ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဇွန် စာ. ၁၄-၁၉
  • ကြောက်စိတ်ကို တိုက်ထုတ်ဖို့ မေတ္တာက ကူညီပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြောက်စိတ်ကို တိုက်ထုတ်ဖို့ မေတ္တာက ကူညီပေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုကို မထောက်ပံ့နိုင်မှာ ကြောက်တဲ့ စိတ်
  • လူကို ကြောက်တဲ့ စိတ်
  • သေရမှာ ကြောက်တဲ့ စိတ်
  • ကြောက်စိတ်ကို တိုက်ထုတ်ပါ
  • အဘယ်ကြောင့် လူကိုမကြောက်ဘဲ ဘုရားအားခန့်ညား ရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ကျွန်ုပ်တို့ ဘုရားသခင်ကို အဘယ်ကြောင့် ကြောက်ရွံ့သင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • လူကိုမကြောက်ဘဲ ဘုရားသခင်ကိုသာ ကြောက်ရွံ့ရမည့် အကြောင်းရင်းငါးချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါကိုခန့်ညား၍ သန့်ရှင်းသောနာမတော်ကိုချီးမွမ်းကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဇွန် စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၂၆

ကြောက်စိတ်ကို တိုက်ထုတ်ဖို့ မေတ္တာက ကူညီပေး

“ငါ့ဘက်မှာ ယေဟောဝါ ရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။”—ဆာ. ၁၁၈:၆။

သီချင်း ၁၀၅ “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ”

အကြိုသုံးသပ်ချက်a

၁။ ကြောက်စိတ်တချို့က ဘာတွေလဲ။

ဖြစ်ရပ်မှန် အခြေအနေတချို့ သုံးသပ်ကြည့်ပါ။ နက်စတာနဲ့ ဇနီး မာရီယာဟာ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်ချင်ကြတယ်။b အဲဒီအတွက် နေထိုင်မှု ပုံစံ ပြောင်းရမယ်။ ဝင်ငွေနည်းနည်းနဲ့ ရပ်တည်ရရင် တကယ် ပျော်နိုင်ပါ့မလား တွေးကြောက်မိတယ်။ အဖွဲ့အစည်း လုပ်ငန်းကို ဆန့်ကျင်တဲ့ နိုင်ငံမှာ ဘီနီယမ် ယေဟောဝါသက်သေ ဖြစ်လာတယ်။ ဘုရားကျေးကျွန် တစ်ယောက်အနေနဲ့ နှိပ်စက်ညှဉ်းပန်းခံရနိုင်မှန်း သိလို့ ကြောက်တယ်။ ဒါပေမဲ့ ဘာသာပြောင်းသွားတာကို မိသားစု သိရင် ဘယ်လို တုံ့ပြန်မလဲဆိုတာ ပိုကြောက်မိတယ်။ ဗယ်လာရီဟာ ပြင်းထန်တဲ့ ကင်ဆာရောဂါတစ်မျိုး ရှိနေမှန်း သိလိုက်ရတယ်။ သွေးနဲ့ပတ်သက်တဲ့ ကျမ်းစာ အခြေပြု ယုံကြည်ချက်ကို လေးစားမယ့် ခွဲစိတ်ဆရာဝန် ရှာတွေ့ဖို့ ခက်နေတယ်။ ဗယ်လာရီ သေရမှာ ကြောက်မိတယ်။

၂။ ကြောက်စိတ်ကို တိုက်ထုတ်ဖို့ ဘာကြောင့် ကြိုးစားရမလဲ။

၂ သင် အဲဒီလို ကြုံဖူးသလား။ အများစု ကြုံဖူးကြတယ်။ ကြောက်စိတ်ကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ မသိရင် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်အမှားတွေတောင် ချမိနိုင်တယ်။ စာတန် အဲဒီလိုပဲ ဖြစ်စေချင်တယ်။ သတင်းကောင်း ဟောပြောပါဆိုတဲ့ မိန့်မှာချက် အပါအဝင် ယေဟောဝါရဲ့ ပညတ်တွေကို ချိုးဖောက်မိအောင် ကျွန်တော်တို့ရဲ့ ကြောက်စိတ်ကို စာတန် အသုံးချတယ်။ (ဗျာ. ၁၂:၁၇) စာတန်ဟာ ဆိုးညစ်၊ ရက်စက်ပြီး တန်ခိုးကြီးတယ်။ ဒါပေမဲ့ စာတန့်ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

၃။ ကြောက်စိတ်ကို တိုက်ထုတ်ဖို့ ဘာက ကူညီပေးမလဲ။

၃ ယေဟောဝါ ကျွန်တော်တို့ကို ချစ်တယ်၊ ကျွန်တော်တို့ဘက်မှာ ရှိတယ်ဆိုတာ ယုံကြည်စိတ်ချမယ်ဆိုရင် စာတန်ကို အနိုင်ယူနိုင်ပါတယ်။ (ဆာ. ၁၁၈:၆) ဥပမာ၊ ဆာလံ ၁၁၈ ကို ရေးသားသူဟာ စိတ်ဓာတ်ကျစရာ အခြေအနေတချို့ ကြုံခဲ့ရတယ်။ မင်းညီမင်းသားတွေ အပါအဝင် ရန်သူတွေ ဝိုင်းနေတယ်။ (အခန်းငယ် ၉၊ ၁၀) တစ်ခါတလေ သိပ်စိတ်ဖိစီးတယ်။ (အခန်းငယ် ၁၃) ယေဟောဝါရဲ့ ပြင်းထန်တဲ့ ဆုံးမမှုကိုလည်း ခံရတယ်။ (အခန်းငယ် ၁၈) ဒါတောင် “ဘာကိုမှ မကြောက်ဘူး” ဆိုပြီး စပ်ဆိုခဲ့တယ်။ ဘာကြောင့် အဲဒီလို ခံစားရသလဲ။ မိမိကို ယေဟောဝါ ဆုံးမပေမဲ့ သိပ်ချစ်မှန်း၊ ဘယ်လို အခြေအနေပဲ ကြုံရပါစေ ကူညီဖို့ အမြဲ အသင့်ရှိမှန်း ယုံကြည်စိတ်ချလို့ပဲ။—ဆာ. ၁၁၈:၂၉။

၄။ ကိုယ့်ကို ဘုရား ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချရင် ဘယ်ကြောက်စိတ်တွေကို တိုက်ထုတ်နိုင်မလဲ။

၄ ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချနေရမယ်။ အဲဒီယုံကြည်စိတ်ချမှုက ကြောက်စိတ် သုံးမျိုးကို တိုက်ထုတ်ဖို့ ကူညီပေးပါလိမ့်မယ်။ (၁) မိသားစုကို မထောက်ပံ့နိုင်မှာ ကြောက်တဲ့ စိတ်၊ (၂) လူကို ကြောက်တဲ့ စိတ်၊ (၃) သေရမှာ ကြောက်တဲ့ စိတ်တို့ ဖြစ်တယ်။ စာပိုဒ် ၁ မှာ ဖော်ပြခဲ့တဲ့ ညီအစ်ကို/မတွေဟာ ဘုရားရဲ့ မေတ္တာကို ယုံကြည်စိတ်ချတဲ့အတွက် ကြောက်စိတ်ကို တိုက်ထုတ်နိုင်ခဲ့ကြတယ်။

မိသားစုကို မထောက်ပံ့နိုင်မှာ ကြောက်တဲ့ စိတ်

သားနဲ့အတူ ညီအစ်ကိုတစ်ယောက် တံတားပေါ်ကနေ ပိုက်ကွန် ချနေ။

ညီအစ်ကိုတစ်ယောက် မိသားစု စားဖို့ သားနဲ့အတူ ငါးဖမ်းတဲ့အလုပ် လုပ်နေ (စာပိုဒ် ၅ ကို ကြည့်ပါ)

၅။ ဘယ်အခြေအနေတွေကို အိမ်ထောင်ဦးစီး စိုးရိမ်မိနိုင်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၅ ခရစ်ယာန် အိမ်ထောင်ဦးစီးဟာ မိသားစုကို ထောက်ပံ့ဖို့ဆိုတဲ့ တာဝန်ကို အလေးအနက်ထားတယ်။ (၁ တိ. ၅:၈) သင်ဟာ အိမ်ထောင်ဦးစီးဆိုရင် ကပ်ရောဂါကာလအတွင်း အလုပ်ပြုတ်သွားမှာ စိုးရိမ်မိနိုင်တယ်။ အလုပ်ပြုတ်သွားရင် မိသားစု စားစရိတ်၊ အိမ်စရိတ် မထောက်ပံ့နိုင်တော့မှာ၊ နောက်အလုပ် ရှာမတွေ့မှာ တွေးကြောက်မိနိုင်တယ်။ ဒါမှမဟုတ် အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ နက်စတာနဲ့ မာရီယာတို့လို ဝင်ငွေနည်းနည်းနဲ့ မရပ်တည်နိုင်မှာ စိုးရိမ်မိမယ်။ အဲဒီလို စိုးရိမ်ကြောင့်ကြစိတ်တွေကို အသုံးချပြီး စာတန် တော်တော် အောင်မြင်နေတယ်။

၆။ ကျွန်တော်တို့ကို စာတန် ဘယ်လို အတွေးမျိုး ဝင်စေချင်သလဲ။

၆ ကျွန်တော်တို့ကို ယေဟောဝါ ဂရုမစိုက်ဘူး၊ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ အတွေးမျိုး စာတန် ဝင်စေချင်တယ်။ အဲဒီအတွေးသာ ဝင်သွားရင် လက်ရှိအလုပ် မြဲနေဖို့ ကျမ်းစာမူတွေ ချိုးဖောက်ရရင်တောင် ဘာမဆို လုပ်ရမယ်လို့ ကျွန်တော်တို့ တွေးမိသွားနိုင်တယ်။

၇။ ယေရှု ဘာအာမခံသလဲ။

၇ ယေဟောဝါအကြောင်း ဘယ်သူ့ထက်မဆို ပိုသိတဲ့ ယေရှုက “အဖဘုရားက [ကျွန်တော်တို့] လိုအပ်တာကို မတောင်းခင်ကတည်းက သိပြီးသားပဲ” လို့ အာမခံတယ်။ (မ. ၆:၈) လိုအပ်ရာတွေကို ဖြည့်ဆည်းပေးဖို့ ယေဟောဝါ အမြဲ အသင့်ရှိမှန်း ယေရှု သိတယ်။ ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ဘုရားရဲ့ မိသားစုဝင်တွေ ဖြစ်တယ်။ ၁ တိမောသေ ၅:၈ မှာ မိမိကိုယ်တိုင် မိန့်မှာထားတဲ့အတိုင်း အိမ်ထောင်ဦးစီး ယေဟောဝါ လုပ်ဆောင်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

သမီးငယ်နဲ့အတူ ညီအစ်မတစ်ယောက် လက်နဲ့ အဝတ်လျှော်နေ။ မောင်နှံတစ်စုံ အစားအသောက်တွေ ယူလာပေး။

လိုအပ်တာကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်။ ကျွန်တော်တို့ကို ကူညီဖို့ ညီအစ်ကို/မတွေကို ဘုရား သုံးနိုင် (စာပိုဒ် ၈ ကို ကြည့်ပါ)d

၈။ (က) မိသားစုကို မထောက်ပံ့နိုင်မှာ ကြောက်တဲ့ စိတ်ကို တိုက်ထုတ်ဖို့ ဘာက ကူညီပေးမလဲ။ (မဿဲ ၆:၃၁-၃၃) (ခ) ရုပ်ပုံမှာ ဖော်ပြထားတဲ့အတိုင်း ညီအစ်မတစ်ယောက်ဆီ အစားအသောက်တွေ ယူလာပေးတဲ့ မောင်နှံကို ဘယ်လို အတုယူနိုင်သလဲ။

၈ ကျွန်တော်တို့နဲ့ ကျွန်တော်တို့မိသားစုကို ယေဟောဝါ ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချမယ်ဆိုရင် လိုအပ်တာတွေ ရပါ့မလားလို့ သံသယ ဝင်မှာ မဟုတ်ဘူး။ (မဿဲ ၆:၃၁-၃၃ ကို ဖတ်ပါ။) မေတ္တာရှိပြီး ရက်ရောတဲ့ ယေဟောဝါက ကျွန်တော်တို့အတွက် တကယ် ဖြည့်ဆည်းပေးချင်တယ်။ ကမ္ဘာကို ဖန်ဆင်းချိန်မှာ လူတွေ အသက်ရှင်နိုင်ရုံ အခြေခံ လိုအပ်ရာတွေလောက်ပဲ ပြင်ဆင်ပေးခဲ့တာ မဟုတ်ဘူး။ ဘဝကို ပျော်မွေ့စေမယ့်အရာတွေ အပြည့် ဖန်ဆင်းပေးတယ်။ (က. ၂:၉) တစ်ခါတလေ ကျွန်တော်တို့ ပိုပိုလျှံလျှံ မရှိရင်သာ နေမယ်၊ လိုအပ်တာတော့ အမြဲ ရှိကြတယ်။ ဒါ ယေဟောဝါ ဖြည့်ဆည်းပေးလို့ပဲဆိုတာ သတိရရမယ်။ (မ. ၆:၁၁) ကျွန်တော်တို့ ဘာတွေပဲ စွန့်လွှတ်အနစ်နာခံရပါစေ လက်ရှိနဲ့ အနာဂတ်မှာ မေတ္တာရှင် ဘုရား ပေးမယ့်အရာတွေနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ဘူး။ နက်စတာနဲ့ မာရီယာ ဒီအချက်ကို သဘောပေါက်လာတယ်။—ဟေရှာ. ၆၅:၂၁၊ ၂၂။

၉။ နက်စတာနဲ့ မာရီယာဆီကနေ ဘာသင်ယူရသလဲ။

၉ နက်စတာနဲ့ မာရီယာဟာ ကိုလံဘီယာမှာ အိမ်ကောင်းကောင်း၊ အလုပ်ကောင်းကောင်း ရှိထားတယ်။ “ရိုးရိုးရှင်းရှင်း နေဖို့၊ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ စဉ်းစားခဲ့ကြပေမဲ့ ဝင်ငွေနည်းနည်းနဲ့ ရပ်တည်ရရင် မပျော်ရွှင်မှာ ကြောက်မိတယ်” လို့ ပြောတယ်။ ကြောက်စိတ်ကို တိုက်ထုတ်ဖို့ သူတို့ကို ဘာက ကူညီပေးသလဲ။ မိမိတို့ကို ယေဟောဝါ နည်းအမျိုးမျိုးနဲ့ မေတ္တာပြခဲ့တာကို ပြန်တွေးတယ်။ ဘုရား အမြဲ စောင့်ရှောက်မယ်ဆိုတာ ယုံကြည်စိတ်ချလို့ လစာကောင်းတဲ့ အလုပ်ကနေ ထွက်လိုက်ကြတယ်။ အိမ်ရောင်းပြီး နိုင်ငံအတွင်းက ပိုလိုအပ်တဲ့ ဒေသကို ပြောင်းရွှေ့ကြတယ်။ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သူတို့ ဘယ်လို ခံစားရသလဲ။ “မဿဲ ၆:၃၃ မှန်ကန်တယ်ဆိုတာ တွေ့ရတယ်။ လိုအပ်တာတွေ အမြဲ ရတယ်။ ပိုပျော်လာတယ်” လို့ နက်စတာ ပြောတယ်။

လူကို ကြောက်တဲ့ စိတ်

၁၀။ လူလူချင်း ကြောက်တာ ဘာကြောင့် မဆန်းသလဲ။

၁၀ သမိုင်းတစ်လျှောက် လူတွေဟာ အချင်းချင်း ထိခိုက်နစ်နာစေကြတယ်။ (ဒေ. ၈:၉) ဥပမာ၊ အခွင့်အာဏာ တလွဲသုံးကြတယ်။ ရာဇဝတ်သားတွေက အကြမ်းဖက်ကြတယ်။ ကျောင်းသားဆိုးတွေက အတန်းဖော်တွေကို အနိုင်ကျင့်၊ ခြိမ်းခြောက်ကြတယ်။ တချို့က အိမ်တွင်း အကြမ်းဖက်ကြတယ်။ ဒါကြောင့် လူလူချင်း ကြောက်တာ မဆန်းပါဘူး။ လူလူချင်း ကြောက်တဲ့ စိတ်ကို စာတန် ဘယ်လို အသုံးချသလဲ။

၁၁-၁၂။ လူကြောက်တဲ့ စိတ်ကို စာတန် ဘယ်လို အသုံးချသလဲ။

၁၁ ကျွန်တော်တို့ ဘုရားပညတ် ချိုးဖောက်မိအောင်၊ မဟောပြောတော့အောင် လူကြောက်တဲ့ စိတ်ကို စာတန် အသုံးချတယ်။ စာတန့် ဩဇာခံ အစိုးရတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ပိတ်ပင်တယ်။ ကျွန်တော်တို့ကို နှိပ်စက်ညှဉ်းပန်းတယ်။ (လု. ၂၁:၁၂။ ဗျာ. ၂:၁၀) လူများစွာက ယေဟောဝါသက်သေတွေအကြောင်း မဟုတ်မမှန် သတင်း ဖြန့်ကြတယ်။ အဲဒီသတင်းတွေကို ယုံတဲ့သူတွေက ကျွန်တော်တို့ကို လှောင်ပြောင်၊ တိုက်ခိုက်နိုင်တယ်။ (မ. ၁၀:၃၆) စာတန့်ပရိယာယ်တွေကို ကျွန်တော်တို့ အံ့ဩသလား။ မအံ့ဩပါဘူး။ ပထမရာစုတုန်းကလည်း အဲဒီပရိယာယ်တွေကို စာတန် သုံးခဲ့တာပဲ။—တ. ၅:၂၇၊ ၂၈၊ ၄၀။

တံခါးဝကနေ မိဘတွေ အော်ငေါက်နေပေမဲ့ ညီအစ်ကိုငယ် အသင်းတော် အစည်းအဝေးအတွက် ပြင်ဆင်ပြီး သတ္တိရှိရှိ ထွက်လာ။

မိသားစုဝင်တွေ ဆန့်ကျင်ရင်တောင် ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချနိုင် (စာပိုဒ် ၁၂-၁၄ ကို ကြည့်ပါ)e

၁၂ အစိုးရ ဆန့်ကျင်မှုကို ကြောက်တဲ့ စိတ်ဟာ စာတန် သုံးတဲ့ တစ်ခုတည်းသော လက်နက် မဟုတ်ဘူး။ တချို့က မိသားစု ဆန့်ကျင်မှာကို အသားနာမှာထက် ပိုကြောက်တယ်။ ဆွေမျိုးတွေကို သိပ်ချစ်တယ်။ ယေဟောဝါအကြောင်း သိပြီး ချစ်လာစေချင်တယ်။ ဒါပေမဲ့ ဘုရားကိုရော ဘုရားကျေးကျွန်တွေကိုပါ ဆွေမျိုးတွေ မလေးမစား ပြောကြတဲ့အခါ စိတ်ထိခိုက်ရတယ်။ တစ်ခါတလေ အစပိုင်းမှာ ဆန့်ကျင်တဲ့ ဆွေမျိုးတချို့ အမှန်တရားထဲ ရောက်လာတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ ယုံကြည်ချက်အသစ်ကြောင့် မိသားစုဝင်တွေ ကိုယ့်ကို သေခန်း ရှင်ခန်း ဖြတ်တယ်ဆိုရင်ကော။

၁၃။ ကိုယ့်ကို ဘုရား ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချခြင်းက မိသားစု ဆန့်ကျင်မှုကို ခံရပ်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ (ဆာလံ ၂၇:၁၀)

၁၃ ဆာလံ ၂၇:၁၀ ပါ စကားတွေကနေ ကျွန်တော်တို့ နှစ်သိမ့်မှု ရနိုင်တယ်။ (ဖတ်ပါ။) ကိုယ့်ကို ယေဟောဝါ ဘယ်လောက် ချစ်မှန်း သတိရတဲ့အခါ မိသားစု ဆန့်ကျင်ရင်တောင် ကျွန်တော်တို့ ခံရပ်နိုင်ကြတယ်။ ခံနိုင်ရည်အတွက် ဘုရား ဆုချမယ်ဆိုတာ စိတ်ချကြတယ်။ ယေဟောဝါလောက် ဘယ်သူကမှ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်ဘူး။ အဲဒါကို အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဘီနီယမ် ကိုယ်တွေ့ သိလာတယ်။

၁၄။ ဘီနီယမ်ဆီကနေ ဘာသင်ယူရသလဲ။

၁၄ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု ကြုံရနိုင်တယ်ဆိုတာ သိပေမဲ့ ဘီနီယမ် ယေဟောဝါသက်သေ ဖြစ်လာတယ်။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ သိထားခြင်းက လူကြောက်တဲ့ စိတ်ကို တိုက်ထုတ်ဖို့ ဘီနီယမ်ကို ကူညီပေးတယ်။ “နှိပ်စက်ညှဉ်းပန်းမှုက ထင်ထားတာထက် ပိုဆိုးတယ်။ ဒါပေမဲ့ အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုထက် ကျွန်တော် ပိုကြောက်မိတာက မိသားစုရဲ့ ဆန့်ကျင်မှုပါ။ ယေဟောဝါသက်သေ လုပ်ဖို့ ကျွန်တော် ဆုံးဖြတ်တာကို မယုံကြည်သူ အဖေ သိရင် စိတ်ဆိုးမှာ၊ ‘အသုံးမကျတဲ့ကောင်’ လို့ မိသားစုဝင်တွေ မြင်ကြမှာ ကျွန်တော် ကြောက်တယ်” လို့ ပြောတယ်။ ဒါပေမဲ့ ချစ်မြတ်နိုးရသူတွေကို ယေဟောဝါ အမြဲ စောင့်ရှောက်မှန်း ဘီနီယမ် ယုံကြည်စိတ်ချတယ်။ “စီးပွားရေး အခက်အခဲ၊ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေကို တခြားသူတွေ ခံရပ်နိုင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲဆိုတာ စဉ်းစားတယ်။ သစ္စာရှိနေရင် ဘုရား ကောင်းချီးပေးမယ်ဆိုတာ သိတယ်။ လိုအပ်ချိန်မှာ ယေဟောဝါ ဘယ်လောက် ကူညီပေးမှန်း ကျွန်တော် အကြိမ်ကြိမ် အဖမ်းခံရ၊ နှိပ်စက်ခံရချိန်မှာ ကိုယ်တွေ့ သိလိုက်ရတယ်” လို့ ဘီနီယမ် ပြောတယ်။ ဘီနီယမ်အတွက် ယေဟောဝါဟာ ဖခင်သဖွယ်၊ ဘုရားလူမျိုးဟာ မိသားစုသဖွယ် ဖြစ်လာတယ်။

သေရမှာ ကြောက်တဲ့ စိတ်

၁၅။ ဘာကြောင့် သေရမှာ ကြောက်ကြသလဲ။

၁၅ သေခြင်းဟာ ရန်သူ ဖြစ်တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (၁ ကော. ၁၅:၂၅၊ ၂၆) ကိုယ်တိုင် ဒါမှမဟုတ် ချစ်ရသူတစ်ယောက် အကြီးအကျယ် ဖျားနာတဲ့အခါ သေခြင်းတရားကို တွေးမိရုံနဲ့ ကျွန်တော်တို့ ကြောက်ကြတယ်။ ဘာကြောင့်လဲ။ ယေဟောဝါက လူတွေကို ထာဝစဉ် အသက်ရှင်ချင်စိတ် ထည့်သွင်းဖန်ဆင်းထားလို့ပါပဲ။ (ဒေ. ၃:၁၁) သေရမှာ ကြောက်တဲ့ စိတ် အတော်အသင့် ရှိတာက အသက်ကို ကာကွယ်ပေးနိုင်တယ်။ ဥပမာ၊ အာဟာရရှိရှိ စားဖို့၊ ကိုယ်လက်လှုပ်ရှားဖို့၊ လိုအပ်ရင် ဆေးရုံ၊ ဆေးခန်း သွားဖို့၊ မလိုအပ်ဘဲ မစွန့်စားဖို့ ကူညီပေးတယ်။

၁၆။ သေရမှာ ကြောက်တဲ့ စိတ်ကို စာတန် ဘယ်လို အသုံးချသလဲ။

၁၆ အသက်ကို ကျွန်တော်တို့ တန်ဖိုးထားမှန်း “သေခြင်းကို ဖြစ်ပေါ်စေတဲ့” စာတန် သိတယ်။ (ဟီ. ၂:၁၄၊ ၁၅) အသက်ဆက်ရှင်ဖို့ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး အပါအဝင် ဘာမဆို စွန့်လွှတ်မှာပဲလို့ စွပ်စွဲတယ်။ (ယောဘ ၂:၄၊ ၅) စာတန် သိပ်မှားတယ်။ ဒါပေမဲ့ သေရမှာ ကြောက်တဲ့ စိတ်ကို အသုံးချပြီး ယေဟောဝါကို ကျွန်တော်တို့ စွန့်သွားအောင် ကြိုးစားနေတုန်းပဲ။ ယုံကြည်ချက် မစွန့်ရင် သတ်ပစ်မယ်ဆိုပြီး ဘုရားလူမျိုးကို စာတန့်ဘက်တော်သားတွေ တစ်ခါတလေ ခြိမ်းခြောက်ကြတယ်။ ကျွန်တော်တို့ အရေးပေါ် ကျန်းမာရေးကိစ္စ ကြုံလာရင် စာတန် အခွင့်ကောင်း ယူတယ်။ ဘုရားပညတ် ချိုးဖောက်ပြီး သွေးသွင်းဖို့ ဆရာဝန်တွေ၊ မယုံကြည်သူ မိသားစုဝင်တွေ ဖိအားပေးနိုင်တယ်။ ဒါမှမဟုတ် ကျမ်းစာမူနဲ့ ဆန့်ကျင်တဲ့ ကုသနည်းတစ်မျိုးမျိုးကို လက်ခံဖို့ တချို့ ဖိအားပေးနိုင်တယ်။

၁၇။ ရောမ ၈:၃၇-၃၉ အရ သေခြင်းကို ဘာကြောင့် ကြောက်ဖို့ မလိုသလဲ။

၁၇ ကျွန်တော်တို့ မသေချင်ကြပါဘူး။ ဒါပေမဲ့ သေသွားရင်တောင် ဘုရား ချစ်နေဆဲပဲဆိုတာ သိထားကြတယ်။ (ရောမ ၈:၃၇-၃၉ ကို ဖတ်ပါ။) သေဆုံးသွားတဲ့ မိတ်ဆွေတွေကို ဘုရား မှတ်ဉာဏ်ထဲမှာ သိမ်းထားတယ်။ အသက်ရှင်နေသလို ရှုမြင်တယ်။ (လု. ၂၀:၃၇၊ ၃၈) ပြန်ထမြောက်ပေးချင်စိတ် ပြင်းပြတယ်။ (ယောဘ ၁၄:၁၅) ကျွန်တော်တို့ “ထာဝရအသက် ရနိုင်ဖို့” တန်ဖိုးကြီးကြီး ပေးဆပ်ထားတယ်။ (ယော. ၃:၁၆) ကျွန်တော်တို့ကို ယေဟောဝါ အလွန် ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာ သိထားလို့ ဖျားနာတဲ့အခါ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အခါ ဘုရားကို စွန့်ခွာမယ့်အစား နှစ်သိမ့်မှု၊ ဉာဏ်ပညာ၊ ခွန်အား ရဖို့ ဆက်အားကိုးကြတယ်။ ဗယ်လာရီတို့ ဇနီးမောင်နှံ အဲဒီအတိုင်း လုပ်ခဲ့တယ်။—ဆာ. ၄၁:၃။

၁၈။ ဗယ်လာရီဆီကနေ ဘာသင်ယူရသလဲ။

၁၈ ဗယ်လာရီ အသက် ၃၅ နှစ်မှာ ရှားပါး၊ ပြင်းထန်တဲ့ ကင်ဆာရောဂါတစ်မျိုး ရှိနေမှန်း သိလိုက်ရတယ်။ သေရမှာ ကြောက်တဲ့ စိတ်ကို တိုက်ထုတ်ဖို့ မေတ္တာက ဗယ်လာရီကို ဘယ်လို ကူညီပေးသလဲ။ “ရောဂါဆိုးကြီး ရှိနေမှန်း သိလိုက်ရတော့ ကျွန်မတို့ အရမ်း ထိတ်လန့်သွားတယ်။ အသက်ဆက်ရှင်နိုင်ဖို့ အကြီးစား ခွဲစိတ်မှု ခံယူရမယ်။ ခွဲစိတ်ဆရာဝန် အများကြီးနဲ့ ဆွေးနွေးပေမဲ့ သွေးမဲ့ ခွဲစိတ်ဖို့ အားလုံး ငြင်းကြတယ်။ ကျွန်မ ကြောက်မိတယ်။ ဒါပေမဲ့ ဘုရားပညတ်အရ သွေးသွင်းဖို့ကလည်း လုံးဝ မဖြစ်နိုင်ဘူး။ ဘဝတစ်လျှောက် ကျွန်မကို သိပ်ချစ်ကြောင်း ယေဟောဝါ ပြခဲ့တယ်။ အခု ဘုရားကို ချစ်တုံ့ပြန်ဖို့ အခွင့်အရေးပဲ။ ဆရာဝန်တွေဆီက သတင်းဆိုး ကြားရတိုင်း ယေဟောဝါ ဂုဏ်ယူရအောင် လုပ်မယ်၊ စာတန် မနိုင်စေရဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာတယ်။ နောက်ဆုံးမှာ သွေးမဲ့ ခွဲစိတ်ခွင့် ရပြီး အောင်မြင်ခဲ့တယ်။ ကျန်းမာရေး ပြဿနာ ရှိနေတုန်းပဲ။ ဒါပေမဲ့ လိုအပ်တာတွေကို ယေဟောဝါ အမြဲ ဖြည့်ဆည်းပေးတယ်။ ဥပမာ၊ ရောဂါ ရှာမတွေ့ခင် တစ်ပတ်အလို အသင်းတော် အစည်းအဝေးမှာ ‘အခက်အခဲတွေကို ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းပါ’ ဆိုတဲ့ ဆောင်းပါး လေ့လာကြတယ်။c တကယ် နှစ်သိမ့်မှု ဖြစ်စေတယ်။ အဲဒီဆောင်းပါးကို ကျွန်မတို့ ထပ်ခါထပ်ခါ ဖတ်တယ်။ ဒီလိုဆောင်းပါးတွေ၊ ဝတ်ပြုရေး အလေ့အထကောင်းတွေက စိတ်ငြိမ်သက်ဖို့၊ ဟန်ချက်ညီဖို့၊ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကူညီပေးတယ်” လို့ ဗယ်လာရီ ပြောတယ်။

ကြောက်စိတ်ကို တိုက်ထုတ်ပါ

၁၉။ မကြာခင် ဘာဖြစ်မလဲ။

၁၉ ယေဟောဝါရဲ့ အကူအညီကြောင့် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ခရစ်ယာန်တွေဟာ ခက်ခဲတဲ့ အခြေအနေတွေ ခံရပ်ရာမှာ၊ မာရ်နတ်ကို ခုခံတွန်းလှန်ရာမှာ အောင်မြင်နေကြတယ်။ (၁ ပေ. ၅:၈၊ ၉) သင်လည်း အောင်မြင်နိုင်ပါတယ်။ မကြာခင်၊ “မာရ်နတ် လုပ်သမျှကို ချေဖျက်ဖို့” ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေကို ယေဟောဝါ ညွှန်ကြားတော့မယ်။ (၁ ယော. ၃:၈) အဲဒီအချိန်ပြီးရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ဘုရားလူမျိုးဟာ “ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။ ကြောက်စရာအကြောင်း လုံးဝ ရှိမှာ မဟုတ်ဘူး။” (ဟေရှာ. ၅၄:၁၄။ မိ. ၄:၄) အဲဒီအချိန် မတိုင်ခင်တော့ ကြောက်စိတ်တွေကို တိုက်ထုတ်ဖို့ ကျွန်တော်တို့ ကြိုးစားနေရမယ်။

၂၀။ ကြောက်စိတ်တွေကို တိုက်ထုတ်ဖို့ ဘာက ကူညီပေးမလဲ။

၂၀ ကျေးကျွန်တွေကို ယေဟောဝါ ချစ်တယ်၊ ကာကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု ခိုင်မာအောင် လုပ်နေရမယ်။ အတိတ်က ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ကာကွယ်ပေးခဲ့ကြောင်း တွေးတော၊ ဆွေးနွေးခြင်းက အကူအညီ ဖြစ်စေပါလိမ့်မယ်။ ခက်ခဲတဲ့ အခြေအနေတွေကို ကျွန်တော်တို့ ခံရပ်နိုင်အောင် ဘုရား ကူညီပေးခဲ့ပုံကိုလည်း သတိရရမယ်။ ကြောက်စိတ်တွေကို ယေဟောဝါရဲ့ အကူအညီနဲ့ ကျွန်တော်တို့ တိုက်ထုတ်နိုင်ကြပါလိမ့်မယ်။—ဆာ. ၃၄:၄။

သင် ဘယ်လို ဖြေမလဲ

  • မိသားစုကို မထောက်ပံ့နိုင်မှာ ကြောက်တဲ့ စိတ်ကို တိုက်ထုတ်ဖို့ မေတ္တာက ဘယ်လို ကူညီပေးသလဲ။

  • လူကြောက်တဲ့ စိတ်ကို တိုက်ထုတ်ဖို့ မေတ္တာက ဘယ်လို ကူညီပေးသလဲ။

  • သေရမှာ ကြောက်တဲ့ စိတ်ကို တိုက်ထုတ်ဖို့ မေတ္တာက ဘယ်လို ကူညီပေးသလဲ။

သီချင်း ၁၂၉ ခံရပ်နေမယ်

a ကြောက်စိတ်ဆိုတာ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ သဘာဝ ခံစားချက်ပါ။ ဒါပေမဲ့ အကျိုးမရှိတဲ့ ကြောက်စိတ်က အန္တရာယ် ရှိတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ရဲ့ ကြောက်စိတ်ကို စာတန် အသုံးချလို့ပါပဲ။ ဒါကြောင့် ကြောက်စိတ်ကို ထိန်းချုပ်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ်။ ဘာက ကူညီပေးမလဲ။ ယေဟောဝါ ကိုယ့်ဘက်မှာ ရှိတယ်၊ ကိုယ့်ကို ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချရင် ဘယ်လို ကြောက်စိတ်ကိုမဆို တိုက်ထုတ်နိုင်ကြောင်း ဒီဆောင်းပါးမှာ သိရပါမယ်။

b အမည်လွှဲများ။

c ၂၀၁၂၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၇-၁၁ ကို ကြည့်ပါ။

d ပုံအညွှန်း– အလုပ်ကြိုးစားတဲ့ ညီအစ်မနဲ့ မိသားစုဆီ အသင်းတော်က မောင်နှံတစ်စုံ စားစရာ ယူလာပေး။

e ပုံအညွှန်း– ညီအစ်ကိုငယ်ရဲ့ ယုံကြည်ချက်ကို မိဘတွေ ဆန့်ကျင်နေ။ ဘုရား ထောက်မမယ်ဆိုတာ ညီအစ်ကိုငယ် ယုံကြည်စိတ်ချ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ