ဖြေရှင်းနည်းကား အဘယ်နည်း
“လူသားတို့၏ ကောင်းစားရေးမက မျိုးစိတ်တစ်မျိုးအနေနှင့် ကျွန်ုပ်တို့၏ရှင်သန်ရေးသည် ပေါ်ထွက်နေသည့်ရောဂါများကို ရှာဖွေတွေ့ရှိနိုင်သောစွမ်းပကားပေါ်တွင် တည်မှီလိမ့်မည်။ . . . အိပ်ချ်အိုင်ဗွီပိုးသည် လေ၌ပါသောရောဂါပိုးသာဖြစ်ခဲ့ပါက ယနေ့ကျွန်ုပ်တို့ဘာဖြစ်နေမည်နည်း။ အနာဂတ်တွင် အလားတူကူးစက်ရောဂါတစ်မျိုးမျိုးက ဤသို့မဖြစ်နိုင်ဟု မည်သူပြောနိုင်သနည်း” ဟူ၍ ကျောက်ရောဂါပပျောက်ရေးတွင် ရှေ့တန်းမှပါဝင်သူ ဒီ.အေ.ဟင်တာစင်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိသိပ္ပံပညာရှင်တစ်စုအား ၁၉၉၃ ခုနှစ်တွင်ပြောကြားခဲ့သည်။
ပေါ်ထွက်လာသည့်ရောဂါများကို မည်သို့ရှာဖွေထောက်လှမ်းနိုင်သနည်း။ အပူပိုင်းဒေသကူးစက်ရောဂါဖြစ်ပွားမှု ကြိုတင်သတိပေးစနစ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံအစီရင်ခံရသော ဓာတ်ခွဲခန်း ၃၅ ခုဖြင့်ဖွဲ့စည်းထားသည့် ကမ္ဘာ့ကွန်ရက်တစ်ခုဖြစ်သည်။ သို့တစေ၊ ၎င်းဓာတ်ခွဲခန်းများနှင့်ပတ်သက်သောစစ်တမ်းတစ်ခုက ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis)၊ ဟန်တာဗိုင်းရပ်စ်များ (hantaviruses) နှင့် ရိဖ်ဗဲလီအဖျား (Rift Valley fever) တို့ကိုခွဲခြားဖော်ထုတ်နိုင်သောကိရိယာများ တပ်ဆင်ထားသည့်ဓာတ်ခွဲခန်း ထက်ဝက်မျှပင်မရှိကြောင်းဖော်ပြသည်။ ၅၆ ရာခိုင်နှုန်းကသာ အော့အန်ခြင်း၊ အသည်းပျက်စီးခြင်းနှင့် ကိုယ်တွင်းသွေးယိုစီးခြင်းတို့ကိုဖြစ်စေသည့် ခြင်ဆောင်ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ပွားသည့် ငန်းဝါအဖျားရောဂါကို စစ်ဆေးတွေ့ရှိနိုင်သည်။ ၁၉၉၂ ခုနှစ်တွင် ကင်ညာနိုင်ငံ၌ ငန်းဝါအဖျားရောဂါဖြင့် အနည်းဆုံးလူ ၂၈ ယောက်သေဆုံးပြီးမှ အကြောင်းတရားကို ဆရာဝန်များရှာတွေ့ ကြသည်။ ခြောက်လတိုင်တိုင် ငှက်ဖျားရောဂါနှင့်စစ်ခင်းနေရသည်ဟု သူတို့ထင်မှတ်ခဲ့ကြသည်။
စောင့်ကြည့်လေ့လာရေးအစီအစဉ်၏ အားနည်းချက်တစ်ခုမှာ တဖြည်းဖြည်းချင်းဖြစ်ပွားသည့် ဗိုင်းရပ်စ်ရောဂါများပေါ်ထွက်ခြင်းကို မသိရှိနိုင်ခြင်းပင်ဖြစ်သည်။ သာဓကအားဖြင့် အိပ်ချ်အိုင်ဗွီပိုးသည် လူတစ်ဦး၏ကိုယ်တွင်း၌ပုန်းအောင်းလျက် အခြားသူတို့ထံပြန့်ပွားပြီး ဆယ်နှစ်အထိကြာပြီးနောက်မှ အေအိုင်ဒီအက်စ်ရောဂါအသွင်ဖြင့် ပေါ်လာတတ်သည်။ လက်ရှိအေအိုင်ဒီအက်စ်ကူးစက်ရောဂါသည် တိုက်ကြီးသုံးတိုက်တွင် တစ်ပြိုင်နက်လိုလိုပေါ်လာပြီး သီးခြားနိုင်ငံ ၂၀ ထံသို့လျင်မြန်စွာပျံ့နှံ့သွားသည်။ ၎င်းနှင့်ပတ်သက်၍ ကြိုတင်သတိပေးမှုမရှိခဲ့သည်မှာ ရှင်းနေပါသည်။
ပြဿနာများရှိနေလင့်ကစား သိပ္ပံပညာရှင်အများက ယုံကြည်စိတ်ချမှုအပြည့်နှင့် အနာဂတ်ကိုမှန်းမျှော်ကြသည်။ လာမည့်နှစ်များအတွင်း အရေးပါသောရှာဖွေတွေ့ရှိမှုများနှင့် အရေးပါသောတိုးတက်မှုများ ကျိန်းသေပေါ်လာမည်ဟု အကောင်းမြင်သဘောဖြင့်ပြောဆိုကြသည်။ “အရေးပါသည့်တိုးတက်မှုအစစ်အတွက် အလားအလာအရှိဆုံးမျှော်လင့်ချက်မှာ သက်ရှိဆဲလ်များရှိမျိုးရိုးလိုက်ပစ္စည်းများကို ကျွမ်းကျင်စွာကိုင်တွယ်သည့် ဇီဝနည်းပညာ (biotechnology) ပင်ဖြစ်ကြောင်း သိပ္ပံပညာရှင်အများကဆိုကြသည်။ ဇီဝနည်းပညာလုပ်ငန်းများမှ သိပ္ပံပညာရှင်တို့က ပိုးမွှားများကိုသေစေသည့်ဒြပ်ဝတ္ထုများ ထုတ်လုပ်သည့်ဆဲလ်များကို ဖန်တီးရန်မျှော်လင့်ကြသည်။ ဤကား ဗီဇအင်ဂျင်နီယာပဋိဇီဝဆေး၏ မျိုးဆက်သစ်ဖြစ်သည်” ဟု International Herald Tribune သတင်းစာကရေးသားဖော်ပြသည်။
သို့သော်၊ မနှစ်သက်ဖွယ်အပိုင်းလည်းရှိနေပါသည်။ ဗီဇအင်ဂျင်နီယာပညာက ဥပဒ်မရှိသောဗိုင်းရပ်စ်ထဲသို့ ဗီဇများကိုထည့်သွင်း၍ ထိုဗိုင်းရပ်စ်က ထည့်သွင်းလိုက်သောဗီဇများကို လူတို့ထံရောက်သွားစေရန် စွမ်းဆောင်နိုင်ခဲ့ကြပြီ။ ဤနည်းပညာကို အကျိုးပြုသည့်နည်းဖြင့် အသုံးပြုနိုင်သည်။ ဗီဇအင်ဂျင်နီယာပဋိဇီဝဆေးဟုခေါ်သောဆေးဝါးများကို အမှန်တကယ်ထုတ်လုပ်နိုင်ကောင်း ထုတ်လုပ်လာနိုင်ပေသည်။ သို့သော်၊ ဤနည်းပညာကို မသမာသောနည်းဖြင့် အသုံးပြုဖွယ်လည်းရှိပေသည်။
သာဓကအားဖြင့် အီဘိုလာဗိုင်းရပ်စ်မှဗီဇများကို တုတ်ကွေးရောဂါ သို့မဟုတ် ဝက်သက်ရောဂါကဲ့သို့သော ဗိုင်းရပ်စ်တစ်မျိုးမျိုးထဲသို့ မတော်တဆဖြစ်စေ၊ တမင်တကာဖြစ်စေ ထည့်သွင်းမိနိုင်သည်။ ထိုအခါ လူကိုသေစေတတ်သောထိုဗိုင်းရပ်စ်သည် ချောင်းတစ်ချက် နှာတစ်ချေနှင့် ပြန့်ပွားသွားပေမည်။ “ဒေါ်လာထောင်ဂဏန်းအနည်းငယ်တန်သော ပစ္စည်းကိရိယာနှင့် ကောလိပ်တွင် ဇီဝဗေဒပညာကိုသင်ကြားတတ်မြောက်သော စိတ်မနှံ့သူမည်သူမဆို အီဘိုလာဗိုင်းရပ်စ်ကို အန္တရာယ်မကြီးလှသည့်ပုံပေါက်သွားစေနိုင်သော သန်းများကိုဖန်တီးထုတ်လုပ်နိုင်မည့်” အချိန် မကြာမီရောက်လာနိုင်သည်ဟု မက္ကချူပို (Machupo) နှင့်အီဘိုလာ (Ebola) ကဲ့သို့သောဗိုင်းရပ်စ်တို့ကို တစ်သက်တာပတ်လုံး စုံစမ်းလေ့လာခဲ့သူ ဒေါက်တာ ကားလ် ဂျွန်ဆင်ကပြောကြားခဲ့သည်။ အခြားသောဇီဝဗေဒပညာရှင်များလည်း အလားတူပင်စိုးရိမ်ကြောင့်ကြကြသည်။
ဖြေရှင်းနည်း
ကူးစက်ရောဂါဆိုင်ရာပြဿနာများကို ဖြေရှင်းသည်ဆိုရာ၌ ဆေးဝါးသစ်များကိုထုတ်လုပ်ရုံမျှနှင့်မပြီးပါ။ ဆင်းရဲမွဲတေမှု၊ စစ်ဘေးစစ်ဒဏ်၊ ဒုက္ခသည်ပြဿနာ၊ မူးယစ်ဆေးဝါးအလွဲသုံးမှု၊ မြို့ပြလူဦးရေထူထပ်မှု၊ ကျန်းမာရေးမညီညွတ်သောလူနေမှု၊ ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ပျက်စီးမှုအစရှိသော ရောဂါနှင့်ဆက်နွှယ်နေသည့်ပြဿနာများကိုပါ ဖြေရှင်းရပါမည်။ မိမိကိုယ်ကိုရိုးသားစွာမေးကြည့်ပါ။ ရှုပ်ထွေးလှသောဤပြဿနာများကို လူသားများဖြေရှင်းနိုင်ကောင်းဖြေရှင်းနိုင်မည်ဟု သင်ထင်သလော။
“မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်” ဟူ၍ဘုရားသခင့်နှုတ်ကပါဌ်တော်က သတိပေးသည်။ သို့ဖြစ်လျှင် မည်သူ့ကိုကိုးစာအပ်သနည်း။ “ယာကုပ်အမျိုး၏ဘုရားသခင် မစတော်မူသောသူ၊ မိမိဘုရားသခင်ထာဝရဘုရား [ယေဟောဝါ] ကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး . . . ကို ဖန်ဆင်းတော်မူ၏” ဟူ၍ ၎င်းကျမ်းချက်ကဆက်လက်ဆို၏။ လူသားများရင်ဆိုင်လျက်ရှိသော အကျပ်အတည်းများကိုဖြေရှင်းပေးနိုင်သူမှာ လူသားတို့၏ဖန်ဆင်းရှင် ယေဟောဝါတစ်ပါးတည်းသာ ဖြစ်တော်မူ၏။—ဆာလံ ၁၄၆:၃-၆။
ယေဟောဝါ၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာက “ဤကပ်ကမ္ဘာကုန်သောပုဗ္ဗနိမိတ်” နှင့်ပတ်သက်သော ယေရှု၏မဟာပရောဖက်ပြုချက်ကို မှတ်တမ်းတင်ရာ၌ ကျွန်ုပ်တို့၏မျိုးဆက်အပေါ်သင့်ရောက်သည့် ဆေးပညာဆိုင်ရာစိတ်ဆင်းရဲမှုများအကြောင်း ကြိုဟောထားသည်။ “အရပ်ရပ်တို့၌ . . . ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်” ဟုယေရှုမိန့်တော်မူ၏။—မဿဲ ၂၄:၃-၈; လုကာ ၂၁:၁၀၊ ၁၁။
သို့သော်၊ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ကမ္ဘာ့အနာဂတ်ကာလတစ်ခုအကြောင်းကိုလည်း ကျမ်းစာကညွှန်ပြထားသည်။ ထိုအခါ “မြို့သူမြို့သားတို့က ‘ငါနာသည်’ ဟုဆိုရန်အကြောင်းမရှိ။” (ဟေရှာယ ၃၃:၂၄၊ သမ; မဿဲ ၆:၉၊ ၁၀) သို့ဖြင့် ယေဟောဝါအားကိုးစားသူတို့အနေဖြင့် လူသားများကိုနှိပ်စက်လျက်ရှိသော သေစေတတ်သည့်ရောဂါများမှမက ရောဂါဖြစ်ပွားမှုကိုအားပေးသည့် ပြဿနာများမှပင် နာခံမှုရှိသောလူသားများ ထာဝစဉ်လွတ်မြောက်မည့်အချိန် မကြာမီရောက်ရှိတော့မည်ဖြစ်ကြောင်း ယုံကြည်ရန်ခိုင်လုံသောအကြောင်းများရှိပေသည်။ ခရစ်ယာန်စစ်များသည် သေစေတတ်သောပိုးမွှားများနှင့် ခဲရာခဲဆစ်စစ်ခင်းရာ၌ ဆေးလောက၏ကြိုးပမ်းအားထုတ်မှုကို လေးမြတ်တန်ဖိုးထားကြပါသည်။ သို့သော်၊ ရောဂါနှင့်သေခြင်းပြဿနာအတွက် ထာဝရဖြေရှင်းမှုမှာ “သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ” မည်ဖြစ်သောအရှင်၊ ဘုရားသခင်အပေါ်၌သာတည်ကြောင်း သူတို့သိရှိကြသည်။—ဆာလံ ၁၀၃:၁-၃; ဗျာဒိတ် ၂၁:၁-၅; ၂၂:၁၊၂။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
“ငါနာသည်” ဟုမည်သူမျှဆိုရန်အကြောင်းမရှိသည့်ကာလ ရောက်လာမည့်အကြောင်း ကျမ်းစာက ကတိပေးထားသည်