ဤထက် ပို၍ လိုအပ်လာသော်
ပြီးခဲ့သော ဆောင်းပါးများတွင် ပါရှိသည့် အကြံပြုချက်များသည် လွန်စွာ အထောက်အကူ ပြုနိုင်သည့်တိုင်အောင် တစ်ခါတစ်ရံ အချို့သော အခြေအနေများတွင် ဤထက် ပို၍ အကူအညီ လိုအပ်တတ်သည်။ ဥပမာဆိုသော်၊ လူနာဖြစ်စဉ် မှတ်တမ်းများတွင် စိတ်လိုက်မာန်ပါ ပြုတတ်သူများ ဖြစ်ရုံတင်မက အန္တရာယ်လည်း အလွန်ရှိသော ကလေးများအကြောင်း ပါဝင်သည်။ မေတ္တာရှေ့ထားသော မိသားစု၏ ကြည့်ရှုစောင့်ရှောက်မှုကို ခံယူသည့်တိုင်အောင် ဤကလေးများသည် အရာဝတ္ထုများကို ရိုက်ခွဲခြင်း၊ လူအများကို အော်ငေါက်ခြင်း၊ မီးရှို့ခြင်း၊ သေနတ်ပစ်ဖောက်ခြင်း၊ (ရနိုင်ပါက) ဓားဖြင့် ထိုးခြင်း၊ တိရစ္ဆာန်များနှင့် အခြားသူများ သို့မဟုတ် မိမိတို့ကိုယ်ကို ထိခိုက်အန္တရာယ်ပြုခြင်းတို့ကို စိတ်ပေါက်လျှင် ပေါက်သလို ပြုတတ်ကြလေသည်။ အနှစ်သာရအားဖြင့် သူတို့သည် ရုန်းရင်းခတ် ရှုပ်ထွေးခြင်း၏ ပြယုဂ် ဖြစ်နေကြသည်။
မိမိတို့၏ ကလေးကို အကောင်းဆုံး ပြုစုစောင့်ရှောက်နိုင်ရန် ဆေးဘက်ဆိုင်ရာ အကူအညီ ယူရေး မယူရေးမှာ ကိုယ်တိုင် ဆုံးဖြတ်ရမည့် ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်သည်။ မိသားစုတစ်စုစီအနေဖြင့် နယပုံပြင်ကျမ်း ၂၂:၆ ပါ စိတ်သက်သာစေသော အာမခံချက်ကို နှလုံးသွင်းလျက် မိမိတို့ကလေး၏ တစ်မူထူးခြားသော ကိုယ်စီလိုအပ်ချက်များအား မည်သို့ ဖြည့်ဆည်းရမည်ကို ဆုံးဖြတ်ရမည် ဖြစ်သည်။
လောလောဆယ်တွင် အများဆုံး အငြင်းပွားနေကြသည့် ပြုစုနည်းတစ်ခုမှာ ဆေးဝါးကုသခံရေး ကိစ္စ ဖြစ်သည်။ မကြာခဏအညွှန်းခံရဆုံးသော ဆေးဝါးဖြစ်သည့် ရစ်တာလင် (Ritalin) ၌ ရောနှောသော အကျိုးဆက်များ ရှိသည်။ ရစ်တာလင်နှင့် အမူအကျင့် ပြုပြင်ရေးဆိုင်ရာ အခြားဆေးဝါးများကို မှီဝဲခြင်းကြောင့် မိမိတို့ကလေးအခြေအနေ တိုးတက်လာသည်ကို မိသားစုများစွာတို့က အားရကြသည်။ သို့သော် ဤဆေးဝါးများ၏ အသုံးဝင်မှု သာမက ဆေးညွှန်းလွန်ကဲမှုနှင့်ပတ်သက်၍လည်း လောလောဆယ်တွင် ဆက်လက် အငြင်းပွားနေကြဆဲ ဖြစ်သည်။ အမှန်ဆိုရလျှင် ယင်းတို့၌ တကယ်တမ်း တန်ဖိုးရှိ မရှိကိုပင် အချို့သော ဆရာဝန်များက စောကြောလာကြသည်။ ဥပမာအားဖြင့် ရစ်တာလင်ကို ကြာမြင့်စွာ သုံးစွဲပါက မလိုလားအပ်သော ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများပင် ဖြစ်နိုင်သည်ဟု ဆိုကြသည်။ သို့တစေ တစ်ဖန် ပြန်၍ အလေးအနက် ပြုရမည်မှာ အမူအကျင့် ကောင်းလာခြင်း၊ ပညာသင်ကြားရေးတွင် တိုးတက်မှု ရှိလာခြင်းတို့နှင့်အတူ မလိုလားအပ်သော အကျိုးဆက်များမှာ အနည်းအကျဉ်းမျှသာ ရှိကြောင်း၊ များစွာသော ဆရာဝန်နှင့် မိသားစုတို့က ကိုးကားထောက်ပြကြခြင်းပင် ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကား အေဒီဒီ ရှိသည်ဟု သတ်မှတ်ခံရသော လူကြီးများနှင့် လောလောဆယ် ဆေးဝါးမှီဝဲသုံးစွဲသူတို့ကလည်း ယင်းရလဒ်ကို ကျေနပ်အားရကြသည်။ သို့ဖြစ်ရာ ဆေးဝါးအသုံးပြုရေး မပြုရေးမှာ သေချာစွာ စစ်ဆေးလေ့လာ အကဲဖြတ်ခြင်းအပေါ် အခြေပြုလျက် ကိုယ်တိုင် ဆုံးဖြတ်ရမည့် ကိုယ်ပိုင်ကိစ္စပင် ဖြစ်သည်။
ဆေးဝါးကို ကြိုးစားကြည့်ပြီး ရလဒ် မဟန်သူများအတွက် အခြားကုသနည်းစနစ်များ ရှိပါသည်။ မိသားစုများစွာတို့က ဗီတာမင်ဆေးဖြင့် ကုသခြင်းနှင့် ဆေးဘက်ဝင်အပင်များဖြင့် ကုသခြင်း သို့မဟုတ် နှစ်မျိုးစလုံး ပေါင်းစပ်သော နည်းဖြင့် ကုသခြင်းအကြောင်းတို့ကို ဖတ်ရှုကြပြီး ဖြစ်ကာ ရလဒ်ကောင်းများကို မှတ်တမ်းတင်ခဲ့ကြပြီး ဖြစ်သည်။ စောစောက သတိပြုမိခဲ့သည့်အတိုင်း အချို့သော ကိစ္စများ၌ အေဒီဒီ/အေဒီအိတ်ချ်ဒီသည် ဦးနှောက်အတွင်း ဇီဝဓာတုဆိုင်ရာ အချိုးအစား မညီမျှမှုကြောင့် ဖြစ်နိုင်ရာ ယင်းသို့သော ကုသနည်းများက မှန်ကန်လာအောင် ထောက်ကူပေးနိုင်သည်ဟု ယုံကြည်ကြသည်။
ထို့အပြင် အေဒီဒီ/အေဒီအိတ်ချ်ဒီနှင့် ပတ်သက်သော ပြဿနာများစွာတို့ကို ဖြစ်ပွားစေသည်ဟု များစွာသောသူတို့က ယုံကြည်ကြသည့် အခြားအကြောင်းအချက်များလည်း ရှိပါသည်။ “အချို့သော ကလေးများတွင် ဓာတ်မတည့်မှု သို့မဟုတ် ပတ်ဝန်းကျင်မှ တုံ့ ပြန်မှုကို ဖြစ်စေသည့်အရာ တစ်စုံတစ်ခုနှင့် ထိတွေ့ ခြင်းတို့နှင့် တစ်စိတ်တစ်ဒေသအားဖြင့် သို့မဟုတ် အဓိကအားဖြင့် ဆက်စပ်သည့် ရုပ်ပိုင်းဆိုင်ရာ အဖျားအနာနှင့် သို့မဟုတ် စိတ်လှုပ်ရှားမှုဆိုင်ရာ၊ အမူအကျင့်ဆိုင်ရာနှင့် သင်ကြားမှုဆိုင်ရာ ပြဿနာများ ရှိကြသည်” ဟု ဒေါက်တာ ဒေါရစ္စရပ်က Is This Your Child? စာအုပ်တွင် ရေးသားဖော်ပြထားသည်။ ဆိုးဆေး၊ သကြားနှင့် ထပ်ဖြည့်ပစ္စည်းတို့၏ တုံ့ပြန်မှုကလည်း ပြင်းထန်စွာ ဒေါသူပုန်ထခြင်း၊ အလွန်အမင်း စိတ်အပြောင်းအလဲမြန်ခြင်းနှင့် အိပ်မပျော်ရောဂါတို့ကို ဖြစ်စေနိုင်လျက် ဤပြဿနာများနှင့် တကယ်တမ်း ဆင်တူနိုင်လေသည်။
မိသားစုများစွာတို့သည် မိမိတို့ကလေးများ၏ အမူအကျင့်အား မည်သို့ ပြုပြင်ပြောင်းလဲရမည်ကို သင်ကြားနားလည်ခဲ့ကြပြီ။ သို့ဖြစ်သည့်တိုင် ၎င်းတို့ကလေးများ၏ ပညာသင်ကြားပုံက ထပ်ဆင့်ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ အချို့အတွက် ကျူရှင်ဆရာ၊ ဆုံးမအကြံပေးခြင်း၊ ထောက်ခံအားပေးသူ အစုအဖွဲ့များနှင့် အထူးဆရာစသည် ကဲ့သို့သော အထူးစီမံပေးမှုများသည် အထောက်အကူ ပြုနိုင်ပါသည်။ ဤကလေးများသည် တစ်ဦးချင်း အစီအစဉ်မျိုးတွင် ပို၍ ကောင်းစွာ ပြုလေ့ရှိကြသောကြောင့် အချို့သော မိသားစုများသည် မိမိတို့ဆရာဝန်၏ အကြံပြုချက်အရ အိမ်ပညာရေးကို စီစဉ်ပေးခြင်းဖြင့် အောင်မြင်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြလေပြီ။
လျစ်လျူမရှုရန်မှာ ဒေါက်တာ မဲလ်လာဗင်၏ Schools Attuned ကဲ့သို့သော ကလေးများ၏ ပုဂ္ဂလိက ဝိသေသလက္ခဏာနှင့် အမျိုးမျိုး ကွဲပြားမှုကို ချီးကျူးဂုဏ်ပြုသည့် များစွာသော ပညာရေး စီမံကိန်းသစ်များပင် ဖြစ်သည်။ ဒေါက်တာ လာဗင်၏ အစီအစဉ်က ကလေးယောက်တိုင်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အလေ့အထပုံစံရေးဆွဲခြင်း ပညာရေးကို ထောက်ခံအားပေးသည်။ ကလေးများ၏ ကွဲပြားသော အချက်တစ်ခုကို ဂရုစိုက်ပေးသည့် ဤပညာရေး ချဉ်းကပ်နည်းကို အမေရိကန် ပြည်ထောင်စုတွင် အကောင်အထည်ဖော်သည့် ကျောင်းတိုင်း၌ ရလဒ်ကောင်းများ ရရှိပုံပေါက်ပေသည်။
အနာဂတ်
ကလေးများကို မွေးမြူပျိုးထောင်ခြင်း ဆိုသည်မှာ အိမ်သစ်တစ်လုံး ဝယ်ယူသည်နှင့် ပမာနှိုင်းနိုင်ပါသည်။ ဤအရာနှစ်ခုစလုံး၌ ရာသက်ပန် ရင်းနှီးမြှုပ်နှံမှု လိုအပ်သည်။ သို့တစေ အဝယ်တော်လောင်းအနေဖြင့် အခြေအနေ အရပ်ရပ်ကြောင့် အကောင်းဆုံးကို မရသည့်တိုင်အောင် ကျေနပ်ရန် လိုအပ်ပေမည်။ ထိုနည်းနှင်နှင်ပင် စာတန်၏ လောကကြီးတွင် မစုံလင်သော သားသမီးများကို မွေးမြူပျိုးထောင်ကြရသည့် မစုံလင်သော မိဘများအနေဖြင့် စိတ်တိုင်းကျ အကောင်းဆုံးကို မရလျှင်လည်း ကျေနပ်ကြရမည်သာ ဖြစ်သည်။ အသစ်စက်စက် ဝယ်ထားသော အိမ်၌ မလိုလားအပ်သော လက္ခဏာများ ရှိကောင်း ရှိပေမည်။ သို့သော် အနည်းငယ် စိတ်ကူးယဉ်ကွန့်မြူးကာ ပြုပြင်လိုက်ခြင်းအားဖြင့် အနေအထားမကျမှု များစွာတို့ကို အတော်ပင် ဖယ်ရှားနိုင်မည်သာ ဖြစ်သည်။ အကြည့်ရဆိုးသော ဗိသုကာလက်ရာတစ်ခုပင်လျှင် မကြာမီ နေအိမ်၏ အဓိက ထူးခြားချက် ဖြစ်လာနိုင်ပေသည်။
ထိုနည်းတူစွာပင် မိဘတို့သည် မိမိတို့၏ ပုံမမှန်သော ကလေး၏ ပုဂ္ဂိုလ်ရေး လိုအပ်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်အောင် တုံ့ ပြန်ဆောင်ရွက်ကြမည်ဆိုလျှင် ကလေးအနေဖြင့် နေအိမ်၏ အလှကျက်သရေတစ်ခု ဖြစ်လာနိုင်ပါသည်။ ကလေးတစ်ဦးစီသည် မိမိပိုင် ကိုယ်ရည်ကိုယ်သွေးအတွက် တန်ဖိုးထားလေးမြတ်ခြင်း ခံရမည် ဖြစ်သည်။ သို့ဖြစ်၍ အပြုသဘောတွင် အာရုံစိုက်ပါလေ။ ကလေးများကို မချုပ်ချယ်ဘဲ ယင်းတို့တစ်ဦးစီ၏ တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးကာ သူသည် မေတ္တာနှင့် ဂုဏ်သိက္ခာကို ခံယူထိုက်သည့် ဂုဏ်အသရေရှိ ပုဂ္ဂိုလ်တစ်ဦး—ယေဟောဝါ ဘုရားသခင်ထံတော်မှ အဖိုးတန် လက်ဆောင်တစ်ခု—အဖြစ် လေးစားတန်ဖိုးထားပါလေ။—ဆာလံ ၁၂၇:၃-၅။