အီဘိုလ်ရာ ဘာတာ | ဘဝအတ္ထုပ္ပတ္တိ
ခင်ပွန်းကို “တစ်ခွန်းမှ ဟောစရာ မလိုဘဲ” ယုံကြည်သူ ဖြစ်လာစေပြီ
ယေဟောဝါကို ချစ်လာရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ ယေဟောဝါကို ဝတ်ပြုသူတွေရဲ့ မေတ္တာ၊ နွေးထွေးမှု၊ ကျမ်းစာ အမှန်တရား သင်ပေးပုံတို့ကြောင့် စိတ်ထိမိသွားတယ်။ ဘုရားဟာ လူသားတွေကို တကယ် ဂရုစိုက်မှန်း၊ လှပတဲ့ အနာဂတ် ပြင်ဆင်ပေးထားမှန်း သိလိုက်ရတဲ့အခါလည်း စိတ်လှုပ်ရှားမိတယ်။ ဒါပေမဲ့ ကျွန်မခင်ပွန်းဟာ ကျွန်မလို မခံစားရတော့ ပြဿနာတွေ ကြုံရတာ အလူးအလိမ့်ပဲ။
မင်္ဂလာဆောင်တဲ့နေ့
၁၉၅၂ ခုနှစ်၊ ရိုမေးနီးယားနိုင်ငံမှာ ကျွန်မ မွေးတယ်။ ကျွန်မ အမေဟာ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေတစ်ယောက်ဆိုပေမဲ့ အမှန်တရားမှာ မလှုပ်မရှား ဖြစ်သွားလို့ အစည်းအဝေးတွေ မတက်ခဲ့ရဘူး။ ပိုဆိုးတာက အဲဒီအချိန်မှာ ရိုမေးနီးယားက ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာဆိုတော့ ဟောပြောခြင်းလုပ်ငန်းလည်း ပိတ်ပင်ခံထားရတယ်။ ဒါကြောင့် အသက် ၃၆ နှစ်ရောက်တဲ့အထိ ယေဟောဝါဆိုတာ ဘယ်သူမှန်း၊ ကျမ်းစာမှာ ဘာတွေပါမှန်း မသိခဲ့ဘူး။ ဒါပေမဲ့ ၁၉၈၈ ခုနှစ်၊ ခင်ပွန်းနဲ့အတူ ဆာတူ မာရဲမြို့မှာ နေနေရင်း ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတယ်။
ဘယ်လိုမှ မငြင်းနိုင်တဲ့ ကမ်းလှမ်းချက်
တစ်နေ့၊ အမေ ကျွန်မကို လာတွေ့တယ်။ “သမီးရဲ့ အဒေါ်ဆီ သွားလည်မလို့၊ လိုက်ခဲ့မလား။ ပြီးတာနဲ့ စျေးထွက်ဝယ်ကြတာပေါ့” ဆိုပြီး ခေါ်တယ်။ ကျွန်မလည်း တခြားလုပ်စရာမရှိတာနဲ့ အမေနဲ့ လိုက်သွားလိုက်တယ်။
အဒေါ့်အိမ် ရောက်တော့ ယေဟောဝါသက်သေ ကိုးယောက် အဲဒီမှာ အစည်းအဝေးလုပ်နေကြတာ တွေ့လိုက်ရတယ်။ တကယ်တော့ အဲဒီအချိန်မှာ အမေက ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ ပြန်တက်ကြွလှုပ်ရှားနေပြီ။ အဲဒီမနက်မှာ ကြားခဲ့ရတာတွေ စိတ်ထဲမှာ စွဲကျန်သွားတယ်။
အစည်းအဝေး ပြီးသွားတဲ့အခါ သင်တန်းကိုင်သူက ကျွန်မဆီလာပြီး “ကျွန်တော့်နာမည် ယာနိုစ်ပါ။ အစည်းအဝေးမှာ အသေအချာ လိုက်နားထောင်နေတာ သတိထားမိတယ်။ ဒီနေ့ကြားခဲ့ရတာတွေကို သဘောကျရဲ့လား” လို့ မေးတယ်။ ဒါနဲ့ ကျွန်မက ဒီလိုအစည်းအဝေးမျိုး တစ်ခါမှ မတက်ဖူးဘူး၊ နောက်လည်း လာတက်ချင်တဲ့အကြောင်း ပြောပြလိုက်တော့ သူက “ကျမ်းစာ လေ့လာကြည့်ချင်သလား” ဆိုပြီး မေးတယ်။ ကျွန်မ ဘယ်လိုမှ မငြင်းနိုင်တဲ့ ကမ်းလှမ်းချက်ပါပဲ။ ဘုရားသခင်က ကျွန်မကို ဒီလူတွေဆီ ပို့ပေးလိုက်တာပဲဆိုပြီး စိတ်ထဲ ခံစားရတယ်။
နောက်တစ်နေ့မှာ ညီအစ်ကို ယာနိုစ်က အိုင်ဒါဆိုတဲ့ ညီအစ်မနဲ့ ကျမ်းစာလေ့လာဖို့ မိတ်ဆက်ပေးတယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတာကို ကျွန်မခင်ပွန်း အစ္စဗန် သိသွားရင် ဘယ်လို တုံ့ပြန်မလဲဆိုတာကိုတော့ စိုးရိမ်မိတယ်။ သူ့ကို ပြောပြဖို့ အကြိမ်ကြိမ် ကြိုးစားကြည့်ပေမဲ့ စိတ်မဝင်စားဘူး။ ကျွန်မ လုပ်နေတာတွေကို မကြိုက်မှန်း ရိပ်မိတယ်။
ဒါပေမဲ့ ကျမ်းစာဆက်လေ့လာပြီး ၁၉၈၉ ခုနှစ်၊ သြဂုတ်လမှာ နှစ်ခြင်းခံတယ်။ နှစ်ခြင်းခံပြီး လေးလအကြာမှာ ရိုမေးနီးယား ကွန်မြူနစ် အစိုးရ ကျရှုံးသွားပြီး ပါတီခေါင်းဆောင် ကွပ်မျက်ခံရတယ်။
ဆန့်ကျင်မှု ပြင်းထန်လာ
ကွန်မြူနစ်စနစ် ကျဆုံးသွားတော့ ယေဟောဝါသက်သေတွေအတွက် ပိုလွတ်လပ်လာတယ်။ အမှုဆောင်၊ အစည်းအဝေးတွေ လွတ်လွတ်လပ်လပ် ပြန်လုပ်နိုင်ပြီ။ ကျွန်မအတွက်တော့ ဒါဟာ ဆန့်ကျင်မှုတွေ ပိုပြင်းထန်လာစေတဲ့ အပြောင်းအလဲပါ။ အစ္စဗန်က “မင်း ဘာပဲ ယုံကြည်ယုံကြည် ငါဂရုမစိုက်ဘူး။ အိမ်တွေ လိုက်ပြီး မဟောရင် ရပြီ” လို့ ပြောတယ်။
ကျွန်မ မဟောပြောဘဲ မနေနိုင်ပါဘူး။ (တမန်တော် ၄:၂၀) အတတ်နိုင်ဆုံး လိမ္မာပါးနပ်တဲ့နည်းနဲ့ လှုပ်ရှားရတာပေါ့။ ဒါပေမဲ့ တစ်နေ့ ကျွန်မ အမှုဆောင်ထွက်နေတာကို အစ္စဗန်ရဲ့ သူငယ်ချင်း မြင်သွားပြီး သူ့ကို ပြောပြလိုက်တယ်။ အိမ်ပြန်ရောက်တော့ အစ္စဗန် ကျွန်မကို အော်တော့တယ်– “ငါ့ကို နာမည်ပျက်အောင်၊ ငါတို့မိသားစုကို အရှက်ကွဲအောင် မင်းလုပ်နေတာပဲ။” အမှုဆောင်ဆက်ထွက်လို့ကတော့ သတ်ပစ်မယ်လို့ ကျွန်မလည်ပင်းကို ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်တယ်။
အစ္စဗန်ကို အကျိုးအကြောင်း ရှင်းပြတယ်။ သူ့ကို ချစ်တယ်ဆိုတာ သိအောင် ပြောတယ်။ ကျွန်မရဲ့ စကားကြောင့် သူငြိမ်သွားတယ်။ ဒါပေမဲ့ ခဏပါပဲ။ ဘာသာရေးအခမ်းအနားပါတဲ့ အမျိုးတစ်ယောက်ရဲ့ မင်္ဂလာပွဲကို ကျွန်မ မတက်ဘူးငြင်းတော့ သူအကြီးအကျယ် ဒေါသထွက်တယ်။ စိတ်ထိခိုက်စရာ စကားတွေနဲ့ ထိုးနှက်တယ်။
အစ္စဗန်ရဲ့ ဆန့်ကျင်မှုဒဏ်ကို ၁၃ နှစ်ကြာအောင် ခံခဲ့ရတယ်။ ကွာရှင်းမယ်လို့လည်း ခြိမ်းခြောက်တယ်။ သော့ခတ်ပြီး အိမ်ပြင်ကို ပေးမထွက်တဲ့အခါတွေ ရှိသလို အိမ်ပေါ်က နှင်ချဖို့ လုပ်တဲ့အခါတွေလည်း ရှိတယ်။
ဒီအခြေအနေတွေ ခံရပ်ဖို့ ကျွန်မကို ဘာက ကူညီပေးသလဲ။ ယေဟောဝါဆီ ကျွန်မ ဆုတောင်းတယ်၊ စိတ်တည်ငြိမ်ဖို့ တောင်းခံတယ်။ တကယ်လည်း ကျွန်မကို ယေဟောဝါ ထောက်မပေးခဲ့တာ။ (ဆာလံ ၅၅:၂၂) အသင်းတော်က ကျွန်မကို အများကြီး အားပေးတယ်။ အကြီးအကဲတွေ၊ အတွေ့ကြုံရှိ ညီအစ်မတွေက လက်မလျှော့ဖို့ အားပေးကြတယ်။ ကျမ်းစာထဲမှာ “တစ်ခွန်းမှ ဟောစရာ မလိုဘဲ” ခင်ပွန်းကို ယုံကြည်သူ ဖြစ်စေတဲ့ ဇနီးသည်တွေအကြောင်း ပြောပြကြတယ်။ (၁ ပေတရု ၃:၁) နောက်တော့ ကျွန်မလည်း အဲဒီအတိုင်း ကြုံတွေ့ခဲ့ရတယ်။
အခြေအနေ ပြောင်းလဲလာ
၂၀၀၁ ခုနှစ်မှာ အစ္စဗန် လေဖြတ်သွားလို့ လမ်းမလျှောက်နိုင်တော့ဘူး။ တစ်လလောက် ဆေးရုံမှာနေပြီး အပတ်အနည်းငယ် ကာယကုထုံး ခံယူရတယ်။ ကျွန်မ သူ့ဘေးမှာ တောက်လျှောက် ရှိတယ်။ အစာခွံ့ကျွေးတယ်၊ စကားပြောပေးတယ်၊ သက်သောင့်သက်သာရှိအောင် ထားပေးတယ်။
အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေ သူ့ဆီ လာလည်ကြတယ်။ ညီအစ်ကို၊ ညီအစ်မတွေရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကို သူကိုယ်တွေ့ သိလိုက်ရတယ်။ အိမ်က ဝေယျာဝိစ္စ ဝိုင်းကူပေးကြတယ်။ အကြီးအကဲတွေလည်း ကျွန်မတို့ကို ထောက်မနှစ်သိမ့်ဖို့ အမြဲအသင့်ပဲ။
ဒါတွေကို ကြည့်ပြီး အစ္စဗန် စိတ်ထိမိသွားတယ်။ ကျွန်မအပေါ် မကောင်းခဲ့တာတွေကို တွေးပြီး ရှက်စိတ်ဝင်သွားတယ်။ သူ့သူငယ်ချင်းတွေ တစ်ယောက်မှ သူ့ကို လာမကြည့်ကြဘူး။ ဒီလိုနဲ့ ဆေးရုံဆင်းတဲ့နေ့မှာ အစ္စဗန်က “ကျမ်းစာ လေ့လာပြီး ယေဟောဝါသက်သေတစ်ယောက် ဖြစ်ချင်တယ်” လို့ ပြောတယ်။ ကျွန်မ မျက်ရည် မထိန်းနိုင်လောက်အောင် ပျော်သွားတာ။
၂၀၀၅ ခုနှစ်၊ မေလမှာ အစ္စဗန် နှစ်ခြင်းခံတယ်။ လမ်းမလျှောက်နိုင်တဲ့အတွက် ညီအစ်ကိုတွေက ဘီးတပ်ကုလားထိုင်ကို ရေကူးကန်ရှေ့အထိ တွန်းပေး၊ ရေထဲကို ညင်ညင်သာသာ ချီသွားပေးပြီး နှစ်ခြင်းခံပေးတယ်။ အစ္စဗန်ဟာ သိပ်စိတ်ထက်သန်တဲ့ သတင်းကောင်း ဟောပြောသူ ဖြစ်လာတယ်။ သူနဲ့ အမှုဆောင် အတူထွက်တဲ့ အမှတ်တရလေးတွေ အများကြီးပါ။ ယုံတောင် မယုံနိုင်ဘူး။ စဉ်းစားကြည့်လေ။ ကျမ်းစာအမှန်တရားအကြောင်း မဟောဖို့ ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့သူက ကျွန်မဘေးမှာ လူတွေကို သတင်းကောင်း လိုက်ဟောပြောတဲ့သူ ဖြစ်လာတယ်။
အစ္စဗန်က ယေဟောဝါကို နက်နက်ရှိုင်းရှိုင်း ချစ်လာတယ်။ အချိန်ယူပြီး ကျမ်းစာ လေ့လာတယ်။ ကျမ်းချက်တွေ အလွတ်ကျက်တယ်။ ပြီးနောက် ညီအစ်ကို၊ ညီအစ်မတွေကို ပြန်မျှဝေရတာကို သူကြိုက်တယ်။ အခွင့်အရေးယူပြီး သူတို့ကို အားပေးစကား ပြောတတ်တယ်။
မိတ်ဆွေတွေနဲ့အတူ ခရိုင်အစည်းအဝေးတစ်ခုမှာ
အစ္စဗန်ရဲ့ ကျန်းမာရေးအခြေအနေ တဖြည်းဖြည်း ဆိုးရွားလာတယ်။ အကြိမ်ကြိမ် လေဖြန်းပြီးနောက် စကားမပြောနိုင်တော့ဘဲ အိပ်ရာထဲပဲ လဲနေရတယ်။ ဒါပေမဲ့ ဘုရားကို ချစ်တဲ့စိတ် နည်းနည်းမှ လျော့မသွားဘူး။ အတတ်နိုင်ဆုံး ကျမ်းစာ ဖတ်ပြီး လေ့လာတယ်။ ညီအစ်ကို၊ ညီအစ်မတွေ လာလည်ပြီဆိုရင် စက်နဲ့ စာရေးပြီး သူတို့ကို ယုံကြည်ခြင်းခိုင်ခံ့အောင် အားပေးတတ်တယ်။ ညီအစ်ကိုတစ်ယောက် ဘယ်လို ပြောသလဲဆိုတော့ “ညီအစ်ကို အစ္စဗန်ကို တွေ့တိုင်း တအားပျော်ရတယ်။ သူနဲ့တွေ့ပြီးတိုင်းမှာ လူက လန်းဆန်းတက်ကြွသွားတာပဲ။”
စိတ်မကောင်းစရာက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ အစ္စဗန် ကွယ်လွန်သွားတယ်။ ကျွန်မ ယူကျုံးမရ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာ အေးချမ်းသွားတာတော့ အမှန်ပဲ။ ဒီလိုပါ၊ အစ္စဗန် မသေဆုံးခင် ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်သွားပြီလေ။ ဒီအတွက် ကျွန်မ အတိုင်းထက်အလွန် ပျော်ရွှင်ရတယ်။ အစ္စဗန်ကော ကျွန်မအမေပါ ယေဟောဝါရဲ့ မှတ်ဉာဏ်ထဲ ရှိနေပါပြီ။ ယေဟောဝါရဲ့ ကမ္ဘာသစ်မှာ သူတို့ကို ပွေ့ဖက်ပြီး ကြိုဆိုရတော့မှာကို တွေးရင်းနဲ့တောင် ပျော်တယ်။
အမေနဲ့အတူ အဒေါ့်အိမ် သွားလည်ခဲ့တာ ဘာလိုလိုနဲ့ ၃၅ နှစ်တောင် ရှိခဲ့ပြီ။ မေ့မရနိုင်တဲ့ နေ့ပေါ့။ အခု ကျွန်မအသက် ၇၀ ကျော်ပြီ။ မှန်မှန်ရှေ့ဆောင် လုပ်နေဆဲပါ။ ဘုရားလုပ်ပေးတာတွေကို ကျေးဇူးဆပ်နိုင်တဲ့ ဒီထက်ကောင်းတဲ့ နည်းလမ်း မရှိနိုင်တော့ဘူး။ (ဆာလံ ၁၁၆:၁၂) ဆန့်ကျင်မှု ကြုံရချိန်မှာ တည်ငြိမ်တဲ့စိတ် ပေးပြီး သစ္စာစောင့်သိနိုင်အောင် ဘုရား ကူညီပေးတယ်။ ဆန့်ကျင်မှုကြုံရလည်း အခြေအနေတွေ ပြောင်းလဲလာနိုင်တယ်ဆိုတာ သိလာတယ်။ လုံးဝထင်မထားပေမဲ့ ကျွန်မရဲ့ခင်ပွန်းကို “တစ်ခွန်းမှ ဟောစရာ မလိုဘဲ” ယုံကြည်သူ ဖြစ်လာစေခဲ့တယ်။