ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၈/၈ စာ. ၃-၅
  • မော်တော်ယာဉ်မဲ့ကမ္ဘာတစ်ခုလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မော်တော်ယာဉ်မဲ့ကမ္ဘာတစ်ခုလော
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာတစ်ဝန်း ယာဉ်ပိတ်ဆို့မှု
  • ညစ်ညမ်းမှုအန္တရာယ်
  • လက်ခံနိုင်ဖွယ် ဖြေရှင်းနည်းများကို ရှာပုံတော်ဖွင့်ခြင်း
    နိုးလော့!—၁၉၉၇
  • နားလည်ရခက်သော မိုးလေဝသ
    နိုးလော့!—၁၉၉၉
  • ပတ်ဝန်းကျင်ကို ကယ်တင်ခြင်း—မည်မျှ အောင်မြင်ခဲ့ပြီနည်း
    နိုးလော့!—၂၀၀၄
  • စံပြုထိုက်သောဖြေရှင်းနည်းကို ရှာဖွေခြင်း
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၈/၈ စာ. ၃-၅

မော်တော်ယာဉ်မဲ့ကမ္ဘာတစ်ခုလော

မော်တော်ယာဉ်မဲ့ ကမ္ဘာတစ်ခုကို စိတ်ကူးယဉ်ကြည့်နိုင်ပါသလော။ သို့မဟုတ် လွန်ခဲ့သည့်ရာစုနှစ်တစ်လျှောက် လူတို့၏ဝတ်စားနေထိုင်ပုံနှင့် အပြုအမူတို့ကို အောက်ခြေမှစ၍ ပြောင်းလဲပစ်လိုက်သည့် တီထွင်မှုတစ်ရပ်ကို သင်အမည်တပ်ပြောနိုင်ပါသလော။ မော်တော်ယာဉ်များမရှိပါက မိုတယ်များ၊ ကားမောင်းဝင်စားသောက်ရှုစားနိုင်သည့် စားသောက်ဆိုင်များနှင့် ဇာတ်ရုံများရှိတော့မည်မဟုတ်။ သာ၍အရေးကြီးသည်ကား ဘတ်စကားများ၊ အငှားယာဉ်များ၊ ကားကြီးကားငယ်များမရှိပါက အလုပ်သို့၊ ကျောင်းသို့မည်သို့သွားမည်နည်း။ လယ်သမားများနှင့် ကုန်ထုတ်လုပ်သူများသည် မိမိတို့၏ရောင်းကုန်ပစ္စည်းများကို စျေးအရောက် မည်သို့ပို့နိုင်ပါမည်နည်း။

“ယူအက်စ် လုပ်ငန်းခြောက်ခုလျှင် တစ်ခုသည် ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဝန်ဆောင်မှု သို့မဟုတ် မော်တော်ယာဉ်အသုံးပြုမှုပေါ်တွင် မှီခိုနေရသည်” ဟု The New Encyclopædia Britannica ကဖော်ပြကာ “မော်တော်ယာဉ်လုပ်ငန်းများ၏ အရောင်းပမာဏနှင့် ငွေလက်ခံပြေစာများသည် နိုင်ငံ့အရောင်းလုပ်ငန်းတစ်ခုလုံး၏ ငါးပုံတစ်ပုံကျော်နှင့် နိုင်ငံ့လက်လီအရောင်း၏ လေးပုံတစ်ပုံကျော်ကို ကိုယ်စားပြုသည်။ အခြားနိုင်ငံများမူ ဤအချိုးအစားသည် အတန်ငယ်နည်းသော်လည်း ဂျပန်နှင့် အနောက်ဥရောပနိုင်ငံများသည် ယူအက်စ်အဆင့်ကို ထက်ကြပ်မကွာလိုက်နေပြီ” ဟုထပ်ပြောသည်။

သို့တစေ အချို့သူများက မော်တော်ယာဉ်မဲ့ကမ္ဘာတစ်ခုဆိုလျှင် သာ၍ကောင်းသောဌာနေတစ်ခုဖြစ်မည်ဟု ဆိုကြသည်။ သူတို့ပြောရသည့်အခြေခံအကြောင်းရင်း နှစ်ခုရှိသည်။

ကမ္ဘာတစ်ဝန်း ယာဉ်ပိတ်ဆို့မှု

သင်သည် ယာဉ်ထားဖို့အတွက် နေရာကို အချိန်ကြာမြင့်စွာပတ်ရှာခဲ့ရဖူးလျှင် ကားများရှိခြင်းသည်ကောင်းသော်လည်း ကြိတ်ကြိတ်တိုးနေသည့်နေရာတွင် အလွန်များခြင်းသည်မကောင်းကြောင်း သင့်အား မည်သူမျှပြောဖို့မလိုပါ။ သို့မဟုတ် သင်သည် အကြီးအကျယ်ယာဉ်ပိတ်ဆို့မှု ကြုံခဲ့ဖူးပါက ရွေ့ရှားရန်ပုံစံပြုထားသော်လည်း မဖြစ်မနေရပ်ထားရသည့် ယာဉ်တစ်စီးတွင် ပိတ်မိခံနေရခြင်းသည် မည်မျှစိတ်ပျက်စရာကောင်းသည်ကို သင်အသိပင်။

၁၉၅၀ ပြည့်နှစ်၌ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် လူ ၄ ယောက်လျှင် ကား ၁ စီးကျရှိသည်။ ၁၉၇၄ ခုနှစ်ရောက်သော် ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိတ်ဗြိတိန်၊ အီတလီ၊ နယ်သာလန်နှင့် ဆွီဒင်တို့လည်း အဆိုပါအဆင့်ကို မီသွားသည်။ ထိုအချိန်လောက်တွင် ယူအက်စ်ကိန်းဂဏန်းမှာ လူ ၂ ယောက်လျှင် ကား ၁ စီးကျနီးပါးမြင့်တက်သွားသည်။ ယခုဆိုလျှင် ဂျာမနီနှင့် လူဇင်ဘတ်တို့တွင် လူ ၂ ယောက်လျှင် မော်တော်ယာဉ် ၁ စီးကျခန့်ရှိနေပြီ။ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂရိတ်ဗြိတိန်၊ အီတလီနှင့် နယ်သာလန်တို့သည်လည်း သိပ်မကွာလှပါ။

မြို့ကြီးအများစု—ကမ္ဘာ့မည်သည့်အရပ်တွင်ရှိပါစေ—ကားရပ်စခန်းကြီးများဖြစ်သွားကြတော့သည်။ ဥပမာ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးရချိန်၌ အိန္ဒိယနိုင်ငံ၏မြို့တော် ဒေလီသည် ကားကြီးကားငယ် ၁၁,၀၀၀ ရှိခဲ့သည်။ ၁၉၉၃ ခုနှစ်အရောက်တွင် ၂,၂၀၀,၀၀၀ ကိန်းဂဏန်းအထိရောက်ခဲ့သည်တကား! ကြောက်ခမန်းလိလိတိုးများလာမှုဖြစ်သော်လည်း Time မဂ္ဂဇင်းအရ “ဤရာစုနှစ်အကုန်တွင် အရေအတွက်နှစ်ဆရောက်မည်ဟု မျှော်လင့်ထားသည်။”

အရှေ့ဥရောပသည် အနောက်ဥရောပနှင့်စာလျှင် လူလေးယောက်တွင် ကားတစ်စီးကျသာရှိသော်လည်း ဝယ်ရန်အလားအလာရှိသူ သန်း ၄၀၀ ခန့်ရှိနေသည်။ စက်ဘီးသန်း ၄၀၀ ရှိသောကြောင့် ယခုတိုင်အောင် နာမည်ကြီးနေသော တရုတ်ပြည်၏အခြေအနေသည် နှစ်အနည်းအငယ်အတွင်းတွင် ပြောင်းလဲသွားပေဦးမည်။ ၁၉၉၄ ခုနှစ်တွင် သတင်းပေးပို့ချက်အရ နှစ်စဉ် ကားအစီးရေ ၁.၃ သန်းထုတ်လုပ်ရာမှ ဤရာစုနှစ်၏အဆုံးတွင် ၃ သန်းအထိ “ကားထုတ်လုပ်မှုကို အလျင်အမြန်တိုးမြှင့်သွားဖို့အတွက် အစိုးရက စီမံကိန်းများဆွဲနေသည်။”

ညစ်ညမ်းမှုအန္တရာယ်

“ဗြိတိန်တွင် လေကောင်းလေသန့်ပြတ်သွားပြီ” ဟု ၁၉၉၄ ခုနှစ် အောက်တိုဘာ ၂၈ ထုတ် The Daily Telegraph သတင်းစာကဆိုသည်။ ချဲ့ကားပြောခြင်းဖြစ်နိုင်သော်လည်း စိုးရိမ်မကင်းဖြစ်ဖို့လုံလောက်သည်။ အရှေ့ အင်ဂျလီယာတက္ကသိုလ်မှ ပါမောက္ခ စတူအာ့ ပန်းကစ်တ်က “မော်တော်ကားများသည် ကျွန်ုပ်တို့၏ ကျောထောက်နောက်ခံ လေထုတစ်ခုလုံး၏ဓာတုဖွဲ့စည်းမှုကို ပြောင်းလဲပစ်နေသည်” ဟုသတိပေးခဲ့သည်။

ကာဗွန်မိုနော့ဆိုဒ် ညစ်ညမ်းမှုကို အထူးတလည်အာရုံစိုက်ကာ ကမ္ဘာဂြိုဟ်ကိုကယ်တင်ရန်ရက် ၅၀၀၀ စာအုပ်က “အောက်စီဂျင်အများစုကို ဖယ်ရှားပစ်ကာ အမြော်အမြင်နှင့် တွေးခေါ်မှုကို ထိခိုက်စေပြီး အလိုအလျောက်တုံ့ပြန်မှုကို နှေးကွေးစေသည်၊ အိပ်ငိုက်စေသည်” ဟုဆိုသည်။ ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “ဥရောပနှင့် မြောက်အမေရိကရှိ မြို့သားစုစုပေါင်း၏ထက်ဝက်ခန့်တို့သည် ကာဗွန်မိုနော့ဆိုဒ်ကို စိတ်မချမ်းမြေ့ဖွယ်ကောင်းလောက်အောင် မြင့်မားသည့်အတိုင်းအတာအထိ ထုတ်လုပ်နေကြသည်” ဟု ဆိုသည်။

ဒေသအချို့တွင် မော်တော်ယာဉ်မီးခိုးကြောင့် နှစ်စဉ်လူများစွာ အသက်ဆုံးရသည့်အပြင် ပတ်ဝန်းကျင်ပျက်စီးမှုတွင် ဒေါ်လာဘီလီယံနှင့်ချီ၍ ဆုံးရှုံးကြောင်း ခန့်မှန်းရသည်။ ၁၉၉၅ ခုနှစ် ဇူလိုင် ရုပ်မြင်သံကြားသတင်းတစ်ပုဒ်က ကားကဖြစ်သော လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် ဗြိတိန်လူမျိုး ၁၁,၀၀၀ ခန့်သေဆုံးကြောင်းဆိုသည်။

၁၉၉၅ ခုနှစ်တွင် ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံကိုဘာလင်မြို့၌ ကျင်းပခဲ့သည်။ ၁၁၆ နိုင်ငံမှ ကိုယ်စားလှယ်များက တစ်ခုခုလုပ်ဖို့လိုအပ်ကြောင်း သဘောတူခဲ့ကြသည်။ သို့သော် လူများစွာကို စိတ်ပျက်သွားစေသည်မှာ သတ်သတ်မှတ်မှတ်ပန်းတိုင်ထားခြင်းနှင့် တိကျသည့်စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းရေး သို့မဟုတ် ပြတ်သားသည့်အစီအစဉ်များကို ရေးဆွဲရေးတာဝန်ကိုမူ ရွှေ့ဆိုင်းထားလိုက်ခြင်းဖြစ်သည်။

ကမ္ဘာဂြိုဟ်ကိုကယ်တင်ရန်ရက် ၅၀၀၀ စာအုပ်က ၁၉၉၀ ပြည့်နှစ်၌ ပြောခဲ့သည့်အရာကို သုံးသပ်ကြည့်လျှင် တိုးတက်ဖို့အလားအလာမဲ့မှုကို မျှော်လင့်ရန်ဖြစ်သည်။ “ခေတ်သစ် စက်မှုအဖွဲ့အစည်းများရှိ . . . နှင့် စီးပွားရေးအင်အားစု၏ ရှိရင်းစွဲသဘောမှာ “ပတ်ဝန်းကျင်ပျက်စီးမှုကို တိုက်ဖျက်သည့် လုပ်ငန်းစဉ်များသည် စီးပွားရေးလုပ်ကွက်များကို အဟန့်အတားမဖြစ်စေမှသာလျှင် လက်ခံဖွယ်ဖြစ်သည်ဟု ဆုံးဖြတ်သတ်မှတ်” ကြောင်း ယင်းကထောက်ပြခဲ့သည်။

ထို့ကြောင့် “ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဖန်လုံအိမ်ဓာတ်ငွေ့များ၏ တိုးများလာမှုကြောင့် ကမ္ဘာသည် တဖြည်းဖြည်းပူနွေးလာဖို့အကြောင်းရှိသည်” ဟု Time ကမကြာသေးမီက သတိပေးခဲ့သည်။ အကျိုးဆက်မှာ သိပ္ပံပညာရှင်အများအဆိုအရ မိုးခေါင်ခြင်း၊ ရေခဲပြင်များ အရည်ပျော်ခြင်း၊ ပင်လယ်ရေပြင်မြှင့်တက်လာခြင်း၊ ကမ်းရိုးတန်းဒေသများ ရေလွှမ်းခြင်း၊ မုန်တိုင်းများပြင်းထန်လာခြင်းနှင့် ရာသီဥတုဘေးဆိုးများဖြစ်နိုင်သည်။”

ညစ်ညမ်းမှုပြဿနာ၏ စိုးရိမ်ဖွယ်အခြေအနေကြောင့် တစ်ခုခုလုပ်ဖို့လိုအပ်လာသည်။ သို့သော် မည်သည့်အရာနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ