ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfs ဆောင်းပါး ၃
  • ဘုရားပေး ခွန်အားကြောင့် နောက်မဆုတ်ခဲ့ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားပေး ခွန်အားကြောင့် နောက်မဆုတ်ခဲ့ကြ
  • ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောက်ဆုတ်ရမယ့်အချိန် မဟုတ်
  • ခံနိုင်ရည် လိုအပ်ကြ
  • ဆက်အမှုဆောင်နေကြ
  • ယေဟောဝါရဲ့ ကောင်းချီးတွေက မျှော်လင့်ထားတာထက် အဆပေါင်းများစွာ သာလွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါသည် ကျွန်တော့်ခိုလှုံရာနှင့်ခွန်အား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်တဲ့ နည်းလမ်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ပျော်ရွှင်မှုကို သင် အမှန်တကယ်တွေ့ရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
lfs ဆောင်းပါး ၃
ဒေရယ်လ် ရှပ်။

ဒေရယ်လ် ရှပ် | ဘဝအတ္ထုပ္ပတ္တိ

ဘုရားပေး ခွန်အားကြောင့် နောက်မဆုတ်ခဲ့ကြ

“တစ်လတောင် ခံမယ် မထင်ဘူး။” ၁၉၅၆ ခုနှစ်တုန်းက ကျွန်တော် အားလပ်ရှေ့ဆောင် လျှောက်လွှာတင်ချိန်မှာ အသင်းတော်က ညီအစ်ကိုတချို့ ပြောခဲ့တာပါ။ ကျွန်တော့်အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ သိပ်ခင်တဲ့ ညီအစ်ကိုတစ်ယောက် တိုက်တွန်းလို့ လွန်ခဲ့တဲ့ လေးနှစ်က နှစ်ခြင်းခံခဲ့တယ်။ အဲဒီတုန်းက နှစ်ခြင်းခံဖို့ အရည်အချင်း ရှိမရှိ အကြီးအကဲတွေ မေးမြန်းတာမျိုး မရှိခဲ့ဘူး။

ကျွန်တော် ရှေ့ဆောင် ဆက်မလုပ်နိုင်လောက်ဘူးလို့ ညီအစ်ကိုတွေ ထင်လည်း ထင်စရာပဲ။ ကျွန်တော်ဟာ ဘုရားအမှုဆောင်ဖို့ အာရုံစိုက်သူ မဟုတ်ဘူး။ အမှုဆောင် ထွက်ရတာလည်း မပျော်ဘူး။ အမှုဆောင် မထွက်ချင်တာနဲ့ တနင်္ဂနွေနေ့ဆိုရင် မိုးရွာပါစေလို့ ဆုတောင်းတယ်။ အမှုဆောင် ထွက်ရင်လည်း မဂ္ဂဇင်းတွေပဲ လိုက်ဝေတယ်။ ကျမ်းစာနဲ့ ဟောတာမျိုး တစ်ခါမှ မရှိဘူး။ အသင်းတော်မှာ ကျမ်းစာဖတ်ရှုခြင်းတာဝန် လုပ်စေချင်လို့ အမေက ကျွန်တော့်ကို လက်ဆောင်တွေ ပေးတယ်။ လေ့လာရတာ ဝါသနာ မပါဘူး။ ဘုရားရေးရာ ပန်းတိုင်လည်း မရှိဘူး။

အဲဒီနှစ် နွေရာသီမှာ ဝေလပြည်၊ ကာဒစ်မြို့တော်မှာ ခရိုင်စည်းဝေးပွဲ (ယခုအခေါ် အစည်းအဝေးကြီး) ကျင်းပတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ဘဝ လုံးဝ ပြောင်းလဲခဲ့တယ်။ ဟောပြောသူတစ်ယောက်က စဉ်းစားစရာ မေးခွန်းတွေ မေးတယ်။ “သင်ဟာ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးပြီလား” တဲ့။ ‘ပြီးပြီ’ လို့ စိတ်ထဲ ဖြေလိုက်တယ်။ “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါမယ်လို့ ကတိပေးခဲ့သလား။” ‘ဟုတ်ကဲ့။’ “ကျန်းမာရေး ပြဿနာ၊ မိသားစု တာဝန်တွေကြောင့် ရှေ့ဆောင် မလုပ်နိုင်တာမျိုး ရှိသလား။” ‘မရှိဘူး။’ “ရှေ့ဆောင် မလုပ်နိုင်တဲ့ အကြောင်းရင်းတွေ ရှိသလား။” ‘မရှိဘူး။’ “နောက်ဆုံးမေးခွန်းကို မရှိဘူးလို့ ဖြေရင် ဘာကြောင့် ရှေ့ဆောင် မလုပ်သေးတာလဲ” တဲ့။

အဲဒီအချိန်မှာ အမြင်မှန် ရသွားတယ်။ ‘ငါ အချိန်ဖြုန်းနေတာပဲ။ ဆက်ကပ်အပ်နှံချိန်မှာ ပေးခဲ့တဲ့ ကတိ မတည်ပါလား။ ယေဟောဝါအတွက် စိတ်စွမ်းရှိသမျှ အမှုမဆောင်ပါလား’ ဆိုတဲ့အတွေး ဝင်လာတယ်။ ကိုယ့်အပေါ် ဘုရား ကတိတည်တာကို လိုလားရင် ကိုယ်လည်း ဘုရားအပေါ် ကတိတည်ရမယ်လို့ စဉ်းစားမိတယ်။ ဒါနဲ့ ၁၉၅၆ ခုနှစ်၊ အောက်တိုဘာမှာ အားလပ်ရှေ့ဆောင် လုပ်လိုက်တယ်။ အခုတော့ အရန်ရှေ့ဆောင်လို့ ခေါ်တယ်။

ဒေရယ်လ် လူငယ်ဘဝမှာ။

၁၉၅၉ ခုနှစ်၊ အဘာဒီးန်မြို့မှာ အထူးရှေ့ဆောင်အဖြစ် တာဝန်ကျစဉ်

နောက်နှစ်မှာ မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ ကြေညာသူ ၁၉ ယောက်ပဲ ရှိတဲ့ အသင်းတော်ကို ပြောင်းရွှေ့ခဲ့တယ်။ ရောက်တဲ့အချိန်ကစပြီး အပတ်တိုင်း ဟောပြောချက်တာဝန် ရတယ်။ ညီအစ်ကိုတွေ စိတ်ရှည်ရှည် ကူညီပေးတဲ့အတွက် ဟောပြောချက်ကောင်းတွေ ပေးတတ်လာတယ်။ နှစ်နှစ်အကြာ၊ ၁၉၅၉ ခုနှစ်မှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ စကော့တလန်မြောက်ပိုင်း၊ အဘာဒီးန်မြို့မှာ တာဝန်ကျတယ်။ လအနည်းငယ်ကြာတော့ လန်ဒန် ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ပုံနှိပ်ဌာနမှာ ခုနစ်နှစ်ကြာ အမှုဆောင်ခွင့် ရခဲ့တယ်။

ဗေသလမှာ ပျော်ပေမဲ့ လယ်ကွင်းမှာ အမှုဆောင်ရတာကို ပိုသဘောကျတယ်။ ကျန်းမာငယ်ရွယ်သူဆိုတော့ ယေဟောဝါဘုရား အမှုဆောင်ဖို့ ဘယ်နေရာကိုမဆို သွားဖို့ အသင့်ပဲ။ ဒါနဲ့ ၁၉၆၅၊ ဧပြီလမှာ သာသနာပြုတွေကို လေ့ကျင့်ပေးတဲ့ ဂိလဒ်သင်တန်း တက်ဖို့ လျှောက်လွှာ တင်တယ်။

အဲဒီနှစ်မှာပဲ အခန်းဖော်နဲ့အတူ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကြီးကို သွားတက်ဖို့၊ မကြာသေးခင်နှစ်တုန်းက ဆောက်ခဲ့တဲ့ ဘာလင်တံတိုင်းကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

အစည်းအဝေးကြီးအတွင်း တစ်ရက်မှာ အမှုဆောင် ထွက်ကြတဲ့အခါ စူဇာနာ ဘန်ဒရော့ခ်နဲ့ တွဲဖို့ တာဝန်ရတယ်။ ၁၉၆၆ ခုနှစ်မှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ နှစ်နှစ်ကြာတော့ ၄၇ ကြိမ်မြောက် ဂိလဒ်သင်တန်း တက်ခွင့် ရခဲ့တယ်။ တကယ့် ကောင်းချီးပါပဲ။ သင်တန်းကာလ ငါးလ အကုန်မြန်လိုက်တာ။ ကျွန်တော်တို့ ဇိုင်ယာ (ယခု ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ) မှာ တာဝန်ကျတယ်တဲ့။ လန့်သွားတယ်။ ဒီနိုင်ငံအကြောင်း မသိသလောက်ပဲ။ စိုးရိမ်ပေမဲ့ တာဝန်ကို လက်ခံပြီး ယေဟောဝါဘုရားလက်ထဲ အပ်ထားလိုက်တယ်။

ဒေရယ်လ်နဲ့ စူဇာနာ ရှပ် ၄၇ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းများနဲ့ အတူ။

၁၉၆၉ ခုနှစ်၊ ဂိလဒ်သင်တန်းဆင်းတွေ ဖြစ်တဲ့ စူဇာနာနဲ့ ကျွန်တော်

လေယာဉ်ကွင်းမှာ၊ လေယာဉ်ပေါ်မှာ နာရီပေါင်းများစွာ ကြာပြီးတဲ့နောက် ကောလ်ဝီဇီဆိုတဲ့ မိုင်းတွင်းမြို့ငယ်ဆီ ရောက်လာတယ်။ တစ်ယောက်မှ လာမကြိုပါလားလို့ တွေးနေတာ။ နောက်မှ သိလိုက်ရတာက ကျွန်တော်တို့ ပို့တဲ့ ကြေးနန်းစာအရ နောက်နှစ်ရက်ကြာမှ ရောက်မယ်လို့ ထင်နေကြတယ်တဲ့။ လေယာဉ်ကွင်းမှာ အရာရှိတစ်ယောက် ပြင်သစ်လို လာပြောတယ်။ ကျွန်တော်တို့ နားမလည်တော့ ရှေ့မှာ တန်းစီနေတဲ့ အမျိုးသမီးက “ရှင်တို့ကို လာဖမ်းနေတာ” လို့ ဘာသာပြန်ပေးတယ်။

အရာရှိက ထိုင်ခုံ နှစ်ခုံပဲ ပါတဲ့ ပြိုင်ကားဟောင်းတစ်စီးကို ချောဆွဲပြီး ကျွန်တော်တို့ကို ကားပေါ် တက်ခိုင်းတယ်။ ကားထဲမှာ ကားပိုင်ရှင်၊ အရာရှိ၊ ကျွန်တော်နဲ့ စူဇာနာ ကျပ်ညှပ်နေတယ်။ ချိုင့်ခွက် ပေါတဲ့ လမ်းတစ်လျှောက် အမိုးဖွင့်ကားပေါ် လူတွေ၊ ပစ္စည်းတွေအပြည့်နဲ့ စီးလာကြတာ ဟာသရုပ်ရှင်ထဲက မြင်ကွင်းလိုပါပဲ။

သာသနာပြုအိမ်ကို တန်းမောင်းလာတယ်။ အိမ်လိပ်စာကို ကျွန်တော်တို့ မသိပေမဲ့ အရာရှိက သိနေတယ်။ ရောက်သွားတဲ့အခါ ဘယ်သူမှ မရှိဘူး။ ဂိတ်တွေ သော့ခတ်ထားတယ်။ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး သွားတက်ကြတာ။ နေပူကျဲကျဲထဲ ရပ်ရင်း ဘာဆက်ဖြစ်မလဲလို့ တွေးနေချိန်မှာပဲ ဒေသခံ ညီအစ်ကိုတစ်ယောက် ရောက်လာတယ်။ ကျွန်တော်တို့ကို တွေ့တော့ လှိုက်လှိုက်လှဲလှဲ ပြုံးပြတဲ့အတွက် စိတ်အေးသွားတယ်။ ကျွန်တော်တို့ဆီက ငွေလိုချင်နေပုံရတဲ့ အဲဒီအရာရှိကို သူ သိတယ်။ သူတို့ ပြောဆိုဆွေးနွေးပြီးတဲ့နောက် အရာရှိ ထွက်သွားတော့မှ ကျွန်တော်တို့လည်း အိမ်ထဲ ဝင်ရတယ်။

ဒေရယ်လ်နဲ့ စူဇာနာ ရှပ်၊ နေသန် အိပ်ချ် နောရ်၊ တခြားညီအစ်ကို/မများနဲ့ အတူ။

၁၉၇၁ ခုနှစ်၊ ဇိုင်ယာကို နေသန် အိပ်ချ် နောရ် လည်ပတ်ချိန် သာသနာပြုအိမ် အပြင်မှာ

နောက်ဆုတ်ရမယ့်အချိန် မဟုတ်

ညီအစ်ကို/မတွေဟာ ခံနိုင်ရည် ရှိတဲ့သူ၊ ပျော်ပျော်နေတတ်သူ၊ ချစ်ခင်တတ်သူတွေ ဖြစ်ကြမှန်း ကျွန်တော်တို့ သိလာတယ်။ ဝမ်းနည်းစရာက လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မငြိမ်မသက်မှု၊ တော်လှန်ပုန်ကန်မှုတွေကြောင့် တစ်နိုင်ငံလုံး အကြမ်းဖက်မှုတွေ ပြည့်နေတယ်။ ၁၉၇၁ ခုနှစ်မှာတော့ ယေဟောဝါသက်သေတွေ ရထားတဲ့ တရားဝင် အသိအမှတ်ပြုမှုကို အစိုးရက ရုပ်သိမ်းလိုက်တယ်။ ဘာဆက်လုပ်ကြရမလဲလို့ တွေးမိတယ်။

ဒီအချိန်ဟာ ကြောက်ပြီး နောက်ဆုတ်ရမယ့်အချိန် မဟုတ်ပါဘူး။ နိုင်ငံရေး ပါတီကတ် ဆောင်ထားဖို့၊ ပါတီရင်ထိုး တပ်ထားဖို့ ဖိအားပေးပေမဲ့ အလျှော့ပေး လိုက်လျောတဲ့ ညီအစ်ကို/မ ရှားပါတယ်။ ပါတီရင်ထိုး မတပ်လို့ အစိုးရ ထောက်ပံ့မှု မရကြဘူး။ စစ်တပ်နဲ့ ရဲတွေရဲ့ ဖိနှိပ်မှုကိုလည်း ခံကြရတယ်။ ညီအစ်ကိုတွေ အလုပ်ပြုတ်သွားတယ်။ ကလေးတွေ ကျောင်းထုတ်ခံရတယ်။ ညီအစ်ကိုအတော်များများ ထောင်ကျသွားတယ်။ ဘေးကျပ်နံကျပ်ကာလပါပဲ။ ဒါတောင် ယေဟောဝါသက်သေတွေဟာ သတင်းကောင်းကို သတ္တိရှိရှိ ဆက်ဟောပြောခဲ့ကြတယ်။

ခံနိုင်ရည် လိုအပ်ကြ

အဲဒီနှစ်တွေအတွင်း စူဇာနာနဲ့ ကျွန်တော် တောနယ်တွေဘက် တိုက်နယ်လှည့်တာ၊ ခရိုင်စည်းဝေးပွဲတွေ စီစဉ်ပေးနေတာ များတယ်။ ရွာတွေမှာ နေရတာ ထူးခြားတဲ့ အတွေ့အကြုံပါ။ အခက်အခဲတွေတော့ ရှိတယ်။ သက်ကယ်မိုးထားတဲ့ အိမ်တွေက ကျဉ်းလွန်းလို့ ခြေဆန့်ပြီး လှဲလို့တောင် မရဘူး။ တံခါးပေါက်မှာ ခေါင်းတိုက်မိတာလည်း အကြိမ်ကြိမ်။ ချောင်းရေ၊ မြစ်ရေ ခပ်ပြီး ရေချိုးရတယ်။ ညဘက် ဖယောင်းတိုင်မီးနဲ့ စာဖတ်ရတယ်။ မီးသွေးနဲ့ ချက်ပြုတ်ရတယ်။ ဒါပေမဲ့ ဒါမှ တကယ့် သာသနာပြုဘဝ၊ ရှေ့တန်းကနေ ဘုရားအမှုဆောင်နေတာလို့ ခံစားရတယ်။

ဒေသခံ ညီအစ်ကို/မတွေနဲ့အတူ နေထိုင်စားသောက်တဲ့အချိန်ကျမှ စားစရာ၊ ဝတ်စရာ၊ နေစရာ ရှိနေတာကို တန်ဖိုးထားရကောင်းမှန်း သိလာတယ်။ (၁ တိမောသေ ၆:၈) ရရှိထားသမျှဟာ ဆုလက်ဆောင်ပဲဆိုတဲ့ အချက်ကို အခုထိ စိတ်ထဲ အမှတ်ရနေတယ်။

တမန်တော် ပေါလု ကြုံခဲ့ရတဲ့ အခက်အခဲမျိုး မကြုံခဲ့ရပေမဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း၊ စိတ်ရင်း စမ်းသပ်ခံရတယ်လို့ ထင်မိတဲ့အချိန်တွေ ရှိတယ်။ ကားသွားလို့ မရတဲ့ လမ်းကြမ်းတွေပေါ် ဖြတ်သန်းခဲ့ရတယ်။ ကျောက်ခင်းလမ်းပေါ် ကားဆောင့်တဲ့ဒဏ် ကြုံရတယ်။ သဲထဲ ကားနစ်ဝင်သွားတာ ကြုံဖူးတယ်။ မိုးတွင်းမှာ ဗွက်ထဲ နစ်ဝင်ပြီး ရုန်းလို့ မရဘူး။ တစ်ခါဆိုရင် တစ်နေ့လုံး ကားမောင်းတာတောင် ၁၂ ခါလောက် ဗွက်ရုန်းရလို့ ကီလိုမီတာ ၇၀ (၄၃ မိုင်) ပဲ ခရီးရောက်ခဲ့တယ်။

ဒေရယ်လ်နဲ့ ညီအစ်ကိုတွေ ဗွက်ထဲကနေ ထရပ်ကားကို ဆွဲထုတ်နေကြစဉ်။

တာဝန်ကျဒေသမှာ အမှုဆောင်ချိန် လမ်းခရီး အခက်အခဲ ကြုံရလေ့ ရှိ

ကျေးလက်ဒေသမှာ အမှုဆောင်ရတာ ခက်ခဲပေမဲ့ ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်။ ခက်ခဲတဲ့ အခြေအနေမှာ ဘာမှ မတတ်နိုင်ရင်တောင် ယေဟောဝါရဲ့ အကူအညီနဲ့ ခံနိုင်ရည်ရှိရှိ ဆက်ပျော်ရွှင်နိုင်ပါတယ်။ စူဇာနာဟာ စွန့်စွန့်စားစား ခရီးသွားလာရတာမျိုး မကြိုက်ပေမဲ့ အခက်အခဲကြုံတိုင်း တစ်ခါမှ မညည်းညူခဲ့ဘူး။ ပျော်စရာ၊ ကျေနပ်စရာ၊ အတွေ့အကြုံ ရင့်ကျက်စေတဲ့ အမှတ်တရတွေလို့ပဲ သဘောထားကြပါတယ်။

ဇိုင်ယာမှာ နေခဲ့တဲ့ နှစ်တွေတစ်လျှောက် ကျွန်တော် အကြိမ်ကြိမ် အဖမ်းခံရတယ်။ တစ်ကြိမ်မှာ တရားမဝင် စိန်အရောင်းအဝယ် လုပ်တယ်ဆိုပြီး မဟုတ်မမှန် စွပ်စွဲခံရတယ်။ ဒီအတွက် အတော် စိုးရိမ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီမှာအမှုဆောင်တာကို ယေဟောဝါဘုရား အလိုရှိရင် ကူညီပေးမှာပါဆိုပြီး အားတင်းခဲ့ကြတယ်။ ဘုရားက တကယ်ပဲ ကူညီပေးခဲ့တယ်။

ဆက်အမှုဆောင်နေကြ

၁၉၈၁ ခုနှစ်ရောက်တဲ့အခါ ကင်ရှာဆာ ဌာနခွဲရုံးမှာ အမှုဆောင်ဖို့ ခေါ်ဖိတ်ခံရတယ်။ ဒီ့မတိုင်ခင် တစ်နှစ်မှာ ကျွန်တော်တို့လုပ်ငန်း တရားဝင် အသိအမှတ်ပြုမှု ပြန်ရသွားတယ်။ ဒါနဲ့ ညီအစ်ကိုတွေက မြေကွက်ဝယ်ပြီး ပိုကြီးတဲ့ ဌာနခွဲကို ဆောက်တယ်။ မထင်မှတ်ပဲ ၁၉၈၆၊ မတ်လမှာ သမ္မတက ယေဟောဝါသက်သေရဲ့ လုပ်ငန်းကို ပိတ်ပင်ဖို့ အမိန့်ချတယ်။ ဆောက်လုပ်ရေးကို ရပ်ဆိုင်းလိုက်ရပြီးနောက် မကြာခင်မှာပဲ သာသနာပြု အများစု ထွက်ခွာကြရတယ်။

ရုံးခန်းမှာ သတ်ပုံပေါင်းစက်ရှေ့ ဒေရယ်လ်။

ဇိုင်ယာ ဌာနခွဲရုံးမှာ နှစ်အနည်းငယ် အမှုဆောင်ခဲ့စဉ်

ကျွန်တော်တို့ကတော့ တစ်ခဏ ဆက်နေနိုင်သေးတယ်။ ကျွန်တော်တို့ကို စောင့်ကြည့်နေကြမှန်း သိပေမဲ့ အတတ်နိုင်ဆုံး ဆက်ဟောပြောတယ်။ ဒီလောက် သတိထားနေတာတောင် ကျမ်းစာသင်အံမှု လုပ်နေချိန် ကျွန်တော် အဖမ်းခံလိုက်ရတယ်။ အကျဉ်းသားတွေ ပြွတ်သိပ်နေတဲ့ မြေအောက်အကျဉ်းခန်းမှာ နေရတယ်။ အခန်းက ပူအိုက်၊ နံစော်၊ မွန်းကျပ်မဲမှောင်နေတယ်။ အလင်းနဲ့ လေဝင်ဖို့ အပေါက်လေးတစ်ခုပဲ ရှိတယ်။ အကျဉ်းသားတချို့က ကျွန်တော့်ကို သူတို့ခေါင်းဆောင်ဆီ ဆွဲခေါ်သွားတယ်။ သူက “ကျုပ်တို့ရဲ့ နိုင်ငံတော်သီချင်း ဆိုပြစမ်း” တဲ့။ “မဆိုတတ်ဘူး” လို့ ပြောတော့ “ဒါဆို မင်းတို့တိုင်းပြည်ရဲ့ နိုင်ငံတော်သီချင်း ဆိုပြ” တဲ့။ “အဲဒါကိုလည်း မဆိုတတ်ဘူး” လို့ ကျွန်တော် ပြောတဲ့အခါ နံရံမှာ ကပ်ပြီး ၄၅ မိနစ်လောက် ရပ်ခိုင်းတယ်။ တော်သေးလို့ ဒေသခံ ညီအစ်ကိုတွေ ဆွေးနွေးညှိနှိုင်းပြီး ကျွန်တော့်ကို အကျဉ်းထောင်ကနေ ခေါ်ထုတ်ခဲ့တယ်။

ဒေရယ်လ်နဲ့ စူဇာနာ ဇမ်ဘီယာ ဌာနခွဲမှာ ရပ်နေစဉ်။

၁၉၈၇ ခုနှစ်၊ ဇမ်ဘီယာ ဌာနခွဲကို ရောက်ပြီး မကြာမီ

အခြေအနေ ထူးခြားလာမှာ မဟုတ်မှန်း ကျွန်တော်တို့ သိတယ်။ မကြာပါဘူး၊ ကျွန်တော်တို့ ဇမ်ဘီယာနိုင်ငံကို အပို့ခံရတယ်။ နယ်စပ် ဖြတ်ချိန်မှာ ဝမ်းနည်းဝမ်းသာ ဖြစ်မိတယ်။ ဇိုင်ယာမှာ သစ္စာရှိ သာသနာပြုတွေ၊ ဒေသခံ ညီအစ်ကို/မတွေနဲ့အတူ ၁၈ နှစ်ကြာ အမှုဆောင်ခဲ့တာကို စဉ်းစားမိလို့ပါ။ စိတ်ဖိစီးစရာတွေ ကြုံခဲ့ရပေမဲ့ ကောင်းချီး ခံစားရတာ အမှန်ပဲ။ ကျွန်တော်တို့နဲ့အတူ ယေဟောဝါ အမြဲ ရှိနေလို့ပါ။ ဆွာဟီလီစကား၊ ပြင်သစ်စကား ပြောတတ်နေပြီ။ စူဇာနာဆိုရင် လင်ဂါလာစကားလည်း ပြောတတ်နေပြီ။ ကျွန်တော်တို့ ကူညီပေးခဲ့သူ ၁၃၀ ကျော်ဟာ နှစ်ခြင်းခံတဲ့အထိ တိုးတက်ခဲ့လို့ အမှုဆောင်မှာ အောင်မြင်မှု ရတယ်လို့ ဆိုရမယ်။ အနာဂတ် တိုးတက်မှုအတွက် အုတ်မြစ်ချတဲ့အလုပ်မှာ ပါဝင်ခွင့် ရလို့ ကျေနပ်တယ်။ နောက်ပိုင်းမှာ အတော်လေး တိုးတက်လာတယ်။ ၁၉၉၃ ခုနှစ်မှာ အထက်လွှတ်တော်က ၁၉၈၆ ခုနှစ်တုန်းက ပိတ်ပင်မှုကို ဖျက်သိမ်းခဲ့တယ်။ အခုဆိုရင် ကွန်ဂိုမှာ ကြေညာသူ ၂၄၀,၀၀၀ ကျော် ရှိနေပါပြီ။

ဇမ်ဘီယာမှာ ကျွန်တော်တို့ ရှိတုန်းက ဌာနခွဲအသစ် ဆောက်တာ၊ အဆောက်အဦအသစ် တိုးချဲ့တာတွေ မြင်ခဲ့ရတယ်။ ၁၉၈၇ ခုနှစ်မှာ အဲဒီကို ကျွန်တော်တို့ ရောက်တုန်းကထက် အခုဆို ကြေညာသူ သုံးဆမက ရှိနေပြီ။

ဇမ်ဘီယာ ဌာနခွဲ အပေါ်စီးမှ မြင်ကွင်း

အချိန်ပြည့်လုပ်ငန်းမှာ တစ်လတောင် ခံမှာ မဟုတ်ဘူးလို့ ထင်ရတဲ့ ညီအစ်ကိုငယ် ဘာဖြစ်နေပြီလဲ။ ယေဟောဝါဘုရားရဲ့ ကောင်းချီး၊ ချစ်ရတဲ့ စူဇာနာရဲ့ ထောက်မကူညီမှုကြောင့် အခုဆိုရင် အချိန်ပြည့်လုပ်ငန်းမှာ ၆၅ နှစ်တိုင် ပါဝင်ခွင့် ရခဲ့တယ်။ ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာကို မြည်းစမ်းပြီး ကိုယ်တိုင် ခံစားလိုက်ရပါပြီ။—ဆာလံ ၃၄:၈။

ကျွန်တော်တို့ဟာ သာမန်လူတွေပါ။ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံတုန်းက ပေးခဲ့တဲ့ ကတိကို တည်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ရုံလေးပါ။ ဘယ်တော့မှ ‘နောက်မဆုတ်’ ဘဲ “အသက်ဆက်ရှင်မယ့် လူစားမျိုး ဖြစ်” အောင် ယုံကြည်ခြင်း ပိုခိုင်ခံ့ဖို့ ယေဟောဝါ ဆက်ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။—ဟီဘရူး ၁၀:၃၉။

ဒေရယ်လ်နဲ့ စူဇာနာ။

ဇမ်ဘီယာ ဌာနခွဲမှာ စူဇာနာနဲ့ ကျွန်တော် ဆက်အမှုဆောင်နေကြ

ဒေရယ်လ်နဲ့ စူဇာနာ ရှပ်။ ယေဟောဝါရဲ့ အမှုတော်ကို စိတ်စွမ်းရှိသမျှ ထမ်းဆောင်ပါမယ်လို့ ကတိပေးခဲ့ ဗီဒီယိုကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ