ယုံကြည်ချက်ကြောင့် ထောင်ချခံရ—ရုရှား
မျက်မှောက်ခေတ် ရုရှားက ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်းဟာ ဖိနှိပ်မှု၊ နှိပ်စက်မှုမှတ်တမ်းပါပဲ။ သက်သေခံတွေဟာ ဥပဒေကိုလေးစားပြီး ငြိမ်းချမ်းစွာ နေထိုင်ကြတဲ့ နိုင်ငံသားတွေ ဖြစ်ပေမဲ့ ၂၀ ရာစုရဲ့ အချိန်အများစုမှာ အာဏာပိုင်တွေက သက်သေခံတွေကို မတရားဆက်ဆံခဲ့ကြတယ်။ ဆိုဗီယက်ပြည်ထောင်စု အစိုးရရဲ့ ရည်ရွယ်ချက်က အနုနည်း၊ အကြမ်းနည်း သုံးပြီး ဆိုဗီယက်အတွေးအခေါ်ကို သက်သေခံတွေ လက်ခံလာအောင် လုပ်ဖို့ ဖြစ်တယ်။ သက်သေခံတွေဟာ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေ လက်ဝယ်ပိုင်ဆိုင်ခွင့် မရခဲ့ကြဘူး။ အမြဲလိုလို စောင့်ကြည့်ခံနေရပြီး ဘာသာရေးအစည်းအဝေးတွေကို တိတ်တဆိတ် ကျင်းပခဲ့ကြရတယ်။ မိသွားရင် ရိုက်နှက်ခံကြရတယ်၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံကြရတယ်။ အစိုးရက သက်သေခံ ထောင်နဲ့ချီကို ဆိုက်ဘေးရီးယားဆီ ပြည်နှင်ခဲ့တယ်။
၁၉၉၁ ခုနှစ်မှာ အပြောင်းအလဲ ဖြစ်လာတယ်။ ရုရှားအစိုးရက ယေဟောဝါသက်သေတွေကို တရားဝင် အသိအမှတ်ပြုလိုက်ပြီး အာဏာပိုင်တွေရဲ့အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ် ဝတ်ပြုခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေရတဲ့အချိန်က သိပ်မကြာလိုက်ပါဘူး။
၂၀၀၉ ခုနှစ်မှာ ရုရှားတရားရုံးချုပ်က ယေဟောဝါသက်သေ အသင်းတော်တစ်ခုကို “အစွန်းရောက်အသင်း” အဖြစ် သမုတ်တဲ့ အောက်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တဲ့အခါ ဆန့်ကျင်မှု၊ ပိတ်ပင်မှုတွေ စတင်တိုးများလာတယ်။ နှစ်များစွာ တရားရေးအမှုတွေ ရင်ဆိုင်ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ ရုရှားတရားရုံးချုပ်က သက်သေခံတွေရဲ့ တရားဝင်အသင်းအဖွဲ့တွေကို အစွန်းရောက်အဖွဲ့ဆိုတဲ့ စွဲချက်နဲ့ ပိတ်ပင်လိုက်တယ်။ ရုရှားအာဏာပိုင်တွေက ချက်ချင်းပဲ အသင်းအဖွဲ့တွေရဲ့ ပိုင်ဆိုင်ရာကို သိမ်းတယ်၊ ဝတ်ပြုရာနေရာတွေကို ပိတ်ပင်တယ်၊ ဘာသာရေးစာပေတွေကို “အစွန်းရောက်စာပေ” အဖြစ် သတ်မှတ်လိုက်တယ်။
ရုရှားအာဏာပိုင်တွေဟာ သက်သေခံတွေရဲ့ တရားဝင်အသင်းအဖွဲ့တွေကို တိုက်ခိုက်ရုံသာမက သက်သေခံတစ်ဦးချင်းစီကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ အာဏာပိုင်တွေဟာ ဘောင်ကျော်ပြီး သက်သေခံတစ်ဦးစီရဲ့ ကိုယ်ပိုင်ဝတ်ပြုရေးကို ပိတ်ပင်ထားတဲ့ အဖွဲ့အစည်းနဲ့ ဆက်စပ်ခဲ့တယ်။ သက်သေခံတွေရဲ့အိမ်ကို ဝင်ရောက်စီးနင်းချိန်မှာ သူတို့ကို ကိုယ်ထိလက်ရောက် စော်ကားတယ်၊ ပြင်းပြင်းထန်ထန် စစ်ကြောမေးမြန်းတယ်။ သက်သေခံ ကျားမကြီးငယ်မရွေးကို ဖမ်းဆီးပြီး စွဲချက်တင်တယ်။ နေအိမ်အကျယ်ချုပ် ဒါမှမဟုတ် အချုပ်ထောင်ချ၊ ထောင်ချကြတယ်။
၂၀၁၇ ခုနှစ်၊ ဧပြီလကစပြီး သက်သေခံ ရာနဲ့ချီကို အစွန်းရောက်သမားဆိုတဲ့ စွဲချက်နဲ့ အချုပ်ချတယ်၊ မတရားထောင်ချတယ်။ ၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက်အထိဆိုရင် ယေဟောဝါသက်သေ ၁၅၈ ယောက် ထောင်ကျနေတယ်။
ယေဟောဝါသက်သေတွေအပေါ် ရုရှားရဲ့အကြမ်းဖက်ဖိနှိပ်မှုကို ပြစ်တင်ဝေဖန်ကြ
မညှာမတာနှိပ်စက်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာက ရုရှားကို ပြောနေပေမဲ့ ရုရှားအာဏာပိုင်တွေက သက်သေခံတွေကို အစွန်းရောက်သမားတွေအဖြစ် ဆက်လက်စွပ်စွဲနေဆဲပါ။ ယေဟောဝါသက်သေတွေကို မညှာမတာ နှိပ်စက်နေတဲ့ ရုရှားအစိုးရကို ရုရှားနိုင်ငံပြင်ပက လေ့လာရေးသမားတွေနဲ့ တရားရုံးတွေကလည်း ပြစ်တင်ရှုတ်ချကြတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး– ၂၀၂၂ ခုနှစ်၊ ဇွန် ၇ ရက်မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းတဲ့ ရုရှားနိုင်ငံကို အရှုံးပေးစီရင်ချက်ချခဲ့တယ် (Taganrog LRO and Others v. Russia, nos. 32401/10 and 19 others)။ သမိုင်းတွင် စီရင်ချက်ပါပဲ။ ယေဟောဝါသက်သေတွေကို ပိတ်ပင်တဲ့ ရုရှားအစိုးရရဲ့ ၂၀၁၇ ခုနှစ်အမိန့်ဟာ ဥပဒေနဲ့မညီဘူးလို့ တရားရုံးက ကြေညာခဲ့တယ်။ “ယေဟောဝါသက်သေတွေအပေါ် စွဲဆိုထားတဲ့ ပြစ်မှုအားလုံးကို ရုပ်သိမ်းဖို့ လုပ်နိုင်တာမှန်သမျှ လုပ်ဆောင်ရမယ် . . . (ထောင်ကျနေတဲ့) ယေဟောဝါသက်သေတွေကို ပြန်လွှတ်ပေးရမယ်” လို့ ရုရှားအစိုးရကို တရားရုံးက အမိန့်ပေးခဲ့တယ်။ ဒါ့အပြင် သိမ်းယူထားတဲ့ ပိုင်ဆိုင်မှုအားလုံးကို ပြန်ပေးဖို့ ဒါမှမဟုတ် ယူအက်စ်ဒေါ်လာ သန်း ၆၀ ကျော် လျော်ကြေးပေးဖို့၊ လျှောက်ထားသူတွေကို ယူအက်စ်ဒေါ်လာ ၃ သန်းကျော် နစ်နာကြေးပေးဖို့ အမိန့်ထုတ်ခဲ့တယ်။
ဥရောပကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးဆီကစာ– မာရီယာ ပစီနိုဗစ် ဘူးရစ်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် နေ့စွဲနဲ့ ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဆီ ရေးတဲ့စာမှာ အခုလို ဖော်ပြခဲ့တယ်– “မော်စကို ယေဟောဝါသက်သေတွေနဲ့ အခြား နဲ့ ကရူကာနဲ့ အခြား အမှုမှာ အာဏာပိုင်တွေက လျှောက်ထားသူတွေရဲ့ ဘာသာရေးအဖွဲ့အစည်းကို ဖျက်သိမ်းပြီး ဘာသာရေးလုပ်ဆောင်မှုတွေကို ပိတ်ပင်ခဲ့တယ်၊ ငြိမ်းချမ်းစွာ ဆောင်ရွက်တဲ့ ဘာသာရေးအခမ်းအနားတွေကို ဖျက်သိမ်းတယ်၊ ဆက်လက်ပြီး လျှောက်ထားသူတချို့ရဲ့ လွတ်လပ်မှုကို ပိတ်ပင်တားဆီးတယ်။ ဒါကြောင့် ယေဟောဝါသက်သေအဖွဲ့အစည်းအားလုံးအပေါ် ချမှတ်ထားတဲ့ ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းဖို့၊ သူတို့အပေါ် ပြစ်မှုနဲ့ တရားစွဲတာအားလုံးကို ရပ်တန့်ဖို့ ကော်မတီက အာဏာပိုင်တွေကို အပြင်းအထန် တိုက်တွန်းပါတယ်။”
ဥရောပကောင်စီ ဝန်ကြီးများကော်မတီရဲ့ဆုံးဖြတ်ချက်– ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ အစည်းအဝေးမှာ ဝန်ကြီးများကော်မတီက အခုလိုပြောကြားခဲ့တယ်– “[လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့] ဥရောပပဋိညာဉ်စာတမ်း အပိုဒ် ၄၆ အပေါ် အခြေခံထားတဲ့ သုံးသပ်ချက်တွေကိုရော၊ တော့ဂန်ရော့စ် ဘာသာရေးအသင်းအဖွဲ့များ နှင့်အခြား အမှုစီရင်ချက်မှာ ညွှန်ကြားထားတာတွေကိုပါ ရုရှားအာဏာပိုင်တွေက တမင်တကာ လျစ်လျူရှုနေတာ အင်မတန်စိုးရိမ်စရာကောင်းလှပါတယ်။ အထူးသဖြင့် . . . ထောင်ကျနေတဲ့ ယေဟောဝါသက်သေတွေကို လွှတ်ပေးရေးကိစ္စပါ။” ဒါကြောင့် “ဒီကိစ္စတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဥပဒေမဲ့ဖမ်းဆီးမှု စုံစမ်းရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၊ ယေဟောဝါသက်သေတွေကို ရုရှားအစိုးရ နှိပ်စက်ညှဉ်းပန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး လိုက်လံဆောင်ရွက်ပေးနေတဲ့ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းတွေဆီ တင်ပြသွားမှာဖြစ်တယ်။ ချမှတ်ထားတဲ့ စီရင်ချက်တွေအတိုင်း ရုရှားအစိုးရ လိုက်နာဆောင်ရွက်မှုရှိစေဖို့ ဒီလိုလုပ်ရခြင်းဖြစ်ပါတယ်။”
မကြာသေးခင်က ချမှတ်ခဲ့တဲ့ ပြင်းထန်တဲ့ တရားရုံးဆုံးဖြတ်ချက်တချို့
၂၀၂၅ ခုနှစ်၊ မတ် ၂၇ ရက်မှာ ကိုနာကိုဗိုမြို့တရားရုံးက ယေဟောဝါသက်သေ လေးယောက်ဖြစ်တဲ့ အိုလက် ကာတာမောဗ်၊ အလက်ဆီ ခုဇနစ်ဆိုဗ်၊ အလက်ဇန်းဒါး ရှချီတီနင်၊ အလက်ဇန်းဒါး စတာရီကိုဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချတယ်။ ဘာအပြစ် များ ကျူးလွန်မိကြလို့လဲ။ အိမ်နီးချင်းတွေနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးပြီး ဘာသာရေးအစည်းအဝေးတွေကို ငြိမ်သက်စွာ ကျင်းပကြလို့ပါ။ လေးယောက်စလုံးက ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်ခံရပြီး တရားရုံးကနေပဲ ဖမ်းခေါ်သွားပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်မှာ ချီယာဘင့်စ်မြို့၊ ဆိုဗက်စကီ ခရိုင်တရားရုံးက မက်ဆီမ် ခါမာရှင်ကို ဘာသာရေးအစည်းအဝေးတွေ ကျင်းပမှုနဲ့ အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ သူ့ကို တရားခွင်ကနေ အကျဉ်းထောင်ဆီ တန်းခေါ်သွားတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက်မှာ ကရာနိုယာ့စ်ဒေသ၊ လီစိုစီဘရစ်မြို့တရားရုံးက ၅၅ နှစ်အရွယ် အန်ဒရေ ရှီယန်ကို အပြစ်ရှိတယ်လို့ စီရင်ပြီး ထောင်ဒဏ် ခြောက်နှစ်နဲ့တစ်လ ချမှတ်လိုက်တယ်။ အစွန်းရောက်အဖွဲ့ရဲ့ လုပ်ငန်းတွေကို စီစဉ်ဖွဲ့စည်းမှုနဲ့ပါ။ သူ့ကို တရားခွင်ကနေ ဖမ်းခေါ်သွားပါတယ်။ အန်ဒေရဟာ ဆီးချိုအမျိုးအစား ၂ အပါအဝင် ကျန်းမာရေးပြဿနာတွေ ခံစားနေရရှာတယ်။
မတရားထောင်ချမှု ရပ်တန့်သွားစေဖို့ ဆက်လက်ကြိုးပမ်း
ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ ယုံကြည်သူချင်းတွေ ရုရှားနိုင်ငံက မညှာမတာ ဆက်ဆံခံနေတဲ့အကြောင်း ကြားရလို့ အတော်စိတ်မကောင်းကြဘူး။ ကမ္ဘာတစ်ဝန်းက သက်သေခံသန်းချီဟာ ထောင်ကျနေတဲ့ ယုံကြည်သူချင်းတွေအတွက် ရုရှားအစိုးရရုံးတွေဆီ စာရေးတောင်းဆိုကြတယ်။ ယေဟောဝါသက်သေတွေရဲ့ ရှေ့နေတွေက ရုရှားတရားရုံးအဆင့်ဆင့်မှာလည်း အယူခံဝင်ကြတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးဆီကိုလည်း လျှောက်လွှာတွေ တင်ကြတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၊ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ (WGAD) ဆီ တိုင်ကြားစာ တင်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကိုလည်း တရားဝင်မှတ်တမ်းတွေ ပေးပို့ကြတယ်။ ယေဟောဝါသက်သေတွေဟာ ရုရှားက ယုံကြည်သူချင်းတွေရဲ့ ဒုက္ခကို အများသူငှာ မြင်သာစေဖို့၊ ဆိုးရွားလွန်းတဲ့ ဘာသာရေးနှိပ်ကွပ်မှုတွေကို ရပ်တန့်သွားစေဖို့ အဲဒီလိုနည်းတွေနဲ့ ဆက်လက်ကြိုးပမ်းနေမှာဖြစ်တယ်။
အချိန်ပြဇယား
မေ ၁၉၊ ၂၀၂၅
ယေဟောဝါသက်သေ ၁၅၈ ယောက် ထောင်ကျနေပါတယ်။
မတ် ၆၊ ၂၀၂၅
လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) က Loginov and Others v. Russia အမှုရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်၊ ဇာဂရက်မြို့မှာ ယေဟောဝါသက်သေ အမျိုးသားကိုးယောက်ကို ဖမ်းဆီးချုပ်နှောင်ပြီး ခုနစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းခဲ့လို့ ရုရှားက သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ချိုးဖောက်ခဲ့ကြောင်း စီရင်ဆုံးဖြတ်ခဲ့တယ်။
အောက်တိုဘာ ၂၄၊ ၂၀၂၃
အီလစ်တာနဲ့ အဘင့်စ်မြို့က ဒေသခံဘာသာရေးအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ (CCPR) က စာတမ်းနှစ်ခု ထုတ်ပြန်ခဲ့တယ်။ နိုင်ငံတကာ နိုင်ငံသားနှင့်နိုင်ငံရေးဆိုင်ရာအခွင့်အရေး သဘောတူစာချုပ်၊ အပိုဒ် ၁၈.၁ (“လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခွင့်၊ လွတ်လပ်စွာခံယူခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်”) နဲ့ အပိုဒ် ၂၂.၁ (လွတ်လပ်စွာ စုဆုံပေါင်းသင်းခွင့်) အရ ယေဟောဝါသက်သေတွေရရှိထားတဲ့ အခွင့်အရေးကို ရုရှားအစိုးရ ချိုးဖောက်ကြောင်း CCPR သုံးသပ်ဆုံးဖြတ်ခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးစာပေတွေဟာ မုန်းတီးမှု၊ အကြမ်းဖက်မှုကို အားပေးအားမြှောက်ခြင်းမရှိကြောင်းလည်း အတည်ပြုဆုံးဖြတ်ခဲ့တယ်။
ဇွန် ၇၊ ၂၀၂၂
‘တော့ဂန်ရော့စ် ဘာသာရေးအသင်းအဖွဲ့များ နှင့်အခြား’ နှင့် ‘ရုရှား’ အမှုမှာ ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းတဲ့ ရုရှားကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အရှုံးပေးစီရင်ခဲ့တယ်။
ဇန်နဝါရီ ၁၂၊ ၂၀၂၂
ရုရှားဖယ်ဒရေးရှင်း တရားရေး ဝန်ကြီးဌာနက JW Library app ကို အစွန်းရောက် ပစ္စည်းစာရင်းမှာ ထည့်သွင်းလိုက်တယ်။ ရုရှားမှာ အစွန်းရောက် app အဖြစ် သတ်မှတ်ခံရပြီး ပိတ်ပင်ခံရတဲ့ ပထမဦးဆုံး၊ တစ်ခုတည်းသော app ဖြစ်ပါတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၁
JW Library app ကို အစွန်းရောက်အဖြစ် ကြေညာပြီး ရုရှားနဲ့ ခရိုင်းမီးယားမှာ အသုံးပြုခွင့် ပိတ်ပင်တဲ့ ၂၀၂၁၊ မတ် ၃၁ စီရင်ချက်အတွက် အယူခံဝင်တာကို စိန့်ပီတာစဘတ်မြို့ တရားရုံးက ပယ်ချလိုက်တယ်။ တရားရုံးရဲ့ မူလ ဆုံးဖြတ်ချက် ချက်ချင်း အကျိုးသက်ရောက်တယ်။
ဧပြီ ၂၆၊ ၂၀၁၉
ဒီမီထရီ မီခေးလော့ဗ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ တွေ့ရှိခဲ့ပြီး ယေဟောဝါသက်သေတွေကို ရုရှား ညှဉ်းပန်းနှိပ်စက်နေမှုကို ပြစ်တင်ရှုတ်ချလိုက်တယ်။
ဧပြီ ၂၀၊ ၂၀၁၇
ရုရှား ဖယ်ဒရေးရှင်း နိုင်ငံတော် တရားရုံးချုပ်က ယေဟောဝါသက်သေများရဲ့ ရုံးနဲ့ ဒေသခံ ဘာသာရေး အဖွဲ့အစည်း ၃၉၅ ခုကို ဖျက်သိမ်းဖို့ အမိန့်ချလိုက်တယ်။