စံပြုထိုက်သောဖြေရှင်းနည်းကို ရှာဖွေခြင်း
ဘုရားသခင့်ကောင်းကင်အစိုးရသည် လက်ငင်းတွေ့ကြုံနေရသည့် မော်တော်ယာဉ်များကြောင့် ညစ်ညမ်းမှုဖြစ်ခြင်းပြဿနာအပါအဝင် လူ့ပြဿနာအဝဝကို ဖြေရှင်းပေးမည့်အချိန်နှင့်ပတ်သက်ပြီး ဘုရားသခင့်နှုတ်ကပါဌ်တော် ကျမ်းစာတွင် ဖော်ပြထားသည်။ ဤမေရှိယနိုင်ငံတော်ဖြစ်သော လူအများ ဆုတောင်းဖို့သွန်သင်ပေးခံခဲ့ရသည့် နိုင်ငံတော်သည် ညစ်ညမ်းမှုလုံးဝမဖြစ်စေသည့် မော်တော်ယာဉ်များကို ထုတ်လုပ်ကာ စံပြုထိုက်သောဖြေရှင်းနည်းကို ကြံဆောင်ပေးမည်လော။ သို့မဟုတ် ကမ္ဘာပေါ်ရှိ မော်တော်ယာဉ်ရှိရှိသမျှကို ဖယ်ရှားကာ စံပြုထိုက်သောဖြေရှင်းနည်းကို စွမ်းဆောင်ပေးမည်လော။ ကျမ်းစာက အဖြေအတိအကျမပေးသောကြောင့် စောင့်ကြည့်ရုံမှလွဲ၍ ဘာမျှမတတ်နိုင်ပါ။—မဿဲ ၆:၉၊ ၁၀။
သို့သော် သေချာနိုင်သည့်အရာကား ဘုရားသခင့်အစိုးရသည် ကိုယ်တော့်နိုင်ငံတော်က ဆောင်ကြဉ်းပေးတော့မည့် ပြန်လည်တည်ထောင်ထားသောပရဒိသုတွင် ဖန်ဆင်းခြင်း၏အလှကို ပျက်ပြားစေသည့် ညစ်ညမ်းမှုကို ခွင့်ပြုလိမ့်မည်မဟုတ်ဆိုသည့်အချက်ပင်။—ဟေရှာယ ၃၅:၁၊ ၂၊ ၇; ၆၅:၁၇-၂၅။
ဘုရားသခင့်နှုတ်ကပါဌ်တော်အတိုင်း လိုက်နာသူများသည် ညစ်ညမ်းမှုကင်းသော ကမ္ဘာသစ်အသက်တာအတွက် လေ့ကျင့်ခံနေရကား ယနေ့အချိန်တွင် မော်တော်ယာဉ်များအသုံးပြုခြင်းနှင့်ပတ်သက်ပြီး မည်သို့သဘောထားသင့်သနည်း။ ၁၉၈၇ ခုနှစ် ဇွန်လ ၂၂ ထုတ်နိုးလော့! [လိပ်] သည် “ကျွန်ုပ်တို့၏သစ်တောများ ဘာဖြစ်သွားမည်နည်း” အကြောင်းနှင့်ပတ်သက်သည်။ သိပ္ပံပညာရှင်တချို့က ယာဉ်အိပ်ဇောတွင်ပါသော လေထုညစ်ညမ်းပစ္စည်းများသည် ပြုန်းတီးနေသောသစ်တောများနှင့်ဆက်စပ်မှုရှိသည်ဟု ယူဆကြောင်း မှတ်တမ်းပို့သည်။ ယင်းကြောင့် စာရှုသူတစ်ဦးကို သို့လောသို့လောဖြစ်သွားစေရာ ဤအဖြစ်မှန်ကြောင့် ခရစ်ယာန်များသည် ကားမောင်းဖို့သင့်မသင့်နှင့်ပတ်သက်ပြီး ကင်းမျှော်စင်အသင်းသို့ စာရေးမေးမြန်းလှာသည်။ ဤသို့ကားမောင်းခြင်းသည် ယေဟောဝါ၏ဖန်ဆင်းရာများကို မလေးစားရာရောက်လေမည်လောဟု သူစဉ်းစားခဲ့သည်။
သူ၏စာကို ဖြေကြားပေးခဲ့ရာ တစ်စိတ်တစ်ပိုင်းအနေနှင့် အောက်ပါအတိုင်းတွေ့ရသည်– “ယေဟောဝါသက်သေတို့သည် ညစ်ညမ်းမှုကို လျှော့ချရန် အစိုးရအာဏာပိုင်များမှ ပြဋ္ဌာန်းသည့် ဝန်းကျင်ဆိုင်ရာစည်းကမ်းဥပဒေများကို သစ္စာရှိရှိလိုက်နာကြသည်။ (ရောမ ၁၃:၁၊ ၇; တိတု ၃:၁) အစိုးရတောင်းဆိုသည့်အရာထက်လွန်၍ စဉ်းစားခြင်းသည် တစ်ဦးချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သည်။ တစ်ဦးတစ်ယောက်က ကားမမောင်းတော့ဖို့ဆုံးဖြတ်လျှင် မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်သည်။ သို့သော် ထိုနိုးလော့!ဆောင်းပါးက အချို့သူများ ခံစားရပုံကို စာမျက်နှာ ၈ တွင် ဤသို့ပြောကာ တင်ပြခဲ့သည်– ‘လူအများသည် လေထုညစ်ညမ်းမှုကို လျှော့ချပစ်ဖို့ အတတ်နိုင်ဆုံးအတိုင်းအတာအထိ လက်တွေ့ကျကျကြိုးစားနေကြသည်။ ဖြည်းဖြည်းမောင်းသည်၊ ခရီးလျှော့သွားသည်၊ ကားစုစီးခြင်းအစီအစဉ်များတွင်ပါဝင်ကြသည်၊ ခဲဓာတ်မပါသောဓာတ်ဆီကို အသုံးပြုကြသည်၊ အစိုးရကချမှတ်ထားသည့် ညစ်ညမ်းမှုတိုက်ဖျက်ရေးစည်းမျဉ်းများကို လိုက်နာကြသည်။’”
ခရစ်ယာန်မျှတမှု
ဤအဖြေက ခရစ်ယာန်မျှတမှုကို ဖော်ပြသည်။ မော်တော်ယာဉ်များကသာ ညစ်ညမ်းစေသည်မဟုတ်ကြောင်း သတိရစေသည်။ လေယာဉ်များနှင့် ရထားများ—အမှန်မှာ ခေတ်သစ် သယ်ယူပို့ဆောင်ရေးနည်းသစ်အများစု—သည် ထိုသို့ပင်ညစ်ညမ်းစေကြသည်။ သို့သော် ဤသယ်ယူပို့ဆောင်ရေးနည်းအမျိုးမျိုးကို ညစ်ညမ်းစေဖို့တမင်ရည်ရွယ်ကာ ထုတ်လုပ်လိုက်ခြင်းမဟုတ်ပေ။ ညစ်ညမ်းမှုဖြစ်လာခြင်းသည် ဝမ်းနည်းစရာကောင်းသော နောက်ဆက်တွဲအကျိုးဆက်ဖြစ်သည်၊ သို့သော် အသိပညာနည်းပါးမှုနှင့် မစုံလင်သောသဘောထားများကြောင့်ဖြစ်သည်။
ဤကိစ္စကို ၁၉၉၃၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်က ဆွေးနွေးကာ ဤသို့တင်ပြသည်– “ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မြေကြီးစံအိမ်ကို ယခုပင်ထိခိုက်နေသည့် ဂေဟသတ္တလောကပြဿနာများစွာကို အထူးစိုးရိမ်နေကြပါသည်။ စုံလင်သည့်လူ့အိမ်ထောင်စုအတွက် ကမ္ဘာကို သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သောနေအိမ်အဖြစ် ဖန်ဆင်းထားကြောင်း လူအများစုထက် ကျွန်ုပ်တို့ပိုသဘောပေါက်နားလည်ထားကြပါသည်။ (ကမ္ဘာဦး ၁:၃၁; ၂:၁၅-၁၇; ဟေရှာယ ၄၅:၁၈) . . . ယင်းကြောင့် ကမ္ဘာကိုမလိုအပ်ဘဲဆက်လက်ယိုယွင်းနေခြင်းမှကာကွယ်ရန် မျှတ၍၊ ကျိုးကြောင်းညီသောကြိုးပမ်းမှုများ ပြုလုပ်ခြင်းသည် လျော်ကန်ပါသည်။ သို့သော် “ကျိုးကြောင်းညီသော” ဟူသည့်စကားလုံးကို သတိပြုပါ။ . . . ဘုရားသခင်၏လူမျိုးသည် ဝန်းကျင်ကိစ္စများကို လျစ်လျူမရှုသင့်ပါ။ ယေဟောဝါ၏ရှေးလူမျိုးသည် အညစ်အကြေးကို စနစ်တကျစွန့်ပစ်ကြရသည်။ ထိုသို့ပြုခြင်းဖြင့် ဝန်းကျင်အတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးပြုခဲ့ပါသည်။ (တရားဟောရာ ၂၃:၉-၁၄) ကမ္ဘာကိုဖျက်ဆီးနေသူများအပေါ် ဘုရားသခင့်သဘောထားကို ကျွန်ုပ်တို့သိထား၍လည်း ဝန်းကျင်သန့်ရှင်းမှုကို ထိန်းသိမ်းရန် တတ်နိုင်သည့်အရာများကို ကျွန်ုပ်တို့လျစ်လျူမရှုသင့်ပါ။ . . . ထိုသို့ပြုလုပ်ရန် ဥပဒေသတ်မှတ်ချက်မရှိလျှင် ခရစ်ယာန်တစ်ဦး မည်မျှလိုက်လျှောက်လုပ်ကိုင်ရမည့်ကိစ္စသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်သည်။ . . . မစုံလင်သူများအနေနှင့် လွယ်ကူစွာဖြင့် တစ်ဖက်စွန်းရောက်သွားတတ်ကြပါသည်။ . . . ညစ်ညမ်းမှုပါအပါအဝင် ကမ္ဘာ့ဝန်းကျင်ပြဿနာများကို ရှင်းလင်းပစ်ရန် လူ့ကြိုးပမ်းမှုများသည် အပြည့်အစုံ အောင်မြင်မည်မဟုတ်ပါ . . . ဤတွင်ထိုတွင် တိုးတက်မှုအချို့ကို တွေ့ကောင်းတွေ့ကြရမည် မှန်သော်လည်း တစ်ခုတည်းသော အစဉ်ဖြေရှင်းပေးနည်းကား ဘုရားသခင်ကိုယ်တော်တိုင် ဝင်ရောက်စွက်ဖက်ပေးခြင်းသာဖြစ်သည်။ ယင်းကြောင့် အပေါ်ယံလက္ခဏာများကို ကြိုးစားပြုပြင်နေမည့်အစား ဘုရားသခင့်ဖြေရှင်းနည်းကို ကျွန်ုပ်တို့မျက်ခြည်မပြတ်စေဘဲ ယင်းအတွက် ကြိုးစားအားထုတ်ကြပါမည်။”
ခရစ်ယာန်များသည် ကျမ်းစာမူများကို လိုက်နာပြီး ကမ္ဘာတစ်ခွင် ဘုရားသခင့်နိုင်ငံတော်သတင်းတရားဟောဖို့ သူတို့ရရှိထားသည် ဘုရားသခင်ပေးသည့်တာဝန်ကို စိတ်ထဲစွဲထားသည်နှင့်အမျှ မျှတမှုရှိကြသည်။ (မဿဲ ၂၄:၁၄) ယင်းထက်သာ၍အရေးကြီးသော သို့မဟုတ် သာ၍အရေးတကြီးဖြစ်သောအရာမရှိပါလေ! ခေတ်သစ် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးနည်းလမ်းများက ခရစ်ယာန်များ ဤတာဝန်ကို ကျေပွန်စေဖို့ အထောက်အကူပေးမည်ဆိုလျှင် ယင်းတို့ကိုအသုံးပြုဖို့ အကြောင်းတရားခိုင်လုံသည်။ တစ်ချိန်တည်းမှာပင် မလိုအပ်ဘဲ သို့မဟုတ် တမင်ညစ်ညမ်းမှုပြုခြင်းကို ရှောင်ကြသည်။ ထို့ကြောင့် လူရှေ့တွင်ကော ဘုရားရှေ့တွင်ပါ ကိုယ်ကိုကိုယ်သိသောစိတ်ကောင်းကို ဆက်ထိန်းထားကြသည်။
ထို့ကြောင့် ညစ်ညမ်းမှုနှင့် မော်တော်ယာဉ်ပြဿနာ မည်သို့ပြေလည်မည်ကို ယနေ့အချိန်တွင် ကျွန်ုပ်တို့အမှန်တကယ်မသိကြသော်လည်း ပြေလည်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သိကြသည်။ အမှန်တွင် စံပြုထိုက်သောဖြေရှင်းချက်သည် အလွန်ပင်နီးကပ်နေပေပြီ။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
ညစ်ညမ်းမှုကို တိုက်ဖျက်ခြင်း
• ဖြစ်နိုင်သည့်အခါတွင် လမ်းလျှောက်ပါ သို့မဟုတ် စက်ဘီးစီးပါ
• ကားစုစီးအစီအစဉ်တွင် ပါဝင်ပါ
• မော်တော်ယာဉ်ကြံ့ခိုင်ရေး မှန်မှန်လုပ်ပါ
• ဆီသန့်များသာဖြစ်ဖို့ မပြတ်ဂရုစိုက်ပါ
• မလိုအပ်ဘဲ ခရီးသွားခြင်းကို ရှောင်ပါ
• မနှေးမမြန်ပုံမှန်နှုန်းဖြင့် မောင်းပါ
• ဖြစ်နိုင်သည့်အခါတွင် အများသုံးသယ်ယူပို့ဆောင်ရေးကို အသုံးပြုပါ
• ယာဉ်ကို အချိန်ကြာကြာရပ်ထားရလျှင် စက်နှိုးထားမည့်အစား စက်ရပ်ထားပါ