လက်ခံနိုင်ဖွယ် ဖြေရှင်းနည်းများကို ရှာပုံတော်ဖွင့်ခြင်း
မော်တော်ယာဉ်များကသာ ညစ်ညမ်းမှုကို ဖန်တီးသည်မဟုတ်။ ကိုယ်ပိုင်အိမ်များ၊ စက်ရုံများနှင့် ဓာတ်အားပေးစက်ရုံများသည်လည်း တာဝန်ရှိသည်။ ကမ္ဘာ့ညစ်ညမ်းမှုကို ဖန်တီးရာတွင် မော်တော်ယာဉ်များ၏ကဏ္ဍသည် ကြီးမားနေဆဲပင်။
အမှန်မှာ ကမ္ဘာဂြိုဟ်ကိုကယ်တင်ရန်ရက် ၅၀၀၀ စာအုပ်က ဤသို့ဝံ့ဝံ့စားစားပြောသည်– “ဤဆုံးရှုံးနစ်နာမှုအားလုံး—အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ထုတ်လွှတ်မှုကြောင့် ကျွန်ုပ်တို့ရာသီဥတု ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးပေးကြေးဆိုလျှင် ကားများကို မည်သည့်အခါမျှ ထုတ်လုပ်ဖို့အလားအလာရှိတော့မည်မဟုတ်ပါ။” မည်သို့ဆိုစေ ယင်းကဝန်ခံထားသည်ကား “ကားမရှိဘဲနေဖို့ဆိုသည်ကို ကားထုတ်လုပ်သူများကသော်လည်းကောင်း၊ လမ်းဖောက်လုပ်ရေးကသော်လည်းကောင်း၊ အစိုးရဌာနများကသော်လည်းကောင်း၊ မိမိတို့အသက်ကို ကိုယ်ပိုင်ကားများပေါ်တွင် ပို၍ပို၍အားထားနေရသော သာမန်ပြည်သူများကသော်လည်းကောင်း လုံးဝစဉ်းစားလိမ့်မည်မဟုတ်ပေ။”
လပေါ်သို့ လူကို အရောက်ပို့ပေးခဲ့သည့် စက်မှုနည်းပညာသည် ညစ်ညမ်းမှုမဖြစ်စေသည့်ကားကို ထုတ်လုပ်နိုင်သင့်သည် မဟုတ်ပေလော။ လုပ်ဆောင်ခြင်း ဟူသည်မှာ ပြောခြင်းလောက် မည်သည့်အခါမျှမလွယ်ပါ၊ ထို့ကြောင့် ညစ်ညမ်းမှုမဖြစ်စေသည့်ကား ပေါ်ထွက်လာဖို့အတားအဆီးရှိနေသ၍ အခြားသောလက်ခံဖွယ်ဖြေရှင်းနည်းများကို ဆက်၍ ရှာဖွေနေရဦးမည်။
ညစ်ညမ်းပစ္စည်းများကို လျှော့ချခြင်း
၁၉၆၀ ပြည့်လွန်နှစ်များတွင် အမေရိကန်ပြည်ထောင်စုသည် ညစ်ညမ်းပစ္စည်းထုတ်လွှတ်မှုကို ကန့်သတ်ရန် မော်တော်ယာဉ်များတွင် ထိန်းချုပ်ရေးကိရိယာများ တပ်ဆင်ဖို့တောင်းဆိုသည့် ဥပဒေကို ထုတ်ပြန်ခဲ့သည်။ အခြားနိုင်ငံများနှင့် အစိုးရများသည် ထိုအချိန်မှစ၍ ထပ်တူထုတ်ပြန်ခဲ့ကြသည်။
ဘေးဖြစ်စေတတ်သောညစ်ညမ်းပစ္စည်းများကို စစ်ထုတ်ပစ်ဖို့ ခဲဓာတ်မပါသောဓာတ်ဆီသုံးရသည့် ဓာတ်ကူဓာတ်ငွေ့ပြောင်းအိုးများ (Catalytic converters) ကို ယခုအခါတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။ ၁၉၇၆ ခုနှစ်နှင့် ၁၉၈၀ ပြည့်နှစ်အတွင်း ယာဉ်မောင်းအများအပြားသည် ခဲဓာတ်မပါသောဓာတ်ငွေ့ကို စတင်အသုံးပြုပြီးနောက် အမေရိကန်လူမျိုးများ၏ သွေးထဲရှိခဲဓာတ်အဆင့်သည် သုံးပုံတစ်ပုံသို့ကျဆင်းသွားသည်။ ခဲဓာတ်လွန်ကဲမှုသည် နာဗ်ကြောစနစ်ကို ထိခိုက်စေနိုင်ပြီး သင်ယူနိုင်စွမ်းကို နှေးကွေးစေသည့်အတွက် ယင်းသည် ကောင်းသည့်လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော် ဝမ်းနည်းဖွယ်ပြောရသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများစွာတွင် ခဲဓာတ်အဆင့်များကျဆင်းနေစဉ် ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများတွင်မူ ဤသို့ဖြစ်သည်ဟုမဆိုနိုင်ပြန်ပါ။
ဓာတ်ကူဓာတ်ငွေ့ပြောင်းအိုးများ၏အောင်မြင်မှုသည် ကျေနပ်လောက်ဖွယ်ကောင်းသော်လည်း ယင်းတို့၏အသုံးပြုမှုသည် အငြင်းပွားစရာဖြစ်နေဆဲပင်။ ခဲဓာတ်ကိုမထည့်တော့သည့်အခါတွင် စက်အားဆုံးရှုံးမှုဖြစ်သည့်အတွက် ဓာတ်ဆီ၏ဟိုက်ဒရိုကာဗွန်ပေါင်းစပ်မှုကို ပြောင်းလဲသွားစေသည်။ ဓာတ်ကူဓာတ်ငွေ့ပြောင်းအိုးများက ဗင်ဇင်းနှင့် တော်လူအင်းကဲ့သို့သော အခြားကင်ဆာဖြစ်ဝတ္ထုထုတ်လွှတ်မှုအဆင့်များကို မလျှော့ချပေးသောကြောင့် ယင်းဝတ္ထုများ တိုးပွားလာတော့သည်။
ထို့အပြင် ဓာတ်ကူဓာတ်ငွေ့ပြောင်းအိုးများသည် ပလက်တီနမ်ကို အသုံးပြုရသည်။ ဗြိတိန်နိုင်ငံရှိ အင်ပိုင်ရီယယ်ကောလိပ် ပါမောက္ခ အီရင်းသွန်တန်အဆိုအရ လမ်းဘေးဖုန်ထဲ၌ ကျနေသည့် ပလက်တီနမ်တွင် နောက်ဆက်တွဲထိခိုက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ “ပျော်ဝင်နိုင်သော ပလက်တီနမ်အမျိုးအစားများသည် အစာကွင်းဆက်သို့ဝင်ရောက်နိုင်” သည့်ဖြစ်နိုင်ချေနှင့်ပတ်သက်ပြီး သူသတိပေးခဲ့သည်။
“မြောက်အမေရိက၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပနိုင်ငံများစွာတို့တွင် ဓာတ်ကူဓာတ်ငွေ့ပြောင်းအိုးများ” ၏အောင်မြင်မှုတစ်ခုခုရှိသည့်ကြားမှ “ကမ္ဘာတစ်ဝန်းရှိ ကားအရေအတွက်အကြီးအကျယ်များလာနေခြင်းသည် လေထုအရည်အသွေး၏ အကျိုးကျေးဇူးများကို လုံးဝဖယ်ထုတ်ပစ်လိုက်သည်” ဟု ကမ္ဘာဂြိုဟ်ကို ကယ်တင်ရန်ရက် ၅၀၀၀ စာအုပ်က အရှိကိုအရှိအတိုင်း ဝန်ခံသည်။
ဖြည်းဖြည်းမောင်း
ကားမှထုတ်လွှတ်မှုများ လျှော့ချသည့်နောက်တစ်နည်းမှာ ဖြည်းဖြည်းမောင်းခြင်းဖြစ်သည်။ သို့သော် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အချို့တွင် မကြာသေးမီက အမြန်နှုန်းသတ်မှတ်ချက်ကို တိုးမြှင့်လိုက်သည်။ ဂျာမနီနိုင်ငံတွင် ကန့်သတ်ချက်များပြဋ္ဌာန်းခြင်းသည် ခေတ်တိမ်သွားပြီ။ တစ်နာရီလျှင် နှုန်းမှန် မိုင် ၁၀၀ ကျော်ဖြင့် အလွယ်တကူမောင်းနှင်နိုင်သည့် စက်အားကောင်းသောကားများ တည်ဆောက်မည့်အရည်အသွေးကို အဓိကပြရောင်းကြသည့် ကားထုတ်လုပ်သူများသည် ယာဉ်မောင်းအများစုကဲ့သို့ပင် ဆန့်ကျင်ကန့်ကွက်ခံရကြလေသည်။ သို့သော် ယခုတွင်မူ ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းရင်းများကြောင့်သာမဟုတ်ဘဲ ဘေးကင်းစေဖို့အတွက်ကြောင့်ပါ အမြန်နှုန်းကန့်သတ်ချက်များကို ဂျာမန်လူမျိုးပို၍များများ တလိုတလားလက်ခံလာကြသည်။
နိုင်ငံအချို့တွင် ညစ်ညမ်းမှုသည် လက်မခံဖွယ်အဆင့်များသို့ရောက်လာသောအခါ အရှိန်လျှော့မောင်းရန် သို့တည်းမဟုတ် ဖြစ်နိုင်သည်မှာ လုံးဝအမောင်းရပ်လိုက်ရန် ယာဉ်မောင်းတို့ တောင်းဆိုခံရကြသည်။ အိုဇုန်းအဆင့်များ အလွန်မြင့်တက်သွားမည်ဆိုလျှင် အမြန်နှုန်းကန့်သတ်ချက်များစလုပ်ဖို့ ဂျာမန်လူမျိုး ၈၀ ရာခိုင်နှုန်းက သဘောတူကြကြောင်း ၁၉၉၅ ခုနှစ် ဆန္ဒခံယူပွဲတစ်ခုက ဖော်ပြသည်။ အေသင်၊ ရောမအပါဝင် ကမ္ဘာတစ်ဝန်းရှိမြို့များစွာကို အချို့သောအခြေအနေများတွင် ကားမောင်းခြင်းကို ကန့်သတ်ဖို့ အရေးယူဆောင်ရွက်မှုများပြုခဲ့ကြပြီ။ အခြားမြို့များတွင်လည်း ဤသို့လုပ်ဖို့ စဉ်းစားနေကြသည်။
စက်ဘီးများကို အသုံးပြုခြင်း
ယာဉ်အသွားအလာလျှော့ချရန် အချို့မြို့များတွင် ဘတ်စကားခရီးအတွက် အထူးနှုန်းများကို သတ်မှတ်ပေးလာကြသည်။ အခြားမြို့များတွင်မူ သတ်မှတ်နေရာလွတ်တွင် မိမိတို့၏ကားထားခအနည်းငယ်ပေးသည့် ယာဉ်မောင်းများအတွက် ဘတ်စကားအခမဲ့စီးခွင့်ပြုသည်။ အခြားမြို့များတွင်မူ ဤသယ်ယူပို့ဆောင်ရေးနည်းများကို အရှိန်အဟုန်တိုးမြှင့်နိုင်ရန် ဘတ်စကားများနှင့် အငှားယာဉ်များအတွက် သီးသန့်လိုင်းများထားပေးသည်။
ပြဿနာကို ဖြေရှင်းနိုင်သည့် နည်းသစ်တစ်ခုကို သည်ယူရိုပီယန် မဂ္ဂဇင်းတွင် မကြာသေးမီက ဤသို့ဖော်ပြထားသည်– “၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် နယ်သာလန်နိုင်ငံရှိ ကင်ပိန်းတစ်ခု၏လှုံ့ဆော်ပေးမှုကြောင့် လေးဘီးတပ်ယာဉ်အစား နှစ်ဘီးတပ်ယာဉ်ကို အသုံးပြုဖို့ လူများကိုစည်းရုံးခြင်းအားဖြင့် လေထုညစ်ညမ်းမှုနှင့် ယာဉ်ကျပ်ညှပ်မှုကို လျော့နည်းသွားစေရန် ကြံရည်ဖန်ရည်ရှိသော ဒိန်းမတ်လူမျိုးတို့က စီမံကိန်းတစ်ခုကို စဉ်းစားလာသည်။” စက်ဘီးများကို ကိုပင်ဟေဂင်မြို့ရှိလမ်းများတစ်လျှောက် နေရာအနှံ့တွင် ထားပေးသည်။ ဒင်္ဂါးစေ့တစ်စေ့ကို ကိရိယာတစ်ခုတွင်ထည့်လိုက်သောအခါ အသုံးပြုရန်စက်ဘီးကို ရယူနိုင်သည်။ နောက်ပိုင်းတွင် အဆင်ပြေသောနေရာတွင် စက်ဘီးကိုပြန်ထားသောအခါ သွင်းထားသည့်ငွေကို ပြန်ရနိုင်သည်။ ဤစီမံကိန်းသည် လက်တွေ့ကျမကျ၊ ညှို့ယူဖမ်းစားနိုင်မနိုင်ဆိုသည်ကို အချိန်ကပြောလာလိမ့်မည်။
ကားနေရာတွင် စက်ဘီးများကို အစားထိုးအသုံးပြုဖို့အားပေးရန် ဂျာမန်မြို့ကြီးတချို့၌ တစ်လမ်းမောင်းလမ်းများတွင် စက်ဘီးများကို လမ်းပြောင်းပြန်စီးခွင့်ပြုထားသည်။ မြို့ကြီးများရှိ ခရီးလမ်းအားလုံး၏သုံးပုံတစ်ပုံခန့်နှင့် ကျေးလက်များရှိခရီးလမ်းအားလုံး၏ သုံးပုံတစ်ပုံကျော်သည် နှစ်မိုင်ပင်မရှိရာ နိုင်ငံသားများစွာသည် ယင်းခရီးတိုအများစုကိုခြေလျင်ဖြင့်ဖြစ်စေ၊ စက်ဘီးဖြင့်ဖြစ်စေ လွယ်ကူစွာသွားလာနိုင်သည်။ ယင်းကြောင့် ညစ်ညမ်းမှု လျော့ကျသွားစေမည်; တစ်ချိန်တည်းတွင်ပင် စက်ဘီးစီးသူများသည် လိုအပ်သောလေ့ကျင့်ခန်း လုပ်နေရာကျမည်။
ပြန်လည်ဒီဇိုင်းဆွဲခြင်း
ညစ်ညမ်းမှုမဖြစ်စေသော မော်တော်ယာဉ်များကို ဆက်လက်၍ပြန်လည်ဒီဇိုင်းဆွဲနေကြသည်။ ဘက်ထရီများဖြင့်သွားသော လျှပ်စစ်ကားများကို ထုတ်လုပ်ခဲ့သော်လည်း အမြန်နှုန်းနှင့် မောင်းနိုင်သည့်ကြာချိန်တို့တွင်မူ ယင်းတို့သည် အကန့်အသတ်နှင့်ဖြစ်နေသည်။ နေရောင်စွမ်းအင်သုံးကားများလည်း အလားတူပင်ဖြစ်သည်။
စုံစမ်းလေ့လာထားသည့် ဖြစ်နိုင်ချေနောက်တစ်ခုမှာ လောင်စာအဖြစ် ဟိုက်ဒရိုဂျင်ကို အသုံးပြုခြင်းဖြစ်သည်။ ဟိုက်ဒရိုဂျင်သည် ညစ်ညမ်းပစ္စည်းထုတ်လွှတ်မှုမရှိသလောက်နီးပါး လောင်ကျွမ်းသော်လည်း အကုန်အကျကြောင့် အဟန့်အတားဖြစ်နေသည်။
မော်တော်ယာဉ်ကို ပြန်တီထွင်ဖို့လိုအပ်ကြောင်းကို အသိအမှတ်ပြုကာ ယူအက်စ် သမ္မတ ကလင်တန်က အနာဂတ်ကားဒီဇိုင်းဆွဲခြင်းကို အစိုးရနှင့် ယူအက်စ် မော်တော်ကားစက်မှုလုပ်ငန်းတို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ၁၉၉၃ ခုနှစ်တွင် ကြေညာခဲ့သည်။ “ကျွန်ုပ်တို့နိုင်ငံမှ လုပ်ဆောင်ဖူးခဲ့သမျှတွင် ကြီးမား၍ကြိုးပမ်းလုပ်ဆောင်ရမည့် စက်မှုနည်းပညာပိုင်းဆိုင်ရာ စွန့်စားမှုတစ်ခုကို စတင်လုပ်ဆောင်ဖို့ ကြိုးစားနေပါသည်” ဟုသူမြွက်ကြားခဲ့သည်။ သူပြောခဲ့သည့် “၂၁ ရာစုအတွက် အပြစ်ဆိုစရာမရှိ အဘက်ဘက်မှပြည့်စုံပြီး သတ္တလောကနှင့်အလွန်းသင့်သော မော်တော်ယာဉ်ကို ဖန်တီးရန်” နှင့်ပတ်သက်၍ ဖြစ်နိုင်ဖို့ဆိုသည်မှာ စောင့်ကြည့်ရပေဦးမည်။ ဆယ်စုနှစ်တစ်ခုအတွင်း ရှေ့ပြေးပုံစံတစ်ခုထုတ်လုပ်ဖို့အတွက် စီမံကိန်းများဆွဲဖို့လိုအပ်ပြီး—အကုန်အကျများလှပေမည်။
ကားထုတ်လုပ်သူတချို့သည် ဓာတ်ဆီနှင့် လျှပ်စစ်ဓာတ်ပေါင်းစပ်မှုဖြင့် ပြေးနိုင်သည့် ပုံစံများကို လုပ်ဆောင်နေကြသည်။ ဂျာမနီတွင် စျေးကြီးကြီးပေးဝယ်ပါက ရပ်ထားသည့်နေရာမှ ကိုးစက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ နှုန်းအထိအရှိန်မြှင့်တင်နိုင်ပြီး အမြန်ဆုံး ၁၁၀ နှုန်းအထိမောင်းနိုင်သည့် လျှပ်စစ်ပြိုင်ကားကို ရနိုင်ပါသည်။ သို့သော် မိုင် ၁၂၀ သွားပြီးနောက် ဘက်ထရီများကို အနည်းဆုံးသုံးနာရီကြာ အားပြန်မသွင်းနိုင်ပါက ရပ်တန့်သွားတော့သည်။ ဆက်၍သုတေသနပြုနေကာ၊ နောက်ထပ်တိုးတက်မှုကို မျှော်လင့်နေသည်။
ပြဿနာ၏တစ်စိတ်တစ်ပိုင်းသာဖြစ်
အဆိပ်ဓာတ်ငွေ့များကို မည်သို့ဖယ်ထုတ်ခြင်းသည် ပြဿနာ၏တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ ကားများသည် ဆူညံသံများကို ဖြစ်ပေါ်စေကြောင်း အသွားအလာများသည့် လမ်းအနီးတွင်နေသူမည်သူမဆို ယင်းကို ကောင်းကောင်းသိသည်။ အဆက်မပြတ်လာသော ယာဉ်ဆူညံသံများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် ယင်းသည်လည်း ဖြေရှင်းဖို့လိုအပ်သည့် ပြဿနာ၏အခြေခံအပိုင်းတစ်ခုဖြစ်သည်။
သဘာဝတရားချစ်မြတ်နိုးသူများကလည်း ကျေးလက်သဘာဝအလှအပသည် မိုင်နှင့်ချီသော အကျည်းတန်လှသည့် အဝေးပြေးလမ်းများအပါအဝင် ယင်းတို့နံဘေးတွင်ရှိကောင်းရှိမည့် အကြည့်ရဆိုးသည့် စီးပွားရေးဒေသများနှင့် ကြော်ငြာသင်ပုန်းကြီးများကြောင့် များစွာပျက်ယွင်းနေရကြောင်း ထောက်ပြကြသည်။ ကားများလာလေလေ ကားလမ်းပို၍လိုအပ်လေလေဖြစ်သည်။
အချို့မော်တော်ယာဉ်များသည် မိမိပိုင်ရှင်ကို အလုပ်အကျွေးပြုပြီး နှစ်နှင့်ချီ၍ညစ်ညမ်းအောင်လုပ်ကာ “အသက်ထွက်ပြီးနောက်” ၌ပင် ယင်းတို့၏ညစ်ညမ်းနည်းများသည် ဆက်၍ကျန်ရစ်နေသည်။ ကားသင်္ချိုင်းများသည် မြင်မကောင်းရှုမကောင်းဖြစ်လာရာ ကျေးလက်ဒေသကို မတော်မလျော် ရှုပ်ပွေပွနေအောင်မလုပ်ဖို့ ဥပဒေပြဋ္ဌာန်းရသည့်အထိ ပြဿနာဖြစ်ခဲ့သည်။ အလွယ်တကူချေဖျက်၍ ပြန်အသုံးချနိုင်သည့်ပစ္စည်းများမှပြုလုပ်ထားသော အသင့်ဆုံးမော်တော်ယာဉ်ပုံစံကို တစ်ချိန်ချိန်တွင် တည်ဆောက်နိုင်မည်လော။ အဆိုပါမော်တော်ယာဉ်မျိုးကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ပါ။
“ဂျာမန်လူမျိုးအများစုသည် ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး အကြီးအကျယ် စိုးရိမ်မကင်းဖြစ်နေကြသော်လည်း အနည်းအကျဉ်းသာအရေးယူလုပ်ဆောင်” ကြောင်းမကြာသေးမီက သတင်းစာတစ်စောင်က မှတ်ချက်ချသည်။ “မည်သူတစ်ဦးတစ်ယောက်မျှ မိမိကိုယ်ကို တရားခံအဖြစ်မထင်ကြသလို မည်သူမျှလည်း တာဝန်မယူလိုကြပါ” ဟုပြောသည့် အစိုးရအရာရှိတစ်ဦး၏စကားကို ကိုးကားထားသည်။ မှန်ပါသည်၊ ကမ္ဘာပေါ်တွင် “မိမိကိုယ်ကို ချစ်သောသူများ” နှင့် “ထော်လော်ကန့်လန့်လုပ်သူ” များပြသသည့်စရိုက်ကြောင့် ပြဿနာများမှာ ဖြေရှင်းဖို့ခက်လှသည်။—၂ တိမောသေ ၃:၁-၃၊ ကဘ။
လက်ခံနိုင်ဖွယ်ဖြေရှင်းနည်းများကို ဆက်၍ရှာနေကြတုန်းပင်။ ညစ်ညမ်းမှုနှင့် မော်တော်ယာဉ်အတွက် စံပြုထိုက်သောဖြေရှင်းနည်းများကို ရှာတွေ့နိုင်ဦးမည်လော။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အများသုံးသယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်း၊ ကားစုစီးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းတို့ဖြင့် ညစ်ညမ်းမှုကို လျှော့ချနိုင်မည်လော