ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၅/၈ စာ. ၁၂-၁၄
  • အထိမခံသောကမ္ဘာဂြိုဟ်—အနာဂတ် မည်သို့ရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထိမခံသောကမ္ဘာဂြိုဟ်—အနာဂတ် မည်သို့ရှိသနည်း
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျပ်အတည်း၏ စွဲမြဲသည့်အကြောင်းတရားများ
  • ကမ္ဘာမြေကြီး နဂိုမူလအခြေအနေပြန်ရောက်ခြင်း
  • ‘မြေကြီးသည်ရွှင်လန်းခြင်းရှိစေ’
  • ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် အနာဂတ် အဘယ်သို့ရှိ
    နိုးလော့!—၂၀၀၄
  • ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု
    နိုးလော့!—၂၀၂၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၅/၈ စာ. ၁၂-၁၄

အထိမခံသောကမ္ဘာဂြိုဟ်—အနာဂတ် မည်သို့ရှိသနည်း

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က အမေရိကန်နိုင်ငံခေါင်းဆောင် ပက်ထရစ် ဟင်နရီက “အတိတ်အားဖြင့်သာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်သည်” ဟုမိန့်ကြားခဲ့ဖူးသည်။ အတိတ်ကာလ၌ ပတ်ဝန်းကျင်ကို လူတို့နင်းချေခဲ့ကြပြီ။ အနာဂတ်တွင် လူတို့သည် ကဏ္ဍသစ်တစ်ခုဖွင့်လှစ်လိမ့်မည်လော။ ယခုအထိတွေ့မြင်နေရသည့် အရိပ်အရောင်လက္ခဏာများအရဆိုလျှင် အားရစရာမရှိလှပေ။

ချီးမွမ်းထိုက်သောတိုးတက်မှုအချို့ လုပ်ဆောင်ခဲ့ကြသော်လည်း ၎င်းတို့မှာ အဓိကအားဖြင့် အပေါ်ယံကြည့်ကောင်းအောင် အလှခြယ်သခြင်းမျှသာဖြစ်သည်။ ရောဂါအရင်းခံကိုမကုသဘဲ ရောဂါလက္ခဏာကိုသာ ကုသနေကြသည်။ အိမ်တစ်လုံးဆွေးနေပါက သစ်သားထည်ပိုင်းကို ဆေးသုတ်ခြင်းအားဖြင့် ထိုအိမ်ကိုမပြိုအောင် တားဆီးနိုင်မည်မဟုတ်။ အဆောက်အဦတစ်ခုလုံးကို အကြီးစားပြင်ဆင်မှုပြုလုပ်ပါမှ ၎င်းအိမ်ကိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။ အလားတူပင် ဤကမ္ဘာဂြိုဟ်ကို လူတို့အသုံးပြုပုံနှင့်ပတ်သက်၍လည်း ပြုပြင်ရမည်ဖြစ်သည်။ ပျက်စီးမှုကိုထိန်းချုပ်ရုံမျှနှင့် လုံလောက်မည်မဟုတ်ပါ။

အမေရိကန်ပြည်ထောင်စုတွင် အနှစ် ၂၀ ကြာ ပတ်ဝန်းကျင်ထိန်းချုပ်မှု၏ရလဒ်ကို ဆန်းစစ်ရာ၌ ကျွမ်းကျင်သူတစ်ဦးက “ပတ်ဝန်းကျင်အပေါ်ထိုးနှက်မှုကို ထိရောက်စွာထိန်းချုပ်၍ရနိုင်မည်မဟုတ်၊ တားဆီးရမည်ဖြစ်သည်” ဟုကောက်ချက်ချခဲ့သည်။ ညစ်ညမ်းမှုကိုကာကွယ်တားဆီးခြင်းသည် ဖြစ်ပေါ်သည့်ဆိုးကျိုးများကို ကုစားရသည်ထက်သာ၍ကောင်းသည်မှာ ရှင်းနေပါသည်။ သို့သော် ဤမျှော်မှန်းချက်ပန်းတိုင်ရောက်ရှိရေးမှာ လူ့ဘောင်အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းကြီးများ၏ဦးတည်ချက်ဘက်တွင် အခြေခံကျကျပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် မလွဲမသွေလိုအပ်နေသည်။ ကမ္ဘာမြေကြီးကိုစောင့်ရှောက်ရန်အတွက် “ယနေ့ သမားရိုးကျဖြစ်နေသောအရာများနှင့် ကွဲပြားခြားနားသည့် အကျင့်စရိုက်စံနှုန်း၊ ကွဲပြားခြားနားသည့် စီးပွားရေးနှင့် ကွဲပြားခြားနားသည့် လူ့အဖွဲ့အစည်း” လိုအပ်ကြောင်း Caring for the Earth စာအုပ်ကဝန်ခံထောက်ပြသည်။ ကမ္ဘာဂြိုဟ်ကိုကယ်တင်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် အကျင့်စရိုက်စံနှုန်းအချို့ကား အဘယ်နည်း။

အကျပ်အတည်း၏ စွဲမြဲသည့်အကြောင်းတရားများ

တစ်ကိုယ်ကောင်းဆန်ခြင်း။ ကိုယ်ကျိုးအတွက် အပြည့်အဝအသုံးချလိုသည့်လူသားတို့၏ အကျိုးစီးပွားထက် ကမ္ဘာဂြိုဟ်၏အကျိုးစီးပွားကို ရှေ့တန်းတင်ခြင်းသည် ပတ်ဝန်းကျင်ကာကွယ်ရေးအတွက် ပထမဦးဆုံးလှမ်းရမည့်ခြေလှမ်းဖြစ်သည်။ သို့သော် အနာဂတ်မျိုးဆက်များအဖို့ ကမ္ဘာဂြိုဟ်ကြီးပျက်စီးမည့်ကိန်းဆိုက်ဖွယ် ရှိသည့်တိုင်အောင် မိမိတို့၏ ကုံလုံပြည့်ဝသည့်ဘဝပုံစံကို စွန့်လွှတ်လိုသူအလွန်ရှားသည်။ အနောက်ဥရောပမှ ညစ်ညမ်းမှုအဆိုးရွားဆုံးနိုင်ငံတစ်ခုဖြစ်သည့် နယ်သာလန်နိုင်ငံအစိုးရက ညစ်ညမ်းမှုတိုက်ဖျက်ရေးစီမံချက်တစ်ရပ်အနေနှင့် ယာဉ်သွားလာမှုကိုကန့်သတ်ရန် ကြိုးပမ်းလာသည့်အခါ ၎င်းစီမံချက်ကိုဖျက်ဆီးလိုသည့်ဆန့်ကျင်မှုများ အနှံ့အပြားပေါ်ပေါက်ခဲ့သည်။ နယ်သာလန်နိုင်ငံ၏လမ်းမကြီးများသည် ကမ္ဘာပေါ်တွင် ယာဉ်အလွန့်အလွန်ပြည့်ကျပ်ပိတ်ဆို့သည့်လမ်းများ ဖြစ်နေသော်လည်း ပြည်သူတို့သည် ၎င်းတို့၏လွတ်လပ်ခွင့်ကို လက်လွတ်ခံလိုခြင်းမရှိကြချေ။

ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ခြင်းကြောင့် ဆုံးဖြတ်ချက်ချသူများကော သာမန်ပြည်သူများပါ ထိခိုက်မှုရှိကြသည်။ နိုင်ငံရေးသမားများသည် ထောက်ခံမဲဆုံးရှုံးနိုင်မည့် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများကိုဖော်ဆောင်ရန် ဝန်လေးတတ်ကြသည်။ စက်မှုလုပ်ငန်းရှင်များကလည်း မိမိတို့၏အကျိုးအမြတ်နှင့် စီးပွားရေးတိုးတက်မှုကိုထိပါးခြိမ်းခြောက်သော မည်သည့်အစီအစဉ်ကိုမဆို နှောင့်ယှက်ဖျက်ဆီးတတ်ကြသည်။

လောဘ။ အကျိုးအမြတ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ယှဉ်လာသည့်အခါ ငွေအသပြာ၏အသံသည် ပို၍ကျယ်လောင်တတ်သည်။ ဩဇာကြီးမားသောစက်မှုလုပ်ငန်း အစုအဖွဲ့များကလည်း ညစ်ညမ်းမှုထိန်းချုပ်ရေးကို သိမ်ငယ်အောင်ပြုလုပ်တတ်ကြသည် သို့မဟုတ် အစိုးရထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လုံးလုံးလျားလျားရှောင်တိမ်းကြသည်။ အိုဇုန်းလွှာပျက်စီးမှုက ဤ​ပြဿ​နာကိုရှင်းလင်းသိသာစေသည်။ ၁၉၈၈ ခုနှစ် မတ်လကုန်ပိုင်းတွင် အမေရိကန် ဓာတုပစ္စည်းကုမ္ပဏီတစ်ခု၏ဥက္ကဋ္ဌဖြစ်သူက “ယခုလောလောဆယ်တွင် ကလိုရိုဖလူအိုရိုကာဗွန်များ (CFCs) ထုတ်လွှတ်ခြင်းကို အရေးတကြီးလျှော့ချရန်လိုအပ်သည်ဟု သိပ္ပံဆိုင်ရာအထောက်အထားများက ပြဆိုခြင်းမရှိပါ” ဟူ၍ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် ကလိုရိုဖလူအိုရိုကာဗွန်များကို တစ်ဆင့်ချင်းစီအပြီးဖျက်သိမ်းရန် အကြံပြုထောက်ခံလာသူမှာလည်း ထိုကုမ္ပဏီပင်ဖြစ်နေသည်။ စိတ်ပြောင်းသွားခြင်းဖြစ်သလော။ “၎င်းအကြံပြုချက်သည် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်းရှိမရှိနှင့် မည်သို့မျှမပတ်သတ်ပါ။ စီးပွားရေးအကျိုးအမြတ်ရရှိရေးနှင့်သာ လုံးလုံးပတ်သက်နေပါသည်” ဟုကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP) ၏ညွှန်ကြားရေးမှူးချုပ် မာစ်တာ တိုလ်ဘာကရှင်းပြသည်။ အိုဇုန်းလွှာပျက်စီးမှုသည် သမိုင်းတွင် လူ့ပယောဂကြောင့်ဖြစ်ရသော ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကြီးတစ်ခုဖြစ်ကြောင်း ယခုအခါ သိပ္ပံပညာရှင်အများက သိမြင်လာကြလေပြီ။

မသိနားမလည်ခြင်း။ ကျွန်ုပ်တို့သိသောအရာများသည် မသိသောအရာများကြောင့် သေးနုပ်သွားသည်။ “အပူပိုင်းမိုးသစ်တောများအတွင်းရှိ များပြားလှသည့် ဇီဝသက်ရှိများအကြောင်းကို မဆိုစလောက်သာ ကျွန်ုပ်တို့သိရှိရသေးသည်။ လ၏မျက်နှာပြင်အကြောင်းကို ကျွန်ုပ်တို့ များစွာပို၍သိရှိနေခြင်းသည် ထူးဆန်းလှသည်” ဟုမီဆိုရီရုက္ခဗေဒဥယျာဉ်၏ ညွှန်ကြားရေးမှူးဖြစ်သူ ပီတာ အိပ်ချ် ရာဗန်ကရှင်းပြသည်။ လေထုနှင့်ပတ်သက်၍လည်း ဤအတိုင်းပင်ဖြစ်သည်။ ကမ္ဘာ့ရာသီဥတုကို ထိခိုက်ပျက်စီးစေခြင်းမရှိဘဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် မည်မျှများများကိုမိုးကောင်းကင်သို့ ကျွန်ုပ်တို့မှုတ်ထုတ်နိုင်မည်နည်း။ မည်သူမျှမသိပါ။ သို့သော် Time မဂ္ဂဇင်းကဆိုသည်အတိုင်း “ထွက်ပေါ်လာမည့်အကျိုးဆက်ကို မသိဘဲနှင့် သဘာဝတရားကို ဤမျှကြီးမားသည့်စမ်းသပ်ချက်ပြုလုပ်သည်မှာ ဆင်ခြင်တုံတရားကင်းမဲ့လှသည်။ ထွက်ပေါ်လာဖွယ်ရှိသည့်အကျိုးဆက်မှာ မတွေးဝံ့စရာကောင်းလောက်အောင် ထိတ်လန့်ဖွယ်ဖြစ်သည်။”

UNEP ၏ခန့်မှန်းချက်အရ ဤဆယ်စုနှစ်အကုန်တွင် အိုဇုန်းလွှာဆုံးရှုံးမှုကြောင့် နှစ်စဉ် အရေပြားကင်ဆာဖြစ်ပွားမှု သိန်းနှင့်ချီ၍တိုးလာမည်။ ကောက်ပဲသီးနှံထွက်နှုန်းနှင့် ငါးဖမ်းလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုကိုကား မသိရှိရသေးသော်လည်း အများအပြားဆုတ်ယုတ်ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။

ရေရှည်မမြင်ခြင်း။ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများသည် အခြားကပ်ဘေးကြီးများနှင့်မတူဘဲ မသိမသာနှင့်ဝင်ရောက်တတ်သည်။ ဤအချက်က နောက်ဆုံးသောပျက်စီးခြင်းဘေးမဆိုက်ရောက်မီ စုပေါင်းကာကွယ်တားဆီးရေး ကြိုးပမ်းစည်းရုံးမှုကိုဟန့်တားနေသည်။ Saving the Planet စာအုပ်က ကျွန်ုပ်တို့၏လက်ရှိအခြေအနေကို ၁၉၁၂ ခုနှစ်က နှစ်မြှုပ်ခဲ့သည့် တိုင်တန်းနစ် သင်္ဘောကြီးပေါ်မှကြမ္မာငင်နေကြသော ခရီးသည်များ၏အခြေအနေမျိုးနှင့်နှိုင်းယှဉ်၍ “ဖြစ်လာနိုင်ဖွယ်ရှိသည့် ကြေကွဲဖွယ်ရာဖြစ်ရပ်၏ အတိုင်းအတာပမာဏကိုသိရှိသူ အလွန်နည်းသည်” ဟုရေးသားထားသည်။ နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အရှိတရားကိုရင်ဆိုင်၍ ရေတိုအကျိုးစီးပွားထက် ရေရှည်ဖြေရှင်းနိုင်မည့်နည်းလမ်းကို စဉ်းစားကြပါမှ ကမ္ဘာဂြိုဟ်ကိုကယ်တင်နိုင်မည်ဖြစ်ကြောင်း ထိုစာအုပ်ရေးသားသူတို့ကယုံကြည်ကြသည်။

အတ္တစိတ်။ ၁၉၉၂ ခုနှစ် မြေကမ္ဘာထိပ်သီးညီလာခံ၌ စပိန်နိုင်ငံဝန်ကြီးချုပ် ဖေလီပေ ဂွန်ဇာလက်ဇ်က “ဤပြဿနာသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သောပြဿနာဖြစ်သဖြင့် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းဖြေရှင်းရမည်” ဖြစ်ကြောင်းထောက်ပြသွားသည်။ ဤထုတ်ဖော်ပြောကြားချက်သည် သွေးထွက်အောင်မှန်ကန်သော်လည်း တစ်ကမ္ဘာလုံးလက်ခံနိုင်သည့်ဖြေရှင်းနည်းကို ရှာဖွေရခြင်းသည် ကြီးမားခဲယဉ်းလှသောအလုပ်ဖြစ်သည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြေကမ္ဘာထိပ်သီးညီလာခံကိုယ်စားလှယ်တစ်ဦးက “အမေရိကန်၏ဘဝပုံစံသည် အပေးအယူလုပ်ညှိနှိုင်း၍ရသော ကိစ္စမဟုတ်” ကြောင်းတဲ့တိုးပင်ပြောကြားခဲ့သည်။ အခြားတစ်ဖက်တွင် အိန္ဒိယနိုင်ငံ ပတ်ဝန်းကျင်ပညာရှင် မာနေကာ ဂန္ဒီက “အနောက်နိုင်ငံမှ ကလေးတစ်ယောက်သည် အရှေ့နိုင်ငံမှကလေး ၁၂၅ ယောက် စားသုံးသလောက် စားသုံးသည်” ဟုညည်းတွားခဲ့သည်။ “အရှေ့နိုင်ငံမှ ပတ်ဝန်းကျင်ယိုယွင်းမှုအားလုံးနီးပါးသည် အနောက်နိုင်ငံများ၏ စားသုံးမှုကြောင့်ဖြစ်ရသည်” ဟုသူမကဆိုသည်။ ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများသည် အတ္တဆန်သော အမျိုးသားရေးအကျိုးစီးပွားကြောင့် ထပ်ခါထပ်ခါပင် ပျက်ပြားခဲ့ရသည်။

အခြေခိုင်သောဤပြဿနာများ ရှိနေလင့်ကစား အနာဂတ်ကို ယုံကြည်မှုအပြည့်နှင့် မျှော်လင့်နိုင်သည့်အကြောင်းများ ရှိနေပါသည်။ အကြောင်းတစ်ခုမှာ ကမ္ဘာဂြိုဟ်၏ကာကွယ်ရေးစနစ်သည် နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေနိုင်သည့် အစွမ်းသတ္တိပင်ဖြစ်သည်။

ကမ္ဘာမြေကြီး နဂိုမူလအခြေအနေပြန်ရောက်ခြင်း

လူ့ကိုယ်ခန္ဓာနည်းတူ ကမ္ဘာမြေကြီးသည်လည်း မိမိကိုယ်ကိုကုစားနိုင်စွမ်းရှိသည်။ ထင်ရှားသောသာဓကတစ်ခု လွန်ခဲ့သောရာစုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် အင်ဒိုနီးရှားပိုင် ကရာကာတောကျွန်းမီးတောင် ကြီးမားပြင်းထန်စွာပေါက်ကွဲခဲ့ရာ ပေါက်ကွဲသံကိုမိုင်ပေါင်း ၃,၀၀၀ အဝေးမှပင်ကြားရသည်။ ငါးကုဗမိုင်ရှိသော ဒြပ်ဝတ္ထုများ ကောင်းကင်သို့လွင့်စင်ခဲ့သဖြင့် ကျွန်း၏သုံးပုံနှစ်ပုံမှာ ပင်လယ်အောက် ငုတ်လျှိုးပျောက်ကွယ်သွားသည်။ ကိုးလကြာပြီးနောက် သက်ရှိလက္ခဏာဟူ၍ အဏုကြည့်ကိရိယာဖြင့်သာမြင်နိုင်သော ပင့်ကူတစ်ကောင်သာရှိခဲ့သည်။ ယနေ့ တစ်ကျွန်းလုံးသည် အပူပိုင်းအပင်များဖြင့် စိမ်းလန်းဝေဆာလျက်ရှိသည်။ ၎င်းအပင်တို့သည် ကျေးငှက်၊ နို့တိုက်သတ္တဝါ၊ မြွေနှင့်အင်းဆက်ပိုးမွှား အမျိုးရာပေါင်းများစွာ မှီတင်းနေထိုင်ရာဖြစ်သည်။ အူဂျွန်ကူလွန်အမျိုးသားဥယျာဉ်၏တစ်စိတ်တစ်ဒေသအဖြစ် ထိန်းသိမ်းကာကွယ်ခံရခြင်းကြောင့် ဤသို့ပြန်လည်နာလန်ထူလာခြင်းဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။

လူ့ပယောဂကြောင့်ဖြစ်ပေါ်လာသည့် ပျက်စီးမှုလည်း ပြင်၍ရနိုင်ပါသည်။ အချိန်အလုံအလောက်ပေးပါက ကမ္ဘာမြေကြီးသည် မိမိကိုယ်ကိုကုစားနိုင်ပါသည်။ မေးစရာမေးခွန်းမှာ ကမ္ဘာမြေကြီးလိုအပ်သည့်အနားယူခြင်းကို လူတို့ပေးပါမည်လောဟူ၍ဖြစ်သည်။ ပေးမည့်အလားအလာမရှိလှပေ။ သို့သော် ကမ္ဘာဂြိုဟ်အား မိမိကိုယ်ကိုကုစားရန်ခွင့်ပြုဖို့ ဆုံးဖြတ်ထားသောအရှင်တစ်ပါးရှိ၏—မြေကြီးကိုဖန်ဆင်းသောအရှင်ပင်တည်း။

‘မြေကြီးသည်ရွှင်လန်းခြင်းရှိစေ’

ကမ္ဘာမြေကြီးကို လူတို့ဖျက်ဆီးရန်အတွက် ဘုရားသခင် မည်သည့်အခါမျှမရည်ရွယ်ခဲ့ပါ။ အာဒံအား ဧဒင်ဥယျာဉ်ကို ‘ပြုစုစောင့်ရှောက်’ ရန်မိန့်မှာတော်မူ၏။ (ကမ္ဘာဦး ၂:၁၅) ဣသရေလလူမျိုးအား ပေးတော်မူသည့်ပညတ်တရားအများ၌လည်း ပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းရေးအတွက် ယေဟောဝါအာရုံစိုက်တော်မူကြောင်း ထင်ရှားလျက်ရှိသည်။ သာဓကအနေနှင့် ခုနစ်နှစ်တစ်ကြိမ်ကျရောက်သည့်ဥပုသ်နှစ်တွင် လယ်ယာမြေကိုမထွန်ယက်ဘဲထားရမည်ဟု မိန့်မှာထားသည်။ (ထွက်မြောက်ရာ ၂၃:၁၀၊ ၁၁) ဣသရေလလူမျိုးက ဤပညတ်တရားနှင့်အခြားသောဘုရားအမိန့်တော်များကို အကြိမ်ကြိမ်လျစ်လျူရှုသည့်အခါ နောက်ဆုံးတွင် ယေဟောဝါသည် ထိုမြေကြီးကို လူသူဆိတ်ညံရာဖြစ်စေရန် ဗာဗုလုန်လူမျိုးကိုအခွင့်ပေးလိုက်တော်မူ၏။ ထိုမြေသည်လည်း “ထိုက်သင့်ရာဥပုသ်များအတွက်ဆပ်ခံလှည့်ယူခွင့်မရမချင်း” အနှစ် ၇၀ တိုင်တိုင် လူသူဆိတ်ညံရာဖြစ်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၆:၂၁၊ သမ) ဤသမိုင်းအစဉ်အလာကိုထောက်ရှု၍ လူတို့၏ပတ်ဝန်းကျင်ဆိုင်ရာထိုးနှက်မှုခံရခြင်းမှ ကမ္ဘာမြေကြီး ပြန်လည်နာလန်ထူလာနိုင်ရန် “ဘုရားသခင်သည် မြေကြီးကိုဖျက်ဆီးသောသူတို့ကိုဖျက်ဆီးတော်မူ” မည်ဟု သမ္မာကျမ်းစာဆိုထားသည်မှာ အံ့ဩစရာမဟုတ်ပါ။—ဗျာဒိတ် ၁၁:၁၈။

သို့ရာတွင် ဤသို့သောအရေးယူမှုသည် ပထမခြေလှမ်းမျှသာဖြစ်ပါသည်။ ဇီဝဗေဒပညာရှင် ဘယ်ရီကွမ်မွန်နာထောက်ပြသည့်အတိုင်း ကမ္ဘာဂြိုဟ်၏ရှင်သန်တည်တံ့ရေးသည် “သဘာဝတရားနှင့် လူတို့တိုက်ခိုက်ခြင်းနှင့် လူသားများအချင်းချင်း တိုက်ခိုက်ခြင်းတို့ကို ပြိုင်တူရပ်စဲပစ်ခြင်းအပေါ်မူတည်နေသည်။” ၎င်းပန်းတိုင်ရောက်ရှိရေးအတွက် ကမ္ဘာပြည်သူတို့သည် အချင်းချင်းစောင့်ရှောက်တတ်ရန်နှင့် မိမိတို့၏မြေကြီးစံအိမ်ကို စောင့်ရှောက်တတ်ရန် ‘ယေဟောဝါ၏သွန်သင်ခြင်း’ ကိုခံယူရပေမည်။ သို့မှသာ သူတို့၏ငြိမ်သက်ခြင်းချမ်းသာသည် “များပြား” လိမ့်မည်။—ဟေရှာယ ၅၄:၁၃။

ကမ္ဘာ့ဂေဟစနစ်သည် အသစ်ပြန်လည်ပြုပြင်ခံရမည့်အကြောင်း ဘုရားသခင်က အာမခံချက်ပေးတော်မူခဲ့၏။ သဲကန္တာရများသည် မရပ်မနားကျယ်ပြန့်လာမည့်အစား “နှင်းပွင့်ကဲ့သို့အပွင့်ပွင့်လိမ့်မည်။” (ဟေရှာယ ၃၅:၁) အစာရှားပါးခြင်းမရှိတော့ဘဲ “ပြည်တော်၌များစွာသောစပါး” ရှိလိမ့်မည်။ (ဆာလံ ၇၂:၁၆) ကမ္ဘာ့မြစ်ချောင်းများသည် ညစ်ညမ်းမှုကြောင့် သေပွဲဝင်မည်မဟုတ်တော့ဘဲ “လက်ခုပ်တီး” လိမ့်မည်။—ဆာလံ ၉၈:၈။

ဤသို့သောပြောင်းလဲမှု မည်သည့်အခါဖြစ်လာမည်နည်း။ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] စိုးစံတော်မူ” သည့်အခါဖြစ်လာမည်။ (ဆာလံ ၉၆:၁၀) ဘုရားသခင့်အုပ်ချုပ်မှုအောက်တွင် ကမ္ဘာ့သက်ရှိတိုင်း ကောင်းချီးခံစားရမည်ဟု အာမခံထားသည်။ “မြေကြီးသည်လည်းရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကိုပြုစေ။ လယ်ပြင်နှင့် လယ်ပြင်၌ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ရှိသမျှသောအပင်တို့သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။”—ဆာလံ ၉၆:၁၁၊ ၁၂။

ဖန်ဆင်းရှင်၏ကောင်းချီးပေးခြင်းနှင့်အတူ ဖြောင့်မတ်ခြင်းတရားဖြင့်အုပ်ချုပ်ခြင်းခံရသော ကမ္ဘာမြေကြီး၏အနာဂတ်သည် ခမ်းနားထည်ဝါလှပေသည်။ ထိုအခြေအနေနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ရေးသားဖော်ပြထားသည်– “ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့်ချမ်းသာသည် တစ်ပါးကိုတစ်ပါးနမ်းကြပြီ။ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍ ငါတို့မြေသည် မိမိဘဏ္ဍာကိုပေးလိမ့်မည်။ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။” (ဆာလံ ၈၅:၁၀-၁၂) ထိုတစ်နေ့ အာရုံကျင်း၍အလင်းရောက်သည့်အခါ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်သည် အန္တရာယ်စက်ကွင်းမှ အစဉ်ထာဝရလွတ်ကင်းပေလိမ့်မည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

လူ့ကိုယ်ခန္ဓာနည်းတူ ကမ္ဘာမြေကြီးသည် မိမိကိုယ်ကိုကုစားနိုင်သည့် အံ့ချီးဖွယ်စွမ်းရည်ရှိသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ