ကမ္ဘာ့လေထု ဖျက်ဆီးခံရသောအခါ
၁၉၇၁ ခုနှစ်တွင် အက်ဂါ မစ်ရှဲလ်သည် အပိုလို ၁၄ အာကာသယာဉ်ဖြင့် လကမ္ဘာသို့ ခရီးနှင်နေစဉ် ကမ္ဘာမြေကြီးကို လှမ်းမြင်လိုက်ရသည့်အခါ “ကမ္ဘာမြေကြီးသည် တလက်လက် ဝင်းပနေသည့် ဖြူပြာရောင် ကျောက်မျက်ရတနာတစ်ပွင့်နှင့် တူသည်” ဟု ဆိုခဲ့သည်။ သို့ရာတွင် ယနေ့ အာကာသမှ ကြည့်လျှင် လူတစ်ဦး ဘာကို တွေ့ရမည်နည်း။
အကယ်၍ မျက်စိဖြင့် မမြင်နိုင်သော ကမ္ဘာ့လေထု၏ ဓာတ်ငွေ့များကို မြင်တွေ့နိုင်အောင် အထူး စီမံထားသည့် မျက်မှန် ရှိမည်ဆိုလျှင် အလွန် ကွဲပြားခြားနားသည့် မြင်ကွင်းကို သူတွေ့ရမည် ဖြစ်သည်။ India Today မဂ္ဂဇင်း၌ ရာ့ဂ်ျ ချန်ဂက်ပါက ဤသို့ရေးသားခဲ့သည်– “အန္တာတိကနှင့် မြောက်အမေရိကတို့၏အထက်ရှိ အကာအကွယ်ပေးသည့် အိုဇုန်းဒိုင်းလွှားများ၌ ဧရာမအပေါက်ကြီးများကို သူတွေ့ရပေမည်။ တလက်လက် ဝင်းပနေသည့် ဖြူပြာရောင် ကျောက်မျက်ရတနာအစား မဲညစ်၍ ရစ်ဝဲနေသည့် ကာဗွန်နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် တိမ်တိုက်ကြီးများဖြင့် ပြည့်လျက်ရှိသော၊ မှုန်မှိုင်း၍ ညစ်ထေးသည့် ကမ္ဘာကိုသာ တွေ့ရပေမည်။”
ကမ္ဘာ့လေထု အထက်ပိုင်းမှ အကာအကွယ်ပေးသည့် အိုဇုန်းဒိုင်းလွှားများ၌ အပေါက်ကြီးများ ဖြစ်အောင် ဘာက ဖောက်ပစ်ခဲ့သနည်း။ လေထုကို ညစ်ညမ်းစေသည့် အရာများသည် တကယ်ပင် ဤမျှ အန္တရာယ် ကြီးမားသလော။
အိုဇုန်း ဖျက်ဆီးခံနေရပုံ
လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က သိပ္ပံပညာရှင်အများက အဆိပ်အတောက် ဖြစ်စေ၍ အနံ့ဆိုးထွက်သော အအေးပြုပစ္စည်း (refrigerant) များကို အစားထိုးအသုံးပြုနိုင်သည့် ဘေးကင်းသော အအေးပြုပစ္စည်းတစ်မျိုးကို ရှာဖွေတွေ့ရှိပြီဟု ကြေညာခဲ့ကြသည်။ အသစ်တွေ့ရှိသော ၎င်းဓာတုပစ္စည်းမှာ ကာဗွန် (carbon) အက်တမ်တစ်ခု၊ ကလိုရင်း (chlorine) အက်တမ်နှစ်ခုနှင့် ဖလူအိုရင်း (fluorine) အက်တမ်နှစ်ခု (CCl2F2) ပါဝင်သော မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည်။ ယင်းဓာတုပစ္စည်းနှင့် လူတို့ ဖန်တီးသည့် အလားတူ ဓာတုပစ္စည်းများကို ကလိုရိုဖလူအိုရိုကာဗွန် (chlorofluorocarbons, CFCs) ဟု ခေါ်သည်။
၁၉၇၀ ပြည့်လွန်နှစ်များ ရောက်သော် ကလိုရိုဖလူအိုရိုကာဗွန် ထုတ်လုပ်မှုသည် ကြီးမားသော ကမ္ဘာချီစက်မှုလုပ်ငန်းအဖြစ် ကြီးထွားလာသည်။ ယင်းတို့ကို ရေခဲသေတ္တာများအပြင်၊ အေရိုဆောဖျန်းဘူးများ၊ လေအေးပေးစက်များနှင့် သန့်ရှင်းရေးပစ္စည်းများတွင်လည်းကောင်း၊ ပူပူနွေးနွေး ချက်ပြုတ်သည့် အစာများ ထည့်သည့် ဘူးများနှင့် အခြားပလတ်စတစ်ဖော့များ ထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုလာကြသည်။
သို့သော် ၁၉၇၄ စက်တင်ဘာလတွင် ရှားဝုဒ် ရောလန်းနှင့် မာရီယို မိုလီနာ သိပ္ပံပညာရှင်နှစ်ဦးက ကလိုရိုဖလူအိုရိုကာဗွန်သည် ၎င်းတို့၏ ကလိုရင်းကို နောက်ဆုံး ထုတ်လွှတ်သည့် စထရိုစဖီးယားအလွှာသို့ တဖြည်းဖြည်းနှင့် တက်သွားကြကြောင်း ရှင်းပြကြသည်။ ကလိုရင်းအက်တမ် တစ်ခုတစ်ခုသည် အိုဇုန်းမော်လီကျူးများကို ထောင်နှင့်ချီ၍ ဖျက်ဆီးပစ်နိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းတွက်ဆကြသည်။ သို့သော်လည်း လေထုအထက်ပိုင်းလွှာတစ်ပြင်လုံးရှိ အိုဇုန်းလွှာသည် တစ်ပြေးညီဖျက်ဆီးခံရခြင်းမဟုတ်ဘဲ ဝင်ရိုးစွန်းဒေသများအထက်၌ ပျက်စီးခြင်းပို၍ကြီးမားသည်ကိုတွေ့ရသည်။
၁၉၇၉ ခုနှစ်မှစ၍ နွေဦးရာသီရောက်တိုင်း အန္တာတိတ်အထက်တွင် ပဏာမကြီးမားသောအိုဇုန်းသည် ပျောက်ကွယ်သွားလိုက် ပြန်ပေါ်လာလိုက်နှင့် ဖြစ်ပျက်ခဲ့သည်။ ဤသို့ရာသီအလိုက် အိုဇုန်းကျဆင်းခြင်းကို အိုဇုန်းအပေါက်ဟုခေါ်သည်။ ထိုမျှမက မကြာသေးမီနှစ်များအတွင်း အိုဇုန်းအပေါက်သည် ပို၍ကြီးမားကာ သက်တမ်းလည်းပို၍ကြာရှည်လာသည်။ ၁၉၉၂ ခုနှစ်တွင် ဂြိုဟ်တုတိုင်းတာမှုများအရ မြောက်အမေရိကတိုက်ထက်ပင်ကြီးမားသည့် စံချိန်တင်လောက်သော ဧရာမအိုဇုန်းလွှာအပေါက်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ကျန်ရှိသောအိုဇုန်းမှာ အလွန်တရာနည်းပါးလှသည်။ လေပူဖောင်းတိုင်းတာမှုများအရ ၆၀ ရာခိုင်နှုန်းမက ကျဆင်းကြောင်းတွေ့ရှိခဲ့ရာ မှတ်တမ်းအရ အနိမ့်ဆုံးဖြစ်ပေသည်။
ထိုအတောအတွင်း ကမ္ဘာ့အခြားဒေသများအထက်ရှိ လေထုအထက်ပိုင်း၌ အိုဇုန်းအဆင့်များလည်း ကျဆင်းခဲ့သည်။ “၁၉၉၂ ခုနှစ်တွင် ၅၀ ဒီဂရီမြောက်နှင့် ၆၀ ဒီဂရီမြောက်အကြား၊ ဥရောပတိုက်မြောက်ပိုင်း၊ ရုရှားနှင့် ကနေဒါနိုင်ငံတို့၏အထက်တွင် အိုဇုန်းစုစည်းမှုကိန်းသည် ထူးထူးခြားခြားကျဆင်းလျက်ရှိကြောင်း . . . နောက်ဆုံးတိုင်းတာမှုများက ဖော်ပြသည်။ အိုဇုန်းအဆင့်သည် သာမန်ထက် ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့ရာ မှတ်တမ်းတင်ခဲ့သည့် ၃၅ နှစ်ကာလအတွင်း အနိမ့်ဆုံးပင်ဖြစ်ပေသည်” ဟု New Scientist မဂ္ဂဇင်းက ရေးသားဖော်ပြသည်။
“အဆိုးဆုံးဟောကိန်းများပင်လျှင် ကလိုရိုဖလူအိုရိုကာဗွန်ကြောင့်ဖြစ်ရသည့် အိုဇုန်းဆုံးပါးမှုကို လျှော့တွက်ထား ကြောင်း ယခုအခါ သာဓကများထင်ရှားနေပြီ။ . . . သို့နှင့်ပင် တစ်ချိန်တည်း၌ အစိုးရနှင့်စက်မှုလုပ်ငန်းလောကမှ ဩဇာတိက္ကမရှိသူတို့က သိပ္ပံဆိုင်ရာအထောက်အထားများ မပြည့်စုံဟုအကြောင်းပြကာ စည်းမျဉ်းများကိုအပြင်းအထန် ဆန့်ကျင်ပြောဆိုကြသည်” ဟူ၍ Scientific American ဂျာနယ်ကရေးသားဖော်ပြသည်။
ခန့်မှန်းချက်တစ်ခုအရ လေထုအတွင်းသို့ ကလိုရိုဖလူအိုရိုကာဗွန် တန်ချိန်သန်းပေါင်း ၂၀ ကိုထုတ်လွှတ်ပြီးဖြစ်သည်။ ကလိုရိုဖလူအိုရိုကာဗွန်သည် စထရက်တိုစဖီးယားအလွှာသို့ရောက်ရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရသောကြောင့် တန်ချိန်သန်းပေါင်းများစွာမှာ ၎င်းတို့ဖျက်ဆီးမည့်လေထုအထက်ပိုင်းသို့ မရောက်ရှိသေးချေ။ သို့ရာတွင် ကလိုရိုဖလူအိုရိုကာဗွန်သည် အိုဇုန်းကိုဖျက်ဆီးသည့်ကလိုရင်းထွက်ရှိရာ တစ်ခုတည်းသောအရင်းအမြစ်မဟုတ်ပါ။ “လွန်းပျံယာဉ်လွှတ်တင်သည့်အခါတိုင်း အိုဇုန်းအလွှာတွင် ကလိုရင်း ၇၅ တန်ခန့်ကျန်ရစ်စေခဲ့သည်ဟု နာဆာအဖွဲ့က ခန့်မှန်းထားကြောင်း” Popular Science မဂ္ဂဇင်းကရေးသားဖော်ပြသည်။
အကျိုးဆက်များကား အဘယ်နည်း
လေထုအထက်ပိုင်း၌ အိုဇုန်းပါးလွှာခြင်းကြောင့်ဖြစ်ပေါ်သည့် အကျိုးဆက်များအကြောင်းကို အပြည့်အစုံမသိရသေးပေ။ သို့သော်လည်း သေချာသည့်အချက်တစ်ချက်မှာ ကမ္ဘာပေါ်သို့ရောက်ရှိလာသည့် ခရမ်းလွန်ရောင်ခြည်ပမာဏ တိုးလာလျက်ရှိပြီး အရေပြားကင်ဆာဖြစ်ပွားမှု များပြားလာသည့်အချက်ပင်ဖြစ်သည်။ “လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကမ္ဘာ့မြောက်ပိုင်းခြမ်းအပေါ်ကျရောက်သည့် ဘေးဖြစ်စေတတ်သော ခရမ်းလွန်ရောင်ခြည်ပမာဏသည် နှစ်စဉ် ၅ ရာခိုင်နှုန်းတိုးခဲ့သည်” ဟူ၍ Earth ဂျာနယ်ကရေးသားဖော်ပြသည်။
ခရမ်းလွန်ရောင်ခြည် ၁-ရာခိုင်နှုန်းတိုးရုံမျှနှင့် အရေပြားကင်ဆာဖြစ်ပွားမှု ၂-မှ ၃-ရာခိုင်နှုန်းတိုးပွားစေသည်ဟု ခန့်မှန်းရသည်။ Getaway မဂ္ဂဇင်းကဤသို့ဆိုသည်– “တောင်အာဖရိကနိုင်ငံတွင် ကင်ဆာဖြစ်ပွားမှုအသစ် ၈ ၀၀၀ ကျော်နှစ်စဉ်ဖြစ်ပွားလျက်ရှိသည်။ . . . ကျွန်ုပ်တို့နိုင်ငံတွင် အိုဇုန်းကာကွယ်မှုအဆင့် အနိမ့်ဆုံးဖြစ်နေပြီး အရေပြားကင်ဆာဖြစ်ပွားမှု အမြင့်ဆုံးဖြစ်နေသည် (ဤဆက်နွှယ်မှုသည် တိုက်ဆိုင်မှုမဟုတ်ပေ)။”
လေထုအထက်ပိုင်းတွင် အိုဇုန်းပျက်စီးခြင်းကြောင့် အရေပြားကင်ဆာဖြစ်ပွားမှု တိုးပွားလာမည့်အကြောင်းကို လွန်ခဲ့သောနှစ်များစွာကတည်းက သိပ္ပံပညာရှင်များဖြစ်ကြသော ရောလန်ဒ်နှင့်မိုလီနာတို့က ကြိုတင်ဟောကိန်းထုတ်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် အေရိုဆောဖျန်းဘူးများ၌ ကလိုရိုဖလူအိုရိုကာဗွန် အသုံးပြုမှုကိုချက်ချင်းပိတ်ပင်ပစ်ရန် သူတို့အကြံပြုခဲ့ကြသည်။ ယင်း၏ဘေးအန္တရာယ်ကို အသိအမှတ်ပြုသည့်အနေနှင့် တိုင်းပြည်အများအပြားတို့က ၁၉၉၆ ဇန်နဝါရီလရောက်သော် ကလိုရိုဖလူအိုရိုကာဗွန် ထုတ်လုပ်ခြင်းကိုရပ်တန့်ရန် သဘောတူခဲ့ကြသည်။ သို့သော်လည်း ထိုကာလစပ်ကြားအတွင်း ကလိုရိုဖလူအိုရိုကာဗွန်သုံးစွဲမှုကြောင့် ကမ္ဘာ့သက်ရှိများအဖို့ အန္တရာယ်ဆက်၍ဖြစ်ပွားမည်သာဖြစ်သည်။
အန္တာတိကအထက်မှ အိုဇုန်းကျဆင်းမှုကြောင့် “ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှုသည် သမုဒ္ဒရာအတွင်းပိုင်းအထိ ယခင်ကထင်ထားသည်ထက် ပိုမိုနက်ရှိုင်းစွာထိုးဖောက်နိုင်ခဲ့သည်။ . . . ယင်းကြောင့် သမုဒ္ဒရာအစာကွင်းဆက်၏ အခြေခံဖြစ်သောဧကဆဲလ်ဇီဝရုပ်များ (single-cell organisms) အရေအတွက် အကြီးအကျယ်လျော့နည်းသွားသည်” ဟူ၍ Our Living World မဂ္ဂဇင်းကရေးသားဖော်ပြသည်။ ခရမ်းလွန်ရောင်ခြည်တိုးပွားမှုကြောင့် များစွာသောသီးနှံအထွက်ဆုတ်ယုတ်လာရာ ကမ္ဘာ့စားနပ်ရိက္ခာဖြည့်တင်းမှုကို ခြိမ်းခြောက်လျက်ရှိကြောင်းကိုလည်း စမ်းသပ်ချက်များက ပြဆိုလျက်ရှိသည်။
ကလိုရိုဖလူအိုရိုကာဗွန်သုံးစွဲမှုကြောင့် ကပ်ဘေးကြီးကျရောက်နိုင်သည်မှာ ဆိုဖွယ်မရှိ။ သို့သော် ကမ္ဘာ့လေထုကြီးသည် အခြားသောညစ်ညမ်းပစ္စည်းများ၏ တရစပ်တိုက်ခိုက်ဖျက်ဆီးခြင်းကိုပါ မရှုမလှခံနေရပါသည်။ ညစ်ညမ်းပစ္စည်းတစ်မျိုးမှာ လေထုထဲမှဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး ပမာဏအားဖြင့်စိုးစဉ်းမျှသာ ပါဝင်သော်လည်း ကမ္ဘာ့သက်ရှိများအဖို့ အရေးပါလှသည်။
ညစ်ညမ်းမှု၏အာနိသင်
၁၉ ရာစုနှစ်လယ်မှစ၍ လူသားတို့သည် ကျောက်မီးသွေး၊ ဓာတ်ငွေ့နှင့်ရေနံ အမြောက်အမြားကို မီးရှို့လာခဲ့ခြင်းကြောင့် လေထုထဲ၌ကာဗွန်ဒိုင်အောက်ဆိုဒ် အများအပြားတိုးပွားစေခဲ့သည်။ ထိုစဉ်က စိုးစဉ်းမျှဖြစ်သော ၎င်းလေထုဓာတ်ငွေ့မှာ တစ်သန်းပုံ၏ ၂၈၅ ပုံသာဖြစ်သည်။ သို့သော် တွင်းထွက်လောင်စာများကို တိုး၍သုံးစွဲလာသည့်ရလဒ်အနေနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏသည် တစ်သန်းပုံ၏ ၃၅၀ ပုံသို့မြင့်တက်လာသည်။ လေထုထဲ၌ အပူဓာတ်စုပ်ယူသည့်ဤဓာတ်ငွေ့ တိုးလာခြင်း၏အကျိုးဆက်ကား အဘယ်အရာနည်း။
ကာဗွန်ဒိုင်အောက်ဆိုဒ်၏အဆင့် တိုးလာခြင်းသည် ကမ္ဘာ့အပူချိန်တိုးလာရသည့် အကြောင်းတရားပင်ဖြစ်သည်ဟု လူအများကယုံကြည်ကြသည်။ သို့သော်လည်း အခြားသုတေသီများကမူ ကမ္ဘာပူနွေးလာမှုသည် အထူးသဖြင့် နေ၏ပြောင်းလဲမှုကြောင့်ဖြစ်ရသည်ဟု ဆိုကြသည်။ မကြာမီနှစ်များအတွင်းက နေသည်ပို၍များပြားသည့်စွမ်းအင်ကို ထုတ်လွှတ်ခဲ့သည်။
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ၊ မှတ်တမ်းထားလာခဲ့သည့် ၁၉ ရာစုနှစ်လယ် ၁၉၈၀ ပြည့်လွန်နှစ်များသည် အပူပြင်းဆုံးသောဆယ်စုနှစ်ပင်ဖြစ်သည်။ “ကမ္ဘာပူနွေးမှုသည် ယခုဆယ်စုနှစ်ထဲသို့ပင် ဆက်၍ကူးဝင်လာသည်။ မှတ်တမ်းထားလာသည့်နှစ်ပေါင်း ၁၄၀ အတွင်း ၁၉၉၀ ပြည့်နှစ်သည် အပူပြင်းဆုံး၊ ၁၉၉၁ ခုနှစ်သည် တတိယအပူနွေးဆုံးနှင့် ၁၉၉၂ ခုနှစ်သည် ဒသမအပူနွေးဆုံးနှစ်များ အသီးသီးဖြစ်ကြသည်” ဟူ၍ တောင်အာဖရိကသတင်းစာ The Star ကရေးသားဖော်ပြသည်။ လွန်ခဲ့သောနှစ်နှစ်အတွင်း အပူချိန်အနည်းငယ်ကျဆင်းခဲ့ရသည်မှာ ၁၉၉၁ ခုနှစ်တွင် ပီနာတူဘိုမီးတောင်ပေါက်ကွဲစဉ်က လေထုအတွင်းမှုတ်ထုတ်ခဲ့သည့် ဖုန်မှုန့်များကြောင့်ဖြစ်သည်ဟု ယူဆကြသည်။
ကမ္ဘာ့အပူချိန်တိုးလာခြင်းကြောင့် အနာဂတ်အပေါ်အကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်း၍ အကြိတ်အနယ်ငြင်းခုံလျက်ရှိသည်။ သို့သော် ကမ္ဘာ့ပူနွေးမှုကြောင့်ဖြစ်ပေါ်သည့် အကျိုးဆက်တစ်ခုမှာ မူလကတည်းကခက်ခဲနေသည့် မိုးလေဝသခန့်မှန်းချက်ကို ပို၍ရှုပ်ထွေးစေခြင်းပင်ဖြစ်သည်။ New Scientist မဂ္ဂဇင်းက မှားယွင်းသော မိုးလေဝသခန့်မှန်းချက်များသည် “ကမ္ဘာ့ပူနွေးမှုကြောင့် ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ တိုးပွားလာဖွယ်ရှိသည်” ဟုထောက်ပြထားသည်။
အာမခံကုမ္ပဏီအများက ကမ္ဘာ့ပူနွေးမှုကြောင့် ၎င်းတို့၏ပေါ်လစီအများသည် အကျိုးအမြတ်မရှိဖြစ်သွားမှာကို စိုးရိမ်လာကြသည်။ “ကြမ္မာဆိုးတသီကြီးနှင့်ရင်ဆိုင်နေရသဖြင့် ထပ်ဆင့်အာမခံသည့်ကုမ္ပဏီအချို့က သဘာဝကပ်ဘေးများအတွက် အာမခံခြင်းကိုလျှော့ချလိုက်ကြသည်။ အချို့ကုမ္ပဏီတို့သည် အာမခံဈေးကွက်မှ အပြီးအပိုင်ထွက်ခွာရန်ပင် ပြောဆိုလာကြသည်။ . . . မိုးလေဝသခန့်မှန်းချက် မရေရာမှုများကြောင့် သူတို့လန့်ဖျပ်ကုန်ကြသည်” ဟူ၍ The Economist မဂ္ဂဇင်းကဝန်ခံရေးသားထားသည်။
မှတ်သားဖွယ်ကောင်းသည်မှာ မှတ်တမ်းတွင်အပူနွေးဆုံးနှစ်ဖြစ်သည့် ၁၉၉၀ ပြည့်နှစ်တွင် အာတိတ်ရေခဲမျောပြင်ကြီးမှ ကြီးမားသောအပိုင်းတစ်ပိုင်းသည် မကြုံစဖူးသည့်အတိုင်းအတာအထိ ဆုတ်သွားခဲ့သည်။ ယင်းကြောင့် ဝင်ရိုးစွန်းဝက်ဝံရာပေါင်းများစွာသည် ရဲန်ဂဲလ် အိုင်းလင်းတွင် တစ်လကျော်မျှသောင်တင်ခဲ့ရသည်။ “ကမ္ဘာ့ပူနွေးမှုနှင့်အတူ ဤကဲ့သို့သောအခြေအနေမျိုးသည် . . . ပုံမှန်ဖြစ်ပျက်လာဖွယ်ရှိသည်” ဟူ၍ BBC Wildlife မဂ္ဂဇင်းက သတိပေးရေးသားလိုက်သည်။
“အန္တာတိကမှ မြောက်ဘက်သို့မျောလျက် အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်းတွင် ခုတ်မောင်းသွားလာသည့် သင်္ဘောများအတွက် အန္တရာယ်ဖြစ်စေနိုင်သော ရေခဲတောင်အရေအတွက် သိသိသာသာများပြားလာခြင်းသည် ကမ္ဘာ့ပူနွေးမှုကြောင့်ဖြစ်ရသည်ဟု မိုးလေဝသကျွမ်းကျင်သူတို့က အပြစ်ဖို့ကြသည်” ဟု ၁၉၉၂ ခုနှစ်တွင် အာဖရိကသတင်းစာတစ်စောင်က ရေးသားဖော်ပြသည်။ ၁၉၉၃ ဇန်နဝါရီလထုတ် Earth မဂ္ဂဇင်း၏ရေးသားချက်အရ ကာလီဖိုးနီးယားတောင်ပိုင်းကမ်းခြေရှိ ပင်လယ်ရေမျက်နှာပြင် တစ်စတစ်စမြင့်တက်လာရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ပင်လယ်ရေပူနွေးလာခြင်းကြောင့်ဖြစ်သည်။
စိတ်ပျက်စရာကောင်းသည်မှာ လူတို့သည် အဆိပ်အတောက်ဖြစ်စေသည့်ဓာတ်ငွေ့များကို ထိတ်လန့်ဖွယ်ကောင်းသောပမာဏဖြင့် လေထုအတွင်းသို့ ဆက်လက်၍မှုတ်ထုတ်လျက်ရှိခြင်းပင်ဖြစ်သည်။ “အမေရိကန်ပြည်ထောင်စုတွင် အဆိပ်အတောက်ဖြစ်စေတတ်သော ဓာတုပစ္စည်းတန်ချိန် ၉၀၀,၀၀၀ ကျော်ကို လေထုအတွင်းသို့ နှစ်စဉ်မှုတ်ထုတ်လျက်ရှိကြောင်း ပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီမှ တင်သွင်းသည့် ၁၉၈၉ ခုနှစ်အစီရင်ခံစာတစ်စောင်က ခန့်မှန်းဖော်ပြထားသည်” ဟူ၍ The Earth Report 3 စာအုပ်ကရေးသားဖော်ပြသည်။ ဤကိန်းဂဏန်းမှာ လျှော့၍ဖော်ပြထားသည့်ဂဏန်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မော်တော်ယာဉ်သန်းပေါင်းများစွာမှ ထွက်ရှိသောအခိုးအငွေ့များကို ထည့်မတွက်ထားသောကြောင့်ဖြစ်သည်။
အခြားသောစက်မှုနိုင်ငံများမှလည်း ထိတ်လန့်ဖွယ်ကောင်းသော လေထုညစ်ညမ်းမှုသတင်းများရရှိသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်အကောင်းဆုံးမှာ ကွန်မြူနစ်အုပ်စိုးမှုအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာတည်ရှိခဲ့သည့် အရှေ့ ဥရောပမှ ထိန်းချုပ်မှုမရှိသော လေထုညစ်ညမ်းမှုပင်ဖြစ်သည်။ ယင်းကိုမကြာမီကမှ ဖော်ထုတ်တွေ့ရှိခဲ့ရသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူ၍ အောက်ဆီဂျင်ကိုပြန်လည်ထုတ်ပေးကြသည့် ကမ္ဘာ့သစ်ပင်များလည်း အဆိပ်အတောက်ဖြစ်စေတတ်သောလေ၏ အနှိပ်စက်ခံများတွင်ပါဝင်ကြသည်။ “ဂျာမနီပြည်ရှိသစ်ပင်များသည် တစ်နေ့တခြား ချူချာသည်ထက်ချူချာလာကြသည်။ . . . စိုက်ပျိုးရေးဝန်ကြီး၏အဆိုအရ လေညစ်ညမ်းမှုသည် သစ်တောများ မမာမချာဖြစ်ရသည့် အဓိကအကြောင်းတရားများတွင် တစ်ခုအဖြစ် ဆက်လက်၍ပါဝင်လျက်ရှိသည်” ဟူ၍ New Scientist မဂ္ဂဇင်းကရေးသားဖော်ပြထားသည်။
တောင်အာဖရိကနိုင်ငံ ထရန်စ်ဗားလ်စီရင်စုရှိ ကုန်းပြင်မြင့်မြက်ခင်းလွင်ပြင်၏ အခြေအနေမှာလည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ “အက်စစ်မိုး၏ ဦးဆုံးဖျက်ဆီးမှုလက္ခဏာများကို ထရန်စ်ဗားလ်စီရင်စုနယ်၏ အရှေ့ပိုင်းတွင် ယခုစတင်တွေ့နေရပြီ။ ထိုဒေသတွင် ပိုင်း နီဒယ်လ်ထင်းရှူးပင်များသည် စိမ်းစိုသည့်အစိမ်းရင့်ရောင်မှ ပြောက်ပြောက်ကျားကျားနှင့် ဖြူဖပ်ဖြူရော်ထုံးခြောက်ရောင်သို့ ပြောင်းလဲလျက်ရှိသည်” ဟူ၍ ဂျိမ်းစ် ကလာ့ခ်က ၎င်းရေးသားသည့် Back to Earth စာအုပ်တွင်ဖော်ပြထားသည်။
ဤသို့သော သတင်းမျိုးကို ကမ္ဘာတစ်ဝန်းလုံးမှ ကြားနေရသည်။ ဤပြဿနာနှင့်ကင်းသော တိုင်းပြည်ဟူ၍မရှိ။ မိုးကောင်းကင်သို့ထိုးထွက်နေသည့် မီးခိုးခေါင်းတိုင်ကြီးများအားဖြင့် စက်မှုနိုင်ငံကြီးများက ၎င်းတို့၏ညစ်ညမ်းမှုကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့လျက်ရှိကြသည်။ လူတို့၏လောဘကြီးသော စက်မှုဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းမှ အဘယ်မျှော်လင့်ချက်ရောင်ခြည်မျှ မတွေ့ရှိရပေ။
သို့သော်လည်း အကောင်းဘက်မှ မျှော်လင့်နိုင်သည့် အခြေအမြစ် ရှိပါသည်။ အဖိုးတန်သော ကမ္ဘာ့လေထုသည် ပျက်စီးခြင်းမှ ကယ်တင်ခံရမည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ မည်သို့ ဖြစ်မြောက်လာမည်အကြောင်း နောက်ဆောင်းပါးတွင် လေ့လာမှတ်သားပါ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လေထုအထက်ပိုင်းရှိ အိုဇုန်းပျက်စီးမှုကြောင့်အရေပြားကင်ဆာ ဖြစ်ပွားမှု များပြားလာသည်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဤသို့သော ညစ်ညမ်းမှုကြောင့် အဘယ် အကျိုးဆက်များ ဖြစ်ပေါ်သနည်း