကင်ကို ရောက်ရှိသွားပြီဖြစ်တဲ့ “ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း” နဲ့ ဆက်စပ်တယ်။ သူတို့က အမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းဖြစ်တယ်။ စာတန့်ဆိုးညစ်တဲ့စနစ်ကို ခရစ်တော် ဖျက်ဆီးတဲ့အချိန်မှာ သူတို့ ပါဝင်ကူညီခြင်းအားဖြင့် ခရစ်တော်နဲ့တွဲဖက်အုပ်ချုပ်တဲ့ ဘုရင်တွေအဖြစ် ပေါ်ထွန်းမှာဖြစ်တယ်။ (ဗျာ. ၂:၂၆၊ ၂၇) ဒါက ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာတဲ့ အခြားသိုးတွေအတွက် ကယ်တင်ခြင်း ဖြစ်ပါလိမ့်မယ်။—ဗျာ. ၇:၉၊ ၁၀၊ ၁၄။
(ရောမ ၈:၂၁) ဖန်ဆင်းရာတွေဟာ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီး ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစားရမယ်ဆိုတဲ့ အချက်ပဲ။
မျှော်လင့်ခြင်းမှာ ဝမ်းမြောက်ပါ
၁၂ ခရစ်တော်ရဲ့ အနှစ်တစ်ထောင်အုပ်ချုပ်မှုက လူသားတွေအတွက် တကယ့်လွတ်မြောက်မှုကြီး ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ “ဘုရားသခင့်သား” တွေက နောက်တစ်နည်းနဲ့ ပေါ်ထွန်းမှာဖြစ်တယ်။ သူတို့က ခရစ်တော်နဲ့အတူ ယဇ်ပုရောဟိတ်တွေအဖြစ် အမှုဆောင်ပြီး ယေရှုရဲ့ ပူဇော်ရာယဇ်အကျိုးကို လူတွေခံစားရဖို့ ကူညီပေးမယ်။ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကြီးကို အုပ်ချုပ်တဲ့အခါ နာခံတဲ့လူသားတွေဟာ တဖြည်းဖြည်းနဲ့ “ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့” ဖြစ်တဲ့ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ကြပါလိမ့်မယ်။ သူတို့က အနှစ်တစ်ထောင်အတွင်းနဲ့ နောက်ဆုံးစမ်းသပ်မှု ရောက်လာတဲ့အချိန်အထိ ဆက်သစ္စာရှိသွားမယ်ဆိုရင် သူတို့ရဲ့နာမည်တွေဟာ “အသက်စာစောင်” မှာ ထာဝစဉ် ရေးမှတ်ခြင်းခံရမှာ ဖြစ်တယ်။ သူတို့က “ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေကို ခံစားရ” ပါလိမ့်မယ်။ (ဗျာ. ၂၀:၇၊ ၈၊ ၁၁၊ ၁၂) တကယ့် အံ့ဖွယ်မျှော်လင့်ချက်ပါပဲ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ရောမ ၈:၆) အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေတာက သေစေနိုင်တယ်။ စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေဆီ စိတ်ရောက်နေတာက အသက်ရှင်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ရရှိစေနိုင်တယ်။
က၁၇.၀၆ ၃
သင် မှတ်မိသလား
“လူ့ဇာတိနှင့်ဆိုင်သောအရာများ” နဲ့ “ဘုရားသခင်နှင့်စပ်ဆိုင်ရာများ” ဘယ်လို ကွာခြားသလဲ။ (ရော. ၈:၆)
လူ့ဇာတိနဲ့ဆိုင်တဲ့အရာတွေကို လုပ်ဆောင်တဲ့သူက မစုံလင်တဲ့ လူ့ဇာတိအလိုဆန္ဒတွေကို အာရုံစိုက်ပြီး တစ်ချိန်လုံး အမွှမ်းတင်ပြောဆိုတယ်။ ဘုရားသခင်နဲ့စပ်ဆိုင်ရာတွေကို လုပ်ဆောင်သူက ဘဝမှာ ဘုရားသခင်နဲ့ စပ်ဆိုင်ရာတွေ၊ ဘုရားရဲ့ အတွေးအခေါ်တွေကို အဓိကထားတယ်။ အဲဒီလိုခရစ်ယာန်တစ်ယောက်က သန့်ရှင်းသော စွမ်းအားတော်ရဲ့ လွှမ်းမိုးမှုကို ခံယူတယ်။ လူ့ဇာတိနဲ့ဆိုင်တဲ့အရာက သေခြင်းကို ဖြစ်စေတယ်။ ဘုရားနဲ့စပ်ဆိုင်ရာတွေက အသက်နဲ့ ငြိမ်သက်ခြင်း ရရှိစေတယ်။—က၁၆.၁၂၊ စာ. ၁၅-၁၇။
(ရောမ ၈:၂၆၊ ၂၇) အလားတူ၊ စွမ်းအားတော်က ကျွန်တော်တို့ အားနည်းနေချိန်မှာ ကူညီမစပေးတယ်။ ဆုတောင်းရမယ်ဆိုတာ သိပေမဲ့ တစ်ခါတလေ ဘာအတွက် ဆုတောင်းရမှန်းမသိ ဖြစ်တတ်တယ်။ စကားလုံးတွေနဲ့ မဖော်ပြနိုင်ဘဲ ညည်းတွားနေရတဲ့အခါမျိုးမှာ စွမ်းအားတော်ကိုယ်တိုင် ကျွန်တော်တို့အတွက် အသနားခံပေးတယ်။ ၂၇ စိတ်နှလုံးကို စစ်ဆေးတဲ့အရှင်က သန့်ရှင်းသူတွေအတွက် စွမ်းအားတော် အသနားခံပေးတဲ့အရာကို သိတယ်။ ဘာလို့လဲဆိုတော့ စွမ်းအားတော်က ဘုရားသခင့် အလိုတော်နဲ့ညီတဲ့အရာကို အသနားခံပေးလို့ပဲ။
သင်၏ဆုတောင်းချက်များက သင့်အကြောင်း အဘယ်အရာ ဖော်ပြသနည်း
၂၀ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ သီးသန့်ဆုတောင်းချက်များတွင် အဘယ်အရာပြောဆိုရမည်ကို မသိဘဲဖြစ်ပေမည်။ “ငါတို့သည် အဘယ်အရာကို ဆုတောင်းသင့်ကြောင်း မသိကြ။ သို့ရာတွင် နှုတ်မမြွက်နိုင်သော ညည်းတွားရာများကို စွမ်းအားတော်ကိုယ်တိုင် အသနားခံပေး၏။ စိတ်နှလုံးကို စစ်တော်မူသောအရှင် [ဘုရားသခင်]သည် စွမ်းအားတော်၏သဘောကို သိတော်မူ၏” ဟု ပေါလုရေးခဲ့သည်။ (ရော. ၈:၂၆၊ ၂၇) ယေဟောဝါသည် ဆုတောင်းချက်များစွာကို ကျမ်းစာတွင် မှတ်တမ်းတင်စေခဲ့သည်။ ကိုယ်တော်သည် ကျမ်းစာပါအသနားခံချက်များကို ကျွန်ုပ်တို့၏ ဆုတောင်းချက်များအဖြစ် လက်ခံကာ ယင်းတို့ကို ဖြေကြားတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သိတော်မူသည့်အပြင် ကိုယ်တော့်စွမ်းအားတော်၏ လှုံ့ဆော်မှုဖြင့် ကျမ်းရေးသူများ ရေးသားသည့်အရာများ၏ အဓိပ္ပာယ်ကိုလည်း သိတော်မူ၏။ စွမ်းအားတော်က ကျွန်ုပ်တို့အတွက် “အသနားခံပေး” သောအခါ ကျွန်ုပ်တို့၏ တိုးလျှိုးအသနားခံချက်များကို ယေဟောဝါ ဖြေကြားတော်မူသည်။ သို့သော် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာနှင့် အကျွမ်းတဝင် ဖြစ်လာသည်နှင့်အမျှ ကျွန်ုပ်တို့ တောင်းလျှောက်သင့်သည့်အရာများ စိတ်တွင် အလိုအလျောက် ပေါ်လာပေမည်။
ကျမ်းစာဖတ်ရှုခြင်း
(ရောမ ၇:၁၃-၂၅) ဒါဆိုရင် ကောင်းမြတ်တဲ့အရာက ကျွန်တော့်ကို သေစေတာလား။ လုံးဝ မဟုတ်ပါဘူး။ အပြစ်ကသာ သေစေတာပါ။ အပြစ်က မိမိရဲ့ သဘောသဘာဝကို ဖော်ပြဖို့ ကောင်းမြတ်တဲ့အရာအားဖြင့် ကျွန်တော့်ကို သေစေတာပါ။ ဒီနည်းနဲ့ အပြစ်ဟာ သိပ်ဆိုးရွားမှန်း ပညတ်ချက်ကြောင့် ပိုထင်ရှားလာတယ်။ ၁၄ ပညတ်တရားကို ဘုရားသခင်ဆီက ရခဲ့မှန်း ကျွန်တော်တို့ သိတယ်။ ကျွန်တော်ကတော့ အပြစ်ရဲ့လက်ထဲ ရောင်းစားခံရသူ၊ အပြစ်ရှိသူပါ။ ၁၅ ကိုယ်ဘာလုပ်နေမှန်း ကိုယ်နားမလည်ဘူးကိုး။ ကိုယ်လုပ်ချင်တာကို မလုပ်ဘဲ ကိုယ်မုန်းတဲ့အရာကိုမှ လုပ်မိနေတာကိုး။ ၁၆ ဒါပေမဲ့ ကိုယ်မလုပ်ချင်တာကိုမှ လုပ်မိတယ်ဆိုရင် ပညတ်တရား ကောင်းမြတ်မှန်း ကျွန်တော် ဝန်ခံလိုက်တာပဲ။ ၁၇ ဒါဆိုရင် မကောင်းတာလုပ်တဲ့သူဟာ ကျွန်တော် မဟုတ်တော့ဘူး။ ကျွန်တော့်ဆီမှာ ကိန်းအောင်းနေတဲ့ အပြစ်က လုပ်နေတာ။ ၁၈ ကျွန်တော့်ဆီမှာ တစ်နည်းအားဖြင့် ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ ကောင်းတာတစ်ခုမှ မရှိမှန်း သိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ကောင်းတာလုပ်ချင်တဲ့ ဆန္ဒတော့ ရှိပါရဲ့၊ ခက်တာက လုပ်နိုင်စွမ်းမရှိဘူး ဖြစ်နေတယ်။ ၁၉ လုပ်ချင်တဲ့ကောင်းမှုကို မလုပ်ဘဲ မလုပ်ချင်တဲ့ မကောင်းမှုကိုမှ လုပ်မိနေတယ်။ ၂၀ မလုပ်ချင်တာကို လုပ်မိတယ်ဆိုရင် လုပ်တဲ့သူဟာ ကျွန်တော် မဟုတ်တော့ဘူး။ ကျွန်တော့်ဆီမှာ ကိန်းအောင်းနေတဲ့ အပြစ်က လုပ်နေတာ။ ၂၁ ဒါကြောင့် ကိုယ်တွေ့သိလိုက်ရတဲ့ တရားတစ်ခုက မှန်တာကို လုပ်ချင်တဲ့အခါ မကောင်းတာလုပ်ချင်စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်ဆိုတဲ့ အချက်ပဲ။ ၂၂ ကျွန်တော်က ဘုရားသခင်ရဲ့ ပညတ်ကို စိတ်ထဲမှာ နှစ်နှစ်ကာကာ မြတ်နိုးပါတယ်။ ၂၃ ဒါပေမဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ တခြားတရားတစ်ခုက စိတ်ထဲကတရားကို တိုက်ခိုက်တဲ့အတွက် ကိုယ်ခန္ဓာထဲမှာရှိနေတဲ့ အပြစ်တရားရဲ့ ဖမ်းဆီးချုပ်နှောင်မှုအောက် ကျွန်တော် ရောက်သွားတာကို မြင်လိုက်တယ်။ ၂၄ ကျွန်တော့်အဖြစ် ဆိုးလိုက်တာ။ ဒီလိုအဖြစ်မျိုးနဲ့ သေဆုံးစေမယ့် ကိုယ်ခန္ဓာကနေ လွတ်မြောက်အောင် ဘယ်သူ ကယ်တင်ပေးမလဲ။ ၂၅ သခင်ယေရှုခရစ်အားဖြင့် ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ စိတ်ကတော့ ဘုရားသခင့်ပညတ်ရဲ့ကျွန် ဖြစ်နေပေမဲ့ ကိုယ်ခန္ဓာကတော့ အပြစ်ရဲ့ကျွန် ဖြစ်နေတယ်။
ဖေဖော်ဝါ ၂၅–မတ် ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ရောမ ၉-၁၁
“သံလွင်ပင် ပုံဥပမာ”
(ရောမ ၁၁:၁၆) ဦးဆုံး ဆက်သတဲ့ မုန့်ညက်တစ်ပိုင်းက သန့်ရှင်းရင် မုန့်ညက်တစ်ပုံလုံးလည်း သန့်ရှင်းတယ်။ အမြစ်က သန့်ရှင်းရင် အကိုင်းအခက်တွေလည်း သန့်ရှင်းတယ်။
‘ဘုရားသခင်၏ ဉာဏ်ပညာသည် အလွန်နက်နဲလှပေစွ’
၁၃ တမန်တော်ပေါလုက အာဗြဟံ အမျိုးအနွယ်အဝင် ဖြစ်လာမယ့် သူတွေကို ပုံဆောင်သံလွင်ပင်ရဲ့ အကိုင်းအခက်တွေနဲ့ နှိုင်းယှဉ်ခဲ့တယ်။ (ရော. ၁၁:၂၁) ဒီသံလွင်ပင်အယဉ်က အာဗြဟံနဲ့ဖွဲ့ခဲ့တဲ့ပဋိညာဉ်နဲ့ ပတ်သက်ပြီး ကိုယ်တော့် ရည်ရွယ်ချက်ပြည့်စုံမှုကို တင်စားတယ်။ သံလွင်ပင်အမြစ်က သန့်ရှင်းပြီး ပုံဆောင်အစ္စရေးလူမျိုးကို အသက်ပေးတဲ့အရှင် ယေဟောဝါကို တင်စားတယ်။ (ဟေရှာ. ၁၀:၂၀; ရော. ၁၁:၁၆) ပင်စည်က အာဗြဟံအမျိုးအနွယ်ရဲ့ အဓိက အပိုင်းဖြစ်တဲ့ ယေရှုကို တင်စားတယ်။ အကိုင်းအခက်တွေက အာဗြဟံအမျိုးအနွယ်ရဲ့ ဒုတိယ အပိုင်းမှာ ပါဝင်သူ ‘အရေအတွက်အပြည့်အစုံ’ ကိုတင်စားတယ်။
(ရောမ ၁၁:၁၇) ဒါပေမဲ့ ဘုရားသခင်က သံလွင်ပင်ကိုင်းတချို့ကို ခုတ်ဖြတ်ပြီး သံလွင်ပင်အရိုင်းဖြစ်တဲ့ ခင်ဗျားကို ကိုင်းဆက်လိုက်တဲ့အခါ ခင်ဗျားလည်း သံလွင်အမြစ်ရဲ့ အဆီအနှစ်တွေကို မျှဝေခံစားနေရတယ်။
(ရောမ ၁၁:၂၀၊ ၂၁) ဟုတ်ပါတယ်။ သူတို့က ယုံကြည်ခြင်းမရှိလို့ ခုတ်ဖြတ်ခံရတာ။ ခင်ဗျားကတော့ ယုံကြည်ခြင်းရှိလို့ ရပ်တည်နေတာ။ ဒါကြောင့် မာနမကြီးကြနဲ့။ သတိရှိနေကြပါ။ ၂၁ ဘုရားသခင်က သံလွင်ပင်ရဲ့ မူလအကိုင်းအခက်တွေကို မချန်ထားဘူးဆိုရင် ခင်ဗျားကိုလည်း ချန်ထားမှာ မဟုတ်ဘူး။
‘ဘုရားသခင်၏ ဉာဏ်ပညာသည် အလွန်နက်နဲလှပေစွ’
၁၅ ဒါကြောင့် ယေဟောဝါက မိမိရည်ရွယ်ချက်ပြည့်စုံဖို့ ဘာလုပ်ခဲ့သလဲ။ သံလွင်ပင်အယဉ်ရဲ့ ချိုးဖြတ်ခံရတဲ့ ကိုင်းတွေနေရာမှာ သံလွင်ပင်အရိုင်းက အကိုင်းတွေကို ယူပြီး ကိုင်းဆက်တယ်လို့ ပေါလု ရှင်းပြခဲ့တယ်။ (ရောမ ၁၁:၁၇၊ ၁၈ ကိုဖတ်ပါ။) ဒါကြောင့် ရောမအသင်းတော်မှာရှိတဲ့ ကောင်းကင်အတန်းအစားခရစ်ယာန်တချို့က ပုံဆောင်သံလွင်ပင်မှာ ကိုင်းဆက်ခံရသူတွေဖြစ်တယ်။ ဒီနည်းအားဖြင့် သူတို့က အာဗြဟံအမျိုးအနွယ်အဝင် ဖြစ်လာကြတယ်။ မူလကတော့ သူတို့က သံလွင်ပင်အရိုင်းရဲ့ အကိုင်းအခက်တွေနဲ့တူပြီး အာဗြဟံပဋိညာဉ်မှာ ပါဝင်ခွင့် မရခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တွေ ပုံဆောင်အစ္စရေးလူမျိုးအဝင်ဖြစ်ဖို့ ယေဟောဝါ လမ်းဖွင့်ပေးခဲ့တယ်။—ရော. ၂:၂၈၊ ၂၉။
(ရောမ ၁၁:၂၅၊ ၂၆) ညီအစ်ကိုတို့၊ မြင့်မြတ်လှတဲ့ ဒီလျှို့ဝှက်ချက်ကို ခင်ဗျားတို့ သတိမမူမိတာမျိုး မဖြစ်စေချင်ဘူး။ ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်နေကြမယ်။ အစ္စရေးတချို့ကတော့ စိတ်နှလုံး ထုံထိုင်းနေကြတယ်။ စုသိမ်းခံရမယ့် အရေအတွက်ဟာ လူမျိုးခြားတွေနဲ့ ပြည့်သွားတဲ့အချိန်အထိ သူတို့ အဲဒီလိုဖြစ်နေလိမ့်မယ်။ ၂၆ ဒီနည်းနဲ့ အစ္စရေးအားလုံး ကယ်တင်ခံရမယ်။ ကျမ်းစာမှာ “ကယ်တင်ရှင်က ဇိအုန်တောင်ကနေ ရောက်လာပြီး ဘုရားတရားမဲ့တဲ့ လုပ်ရပ်တွေကို ယာကုပ်အမျိုးကနေ ဖယ်ရှားမယ်။
‘ဘုရားသခင်၏ ဉာဏ်ပညာသည် အလွန်နက်နဲလှပေစွ’
၁၉ “ဘုရားသခင်၏ အစ္စရေးလူမျိုး” နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်က အမှန်ပဲ အံ့ဖွယ်နည်းနဲ့ ပြည့်စုံနေတယ်။ (ဂလ. ၆:၁၆) ပေါလုပြောတဲ့အတိုင်း “အစ္စရေးလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။” (ရော. ၁၁:၂၆) ယေဟောဝါ သတ်မှတ်ထားတဲ့အချိန်မှာ ပုံဆောင်အစ္စရေးလူမျိုး အရေအတွက်အပြည့်ဖြစ်တဲ့ “အစ္စရေးလူအပေါင်း” က ကောင်းကင်မှာ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေအနေနဲ့ အုပ်စိုးမှာဖြစ်တယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်တွေ မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်ဘူး။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ရောမ ၉:၂၁-၂၃) အိုးထိန်းသမားက အိုးမြေကို ကြိုက်သလိုလုပ်ပိုင်ခွင့် မရှိဘူးလား။ ရွှံ့တုံးတစ်တုံးတည်းကနေ အသရေရှိတဲ့အိုးရော အသရေမရှိတဲ့အိုးပါ လုပ်ပိုင်ခွင့်ရှိတယ် မဟုတ်ဘူးလား။ ၂၂ ဘုရားသခင်က အမျက်တော်ဖော်ပြဖို့၊ တန်ခိုးတော်ပြဖို့ အလိုရှိပေမဲ့ အမျက်တော်ခံထိုက်တဲ့ အိုးတွေကို အလွန်စိတ်ရှည်သည်းခံနေတာ ဆိုရင်ကော။ ၂၃ ဘုရားသခင်က ဘုန်းအသရေပေးအပ်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ကရုဏာခံထိုက်တဲ့ အိုးတွေကို မိမိရဲ့ ကြွယ်ဝလှတဲ့ ဘုန်းတော်ဖော်ပြဖို့ အဲဒီလို သည်းခံနေတာဆိုရင်ကော။
ယေဟောဝါ ပုံသွင်းတာကို လက်ခံပါ
၅ လူတွေက အိုးထိန်းသမားယေဟောဝါရဲ့ ပုံသွင်းမှုကို ခံယူဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်တယ်ဆိုရင်ကော။ အဲဒီအခါမှာ အိုးထိန်းသမားယေဟောဝါဟာ မိမိရဲ့အခွင့်အာဏာကို ဘယ်လို အသုံးပြုမလဲ။ ရွှံ့မြေကို လိုချင်တဲ့ အိုးပုံစံမျိုးရဖို့ ပုံသွင်းရခက်နေတယ်လို့ စဉ်းစားကြည့်ပါ။ အိုးထိန်းသမားဟာ နောက်အိုးတစ်မျိုးလုပ်ဖို့ ဆုံးဖြတ်နိုင်တယ်၊ ဒါမှမဟုတ် အဲဒီရွှံ့မြေတွေကို မသုံးတော့ဘဲ ပစ်လိုက်နိုင်တယ်။ အိုးထိန်းသမားက မှန်ကန်တဲ့နည်းနဲ့ ပုံမသွင်းဘူးဆိုရင် အဲဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အိုးထိန်းရှင်ဖြစ်တဲ့ ယေဟောဝါကတော့ လူတွေကို အမြဲပဲ မှန်ကန်တဲ့နည်းနဲ့ ပုံသွင်းတယ်။ (တရား. ၃၂:၄) လူတစ်ယောက်ဟာ ယေဟောဝါရဲ့ ပုံသွင်းမှုကို မခံယူဘူးဆိုရင် အဲဒါက အဲဒီလူရဲ့အမှားပဲ ဖြစ်တယ်။ ယေဟောဝါဟာ လူတွေရဲ့ တုံ့ပြန်ပုံပေါ်မူတည်ပြီး မိမိရဲ့ပုံသွင်းနည်းကို ပြုပြင်ချိန်ညှိတယ်။ လူတွေ ယေဟောဝါစကား နားထောင်တယ်ဆိုရင် သူတို့ဟာ ကိုယ်တော့်အတွက် အသုံးဝင်တဲ့သူတွေ ဖြစ်လာတယ်။ ဥပမာ၊ ဘိသိက်ခံခရစ်ယာန်တွေဟာ “အိုးမြတ်” တွေအဖြစ် ပုံသွင်းခံထားရတဲ့ “သနားတော်မူခြင်းခံရာအိုးများ” ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့်အကြံဉာဏ်ကို နားမထောင်သူတွေဟာ ‘ပျက်စီးခြင်းအတွက် ပြင်ဆင်ထားတဲ့ အမျက်တော်ခံရာအိုး’ တွေဖြစ်ကြတယ်။—ရော. ၉:၁၉-၂၃။
(ရောမ ၁၀:၂) သူတို့ဟာ ဘုရားသခင်အတွက် စိတ်ထက်သန်သူတွေဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်။ ဒါပေမဲ့ တိကျမှန်ကန်တဲ့ အသိပညာအတိုင်း မဟုတ်ဘူး။
it-1 ၁၂၆၀ ပိုဒ်. ၂
မနာလို၊ မနာလိုခြင်း
လွဲမှားတဲ့ စိတ်ထက်သန်မှု။ လူတစ်ယောက်ဟာ ကိစ္စတစ်ခုအတွက် စိတ်အားထက်သန်နေ၊ မနာလိုဖြစ်နေပေမဲ့ အဲဒီထက်သန်မှုက မှားနေနိုင်တယ်၊ ဘုရား မကြိုက်တာ ဖြစ်နေနိုင်တယ်။ ပထမရာစုက ဂျူးတွေ အဲဒီအတိုင်း ဖြစ်ခဲ့ကြတယ်။ မောရှေပညတ် တောင်းဆိုတဲ့အတိုင်း လုပ်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်ဖို့ ရှာကြံခဲ့ကြတယ်။ သူတို့ရဲ့ စိတ်အားထက်သန်မှုဟာ တိကျမှန်ကန်တဲ့ အသိပညာအတိုင်း မဟုတ်လို့ လွဲမှားနေကြောင်း ပေါလု ထောက်ပြခဲ့တယ်။ အဲဒါကြောင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း အစစ်အမှန်ကို သူတို့ မရရှိကြဘူး။ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့၊ ပညတ်တရားအရ ပြစ်ဒဏ်စီရင်တာ မခံရဖို့ သူတို့ဟာ ကိုယ့်အမှားကို မြင်ပြီး ခရစ်တော်ကတစ်ဆင့် ဘုရားသခင်ဆီ လှည့်လာကြရမယ်။ (ရော. ၁၀:၁-၁၀) အဲဒီအထဲမှာ တာရှုမြို့သား ရှောလုလည်း ပါတယ်။ သူဟာ ဂျူးဘာသာဝင် ဖြစ်ခဲ့တုန်းက စိတ်ထက်သန်လွန်းလို့ တစ်ဖက်စွန်း ရောက်ခဲ့တယ်။ “ဘုရားသခင်ရဲ့ အသင်းတော်ကို ရက်ရက်စက်စက် ညှဉ်းဆဲပြီး ဖျက်ဆီးပစ်ဖို့” သူ ကြိုးစားခဲ့တယ်။ ပညတ်တရားကို တစ်သဝေမတိမ်း လိုက်နာပြီး “ဖြောင့်မတ်ဖို့ ကြိုးစား” ခဲ့တယ်။ (ဂလ. ၁:၁၃၊ ၁၄။ ဖိ. ၃:၆) ဂျူးဘာသာအတွက် သူ့ရဲ့ စိတ်ထက်သန်မှုဟာ လွဲမှားနေတယ်။ ဒါပေမဲ့ သူဟာ စိတ်ရင်းမှန်သူဖြစ်လို့ ယေဟောဝါဘုရားက ခရစ်တော်ကတစ်ဆင့် သူ့ကို မဟာကရုဏာပြပြီး စစ်မှန်တဲ့ ဝတ်ပြုရေးထဲ ရောက်စေခဲ့တယ်။—၁တိ ၁:၁၂၊ ၁၃။
ကျမ်းစာဖတ်ရှုခြင်း
(ရောမ ၁၀:၁-၁၅) ညီအစ်ကိုတို့၊ ကျွန်တော်က အစ္စရေးလူမျိုးကို ကယ်တင်ခြင်းရစေချင်တဲ့ စေတနာနဲ့ ဘုရားသခင်ဆီ တိုးလျှိုးအသနားခံပေးပါတယ်။ ၂ သူတို့ဟာ ဘုရားသခင်အတွက် စိတ်ထက်သန်သူတွေဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်။ ဒါပေမဲ့ တိကျမှန်ကန်တဲ့ အသိပညာအတိုင်း မဟုတ်ဘူး။ ၃ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို မသိဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြောင့်မတ်ဖို့ ရှာကြံနေတဲ့အတွက် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို သူတို့မလိုက်နာကြဘူး။ ၄ ပညတ်တရားဟာ ခရစ်တော်ကြောင့် အဆုံးတိုင်သွားပြီ။ ဒါကြောင့် ယုံကြည်ခြင်းရှိသူအားလုံး ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရပြီ။ ၅ ပညတ်တရား စောင့်ထိန်းခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာနဲ့ပတ်သက်ပြီး မောရှေက “ပညတ်တွေကို လိုက်နာသူဟာ ပညတ်တွေအားဖြင့် အသက်ရှင်ရလိမ့်မယ်” လို့ရေးခဲ့တယ်။ ၆ ဒါပေမဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာနဲ့ ပတ်သက်ပြီး “ခရစ်တော်ကို ပြန်ခေါ်လာဖို့ ‘ဘယ်သူက ကောင်းကင်ကို တက်မှာလဲ။’ ၇ ဒါမှမဟုတ် ခရစ်တော်ကို သေရာကနေ ထမြောက်လာစေဖို့ ‘ဘယ်သူက တွင်းနက်ကြီးထဲ ဆင်းမှာလဲ’ ဆိုပြီး စိတ်ထဲ မတွေးပါနဲ့” လို့လည်း ရေးထားတယ်။ ၈ ကျမ်းစာက ဘာပြောသလဲ။ “တရားစကားဟာ ခင်ဗျားတို့ရဲ့ နှုတ်ထဲမှာ၊ နှလုံးသားထဲမှာ၊ အနီးအနားမှာပဲ ရှိတယ်” လို့ပြောတယ်။ “တရားစကား” ဟာ ကျွန်တော်တို့ ဟောပြောနေတဲ့ ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ သတင်းစကားပဲ။ ၉ ဒါကြောင့် ယေရှုဟာ သခင်ဖြစ်တဲ့အကြောင်း လူသိရှင်ကြား ကြေညာမယ်ဆိုရင်၊ ယေရှုကို သေရာကနေ ဘုရားသခင် အသက်ပြန်ရှင်စေပြီဆိုတာ စိတ်ထဲမှာ ယုံကြည်မယ်ဆိုရင် ခင်ဗျားတို့ ကယ်တင်ခံရလိမ့်မယ်။ ၁၀ ဘာလို့လဲဆိုတော့ လူတစ်ယောက်က စိတ်ထဲမှာ ယုံကြည်မှသာ ဖြောင့်မတ်သူလို့ သတ်မှတ်ခံရမှာ။ ယုံကြည်ကြောင်း လူသိရှင်ကြား ကြေညာမှသာ ကယ်တင်ခြင်းရမှာပါ။ ၁၁ “သခင်ကို ယုံကြည်တဲ့သူဟာ စိတ်ပျက်ရမှာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ပြောထားတယ်။ ၁၂ ဂျူးလူမျိုးနဲ့ ဂရိလူမျိုးဆိုပြီး ခွဲခြားတာ မရှိတော့ဘူး။ အရာအားလုံးကို အုပ်စိုးတဲ့အရှင်ဟာ တစ်ပါးတည်းပဲ။ အဲဒီအရှင်က ဆုတောင်းသူတိုင်းကို ရက်ရက်ရောရော ကောင်းချီးပေးတယ်။ ၁၃ ဘာလို့လဲဆိုတော့ “ယေဟောဝါရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်” လို့ ကျမ်းစာမှာ ရေးထားလို့ပဲ။ ၁၄ ဒါပေမဲ့ မယုံကြည်တဲ့အရှင်ဆီ သူတို့ ဘယ်လိုလုပ် ဆုတောင်းမှာလဲ။ မကြားဖူးတဲ့အရှင်ကို ဘယ်လိုလုပ် ယုံကြည်မှာလဲ။ ဟောမယ့်သူမရှိရင် ဘယ်လိုလုပ် ကြားမှာလဲ။ ၁၅ လူကိုမစေလွှတ်ဘဲ ဘယ်လိုလုပ် ဟောပြောမှာလဲ။ “ကောင်းကျိုးချမ်းသာနဲ့ဆိုင်တဲ့ သတင်းကောင်းကို ကြေညာတဲ့သူရဲ့ ခြေဟာ လှပတင့်တယ်လိုက်တာ” ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။