ရဝမ်ဒါ၏ကြေကွဲဖွယ်ဖြစ်ရပ်မှ ဘေးဒုက္ခသည်များအားစောင့်ရှောက်ခြင်း
အာဖရိကတိုက်၏ အလယ်ဗဟိုတွင်တည်ရှိသော ရဝမ်ဒါနိုင်ငံကို “အာဖရိက၏ ဆွစ်ဇာလန်” ဟုတင်စားခေါ်ဝေါ်ကြသည်။ ၎င်းနိုင်ငံအပေါ် လေယာဉ်ဖြင့်ဖြတ်သန်းသည့်အခါ စိမ်းညို့သန်စွမ်းသောသစ်ရွက်စိမ်းများကို တွေ့ မြင်ရသူတို့က ဧဒင်ဥယျာဉ်ကိုသတိရကြသည်။ ယင်းကြောင့် ရဝမ်ဒါနိုင်ငံကို ပရဒိသုဘုံအဖြစ်သရုပ်ဖော်ကြသည်မှာ အဆန်းမဟုတ်ပေ။
ယခင်အခါက သစ်တစ်ပင်ခုတ်လှဲတိုင်း နှစ်ပင်ပြန်လည်စိုက်ပျိုးခဲ့သည်။ တစ်နှစ်တွင် ရက်တစ်ရက်ကို သစ်ပင်စိုက်ပျိုးရာနေ့အဖြစ် သတ်မှတ်ခဲ့သည်။ လမ်းမကြီးများတစ်လျှောက် သီးပင်များကိုစိုက်ပျိုးထားကြသည်။ နိုင်ငံအနှံ့ လွတ်လပ်စွာနှင့်လွယ်ကူစွာ ခရီးသွားလာနိုင်သည်။ နယ်များနှင့်မြို့တော် ကီဂါလီကိုဆက်သွယ်ထားသည့် လမ်းမကြီးများသည် နိုင်လွန်ကတ္တရာလမ်းများဖြစ်ကြသည်။ မြို့တော်မှာလည်း တစ်ဟုန်ထိုးစည်းကားတိုးတက်ခဲ့သည်။ သာမန်အလုပ်သမားများ၏ လစာဝင်ငွေမှာလည်း တစ်လတစ်လအလျဉ်မီခဲ့ကြသည်။
ယေဟောဝါသက်သေများ၏ ခရစ်ယာန်လုပ်ဆောင်မှုမှာလည်း ရဝမ်ဒါနိုင်ငံတွင် တိုးတက်အောင်မြင်လျက်ရှိသည်။ လူဦးရေရှစ်သန်းခန့်ရှိသည့်အနက် အများစုမှာအဓိကအားဖြင့် ကက်သလစ်ဘာသာဝင်များဖြစ်ကြသည်။ ၁၉၉၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် သက်သေခံ ၂,၆၀၀ ကျော်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ပြည်သူများအားဝေမျှပေးကြသည်။ (မဿဲ ၂၄:၁၄) မတ်လအတွင်း သက်သေခံများသည် လူတို့၏နေအိမ်များတွင် ကျမ်းစာသင်အံမှု ၁၀,၀၀၀ ကျော်ကျင်းပလျက်ရှိသည်။ ကီဂါလီမြို့တွင်းနှင့် အနီးပတ်ဝန်းကျင်တွင် အသင်းတော် ၁၅ ခုရှိခဲ့သည်။
ယေဟောဝါသက်သေများ၏ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက ဤသို့ပြောပြသည်– “၁၉၉၂၊ နိုဝင်ဘာလတွင် အသင်းတော် ၁၈ ခုကိုကျွန်တော်လည်ပတ်ရသည်။ သို့သော် ၁၉၉၄ မတ်လရောက်သည့်အခါ အသင်းတော် ၂၇ ခုအထိတိုးတက်လာသည်။ ရှေ့ဆောင် (အချိန်ပြည့်ဓမ္မအမှုဆောင်) အရေအတွက်လည်း နှစ်စဉ်တိုးတက်လျက်ရှိသည်။” ၁၉၉၄ မတ်လ ၂၆ ရက်၊ စနေနေ့တွင် ခရစ်တော်၏သေခြင်း သတိရအောက်မေ့ရာပွဲသို့ ၉,၈၃၄ ဦးတက်ရောက်ခဲ့သည်။
သို့သော် ရဝမ်ဒါနိုင်ငံ၏အခြေအနေသည် ဝမ်းနည်းကြေကွဲဖွယ် နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့လေသည်။a
အတည်တကျဖြစ်နေသော ငြိမ်သက်မှု ရုတ်တရက် ဆုံးခန်းတိုင်သွားခြင်း
၁၉၉၄ ဧပြီလ ၆ ရက်၊ ည ၈ နာရီခန့်တွင် နှစ်ဦးစလုံး ဟူတူလူမျိုးဖြစ်သည့်ရဝမ်ဒါနိုင်ငံ၏သမ္မတနှင့် ဘာရွန်ဒီနိုင်ငံ၏သမ္မတတို့သည် ကီဂါလီမြို့လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားကြသည်။ ထိုညတွင်းချင်း မြို့တော်နေရာအနှံ့တွင် ရဲတို့၏ဝီစီမှုတ်သံကိုကြားရပြီး လမ်းများကိုလည်းပိတ်ဆို့လိုက်သည်။ ထို့နောက် နံနက်စောစောအချိန်တွင် ဓားမကြီးများကိုင်ဆောင်ထားသည့် စစ်သားများနှင့် အမျိုးသားတို့က တွတ်စီလူမျိုးတို့ကို စတင်သတ်ဖြတ်ကြသည်။ ကီဂါလီမြို့မှ ယေဟောဝါသက်သေများ၏ မြို့တော်ကြီးကြပ်မှူးဖြစ်သော နတာဘားနား အိုဝဲဇန်နှင့်တကွ ၎င်း၏ဇနီးသားသမီးတို့သည် ပထမဦးဆုံး အစုလိုက်အပြုံလိုက် အသတ်ခံရသည့်ထဲတွင် ပါသွားကြသည်။
ဥရောပလူမျိုး ယေဟောဝါသက်သေမိသားစုတစ်စုသည် တွတ်စီလူမျိုးဖြစ်ကြသော အိမ်နီးနားချင်းတော်တော်များများကို ကျမ်းစာသင်ပေးသည်။ သွေးဆာနေသောလူသတ်သမားများ တစ်အိမ်တက်ဆင်းလိုက်ရှာကြသည့်အခါ ဤအိမ်နီးချင်းကိုးယောက်က ထိုဥရောပလူမျိုး၏အိမ်တွင် ဝင်ရောက်ပုန်းခိုကြ၏။ များမကြာမီအတွင်း အကြမ်းဖက်သမား ၄၀ ခန့်သည် အိမ်ထဲသို့ဝင်ကာ ပစ္စည်းများကိုဖျက်ဆီး၍ ပရိဘောဂများကိုတွန်းလှဲပစ်ကြသည်။ ဝမ်းနည်းစရာကောင်းသည်မှာ တွတ်စီအိမ်နီးချင်းတို့သည် အသတ်ခံလိုက်ရသည်။ ကျန်သူတို့မှာ သူတို့၏မိတ်ဆွေများကို ကယ်တင်ရန်ကြိုးပမ်းခဲ့ကြစေကာမူ သူတို့အသက်သာချမ်းသာရာ ရရှိကြသည်။
သီတင်းပတ်အတန်ကြာသည်အထိ ဆက်လက်သတ်ဖြတ်ကြသည်။ နောက်ဆုံးခန့်မှန်းခြေအရ ရဝမ်ဒါလူမျိုးစုစုပေါင်း ၅၀၀,၀၀၀ သို့မဟုတ် ထိုထက်မက အသတ်ခံလိုက်ရသည်။ ထောင်ပေါင်းများစွာသောသူတို့ အထူးသဖြင့် တွတ်စီလူမျိုးတို့သည် အသက်ဘေးမှလွတ်မြောက်ရေးအတွက် ထွက်ပြေးခဲ့ကြသည်။ ယေဟောဝါသက်သေများ၏ ဇိုင်ယာဌာနခွဲရုံးက ကယ်ဆယ်ရေးပစ္စည်းများလိုအပ်ကြောင်း ပြင်သစ်နိုင်ငံရှိညီအစ်ကိုများထံ အကြောင်းကြားလိုက်သည်။ “ကျွန်တော်တို့က တစ်ပတ်နွမ်းအဝတ်အစား ကုန်သေတ္တာတစ်လုံးစာ တောင်းခဲ့သော်လည်း ပြင်သစ်ညီအစ်ကိုများက အဝတ်အစားနှင့် ဖိနပ် ကုန်သေတ္တာ ငါးလုံး ပို့ပေးလိုက်သည့်အနက် အများစုမှာ အသစ်ကျပ်ချွတ်များဖြစ်သည်။” ဇွန်လ ၁၁ ရက်နေ့တွင် အဝတ်အစား ၆၅ တန် ပို့လိုက်ပြန်သည်။ ကင်ညာနိုင်ငံမှဌာနခွဲရုံးကလည်း ဒုက္ခသည်များထံသို့ အဝတ်အစားများ၊ ဆေးဝါးများနှင့်တကွ ၎င်းတို့၏ဘာသာစကားဖြင့်ပုံနှိပ်သည့် ကင်းမျှော်စင် မဂ္ဂဇင်းများကိုပို့ပေးလိုက်သည်။
ဇူလိုင်လရောက်သော် ရဝမ်ဒါမျိုးချစ်တပ်ဦးခေါ် တွတ်စီလူမျိုးကြီးစိုးသောတပ်ဖွဲ့များက ဟူတူလူမျိုးကြီးစိုးသော အစိုးရတပ်ဖွဲ့များကိုအနိုင်ရလိုက်သည်။ ၎င်းနောက် ဟူတူလူမျိုးများသည် ထောင်နှင့်သောင်းနှင့်ချီ၍ တိုင်းပြည်မှစတင်ထွက်ပြေးကြလေသည်။ ယင်းဝရုန်းသုန်းကားဖြစ်မှုများကြောင့် ရဝမ်ဒါပြည်သူနှစ်သန်း၊ သို့မဟုတ် နှစ်သန်းကျော်သည် အိမ်နီးချင်းနိုင်ငံများတွင် အလျင်စလိုထူထောင်သည့် ဒုက္ခသည်စခန်းများတွင် ပြေးဝင်ခိုလှုံကြရသည်။
အချင်းချင်းကြိုးစားကူညီကြ
ကီဂါလီမြို့ရှိ ယေဟောဝါသက်သေများ၏ ဘာသာပြန်ဌာနတွင်လုပ်ကိုင်သူ ခြောက်ယောက်အနက်နှစ်ယောက်မှာ တွတ်စီလူမျိုး အာနားနီ မဘန်းဒါးနှင့် မူကာဂီဆာဂါးရာ ဒနိစ်တို့ဖြစ်ကြသည်။ ဟူတူညီအစ်ကိုများက သူတို့ကိုကြိုးစားကာကွယ်ရာ၌ သီတင်းပတ်အနည်းငယ်ကြာသည်အထိ အောင်မြင်ခဲ့သော်လည်း ၁၉၉၄ မေလကုန်လောက်တွင် ထိုတွတ်စီသက်သေခံနှစ်ယောက်သည် အသတ်ခံလိုက်ရသည်။
ယေဟောဝါသက်သေများသည် မိမိတို့၏အသက်ကို ပဓာနမထားရုံမျှမက အသက်ကိုပင်စွန့်၍ လူမျိုးစုနောက်ခံမတူသည့် ခရစ်ယာန်ချင်းတို့ကို ကြိုးစားကာကွယ်ကြသည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ၁၅:၁၃) သာဓကအနေဖြင့် မူကာဘာလီဆာ ချန်တာလ်သည် တွတ်စီလူမျိုးဖြစ်သည်။ ရဝမ်ဒါမျိုးချစ်တပ်ဦးအဖွဲ့ဝင်များက သူနေထိုင်နေသောအားကစားရုံတွင် ဟူတူများကိုရှာဖွေကြသည့်အချိန်၌ သူမကဟူတူမိတ်ဆွေများဘက်မှကြားဝင်ရပ်တည်ပေးသည်။ သူမ၏ကြိုးပမ်းလုပ်ဆောင်မှုကြောင့် သူပုန်များကစိတ်အနှောင့်အယှက်ဖြစ်ကြသော်လည်း သူတို့ထဲမှတစ်ယောက်က ဤသို့ဆိုလိုက်သည်– “ခင်ဗျားတို့ယေဟောဝါသက်သေတွေရဲ့ ညီနောင်ရင်းချာစိတ်ဓာတ်ကတော့ တကယ့်ကိုခိုင်မြဲတာပဲ။ ခင်ဗျားတို့ရဲ့ဘာသာဟာ အကောင်းဆုံးလို့ဆိုနိုင်ပါတယ်!”
လူမျိုးစုမုန်းတီးမှုမှ လွတ်အောင်ကြိုးပမ်းခြင်း
ယင်းကယေဟောဝါသက်သေများသည် အာဖရိကတိုက်တွင် နှစ်ပေါင်းရာနှင့်ချီ၍တည်ရှိခဲ့သည့် လူမျိုးစုမုန်းတီးမှုမှ လုံးလုံးလွတ်ကင်းသည်ဟူ၍ ဆိုနေခြင်းမဟုတ်ပါ။ ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်သည့် ပြင်သစ်နိုင်ငံမှသက်သေခံတစ်ဦးက ဤသို့ဂရုပြုပြောကြားခဲ့သည်– “ဖော်ပြရန်ပင်မစွမ်းသာသည့် ဤအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖြစ်ပွားစေသောမုန်းတီးမှုစိတ်ဓာတ်မျိုး မကူးစက်ရလေအောင် ကျွန်တော်တို့၏ခရစ်ယာန်ညီအစ်ကိုများပင် အပြင်းအထန်ကြိုးပမ်းကြရသည်။
“သူတို့၏မျက်စိရှေ့ မှာ မိသားစုဝင်များ အစုလိုက်အပြုံလိုက်အသတ်ခံရသည်ကို တွေ့မြင်ခဲ့ရသောညီအစ်ကိုများကို ကျွန်တော်တို့တွေ့ခဲ့ရသည်။ ဥပမာ၊ ခရစ်ယာန်ညီအစ်မတစ်ဦးသည် လက်ထပ်ပြီး၍နှစ်ရက်အကြာတွင် သူမ၏ခင်ပွန်းအသတ်ခံလိုက်ရသည်။ အချို့သက်သေခံများသည် သားသမီးများနှင့်မိဘများ အသတ်ခံရသည်ကိုတွေ့မြင်ခဲ့ရသည်။ ယခု ယူဂန်ဒါနိုင်ငံတွင်ရောက်နေသည့် ညီအစ်မတစ်ဦးသည် ခင်ပွန်းဖြစ်သူအပါအဝင် တစ်မိသားစုလုံးအသတ်ခံရသည်ကို တွေ့ မြင်ခဲ့ရသည်။ ဤအဖြစ်အပျက်များသည် ယေဟောဝါသက်သေမိသားစုတစ်စုစီကို ဂယက်ရိုက်သည့်ကိုယ်စိတ်ဆင်းရဲခြင်းဒုက္ခကို မီးမောင်းထိုးပြလိုက်ခြင်းသာဖြစ်သည်။”
ဤလူမျိုးစုအကြမ်းဖက်မှုတွင် သက်သေခံစုစုပေါင်း ၄၀၀ ခန့်အသတ်ခံရကြသည်။ သို့ရာတွင် ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကမျှ သက်သေခံချင်းတို့၏လက်ချက်ဖြင့် သေဆုံးရခြင်းမရှိပါ။ သို့သော် ရိုမန်ကက်သလစ်နှင့် ပရောတက်စတင့်အသင်းသားများဖြစ်ကြသော တွတ်စီနှင့်ဟူတူလူမျိုးတို့မူကား ထောင်နှင့်သောင်းနှင့်ချီ၍ သတ်ဖြတ်ကြသည်။ ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေများသည် စစ်ပွဲများ၊ တော်လှန်ရေးများ၊ သို့မဟုတ် ဤလောက၏အခြားသော ပဋိပက္ခများတွင် လုံးဝပါဝင်ခြင်းမရှိကြောင်း သက်သေအထောက်အထား အခိုင်အလုံရှိပေသည်။—ယောဟန် ၁၇:၁၄၊ ၁၆; ၁၈:၃၆; ဗျာဒိတ် ၁၂:၉။
ရေးသားဖော်ပြရန်ပင် မဖြစ်နိုင်သာဒုက္ခဆင်းရဲ
၁၉၉၄ ခုနှစ် နွေရာသီတွင် ကမ္ဘာတစ်ဝန်းရှိပြည်သူတို့သည် ရုပ်မြင်သံကြားနှင့်ဓာတ်ပုံများအားဖြင့် လူသားတို့ခံစားရသည့် မယုံကြည်နိုင်စရာကောင်းသော ဒုက္ခဆင်းရဲများကို တွေ့မြင်ခဲ့ကြရသည်။ ထောင်နှင့်သောင်းနှင့်ချီသော ရဝမ်ဒါဒုက္ခသည်များသည် အိမ်နီးချင်းနိုင်ငံများသို့ အလုံးအရင်းနှင့်ထွက်ပြေး၍ သန့်ရှင်းစင်ကြယ်မှု အလွန့်အလွန်ဆိုးရွားသော အခြေအနေမျိုးတွင်နေထိုင်ကြရသည်။ ပြင်သစ်နိုင်ငံမှ ကယ်ဆယ်ရေးတာဝန်ဖြင့်ရောက်ရှိသူ ယေဟောဝါသက်သေတစ်ဦးက ဇူလိုင်လ ၃၀ ရက်တွင် ၎င်းတို့၏ကိုယ်စားလှယ်အဖွဲ့ တွေ့ မြင်ခဲ့ရသည့်အခြေအနေအကြောင်းကို အောက်ပါအတိုင်းပြောပြခဲ့သည်။
“အော့နှလုံးနာဖို့ကောင်းတဲ့အဖြစ်အပျက်တွေကို ကျွန်တော်တို့တွေ့ခဲ့ရတယ်။ မိုင်နဲ့ချီ ပြီးရှည်လျားတဲ့လမ်းတစ်လျှောက်လုံးမှာ လူသေအလောင်းတွေနဲ့ပြည့်နေတယ်။ စုပြီးမြှုပ်နှံတဲ့သင်္ချိုင်းတွေမှာလည်း အလောင်းတွေထောင်နဲ့ချီ ပြီးပြည့်နေတယ်။ ဖွေးဖွေးလှုပ်နေတဲ့လူအုပ်ကြီးထဲကို ဖြတ်သွားတဲ့အခါမှာ နံစော်တဲ့အနံ့ဟာ မခံမရပ်နိုင်အောင်ပါပဲ။ ကလေးတွေက လူသေအလောင်းတွေဘေးမှာ ဆော့ကစားနေကြတယ်။ ကျောပေါ်မှာ အသက်ရှင်နေသေးတဲ့ကလေးတွေကို ပိုးလျက်နဲ့သေနေကြတဲ့ မိဘဖြစ်သူတွေရဲ့အလောင်းတွေလည်း မနည်းဘူး။ ဒီလိုမြင်ကွင်းတွေကို အဆက်မပြတ်တွေ့ မြင်ရတဲ့အခါမှာ စိတ်ထဲမှာဖျက်လို့မရအောင်စွဲထင်ခဲ့တယ်။ လူတစ်ယောက်ဟာ လုံးလုံးခိုကိုးရာမဲ့ဖြစ်တဲ့ခံစားချက် ဖိစီးခံရတဲ့အခါမှာ ဒီလိုရွံမုန်းစရာကောင်းတဲ့အဖြစ်ဆိုးတွေကြောင့် စိတ်မထိခိုက်ဘဲရှိနိုင်မှာမဟုတ်ဘူး။”
ဇူလိုင်လလယ်ပိုင်းတွင် ဒုက္ခသည်များအထောင်အသောင်းချီ၍ ဇိုင်ယာနိုင်ငံအတွင်းသို့ထွက်ပြေးကြချိန်၌ ဇိုင်ယာနိုင်ငံရှိသက်သေခံများက နယ်စပ်သို့သွား၍ သူတို့၏ခရစ်ယာန်ညီအစ်ကိုများနှင့် စိတ်ပါဝင်စားသူများက သူတို့ကိုသိရှိနိုင်ရန်အတွက် သမ္မာကျမ်းစာစာပေများကို မြှောက်ပြထားကြသည်။ ရဝမ်ဒါမှဒုက္ခသည်သက်သေခံများအားစုရုံးပြီး ဂိုမာမြို့အနီးရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ခေါ်ဆောင်၍ ပြုစုစောင့်ရှောက်ကြသည်။ ဆေးဝါးအကြောင်းနားလည်တတ်ကျွမ်းသော သက်သေခံများသည် ဆေးဝါးများနှင့် သင့်လျော်သောပစ္စည်းပစ္စယများ မရှိလင့်ကစား ဖျားနာသူတို့၏ဝေဒနာကိုသက်သာအောင် အတတ်နိုင်ဆုံးပြုစုပေးကြသည်။
ဒုက္ခကို လျင်မြန်စွာတုံ့ ပြန်ခြင်း
ဇူလိုင်လ ၂၂ ရက်၊ သောကြာနေ့တွင် ပြင်သစ်နိုင်ငံရှိယေဟောဝါသက်သေများသည် အာဖရိကတိုက်မှအကူအညီတောင်းခံသော ဖက်ခ်စ်တစ်စောင်လက်ခံရရှိသည်။ ဖက်ခ်စ်ထဲ၌ ရဝမ်ဒါမှထွက်ပြေးလာကြသည့် ၎င်းတို့၏ခရစ်ယာန်ညီအစ်ကိုများ၏ ကြောက်မက်ဖွယ်အတိဒုက္ခအကြောင်း ဖော်ပြထားသည်။ ညီအစ်ကိုတို့သည် ၎င်းမှတ်တမ်းကိုလက်ခံရရှိပြီးနောက် ငါးမိနစ်ဆယ်မိနစ်အတွင်းမှာပင် ကုန်တင်လေယာဉ်တစ်စီးဖြင့် ကယ်ဆယ်ရေးပစ္စည်းများကိုတင်ပို့ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် သီတင်းပတ်ကုန်ရက်တစ်ရက်လုံး ပြင်ဆင်မှုများကို အပူတပြင်းလုပ်ဆောင်ကြသည်။ တိုတောင်းလှသောအချိန်အတွင်း ဤမျှကြီးမားသောကယ်ဆယ်ရေးလုပ်ငန်းအတွက် ပြင်ဆင်မှုမျိုးကို ယခင်ကလုံးဝလုပ်ဆောင်ခြင်းမရှိခဲ့သောကြောင့် ဤလုပ်ဆောင်မှုမှာ အလွန်ပင်ထူးခြားမှတ်သားဖွယ်ဖြစ်ပေသည်။
ကယ်ဆယ်ရေးရန်ပုံငွေအတွက်လည်း ရက်ရက်ရောရောထည့်ဝင်ကြသည်။ ဘယ်လဂျီယံ၊ ပြင်သစ်နှင့်ဆွစ်ဇာလန်နိုင်ငံများမှ သက်သေခံများချည်းက ဒေါ်လာ ၁,၆၀၀,၀၀၀ ကျော်ထည့်ဝင်လှူဒါန်းခဲ့သည်။ လက်ခံရရှိသည့်ကယ်ဆယ်ရေးပစ္စည်းများထဲတွင် အစားအစာများ၊ ဆေးဝါးများနှင့် အသက်ကယ်ကိရိယာများပါဝင်ပြီး ယင်းတို့ကိုပြင်သစ်နိုင်ငံ၊ လူဗီရဲမြို့ရှိယေဟောဝါသက်သေများက သေတ္တာများထဲထည့်၍ အမျိုးအမည်စာတမ်းများကပ်ကြသည်။ ၎င်းကယ်ဆယ်ရေးပစ္စည်းများကို ဘယ်လဂျီယံနိုင်ငံ အောစ်တင်းမြို့သို့ အသင့်ပေးပို့နိုင်ရန် သက်သေခံများသည် နေ့ရောညပါလုပ်ကိုင်ကြသည်။ ဇူလိုင်လ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အော်စတင်လေဆိပ်ရှိ ကုန်တင်ဂျက်လေယာဉ်တစ်စီးပေါ်သို့ ကယ်ဆယ်ရေးပစ္စည်း ၃၅ တန်ကျော်ကိုတင်လိုက်သည်။ နောက်တစ်နေ့တွင် ထိုမျှလောက်မများသောပစ္စည်း၊ အဓိကအားဖြင့် ဆေးဝါးပစ္စည်းများပါဝင်သည့် ကုန်ပစ္စည်းတစ်သုတ်ကို တင်ပို့လိုက်သည်။ နှစ်ရက်ကြာပြီးနောက် စနေနေ့တွင် ဘေးဒုက္ခသည်များအတွက် ပို၍များပြားသည့် ဆေးဝါးပစ္စည်းများနောက်တစ်သုတ်ကို ထပ်မံတင်ပို့လိုက်သည်။
ဆရာဝန်တစ်ဦးအပါအဝင် ပြင်သစ်နိုင်ငံမှသက်သေခံများသည် အဆိုပါကယ်ဆယ်ရေးပစ္စည်းများ ဂိုမာမြို့သို့မရောက်ရှိမီ ထိုမြို့သို့ကြို၍ထွက်ခွာကြသည်။ ဂိုမာမြို့သို့ ဒေါက်တာ အန်းရီ တောလက် ဆိုက်ရောက်သည့် ဇူလိုင်လ ၂၅ ရက် တနင်္လာနေ့တွင် ကာလဝမ်းရောဂါဖြင့် သက်သေခံ ၂၀ ခန့်သေဆုံးပြီးဖြစ်သည့်ပြင် အခြားသူများလည်း နေ့စဉ်နှင့်အမျှ သေလုမြောပါးဖြစ်နေကြသည်။ ကယ်ဆယ်ရေးပစ္စည်းများကို မိုင်ပေါင်း ၁၅၀ ခန့်ကွာဝေးသော ဘာရွန်ဒီနိုင်ငံ ဘူဂျမ်ဘူရာမြို့မှတစ်ဆင့် ပို့ရသဖြင့် ဇူလိုင်လ ၂၉ ရက်၊ သောကြာနေ့နံနက်ကျမှ ဂိုမာမြို့သို့ရောက်ရှိလာသည်။
ရောဂါနှင့်စစ်ခင်းခြင်း
ထိုအချိန်တွင် ဂိုမာမြို့ဘုရားသခင့်နိုင်ငံတော်ခန်းမရှိရာ မြေကွက်ပေါ်တွင် ၁,၆၀၀ ခန့်ရှိသောသက်သေခံများနှင့် ၎င်းတို့၏မိတ်ဆွေများပြွတ်သိပ်လျက်နေကြသည်။ ဤသူတို့အတွက် အိမ်သာတစ်လုံးတည်းသာရှိပြီး ရေလုံးဝမရှိ၊ ရိက္ခာမှာလည်း အလွန်နည်းနေသည်။ ကာလဝမ်းရောဂါဖြစ်နေသူများစွာသည် ဘုရားသခင့်နိုင်ငံတော်ခန်းမထဲ၌ ပြွတ်ကျပ်လျက်ရှိသည်။ သေဆုံးသူဦးရေမှာလည်း တိုးများလာသည်။
ကာလဝမ်းရောဂါသည် လူတစ်ဦး၏ရေဓာတ်ကို လုံးလုံးကုန်ခန်းစေသည်။ မျက်လုံးများကိုကြောင်စေပြီး အထက်သို့လန်တက်စေသည်။ လူနာအားဓာတ်ဆားရည်ဖြင့် အချိန်မီကုသပေးနိုင်ပါက နှစ်ရက်အတွင်း နာလန်ပြန်ထူလာမည်။ ထို့ကြောင့် ညီအစ်ကိုများအား ရှိသည့်ဆေးဝါးအနည်းငယ်လေးနှင့် ဓာတ်ဆားရည်တို့ကို ကြိုးစား၍တိုက်ကျွေးကြသည်။
၎င်းပြင် ညီအစ်ကိုတို့က အခြားသူများကိုရောဂါမကူးစက်စေရန် ဖျားနာသူတို့အား သီးခြားစီခွဲခြားထားရန် ကြိုးစားကြည့်ကြသည်။ ဒုက္ခသည်များအား ဂိုမာမြို့၏ကြောက်မက်ဖွယ်အခြေအနေနှင့် ကင်းဝေးရာနေရာသို့ ရွှေ့ပြောင်းရန်နည်းလမ်းရှာကြသည်။ ကီဗူရေကန်အနီးတွင် သင့်တော်သည့်နေရာတစ်ခုကို တွေ့ရှိကြသည်။ ထိုနေရာသည် ဖုန်တထောင်းထောင်းနှင့် လေထဲ၌လူသေအလောင်းတို့၏ အပုတ်နံ့နှင့် အလှမ်းကွာဝေးသောကြောင့်ဖြစ်သည်။
အိမ်သာကျင်းများတူး၍ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ တင်းကျပ်သောစည်းကမ်းချက်များကို လိုက်နာစေသည်။ အိမ်သာတက်ပြီးတိုင်း ချွတ်ဆေးပါဝင်သောရေထဲတွင် လက်များကိုဆေးကြောစေသည်။ ဤလုပ်ငန်းစဉ်များ၏အရေးကြီးမှုကို အလေးပေးပြောကြားသဖြင့် လူတို့ကလည်းလက်ခံလာကြသည်။ သို့နှင့် မကြာမီအတွင်း ရောဂါကူးစက်ပြန့်ပွားမှု နှေးကွေးကျဆင်းသွားလေသည်။
ဇူလိုင်လ ၂၉ ရက်၊ သောကြာနေ့တွင် ကယ်ဆယ်ရေးပစ္စည်းအမြောက်အမြား ရောက်ရှိလာသည့်အခါ ဂိုမာမြို့ရှိဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဆေးရုံလေးတစ်ရုံဖွင့်လိုက်သည်။ ခေါက်ခုတင် ၆၀ ခန့်နှင့် ရေသန့်စနစ်တစ်ခုကိုလည်း ထူထောင်လိုက်သည်။ ထိုမျှမက ကီဗူရေကန်ဘေး၌ရောက်နေကြသည့် သက်သေခံများထံသို့လည်း တဲများယူဆောင်သွားကြသည်။ များမကြာမီအတွင်း တဲအလုံး ၅၀ ကိုစနစ်တကျအတန်းလိုက် သပ်သပ်ရပ်ရပ်ထိုးလိုက်ကြသည်။
တစ်ခါကသက်သေခံများနှင့် ၎င်းတို့၏မိတ်ဆွေစုစုပေါင်း ၁၅၀ ခန့်အသည်းအသန်ဖျားနာကြသည်။ ဩဂုတ်လပထမအပတ်ရောက်သော် ၎င်းတို့အနက်မှ ၄၀ ကျော်သည် ဂိုမာမြို့တွင် သေဆုံးခဲ့ကြသည်။ သို့သော် ဆေးဝါးအထောက်အပံ့များနှင့် အကူအညီများအချိန်မီရောက်လာသဖြင့် အသက်များစွာကိုကယ်တင်နိုင်ခဲ့သည့်အပြင် ဒုက္ခများစွာကိုလည်း ရပ်တန့်စေခဲ့သည်။
ကျေးဇူးတရားသိတတ်သော ဝိညာဏလူမျိုး
သက်သေခံဒုက္ခသည်များသည် လုပ်ကိုင်ဆောင်ရွက်ပေးသမျှအတွက် အလွန်ပင်ကျေးဇူးတင်ကြသည်။ သူတို့သည် အခြားတိုင်းပြည်များမှ ခရစ်ယာန်ညီအစ်ကိုများ ပြသသောမေတ္တာကြောင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းတွင် အမှန်ပင်ပါဝင်ကြောင်းထင်ရှားသော သာဓကများကြောင့်လည်းကောင်း အလွန်စိတ်ချမ်းသာကြည်နူးကြသည်။
ဆင်းရဲဒုက္ခရောက်ကြသော်ငြားလည်း ဒုက္ခသည်များသည် ၎င်းတို့၏ဝိညာဉ်ရေးကို ဆက်လက်ထိန်းသိမ်းထားကြသည်။ စင်စစ်ဆိုလျှင် “သူတို့သည် အလွန့်အလွန်ဆင်းရဲချို့ငဲ့ကြသော်လည်း ရုပ်ပိုင်းဆိုင်ရာအကူအညီထက် ဝိညာဉ်အစာကို ပို၍လိုလားကြပုံရသည်” ဟုလေ့လာသူတစ်ဦးက ဂရုပြုမိသည်။ ၎င်းတို့၏တောင်းဆိုချက်အရ ရဝမ်ဒါဘာသာစကားဖြစ်သော ကင်ညာရဝမ်ဒါဖြင့်ပုံနှိပ်သည့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် အမည်ရှိ ကျမ်းစာလေ့လာမှုအထောက်အကူပြုစာအုပ် အုပ်ရေ ၅,၀၀၀ ကို ဒုက္ခသည်စခန်းအသီးသီးထံသို့ တင်ပို့ပေးခဲ့သည်။b
ဒုက္ခသည်များသည် နေ့စဉ်ကျမ်းချက်တစ်ချက်ကို စဉ်းစားဆင်ခြင်ကြပြီး အသင်းတော်စည်းဝေးများကိုလည်း ဖွဲ့စည်းစီစဉ်ကြသည်။ ကလေးသူငယ်များ စာသင်ကြားရေးအတွက်လည်း အစီအစဉ်များပြုလုပ်ကြသည်။ ဆရာဆရာမတို့က ၎င်းသင်တန်းများကိုအသုံးပြု၍ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ စည်းကမ်းများအကြောင်း၊ အသက်ရှင်ရပ်တည်ရေးသည် ဤစည်းကမ်းချက်များကို လိုက်နာခြင်းအပေါ်မူတည်ကြောင်း အလေးပေးသင်ကြားသည်။
ဆက်လက်စောင့်ရှောက်ရန်လိုအပ်
ရာနှင့်ချီသောသက်သေခံဒုက္ခသည်များသည် ဂိုမာမြို့အပြင် ရုရှူးရူးအစရှိသော အခြားနေရာများ၌လည်း ရောက်ရှိနေကြသည်။ ၎င်းညီအစ်ကိုများကိုလည်း အလားတူကူညီပေးကြသည်။ ဇူလိုင်လ ၃၁ ရက်နေ့တွင် အဖွဲ့ဝင်ခုနစ်ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် သက်သေခံဒုက္ခသည် ၄၅၀ ခန့်ရှိသောဘူကာဗူမြို့သို့ ဂိုမာမြို့မှလေယာဉ်ဖြင့်ထွက်ခွာကြသည်။ ဤဒုက္ခသည်အများမှာလည်း ဘာရွန်ဒီနိုင်ငံမှရောက်လာကြသူများပင်ဖြစ်သည်။ ထိုနေရာတွင် ကာလဝမ်းရောဂါကျရောက်နေသဖြင့် ညီအစ်ကိုများသေဆုံးခြင်းမရှိစေရန် ကာကွယ်သည့်အနေနှင့် သွားရောက်အကူအညီပေးကြခြင်းဖြစ်သည်။
နောက်တစ်နေ့တွင် ထိုအဖွဲ့သည် မိုင် ၉၀ နီးပါးဝေးကွာသည့် ဇိုင်ယာနိုင်ငံ အူဗီရာမြို့သို့ ကားဖြင့်ထွက်ခွာကြသည်။ ခရီးတစ်လျှောက် ခုနစ်နေရာတွင် ရဝမ်ဒါနှင့်ဘာရွန်ဒီနိုင်ငံများမှ ရောက်လာကြသောသက်သေခံ ၁,၆၀၀ ခန့်နေထိုင်လျက်ရှိကြသည်။ ရောဂါကင်းဝေးအောင် ကိုယ့်ကိုယ်ကို မည်သို့ကာကွယ်ရမည့်အကြောင်း သင်ကြားပို့ချပေးခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့၏ တွေ့ရှိချက်များအပေါ်အခြေပြု၍ ရေးသားသည့်အစီရင်ခံစာတစ်စောင်က ဤသို့ဆိုသည်– “ယခုအထိ လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှမှာ အစမျှသာဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကူအညီကို ယခုရယူလျက်ရှိကြသည့် ၄,၇၀၀ သောလူတို့သည် ထပ်ဆင့်အကူအညီများကို လပေါင်းများစွာဆက်လက်လိုအပ်နေမည်။”
ဩဂုတ်လတွင် ရာပေါင်းများစွာသောသက်သေခံများသည် ရဝမ်ဒါနိုင်ငံတွင်းသို့ ပြန်သွားကြပြီဟုသိရှိရသည်။ သို့သော်လည်း လက်တွေ့ကျကျပြောရလျှင် ၎င်းတို့၏အိုးအိမ်နှင့် ဥစ္စာပစ္စည်းများအားလုံးမှာ လုယက်ဖျက်ဆီးခံရပြီးဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်ချက်မှာ နေအိမ်များနှင့်ဘုရားသခင့်နိုင်ငံတော်ခန်းမများကို ပြန်လည်တည်ဆောက်ခြင်းပင်ဖြစ်သည်။
ဘုရားသခင့်အစေခံများသည် ရဝမ်ဒါနိုင်ငံတွင် ဤမျှထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဒုက္ခဆင်းရဲရောက်ကြသူများအတွက် စိတ်အားထက်သန်စွာ ဆက်လက်ဆုတောင်းပေးကြမည်။ ဤအစီအစဉ်စနစ်၏အဆုံး နီးကပ်လာသည်နှင့်အမျှ အကြမ်းဖက်မှုများလည်း တိုးပွားလာမည်ကို ကျွန်ုပ်တို့သိထားကြသည်။ သို့ရာတွင် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ခရစ်ယာန်ကြားနေမှုကို ဆက်လက်ထိန်းသိမ်း၍ စစ်မှန်သောအကြင်နာတရား ဆက်လက်ပွားများကြပေမည်။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၄ ဒီဇင်ဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှ “ရဝမ်ဒါဘေးဆိုးကြီး—မည်သူတာဝန်ရှိသနည်း” ဆောင်းပါးရှု။
b နယူးယောက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
[စာမျက်နှာ ၁၂ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ရဝမ်ဒါ
ကီဂါလီ
ယူဂန်ဒါ
ဇိုင်ယာ
ရုရှူးရူး
ဂိုမာ
ကီဗူရေကန်
ဘူကာဗူ
အူဗီရာ
ဘာရွန်ဒီ
ဘူဂျမ်ဘူရာ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံများ]
ဝဲပုံ– နတာဘားနား အိုဝဲဇန်နှင့် ၎င်း၏မိသားစုတို့သည် အစုလိုက်အသတ်ခံလိုက်ရသည်။ ယာပုံ– တွတ်စီလူမျိုးဖြစ်သော မူကာဂီစာဂါးရာ ဒနိစ်သည်ဟူတူညီအစ်ကိုများ ကြိုးပမ်းကယ်တင်သည့်ကြားမှ အသတ်ခံလိုက်ရသည်
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံများ]
အထက်ပုံ– ဂိုမာမြို့ရှိဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဖျားနာနေသူတို့အားစောင့်ရှောက်ခြင်း။ အောက်ဝဲပုံ– သက်သေခံများပြင်ဆင်၍ ကုန်တင်ဂျက်လေယာဉ်ဖြင့် တင်ပို့လိုက်သည့် ၃၅ တန်ကျော်သော ကယ်ဆယ်ရေးပစ္စည်းများ။ အောက်ပုံ– သက်သေခံများရွှေ့ပြောင်းခဲ့သည့်နေရာ ကီဗူရေကန်အနီး။ အောက်ယာပုံ– ဇိုင်ယာနိုင်ငံရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု၌ ရဝမ်ဒါဒုက္ခသည်များ