ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဖေဖော်ဝါရီ စာ. ၁၄-၁၉
  • သင့်ရဲ့ အကြံပေးစကားက “စိတ်ကို ရွှင်လန်းစေ” သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ရဲ့ အကြံပေးစကားက “စိတ်ကို ရွှင်လန်းစေ” သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်လို စိတ်ရင်းနဲ့ ပေးသင့်သလဲ
  • အကြံပေးဖို့ တကယ် လိုအပ်သလား
  • ဘယ်သူ အကြံပေးသင့်သလဲ
  • ဘယ်လို ထိထိရောက်ရောက် အကြံပေးနိုင်သလဲ
  • ဘာတွေ သိခဲ့ပြီလဲ
  • ‘ဉာဏ်ပညာရှိသူ ပြောတဲ့ စကားတွေကို အသေအချာ နားထောင်ပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အကြီးအကဲများ—သင်တို့အားအပ်နှင်းထားရာကို စောင့်ရှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • အကြံဉာဏ်ကို နားထောင်၍ ဆုံးမခြင်းကို ခံယူလော့
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • အကြံဉာဏ် ဘယ်လို ပေးသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဖေဖော်ဝါရီ စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၈

သင့်ရဲ့ အကြံပေးစကားက “စိတ်ကို ရွှင်လန်းစေ” သလား

“ဆီနဲ့ အမွှေးနံ့သာက စိတ်ကို ရွှင်လန်းစေတယ်။ စိတ်ရင်းမှန်နဲ့ အကြံပေးတတ်တဲ့ မိတ်ဆွေကလည်း စိတ်ကို ရွှင်လန်းစေတယ်။”—ပညာ. ၂၇:၉။

သီချင်း ၁၀၂ ‘အားနည်းသူတွေကို ထောက်မပေးပါ’

အကြိုသုံးသပ်ချက်a

၁-၂။ အကြံပေးတာနဲ့ပတ်သက်ပြီး ညီအစ်ကို တစ်ယောက် ဘာသိလာသလဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အစည်းအဝေး ပျက်တာ နည်းနည်း ကြာပြီ ဖြစ်တဲ့ ညီအစ်မဆီ အကြီးအကဲ နှစ်ယောက် လည်ပတ်ကြတယ်။ အစည်းအဝေး တက်တာနဲ့ပတ်သက်တဲ့ ကျမ်းချက် အတော်များများကို အကြီးအကဲ တစ်ယောက် ဖတ်ပြတယ်။ ညီအစ်မ တော်တော် အားရှိသွားမှာပဲလို့ ထင်ပြီး ပြန်ဖို့ လုပ်ကြတော့ ညီအစ်မက “ကျွန်မ ဘာတွေ ကြုံနေရတယ်ဆိုတာ ညီအစ်ကိုတို့ မသိဘူး” လို့ ပြောတယ်။ ညီအစ်မရဲ့ ပြဿနာတွေ၊ အခြေအနေတွေကို မမေးဘဲ အကြံဉာဏ် ပေးမိကြတာကိုး။ ဒါကြောင့် ညီအစ်မ ဘာမှ အကျိုးမရလိုက်ဘူး။

၂ အဲဒီအဖြစ်အပျက်ကို ပြန်စဉ်းစားရင်း ညီအစ်မကို ကျမ်းစာ ဖတ်ပြတဲ့ အကြီးအကဲ ဒီလိုပြောတယ်– “အစကတော့ ဒီညီအစ်မ မလေးမစားနဲ့လို့ ခံစားမိတယ်။ ဒါပေမဲ့ အသေအချာ ပြန်တွေးကြည့်တော့ ‘ညီအစ်မ ဘာတွေ ကြုံနေရသလဲ၊’ ‘ဘာကူညီပေးရမလဲ’ လို့ ကျွန်တော် မေးမယ့်အစား ကျမ်းချက်တွေပဲ ဖတ်ပြမိတာကိုး။” အဲဒီအကြီးအကဲ တော်တော် သင်ခန်းစာ ရသွားတယ်။ အခုတော့ ထောက်ထားစာနာတတ်တဲ့၊ ကူညီပေးတတ်တဲ့ သိုးထိန်း ဖြစ်နေပြီ။

၃။ အသင်းတော်မှာ ဘယ်သူတွေ အကြံဉာဏ် ပေးနိုင်သလဲ။

၃ သိုးထိန်းတွေအနေနဲ့ အကြီးအကဲတွေဟာ လိုအပ်တဲ့အခါ အကြံဉာဏ် ပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ အကြီးအကဲတွေပဲ မဟုတ်ဘူး။ ဥပမာ၊ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မ တစ်ယောက်က မိတ်ဆွေတစ်ယောက်ကို ကျမ်းစာအခြေပြု အကြံဉာဏ် ပေးဖို့ လိုလာနိုင်တယ်။ (ဆာ. ၁၄၁:၅။ ပညာ. ၂၅:၁၂) အသက်ကြီးတဲ့ ညီအစ်မဟာ တိတု ၂:၃-၅ ပါ ကိစ္စတွေမှာ ‘အသက်ငယ်တဲ့ အမျိုးသမီးတွေကို အကြံပေးနိုင်တယ်။’ မိဘတွေလည်း သားသမီးတွေကို မကြာမကြာ အကြံပေးဆုံးမကြတယ်။ ဒါကြောင့် ဒီဆောင်းပါးဟာ အထူးသဖြင့် အကြီးအကဲတွေအတွက် ဖြစ်ပေမဲ့ ကျွန်တော်တို့အားလုံး အကျိုးရနိုင်တယ်။ လက်တွေ့ကျတဲ့၊ လှုံ့ဆော်မှု ဖြစ်စေတဲ့၊ “စိတ်ကို ရွှင်လန်းစေ” တဲ့ အကြံဉာဏ် ပေးနိုင်မယ့် နည်းတွေကို သုံးသပ်ကြပါမယ်။—ပညာ. ၂၇:၉။

၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၄ အကြံဉာဏ် ပေးတာနဲ့ပတ်သက်တဲ့ မေးခွန်း လေးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်– (၁) ဘယ်လို စိတ်ရင်းနဲ့ ပေးသင့်သလဲ။ (၂) အကြံပေးဖို့ တကယ် လိုအပ်သလား။ (၃) ဘယ်သူ အကြံပေးသင့်သလဲ။ (၄) ဘယ်လို ထိထိရောက်ရောက် အကြံပေးနိုင်သလဲ။

ဘယ်လို စိတ်ရင်းနဲ့ ပေးသင့်သလဲ

၅။ စိတ်ရင်းမှန်နဲ့ အကြံပေးရင် ဘာကြောင့် လက်ခံရ ပိုလွယ်သလဲ။ (၁ ကောရိန္သု ၁၃:၄၊ ၇)

၅ ညီအစ်ကို/မတွေကို အကြီးအကဲတွေ ချစ်ကြတယ်။ တစ်ခါတလေ ခြေလှမ်းမှားတော့မယ့်သူ တစ်ယောက်ကို အကြံဉာဏ် ပေးခြင်းအားဖြင့် မေတ္တာပြကြတယ်။ (ဂလ. ၆:၁) ဒါပေမဲ့ အကြံဉာဏ် မပေးခင် မေတ္တာနဲ့ပတ်သက်ပြီး တမန်တော် ပေါလု ပြောတဲ့ အချက်တချို့ကို ပြန်သုံးသပ်သင့်တယ်။ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။ . . . မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံတတ်တယ်။” (၁ ကောရိန္သု ၁၃:၄၊ ၇ ကို ဖတ်ပါ။) အဲဒီကျမ်းချက်ကို တွေးတောဆင်ခြင်ခြင်းက စိတ်ရင်းမှန်နဲ့ အကြံပေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။ အကြံပေးခံရသူဟာ အကြီးအကဲရဲ့ မေတ္တာကို ခံစားရမယ်ဆိုရင် အကြံဉာဏ်ကို လက်ခံရ ပိုလွယ်ပါလိမ့်မယ်။—ရော. ၁၂:၁၀။

၆။ တမန်တော် ပေါလု ဘယ်ပုံသက်သေကောင်း ချမှတ်သလဲ။

၆ တမန်တော် ပေါလုဟာ အကြီးအကဲတွေအတွက် ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ ဥပမာ၊ သက်သာလောနိတ်မြို့က ညီအစ်ကိုတွေကို အကြံပေးဖို့ လိုတဲ့အခါ ပေါလု တွန့်ဆုတ်မနေဘူး။ သူတို့ဆီ ရေးတဲ့ စာမှာ သူတို့ရဲ့ သစ္စာရှိမှု၊ မေတ္တာ၊ ခံနိုင်ရည်တွေကို ချီးမွမ်းတယ်။ ညှဉ်းပန်းနှိပ်စက်မှု၊ ဆင်းရဲခက်ခဲမှုတွေ ခံနေရတာကို သိကြောင်းလည်း ပြောတယ်။ (၁ သက်. ၁:၃။ ၂ သက်. ၁:၄) သူတို့ဟာ တခြားခရစ်ယာန်တွေအတွက် ပုံသက်သေ ဖြစ်တယ်လို့တောင် ပြောတယ်။ (၁ သက်. ၁:၈၊ ၉) ပေါလုရဲ့ ချီးမွမ်းစကား ကြားရလို့ သူတို့ သိပ်ဝမ်းသာကြမှာပဲ။ ညီအစ်ကိုတွေကို ပေါလု သိပ်ချစ်တာ ထင်ရှားတယ်။ ဒါကြောင့် သက်သာလောနိတ် အသင်းတော်ဆီ ရေးတဲ့ စာနှစ်စောင်စလုံးမှာ ပါတဲ့ အကြံဉာဏ်တွေ ထိရောက်တာ ဖြစ်တယ်။—၁ သက်. ၄:၁၊ ၃-၅၊ ၁၁။ ၂ သက်. ၃:၁၁၊ ၁၂။

၇။ အကြံပေးတာကို တချို့ ဘာကြောင့် နားမထောင်ကြသလဲ။

၇ နည်းမှန်လမ်းမှန် အကြံမပေးရင် ဘာဖြစ်နိုင်သလဲ။ “အကြံပေးတာကို တချို့ နားမထောင်တာဟာ အကြံဉာဏ်က မှားနေလို့ မဟုတ်ဘဲ အကြံပေးပုံက မေတ္တာမပါလို့ ဖြစ်တယ်” ဆိုပြီး အတွေ့အကြုံရှိ အကြီးအကဲ တစ်ယောက် ပြောတယ်။ ဘာသိရသလဲ။ ကြမ်းကြမ်းတမ်းတမ်း မဟုတ်ဘဲ မေတ္တာနဲ့ အကြံပေးရင် လက်ခံရ ပိုလွယ်တယ်။

အကြံပေးဖို့ တကယ် လိုအပ်သလား

၈။ တစ်ယောက်ယောက်ကို အကြံပေးဖို့ ဆုံးဖြတ်တဲ့အခါ အကြီးအကဲတွေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မေးသင့်သလဲ။

၈ အကြီးအကဲတွေဟာ အကြံပေးဖို့လောက်ပဲ စိတ်စောမနေသင့်ဘူး။ အကြံမပေးခင် ‘အကြံပေးဖို့ တကယ် လိုအပ်သလား။ သူ အမှားလုပ်ထားတာ သေချာလို့လား။ ကျမ်းစာပညတ်ကို ချိုးဖောက်ထားတာလား။ ဒါမှမဟုတ် သူနဲ့ ငါ အမြင်မတူရုံလေးလောက်ပဲလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ အကြီးအကဲတွေဟာ “စကားကို လွှတ်ခနဲပြော” တာမျိုး ရှောင်ကြတယ်။ (ပညာ. ၂၉:၂၀) အကြံပေးသင့်၊ မသင့် မသေမချာ ဖြစ်နေရင် ကိုယ်အကြံပေးမယ့်သူ ကျမ်းစာနဲ့ မညီတာ တစ်ခုခု တကယ် လုပ်နေသလားဆိုတာ သိဖို့ တခြားအကြီးအကဲ တစ်ယောက်နဲ့ တိုင်ပင်နိုင်တယ်။—၂ တိ. ၃:၁၆၊ ၁၇။

၉။ ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး အကြံပေးတဲ့အခါ ပေါလုဆီကနေ ဘာသင်ယူနိုင်သလဲ။ (၁ တိမောသေ ၂:၉၊ ၁၀)

၉ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ ယုံကြည်သူချင်း တစ်ယောက်ရဲ့ ဝတ်စားဖြီးလိမ်းပုံကို အကြီးအကဲ တစ်ယောက် စိုးရိမ်နေတယ် ဆိုပါစို့။ ‘အကြံပေးသင့်တဲ့ ကျမ်းစာအကြောင်းရင်း ရှိလို့လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ ကိုယ်ပိုင် ထင်မြင်ယူဆချက်ကို ပြောမိတာမျိုး မဖြစ်အောင် တခြား အကြီးအကဲ ဒါမှမဟုတ် ရင့်ကျက်တဲ့ ကြေညာသူ တစ်ယောက်ရဲ့ သဘောထားကို မေးကြည့်နိုင်တယ်။ ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်တဲ့ ပေါလုရဲ့ အကြံပြုချက်ကို အတူသုံးသပ်နိုင်တယ်။ (၁ တိမောသေ ၂:၉၊ ၁၀ ကို ဖတ်ပါ။) ခရစ်ယာန် တစ်ယောက်ရဲ့ ဝတ်စားဖြီးလိမ်းပုံဟာ ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိနဲ့ တော်ရုံသင့်ရုံပဲ ဖြစ်ရမယ်လို့ ပေါလု ပြောတယ်။ တော်တော် ကျယ်ပြန့်တဲ့ မူတွေ ဖြစ်ပေမဲ့ ဝတ်ရမယ့်၊ မဝတ်ရမယ့် စာရင်းကိုတော့ ပေါလု မပေးဘူး။ ကျမ်းစာမူတွေရဲ့ ဘောင်အတွင်း ကိုယ့်စိတ်ကြိုက် ဝတ်စားဖြီးလိမ်းပိုင်ခွင့် ရှိကြောင်း အသိအမှတ်ပြုတယ်။ ဒါကြောင့် အကြီးအကဲတွေဟာ တစ်ယောက်ယောက်ကို အကြံပေးသင့်၊ မသင့် ဆုံးဖြတ်တဲ့အခါ ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိ သူ ဝတ်စားဖြီးလိမ်းသလားဆိုတာ ထည့်စဉ်းစားသင့်တယ်။

၁၀။ တခြားသူတွေရဲ့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဘာကို နားလည်ထားရမလဲ။

၁၀ ရင့်ကျက်တဲ့ ခရစ်ယာန် နှစ်ယောက်ရဲ့ ရွေးချယ်မှုတွေဟာ လက်ခံနိုင်စရာ ဖြစ်ပေမဲ့ တစ်ထပ်တည်းတော့ ကျနိုင်မှာ မဟုတ်ကြောင်း နားလည်ထားဖို့ အရေးကြီးတယ်။ ကိုယ့်ရဲ့ အမှားအမှန် စံနှုန်းတွေကို ယုံကြည်သူချင်းတွေ လက်ခံဖို့ အတင်း ဖိအားမပေးသင့်ဘူး။—ရော. ၁၄:၁၀။

ဘယ်သူ အကြံပေးသင့်သလဲ

၁၁-၁၂။ အကြံပေးဖို့ လိုလာတဲ့အခါ အကြီးအကဲ တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။ ဘာကြောင့်လဲ။

၁၁ အကြံပေးဖို့ လိုအပ်တာ သေချာရင် ဘယ်သူ ပေးသင့်သလဲ။ အိမ်ထောင်သည် ညီအစ်မ ဒါမှမဟုတ် ကလေး တစ်ယောက်ကို အကြံမပေးခင် အကြီးအကဲဟာ အိမ်ထောင်ဦးစီးနဲ့ တိုင်ပင်သင့်တယ်။ အိမ်ထောင်ဦးစီးက ဒီကိစ္စကို ကိုယ်တိုင် ကိုင်တွယ်ချင်ပါလိမ့်မယ်။b ဒါမှမဟုတ် အကြီးအကဲ အကြံပေးတဲ့အခါ မိမိပါ ရှိနေဖို့ တောင်းဆိုနိုင်တယ်။ စာပိုဒ် ၃ မှာ ဖော်ပြတဲ့အတိုင်း အသက်ငယ်တဲ့ ညီအစ်မကို အသက်ကြီးတဲ့ ညီအစ်မ အကြံပေးတာ ပိုသင့်တော်တဲ့ အခါတွေလည်း ရှိနိုင်တယ်။

၁၂ အကြီးအကဲတွေ ထည့်စဉ်းစားရမယ့် နောက်တစ်ချက် ရှိသေးတယ်။ ‘ငါက အကြံပေးဖို့ အသင့်တော်ဆုံးသူလား။ နောက်တစ်ယောက် ပေးရင် ပိုကောင်းမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ ဥပမာ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားနေရသူ တစ်ယောက်ဟာ အဲဒီလိုခံစားဖူးတဲ့ အကြီးအကဲရဲ့ အကြံဉာဏ်ကို ပိုလိုက်နာချင်စိတ် ရှိမယ်။ အဲဒီအကြီးအကဲက သူ့ခံစားချက်ကို ပိုနားလည်ပေးနိုင်မယ်။ ပိုထိထိရောက်ရောက် အကြံပေးနိုင်မယ်။ ဒါပေမဲ့ ကျမ်းစာ တောင်းဆိုချက်တွေနဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ညီအစ်ကို/မတွေကို အားပေးရမှာ အကြီးအကဲ အားလုံးရဲ့ တာဝန် ဖြစ်တယ်။ ဒါကြောင့် လိုနေတဲ့ အကြံဉာဏ်ကို ပေးဖို့က အရေးကြီးဆုံးပါ။

ဘယ်လို ထိထိရောက်ရောက် အကြံပေးနိုင်သလဲ

အမှုဆောင် အတူသွားရင်း ညီအစ်ကို ပြောတာကို အကြီးအကဲတစ်ယောက် ဂရုတစိုက် နားထောင်နေ။

ခရစ်ယာန် အကြီးအကဲတွေဟာ ဘာကြောင့် “နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရ” မလဲ (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)

၁၃-၁၄။ အကြီးအကဲတွေ နားထောင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၃ နားထောင်ဖို့ အသင့်ရှိပါ။ အကြံဉာဏ် ပေးဖို့ အကြီးအကဲ တစ်ယောက် ပြင်ဆင်တဲ့အခါ ‘ဒီညီအစ်ကိုရဲ့ အခြေအနေကို ငါ ဘယ်လောက် သိသလဲ။ သူ့ဘဝမှာ ဘာတွေ ကြုံနေရသလဲ။ ငါမသိတဲ့ အခက်အခဲတွေ ရှိနေသလား။ အခုအချိန်မှာ သူ့အတွက် ဘာအလိုအပ်ဆုံး ဖြစ်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။

၁၄ ယာကုပ် ၁:၁၉ မှာ ပါတဲ့ မူက အကြံပေးမယ့်သူတွေနဲ့ သက်ဆိုင်တယ်။ “လူတိုင်းဟာ နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး” လို့ ယာကုပ် ပြောတယ်။ အချက်အလက် အားလုံး သိတယ်လို့ အကြီးအကဲ ထင်နိုင်ပေမဲ့ တကယ်ကော သိလို့လား။ “အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်” လို့ ပညာအလိမ္မာ ၁၈:၁၃ မှာ သတိပေးထားတယ်။ ကာယကံရှင်ကိုယ်တိုင် ပြောတာကို နားထောင်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် စကားမပြောခင် နားထောင်သင့်တယ်။ ဒီဆောင်းပါးအစမှာ ပါတဲ့ အကြီးအကဲ ရလိုက်တဲ့ သင်ခန်းစာကို အမှတ်ရပါ။ ကိုယ်ပြင်ဆင်ထားတဲ့ အကြောင်းအရာကို တန်းပြောမယ့်အစား “ညီအစ်မ ဘာတွေ ကြုံနေရသလဲ၊” “ဘာကူညီပေးရမလဲ” လို့ စမေးသင့်တယ်ဆိုတာ သူ သိလာတယ်။ ဒါကြောင့် အရင်ဆုံး အကြောင်းစုံ သိအောင် လုပ်ထားမယ်ဆိုရင် ညီအစ်ကို/မတွေကို ပိုအားပေးထောက်မနိုင်ပါလိမ့်မယ်။

၁၅။ ပညာအလိမ္မာ ၂၇:၂၃ မှာ ပါတဲ့ အကြံဉာဏ်ကို အကြီးအကဲတွေ ဘယ်လို လိုက်လျှောက်နိုင်သလဲ။

၁၅ သိုးတွေအကြောင်း သိအောင် လုပ်ပါ။ အစပိုင်းမှာ ပြောသလို ထိရောက်တဲ့ အကြံဉာဏ် ဖြစ်ဖို့ဆိုရင် ကျမ်းချက်လေး ဖတ်ပြရုံ၊ အကြံပြုချက် တစ်ခုနှစ်ခုလောက် ပေးရုံနဲ့ မလုံလောက်ဘူး။ မိမိတို့ကို စိတ်ဝင်စားကြောင်း၊ နားလည်ကြောင်း၊ ကူညီပေးချင်ကြောင်း ညီအစ်ကို/မတွေ ခံစားရဖို့ လိုတယ်။ (ပညာအလိမ္မာ ၂၇:၂၃ ကို ဖတ်ပါ။) ဒါကြောင့် ညီအစ်ကို/မတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်ဖို့ အကြီးအကဲတွေ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။

စက်ဘီး ထွက်စီးဖို့ ပြင်ဆင်နေရင်း အကြီးအကဲနဲ့ ညီအစ်ကို ရယ်မောပျော်ရွှင်နေ။

အကြံပေးဖို့ အကြီးအကဲတွေကို ဘာက ပိုလွယ်ကူစေမလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ)

၁၆။ ထိထိရောက်ရောက် အကြံပေးနိုင်ဖို့ အကြီးအကဲတွေကို ဘာက ကူညီပေးမလဲ။

၁၆ အကြီးအကဲတွေဟာ အလုပ်သဘောအရပဲ လုပ်နေတာလို့ ညီအစ်ကို/မတွေကို မထင်စေချင်ဘူး။ ဆိုလိုတာက အကြံပေးစရာ ရှိမှ စကားလာပြောပြီး ကျန်တဲ့အချိန်ဆို အရေးတောင် မလုပ်တာမျိုး မဖြစ်ချင်ကြဘူး။ အဲဒီအစား ညီအစ်ကို/မတွေနဲ့ ပုံမှန် စကားပြောပြီး အခက်အခဲ ကြုံရချိန်တွေမှာ စိတ်ဝင်တစား ဂရုစိုက်ပေးကြတယ်။ “အဲဒီလို လုပ်မယ်ဆိုရင် ဆက်ဆံရေးကောင်း ရှိလာမယ်။ အကြံပေးဖို့ လိုလာတဲ့အခါ ပေးရတာ ပိုလွယ်မယ်” လို့ အတွေ့အကြုံရှိ အကြီးအကဲ တစ်ယောက် ပြောတယ်။ အကြံပေးခံရသူအနေနဲ့လည်း လက်ခံရ ပိုလွယ်ပါလိမ့်မယ်။

ညီအစ်ကိုကို အကြီးအကဲ ကျမ်းစာ အခြေပြု အကြံဉာဏ် ပေးနေ။ အကြံဉာဏ်ကို ညီအစ်ကို လက်ခံရ ခက်နေ။

အကြံပေးတဲ့အခါ အကြီးအကဲတွေ ဘာကြောင့် စိတ်ရှည်၊ ကြင်နာသင့်သလဲ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၇။ အထူးသဖြင့် ဘယ်အချိန်မှာ အကြီးအကဲ တစ်ယောက် စိတ်ရှည်၊ ကြင်နာဖို့ လိုသလဲ။

၁၇ စိတ်ရှည်ပါ။ ကြင်နာပါ။ ကျမ်းစာအခြေပြု အကြံဉာဏ်ကို တစ်ယောက်ယောက် အစပိုင်းမှာ လက်မခံတဲ့အခါ အထူးသဖြင့် စိတ်ရှည်မှု၊ ကြင်နာမှု လိုအပ်တယ်။ အကြံဉာဏ်ကို ချက်ချင်း လက်မခံတဲ့အခါ၊ မကျင့်သုံးတဲ့အခါ စိတ်မဆိုးမိဖို့ အကြီးအကဲတွေ သတိထားရမယ်။ ယေရှုဟာ “နင်းခြေခံရတဲ့ ကျူပင်ကို ချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်မှာ မဟုတ်ဘူး” လို့ ကျမ်းစာ ပြောတယ်။ (မ. ၁၂:၂၀) ဒါကြောင့် အကြီးအကဲဟာ အကြံဉာဏ် လိုအပ်နေသူကို ကောင်းချီးပေးဖို့၊ အကြံပေးရတဲ့ အကြောင်းရင်းကို နားလည်ပြီး ကျင့်သုံးနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ သီးသန့် ဆုတောင်းနိုင်တယ်။ အကြံပေးခံရတဲ့ ညီအစ်ကိုဘက်ကလည်း ရတဲ့ အကြံဉာဏ်ကို စဉ်းစားဖို့ အချိန်လိုနိုင်တယ်။ အကြီးအကဲသာ စိတ်ရှည်၊ ကြင်နာမယ်ဆိုရင် အကြံပေးတဲ့ ပုံစံကို ညီအစ်ကို အာရုံစိုက်မိမှာ မဟုတ်ဘဲ အကြံဉာဏ်ကိုပဲ အာရုံစိုက်နိုင်ပါလိမ့်မယ်။ အကြံဉာဏ်ဟာ ကျမ်းစာကို အမြဲ အခြေခံသင့်တယ်။

၁၈။ (က) အကြံပေးတဲ့အခါ ဘာကို စိတ်စွဲမှတ်ထားသင့်သလဲ။ (ခ) လေးထောင့်ကွက်နဲ့ ပုံအရ မိဘတွေ ဘာလုပ်သင့်သလဲ။

၁၈ ကိုယ့်အမှားကနေ သင်ယူပါ။ ကျွန်တော်တို့ မစုံလင်သေးသရွေ့ ဒီဆောင်းပါးမှာ ပါတဲ့ အကြံပြုချက်တွေကို တစ်ခုမကျန် လိုက်နိုင်မှာတော့ မဟုတ်ဘူး။ (ယာ. ၃:၂) အမှားတွေ လုပ်မိနေဦးမှာပဲ။ ဒါပေမဲ့ အမှားလုပ်မိတဲ့အခါ အမှားတွေကနေ သင်ယူဖို့ ကြိုးစားပါ။ ကျွန်တော်တို့ရဲ့ မေတ္တာကို ညီအစ်ကို/မတွေ ခံစားရမယ်ဆိုရင် သူတို့ စိတ်ထိခိုက်အောင် ပြောမိ၊ လုပ်မိတဲ့အခါမျိုးမှာ ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။—“မိဘတွေထံ ပေးစာ” လေးထောင့်ကွက်ကို ကြည့်ပါ။

အဖေနဲ့ အမေက ဆယ်ကျော်သက် သမီးကို အကောင်းဆုံး အကြံဉာဏ် ပေးနိုင်ဖို့ ကျမ်းစာ သုံးပြီး ဆွေးနွေးနေ။

မိဘတွေထံ ပေးစာ

မိဘတွေအနေနဲ့ သားသမီးတွေကို အကြံပေးဖို့ လိုတဲ့အခါတွေ ရှိတယ်။ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ မူတွေကို သုံးသပ်တာ အထောက်အကူပြုပါလိမ့်မယ်။ ကလေးကို အကြံမပေးခင် ‘ဒီကိစ္စကို ရေးကြီးခွင့်ကျယ် လုပ်ဖို့ လိုသလား။ မေတ္တာနဲ့ အေးအေးဆေးဆေး စကားပြောနိုင်မလား။ ဒါမှမဟုတ် စိတ်ဆိုးပြေသွားတဲ့အချိန်ထိ စောင့်သင့်သလား။ အကြောင်းစုံ သိထားသလား။ ငါ မသိတာ ဘာတွေများ သူ ကြုံနေရသလဲ။ အကြံပေးခံရပြီးနောက် ငါ ပြောတာ မျှတတယ်၊ မေတ္တာပါတယ်လို့ သူ ခံစားရမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ သားသမီးတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံဖို့ ခရစ်ယာန် မိဘတွေမှာ ဘာအကြောင်းရင်းမှ မရှိဘူး။ မေတ္တာဟာ “စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်” လို့ ပေါလု ပြောတာ သတိရပါ။ (၁ ကော. ၁၃:၄) တကယ်တော့ “ဘုရားသခင့် သိုးတော်စု” ထဲမှာ ကျွန်တော်တို့ရဲ့ သားသမီးတွေလည်း ပါဝင်တယ်။—၁ ပေ. ၅:၂။ ဧ. ၆:၄။

ဘာတွေ သိခဲ့ပြီလဲ

၁၉။ ညီအစ်ကို/မတွေရဲ့ စိတ်ကို ဘယ်လို ရွှင်လန်းစေနိုင်သလဲ။

၁၉ သိခဲ့ရတဲ့အတိုင်း ထိထိရောက်ရောက် အကြံပေးဖို့ဆိုတာ မလွယ်ဘူး။ ကိုယ်တိုင် မစုံလင်သလို အကြံပေးခံရသူတွေလည်း မစုံလင်ကြဘူး။ ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ မူတွေကို အမြဲ မှတ်ထားပါ။ စိတ်ရင်းမှန်နဲ့ အကြံပေးပါ။ အကြံပေးဖို့ တကယ် လိုအပ်မှ၊ ကိုယ်က အကြံပေးဖို့ အသင့်တော်ဆုံးသူ ဖြစ်မှ ပေးပါ။ အကြံမပေးခင် သူ ကြုံနေရတဲ့ ပြဿနာတွေကို သိအောင် မေးခွန်းတွေ မေးပြီး ဂရုတစိုက် နားထောင်ပါ။ ကိစ္စရပ်တွေကို သူ့ဘက်ကနေ မြင်ဖို့ ကြိုးစားပါ။ နူးညံ့သိမ်မွေ့ပါ။ ညီအစ်ကို/မတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိအောင် ကြိုးစားပါ။ ပန်းတိုင်က ထိထိရောက်ရောက် အကြံပေးဖို့လောက်သာ မဟုတ်ဘဲ “စိတ်ကို ရွှင်လန်းစေ” ဖို့ ဖြစ်တယ်ဆိုတာ သတိရပါ။—ပညာ. ၂၇:၉။

သင် ဘယ်လို ဖြေမလဲ

  • ဘယ်လို စိတ်ရင်းနဲ့ အကြံပေးသင့်သလဲ။

  • ဘယ်သူ အကြံပေးသင့်သလဲ။

  • ဘယ်လို ထိထိရောက်ရောက် အကြံပေးနိုင်သလဲ။

သီချင်း ၁၀၃ လူ့အသွင်ဆု သိုးထိန်းများ

a အကြံပေးဖို့ အမြဲတော့ မလွယ်ဘူး။ လိုအပ်လာတဲ့အခါ အကျိုးရှိမယ့်နည်း၊ လန်းဆန်းမှု ဖြစ်စေမယ့်နည်းနဲ့ ဘယ်လို အကြံပေးနိုင်သလဲ။ အထူးသဖြင့် တခြားသူတွေ နားထောင်၊ ကျင့်သုံးချင်တဲ့နည်းနဲ့ အကြံပေးနိုင်ဖို့ ဒီဆောင်းပါးက အကြီးအကဲတွေကို ကူညီပေးပါလိမ့်မယ်။

b ၂၀၂၁၊ ဖေဖော်ဝါရီလထုတ် ကင်းမျှော်စင် “အသင်းတော်ထဲက ဦးစီးမှု အစီအစဉ်” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ