ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၉/၈ စာ. ၃-၄
  • အားလပ်ခွင့်ယူရန် သင်အသင့်ဖြစ်ပြီလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အားလပ်ခွင့်ယူရန် သင်အသင့်ဖြစ်ပြီလော
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အားလပ်ခွင့်သည် အကျိုးပြုနိုင်
  • ခရီးသွားလာခြင်းကိုယ်နှိုက်က ပညာရရှိစေ
  • သင့်လျော်သောပြင်ဆင်မှု
  • နောင်တရဝမ်းနည်းခြင်းမရှိဘဲ အားလပ်ခွင့်၌ ပျော်မွေ့လော့!
    နိုးလော့!—၁၉၉၇
  • သင်ကာကွယ်စောင့်ထိန်းသင့်သည့်အရာ
    နိုးလော့!—၁၉၉၇
  • နွေချိန်ခါ သက်သေခံရန် အခွင့်အရေးများ ရှာယူ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • နွေရာသီအတွက် သင့်အစီအစဉ်များကား အဘယ်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၉/၈ စာ. ၃-၄

အားလပ်ခွင့်ယူရန် သင်အသင့်ဖြစ်ပြီလော

ကမ္ဘာ့မြောက်ခြမ်း၌ နွေရာသီရောက်လုနီးပြီ။ မကြာမီ သန်းပေါင်းများစွာသောသူတို့ အားလပ်ခွင့်ယူကြပေတော့မည်။ သို့ရာတွင် အားလပ်ခွင့်ရက်များကို နွေရာသီ၌သာယူရန် မကန့်သတ်ထားပါ။ ကမ္ဘာ့လှည့်ခရီးသွားလာခြင်းသည် နှစ်စဉ်ဒေါ်လာသန်းထောင်နှင့်ချီ၍ ရရှိစေသော တစ်နှစ်ပတ်လုံး စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာလေပြီ။ အားလပ်ခွင့်ယူသူအများစုသည် မိမိနိုင်ငံတွင်း၌သာ လှည့်လည်ခရီးသွားလာကြသော်လည်း တစ်ချိန်က ငွေကြေးဥစ္စာကြောင့် ကန့်သတ်မှုဖြစ်ခဲ့ရသည့် တိုင်းတစ်ပါးသို့လှည့်လည်ခရီးသွားလာခြင်းသည် ယခုမူ ရိုးနေပေပြီ။

အလုပ်ရှင်များမှပေးသော အားလပ်ခွင့်များသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားမှုရှိသည်။ ၁၉၇၉ ခုနှစ်တွင် ဂျာမန်အလုပ်ကြမ်းသမားအုပ်စုမှ ၂ ရာခိုင်နှုန်းသာ အားလပ်ခွင့် ခြောက်ပတ်ရရှိကြသော်လည်း ယခုအချိန်တွင် အားလုံးနီးပါးတို့က ရရှိကြသည်။ အနောက်ဥရောပရှိ စက်ရုံအလုပ်သမားများအတွက် ပျမ်းမျှအားလပ်ခွင့်မှာ ငါးပတ်ကျော်ဖြစ်သည်။

အားလပ်ခွင့်သည် အကျိုးပြုနိုင်

အားလပ်ခွင့်၏မူလဆိုလိုရင်းအဓိပ္ပာယ်သည် ယနေ့ ယင်း၏ဆိုလိုရင်းအဓိပ္ပာယ်နှင့် အတော်အတန်ခြားနားမှုရှိသည်။ “မျက်မှောက်ခေတ်အားလပ်ခွင့်ယူခြင်း . . . သည် ရှေးရောမဘာသာရေးပြက္ခဒိန်မှ ပြောင်းပြန်ပုံစံဖြင့် ဆင်းသက်လာရာဖြစ်သည်။ တစ်နှစ်တာ၏ ရက်ပေါင်း ၁၀၀ မကတို့သည် ရောမဘုရားနှင့် ဘုရားမများအတွက် ကျင်းပပေးသော ပွဲနေ့ရက်များဖြစ်သည်။ ထိုနေ့ရက်တွင် မြင့်မြတ်သောပွဲလမ်းသဘင်ကျင်းပ၍ စင်ကြယ်သောနေ့ရက်ဖြစ်သောကြောင့် လူတို့သည် သူတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများမှ ရပ်နားကြသည်။ မြင့်မြတ်သောနေ့အဖြစ်မယူမှတ်သော နေ့ရက်များကို ဒီအဲ ဗဲကဲင်တီစ်၊ လစ်လပ်နေသောနေ့ရက်များဟု ခေါ်ကာ ထိုနေ့ရက်များ၌ လူများအလုပ်လုပ်ကြသည်” ဟူ၍ ဗြိတဲန်နစ်ကာ စွယ်စုံကျမ်းသစ်က ရှင်းပြသည်။ မျက်မှောက်ခေတ် “လစ်လပ်နေသောနေ့ရက်များ” သည်အလုပ်လုပ်သည့်နေ့ရက်များဖြစ်မည့်အစား အနားယူသောနေ့ရက်များဖြစ်နေလေသည်။

ဂျာမနီလူမျိုးများသည် အားလပ်ခွင့်ရက်များကို “တစ်နှစ်တာ၏ အကောင်းဆုံးသီတင်းပတ်များ” ဟုခေါ်ဆိုလိုကြသည်။ တစ်ဖက်တွင်မူ အလုပ်ချိုးများသည် ယနေ့ခေတ် “လစ်လပ်နေသောနေ့ရက်များ” ကိုအဓိပ္ပာယ်ရှိလုပ်ဆောင်မှုများမရှိသည့် လစ်လပ်နေမှုအမှန်ပင်ဖြစ်သည်ဟု ယူမှတ်ကြပေမည်။ သို့ရာတွင် ယင်းသည် တစ်ဖက်စွန်းကျသောအမြင်ဖြစ်ပေလိမ့်မည်။ မျှတသောအမြင်က ရံဖန်ရံခါ ပုံမှန်လုပ်ဆောင်မှုများမှရပ်နား၍ ခြားနားသောလုပ်ဆောင်မှုများကိုလုပ်ဆောင်ကာ အနားယူခြင်းကို လက်သင့်ခံပေမည်။

၁၉၉၁ ခုနှစ်၊ ဥရောပစီးပွားရေးစီမံခန့်ခွဲသူများကို စုံစမ်းစစ်ဆေးရာ၌ လူ ၁၀၀ တွင် ၇၈ ယောက်သောသူတို့က အားလပ်ခွင့်သည် “စီမံခန့်ခွဲများသူအား ပင်ပန်းနွမ်းနယ်စေခြင်းမှ အကာအကွယ်ပေးရန် အလွန်လိုအပ်ပေသည်” ဟုဆိုကြခြင်းက အားလပ်ခွင့်ကို အကောင်းမြင်ခြင်းအား ထောက်ခံမှုဖြစ်စေလေသည်။ လေးပုံသုံးပုံသောသူများက အားလပ်ခွင့်သည် လုပ်ငန်းကို တိုးတက်စေသည်ဟု ယူဆကြပြီး သုံးပုံနှစ်ပုံကျော်တို့က အားလပ်ခွင့်သည် ဖန်တီးနိုင်စွမ်းကို မြင့်မားစေသည်ဟု ယူဆကြသည်။ ပို၍စိတ်ဝင်စားဖွယ်မှာ အမျိုးသမီး ၆၄ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၁ ရာခိုင်နှုန်းတို့သည် “မှန်မှန်အားလပ်ခွင့်မယူပါက ကျွန်ုပ်တို့ဦးနှောက်ပျက်သွားလိမ့်မည်” ဟူသည့် ဖော်ပြချက်နှင့် သဘောတူညီကြခြင်းပင်ဖြစ်သည်။

ခရီးသွားလာခြင်းကိုယ်နှိုက်က ပညာရရှိစေ

ဆယ့်ခုနစ်ရာစုမှ အင်္ဂလိပ်ဆေးပညာရှင်နှင့် စာရေးဆရာဖြစ်သော သောမတ်စ် ဖူလ်လာက “ခရီးများများ သွားလာသူသည် များများသိရှိရသည်” ဟူ၍ရေးသားခဲ့သည်။ ခရီးသွားလာခြင်းက အခြားဒေသများမှ လူများနှင့်အကျွမ်းဝင်စေပြီး ထိုသူတို့၏ဓလေ့များနှင့် သူတို့၏အသက်ရှင်နေထိုင်ပုံတို့အကြောင်းကို သိရှိနားလည်စေသည်။ ကျွန်ုပ်တို့နိုင်ငံများထက် လူနေမှုနိမ့်ကျသောနိုင်ငံများသို့ ခရီးသွားလာခြင်းက ကျွန်ုပ်တို့ရရှိထားရာများအတွက် ကျေးဇူးသိတတ်ရန် သင်ကြားပေးနိုင်ပြီး ကျွန်ုပ်တို့လောက် ဘဝအကြောင်းမလှသောလူများအတွက် စာနာသနားစိတ်ကို ဖြစ်ပေါ်စေနိုင်သည်။

ကျွန်ုပ်တို့ကသာ ခွင့်ပြုမည်ဆိုလျှင် ခရီးသွားလာခြင်းက အထင်အမြင်လွဲမှားမှုကို တည့်မတ်ပေးနိုင်ပြီး စိတ်စွန်းကွက်မှုကို ပပျောက်စေနိုင်မည်။ ယင်းက အနည်းဆုံး ဘာသာစကားအသစ်တစ်ခုအား ကိုယ်တိုင်သင်ယူရန်၊ ကျွန်ုပ်တို့ကို အရသာတွေ့စေသည့် ဟင်းလျာများကို မြည်းစမ်းရန် သို့မဟုတ် ကျွန်ုပ်တို့၏မိသားစုဓာတ်ပုံအယ်​လ​ဘမ်၊ ဆလိုက်ပုံနှင့် ဗီဒီယိုတိုက်တို့ကို ဘုရားသခင်၏ဖန်ဆင်းခြင်း အလှအပများနှင့် ပို၍စွဲဆောင်မှုရှိစေရန် ပြုနိုင်မည်ဖြစ်သည်။

ပို၍အကျိုးနပ်မှုရှိစေရန် ခရီးသွားလာရုံထက်မက ကျွန်ုပ်တို့လုပ်ဆောင်ရမည်ဖြစ်သည်။ အများစုမှ မိမိတို့၏နိုင်ငံသားချင်းများသာဖြစ်ကြသော ကမ္ဘာလှည့်ခရီးသည်ချင်းတို့နှင့်အတူ ဟိုတယ်တစ်ခုတွင်တည်းခိုရန်၊ ဟိုတယ်ပိုင်ရေကူးကန် သို့မဟုတ် ကမ်းခြေများတွင် ရေကူးရန်နှင့် မိမိအိမ်တွင်စားရသော အစားအစာများကိုသာ စားရန် ကမ္ဘာတစ်ဝက်ခရီးဆန့်ခဲ့သော ကမ္ဘာလှည့်ခရီးသည်များသည် အနည်းငယ်သာ သင်ယူတတ်သိပေလိမ့်မည်။ အချည်းနှီးပါတကား! သတင်းအရ၊ ခရီးသွားလာသူအများစုသည် သူတို့သွားရောက်လည်ပတ်ကြသော နိုင်ငံများနှင့် ထိုတွင်ရှိ လူများကို အလေးအနက်ထား စိတ်ဝင်စားမှုရှိရန် ပျက်ကွက်ကြသည်မှာ ထင်ရှားလှပေသည်။

သင့်လျော်သောပြင်ဆင်မှု

၁၈ ရာစုမှ အင်္ဂလိပ်စာစီစာကုံးနှင့် ကဗျာရေးသူ၊ စဲမ်မီရာ ဂျွန်ဆင်က ခရီးသွားလာသူတစ်ဦးသည် “အိမ်အပြန်၌ အသိပညာရလျက်ပြန်လာလိုပါက သူ၌ အသိပညာရှိရမည်” ဟုပြောဆိုခဲ့လေသည်။ ထိုကြောင့် သင်၌ ခရီးသွားလာရန် အခွင့်အခါများရှိခဲ့ပါက သင့်ခရီးစဉ်အတွက် ပြင်ဆင်မှုပြုပါလေ။ သင်မသွားရောက်မီ သင်ဦးတည်သွားရောက်လိုရာအရပ်နှင့်ပတ်သက်၍ လေ့လာပါ။ သင်ကြည့်ရှုလိုသည့်အရာများအတွက် အစီအစဉ်ဆွဲကာ သင်လုပ်ဆောင်လိုသည့်အရာများအတွက် ဆုံးဖြတ်ချက်များချပါ။ ထို့နောက် ယင်းနှင့်အညီ ပြင်ဆင်ပါ။ ဥပမာ၊ သဲသောင်ပြင်ပေါ်၌ အပျင်းပြေလှမ်းလျှောက်လိုလျှင် သို့မဟုတ် တောင်တန်းများပေါ်၌ ခြေကျင်သွားလာလိုလျှင် သင့်လျော်သောရှူးဖိနပ်များနှင့် အဝတ်အစားများကို ယူဆောင်သွားပါ။

အစီအစဉ် များလွန်းစေခြင်းဖြင့် နေ့စဉ်အသက်တာ ဖိစီးမှုများကို သင့်အားလပ်ချိန်သို့ မရွှေ့ပြောင်းလိုက်ပါနှင့်။ မျှော်လင့်မထားသောအရာများကို လုပ်ဆောင်ရန်အတွက် ကြိုတင်စီစဉ်မထားသောအချိန်မြောက်မြားစွာကို ချန်ထားပါ။ အားလပ်ခွင့်ယူခြင်း၏အကျိုးကျေးဇူးတစ်ခုမှာ တင်းကျပ်သောအစီအစဉ်ဇယား၏ဖိအားမရှိဘဲ စဉ်းစားဆင်ခြင်ရန်အချိန်ရရှိခြင်း၊ အချိန်လု၍အသက်ရှင်နေရသော ဖိစီးမှုနှင့် ကန့်သတ်မှုတို့မှ လွတ်မြောက်မှုခံစားရခြင်းတို့ဖြစ်သည်။

ကောင်းကျိုးဖြစ်ထွန်းစေသော အားလပ်ခွင့်ယူခြင်းတွင် ကြိုးကြိုးစားစားအလုပ်လုပ်ခြင်းပင်ပါဝင်နိုင်သည်။ ခြားနားသောအရာတစ်ခုကို လုပ်ဆောင်ခြင်းသည် များသောအားဖြင့် အကျိုးနပ်သောအားလပ်ခွင့်ယူခြင်း၏သော့ချက်ဖြစ်တတ်သည်။ ဥပမာ၊ အားလပ်ရက်ယူ၍ စေတနာ့ဝန်ထမ်းခြင်းဟုခေါ်သော အမေရိကန်ရှိ အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုသည် စေတနာ့ဝန်ထမ်းများကို ပြည်သူပိုင်ပန်းခြံများ သို့မဟုတ် သစ်တောများကို ထိန်းသိမ်းခြင်းဖြင့် အားလပ်ခွင့်ကိုအသုံးပြုရန် စီစဉ်ပေးသည်။ စေတနာ့ဝန်ထမ်းတစ်ဦးက သူအလွန်ကြိုးစားလုပ်ဆောင်သော်လည်း ယင်း၌ ပျော်မွေ့သောကြောင့် နောက်တစ်နှစ်တွင် ထိုအတွေ့အကြုံမျိုးကိုရယူရန် ဆုံးဖြတ်ထားကြောင်း ပြောပြသည်။

ယေဟောဝါသက်သေများသည် အားလပ်ခွင့်ကို ခရစ်ယာန်စည်းဝေးကြီးများအတွက် သို့မဟုတ် သူတို့၏လူထုရှေ့ဓမ္မအမှုကို ပိုမိုလုပ်ဆောင်ရန်အတွက် ခရီးသွားလာဖို့ အသုံးပြုတတ်ကြသည်။ အချို့တို့က အားလပ်ခွင့်များကို သူတို့၏သက်ဆိုင်ရာနိုင်ငံများရှိ ယေဟောဝါသက်သေများ၏ဌာနချုပ် သို့မဟုတ် ဌာနခွဲအဆောက်အအုံများတွင် အလုပ်လုပ်ကြကာ တွေ့ ကြုံရသည်များ၌ မွေ့လျော်တတ်လေ့ရှိကြသည်။ ယင်းနောက် အဆိုပါသူတို့ထဲမှ များစွာတို့က ထိုအခွင့်အရေးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း စာရေးကြလေသည်။

မှန်ပေသည်၊ အားလပ်ခွင့်သည် နှစ်သက်ဖွယ်အကောင်းဆုံး၊ တစ်နှစ်တာ၏ အကောင်းဆုံးသီတင်းပတ်ပင်ဖြစ်နိုင်ပေသည်။ ယင်းရောက်ရှိလာမည့်အချိန်တိုင် နေ့ရက်များကို ကလေးများရေတွက်နေတတ်သည်မှ အံ့ဩစရာမဟုတ်ပါလေ! သို့ရာတွင် သင်ကာကွယ်ထိန်းသိမ်းရမည့်အရာများလည်း ရှိပေသည်။ နောက်ဆောင်းပါးက ရှင်းပြပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ