ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၉/၈ စာ. ၅-၇
  • သင်ကာကွယ်စောင့်ထိန်းသင့်သည့်အရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်ကာကွယ်စောင့်ထိန်းသင့်သည့်အရာ
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တန်ဖိုးရှိရာများကို ကာကွယ်ပါ
  • မတော်တဆမှုများကို ရှောင်ကြဉ်ခြင်း
  • ကျန်းမာစွာနေပါ
  • နောင်တရဝမ်းနည်းခြင်းမရှိဘဲ အားလပ်ခွင့်၌ ပျော်မွေ့လော့!
    နိုးလော့!—၁၉၉၇
  • အားလပ်ခွင့်ယူရန် သင်အသင့်ဖြစ်ပြီလော
    နိုးလော့!—၁၉၉၇
  • နွေချိန်ခါ သက်သေခံရန် အခွင့်အရေးများ ရှာယူ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • နွေရာသီအတွင်း သီအိုကရက်တစ် လုပ်ငန်းများကိုအဆက်မပြတ် လုပ်ဆောင်လေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နိုးလော့!—၁၉၉၇
န၉၇ ၉/၈ စာ. ၅-၇

သင်ကာကွယ်စောင့်ထိန်းသင့်သည့်အရာ

သတင်းစာဆရာ လဲန်းစ် မောရိုးက “အားလပ်ခွင့်ယူခြင်း၏ အထူးပေါ်လွင်ထင်ရှားသော ရည်ရွယ်ချက်မှာ အပြောင်းအလဲဖြစ်စေရန်၊ အားလပ်ချိန်ယူရန်၊ ခေတ္တရပ်နားရန်တို့အတွက်ဖြစ်သည်” ဟုရေးသားခဲ့သည်။ သို့ရာတွင် အချို့တို့သည် သူတို့၏အားလပ်ခွင့်မှပြန်လာကြသောအခါ အလွန်မှပင်ပန်းနွမ်းနယ်လှသောကြောင့် “နောက်တစ်ခါ ဘယ်တော့မှမယူတော့ဘူး” ဟုပြောဆိုကြသည်။

သို့ရာတွင် အားလပ်ခွင့်ယူရန်အကြံအစည်ကို မေ့ပစ်လိုက်မည့်အစား ဖြစ်နိုင်ဖွယ်ရှိသော အန္တရာယ်များကို ကြိုတင်သုံးသပ်ပြီး ၎င်းတို့ကိုရှောင်ကြဉ်ရန် လုပ်ဆောင်ခြင်းက ပညာရှိရာကျပေလိမ့်မည်။

တန်ဖိုးရှိရာများကို ကာကွယ်ပါ

အားလပ်ခွင့်ယူပြီး ပြန်ရောက်လာကြသူအများတို့သည် သူတို့မရှိစဉ်၌ အိမ်ဖောက်ထွင်းခြင်းခံထားရကြောင်း တွေ့ရှိကြရသည်။ ထိုကြောင့် အားလပ်ခွင့်ဖြင့် မထွက်ခွာမီ မိတ်ဆွေများ သို့မဟုတ် အိမ်နီးချင်းများကို မိမိတို့အိမ်အား မှန်မှန်စစ်ဆေးပေးရန် မှာကြားပါ။ သူတို့သည် တစ်ခါတစ်ရံ ထိုတွင်နေထိုင်ခြင်းဖြင့်ပင် သင်မရှိကြောင်းကို သိပ်မပေါ်လွင်ဘဲ ဖြစ်စေနိုင်သည်။ နေ့စဉ် သတင်းစာများကို သိမ်းပေးရန်နှင့် စာတိုက်ပုံးကိုရှင်းပေးရန် သူတို့ကို မှာကြားပါ။ အကြောင်းမှာ သတင်းစာများပုံနေခြင်း သို့မဟုတ် စာတိုက်ပုံးမှ မသိမ်းဆည်းထားသောစာများဖြင့် ထင်ထင်ရှားရှားပင် ပြည့်သိပ်နေခြင်းထက် အဘယ်အရာကမျှ သင်မရှိကြောင်းကို ကြော်ငြာပေးလိမ့်မည်မဟုတ်သောကြောင့်ဖြစ်သည်။

သင်အားလပ်ခွင့်ယူရာ နေရာတွင်လည်း တန်ဖိုးရှိရာများကို ကာကွယ်ဖို့လိုသည်။ အချို့နိုင်ငံများတွင် နိုင်ငံခြားသားများကို ချမ်းသာသည်ဟု ထင်မှတ်ကြပြီး ကမ္ဘာလှည့်ခရီးသည်တိုင်းသည် လုယက်ခံရဖွယ်အကြောင်းရှိသော သားကောင်များဖြစ်ကြရရှာသည်။ ထို့ကြောင့် အပိုပိုက်ဆံနှင့် တန်ဖိုးကြီးစာရွက်စာတမ်းများကို တည်းခိုခန်း၌ လုံခြုံစွာထားခြင်း သို့မဟုတ် စိတ်ချရမည့်အခြားနေရာတစ်နေရာ၌ ချန်ထားခြင်းသည် အကျင့်ကောင်းတစ်ရပ်ဖြစ်ပေမည်။ သူစိမ်းဖြစ်သူများကို သတိထားကာ အကြင်နာကင်းမဲ့ခြင်းမျိုးလည်း မဖြစ်စေပါနှင့်။

နှစ်စဉ်ပင် အမေရိကန်၊ ဖလော်ရီဒါရှိ မီယာမီမြို့သည် သန်းပေါင်းများစွာသော နိုင်ငံခြားနှင့် ပြည်တွင်းမှ အားလပ်ခွင့်ယူသူများကို လက်ခံသည်။ ရာဇဝတ်မှုသည် အဆိုပါခရီးသွားဒေသတွင် ပို၍ထူထပ်သည်။ ၁၉၉၂ ခုနှစ်တွင် “ဖလော်ရီဒါတစ်ခုတည်း၌ နိုင်ငံခြားနှင့် ပြည်တွင်းမှဖြစ်သော ဧည့်သည် ၃၆,၇၆၆ တို့သည် အသတ်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ လုယက်ခံရခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် သားကောင်များ ဖြစ်ကြရရှာသည်” ဟု တိုင်းမ်မဂ္ဂဇင်းက သတင်းပို့သည်။

အားလပ်ခွင့်ယူချိန်များ၌ ခါးပိုက်နှိုက်များကို အထူးသဖြင့် သတိပြုပါ။ အမျိုးသားများသည် သူတို့၏ပိုက်ဆံအိတ်ကို အပေါ်အင်္ကျီ၏အတွင်းအိတ်ကပ် သို့မဟုတ် ဘောင်းဘီတို၏ရှေ့အိတ်ကပ်ကဲ့သို့သော ထင်သာမြင်သာမရှိဘဲ လုံခြုံသည့်နေရာ၌ ထားသင့်သည်။ အတွေ့အကြုံရှိသော ခရီးသွားလာသူများသည် ပိုက်ဆံများကို သူတို့၏ကိုယ်ပေါ်တွင် ကျွမ်းကျင်လိမ္မာစွာ ဝှက်ထားလေ့ရှိသည်။ ဥပမာ၊ အချို့သောသူတို့သည် သူတို့၏ပိုက်ဆံများ၊ နိုင်ငံကူးလက်မှတ်များနှင့် ပြည်ဝင်ခွင့်ဗီဇာများကို သေးငယ်ပြားချပ်သော အိတ်ထဲတွင်ထည့်၍ လည်ပင်းတွင်ချိတ်ကာ အင်္ကျီအောက်ထဲ၌ ထည့်ထားကြသည်။ အမျိုးသမီးများသည် စက်ဘီး သို့မဟုတ် မော်တော်စကူတာစီးသူများက လျော့ရဲရဲကိုင်ထားသော အိတ်ကို သူတို့လက်ထဲမှ ရုတ်တရက်ဆွဲလုသွားမည်စိုးသောကြောင့် သတိထားသင့်သည်။

ရာဇဝတ်သားများသည် ကမ္ဘာလှည့်ခရီးသည်များကို လုယက်ရန် နည်းလမ်းသစ်များ အမြဲရှာကြံနေတတ်သည်။ ခရီးရှည်သွားသော အမြန်ရထားများပေါ်တွင် ဥရောပနိုင်ငံများ၌ဆိုလျှင် ညအိပ်ခရီးသည်များသည် ညအချိန်၌လုယက်ခံရကြသည်။ ပစ္စည်းများကို မွှေနှောက်စဉ်၌ အခန်းရှင်များမနိုးရန် သေချာစေဖို့ အခန်းတွင်းသို့ အိပ်ငွေ့များလွှတ်ကောင်းလွှတ်ကြမည်။ သည်ယူရိုပီယံ၏အဆိုအရ တစ်ကြိမ်၌ “သူခိုးများသည် ငွေသားချည်း ဒေါ်လာ ၈၄၅,၀၀၀ ကျော်နှင့် ခိုးရာပါပစ္စည်းများဖြင့် အေးဆေးစွာပင် ရထားပေါ်မှထွက်ခွာသွားကြသည်ဟု ယူမှတ်ပါသည်။”

မတော်တဆမှုများကို ရှောင်ကြဉ်ခြင်း

“ဖြစ်လေ့ဖြစ်ထရှိတဲ့မတော်တဆမှုပြဿနာတွေအတွက် ကျွန်တော့်ရဲ့တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ အိပ်ရာထဲမှာ တစ်နေလုံးအိပ်နေခြင်းပါပဲ” ဟုဟာသစာရေးဆရာ ရောဘတ်ထ် ဘက်ချီလီက ဆိုသည်။ သို့သော် သူက “အဲဒါတောင်မှ အောက်ပြုတ်ကျဖို့အလားအလာရှိပါသေးတယ်” ဟု ထပ်ဖြည့်စွက်လိုက်သေးသည်။ ဆိုလိုရင်းအချက်မှာ မတော်တဆမှုသည် နေရာတကာ၌ ဖြစ်တတ်သည်ဟူသည့်အချက်ပင်! ထို့ကြောင့် အားလပ်ခွင့်ယူချိန်၌ မတော်တဆမှုဖြစ်မည်ကို ကြောက်ရွံ့ ခြင်းက သင့်ကို အိမ်ထဲတွင်အောင်းနေစေလောက်အောင် ခြောက်လန့်မှုဖြစ်စရာမလိုပါ။ သို့သော် အားလပ်ခွင့်ယူစဉ်၌ အထူးသတိထားရမည့်အကြောင်းများရှိပေသည်။

အားလပ်ခွင့်ယူ၍သွားချိန်များ၌ လမ်းပန်းဆက်သွယ်ရေးအခြေအနေသည် စိတ်မချရဘဲဖြစ်တတ်သည်။ ထိုကဲ့သို့သောအချိန်များ၌ မိုင် ၅၀ မျှ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေတတ်ခြင်းသည် ဂျာမန်လူမျိုးများအတွက် ကျင့်သားရလာကြပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်းက ဤသို့ဖော်ပြသည်– “ဥရောပတစ်ခွင်တွင် လွန်ခဲ့သောသီတင်းပတ်က သန်းပေါင်းများစွာသော မိသားစုများ ရိုးရာဆိုင်ရာ ဩဂုတ်လအားလပ်ရက်ကို စတင်ယူခဲ့ကြပြီး အသီးသီးတို့သည် ထိတ်လန့်တုန်လှုပ်၍ အားအင်ကုန်ခန်းဖွယ်အချိန်များနှင့် ကြုံကြိုက်ခဲ့ရသည်။ . . . ပါရီမှလွဲ၍ အဓိကအဝေးပြေးလမ်းမ အားလုံးနီးပါးသည် အသွားအလာတန့်သွားသည့်အထိ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ . . . ဇူလိုင် ၂၈ နှင့် ဩဂုတ် ၁ အတွင်း အဝေးပြေးလမ်းမ၌ဖြစ်ပွားသော ယာဉ်တိုက်မှုကြောင့် လူပေါင်း ၁၀၂ ဦး သေဆုံးခဲ့ရသည်။” ထို့ကြောင့် ရပ်လိုက်၊ သွားလိုက်လုပ်ခြင်းအားဖြင့် စိတ်ကျဉ်းကျပ်ခြင်းကို ဖြေဖျောက်ရန် ပညာရှိစွာ ခဏရပ်နားမှုကို ပြုပါ။

သည်ယူရိုပီယံက ယာဉ်မောင်းများအား “ခရီးစဉ်ကို တနင်္ဂနွေနေ့အထိ ရွှေ့ဆိုင်းထားပါ—သို့မဟုတ် ညအချိန်တွင် ခရီးသွားပါ” ဟုအကြံတစ်ရပ် တင်ပြလေသည်။ သို့သော်လည်း အားလပ်ခွင့်ယူသူအများစုသည် “တစ်ချိန်တည်း၌ပင် ခွင့်ယူနေကြဆဲဖြစ်” ကြောင်း၎င်းက ဝန်ခံသည်။ အကျိုးရလဒ်ကား အဘယ်နည်း။ ဥရောပတွင် လမ်းပိတ်ဆို့ခြင်းပင်ဖြစ်လေသည်။ လမ်းများတွင် သိပ်ကျပ်တည်းခြင်းမရှိမီ ခရီးသွားလာခြင်းသည် ပညာရှိရာကျသော်လည်း ညအချိန်၌ ခရီးသွားလာခြင်းသည် အန္တရာယ်ရှိနိုင်ကြောင်း သတိမမူဘဲမနေပါနှင့်။ လူအများသည် ညအချိန်၌ ကောင်းစွာမမြင်ရကြသောကြောင့် မတော်တဆဖြစ်နိုင်သည့်အခွင့်အလမ်းမှာ ပို၍တိုးလာစရာအကြောင်းရှိပေသည်။ နံနက်စောစောသည် ခရီးသွားလာရန် အသင့်တော်ဆုံးအချိန်ဖြစ်ပေလိမ့်မည်။

အားလပ်ခွင့်ယူ၍ သွားသောနေရာသို့ရောက်ရှိပြီးနောက် မတော်တဆမှုဖြစ်နိုင်ချေရှိသည့် အခြားအရာများကို လျစ်လျူရှုမထားပါနှင့်။ သင့်ကြွက်သားများကို နှစ်၏အချိန်အများစု၌ အနားပေးခဲ့ပါက သင့်တော်သောသတ်မှတ်မှုမရှိဘဲ အတင်းလုပ်ဆောင်ခိုင်းလျှင် ၎င်းတို့ ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် သင့်ကိုယ်ခန္ဓာ အထိအခိုက်လွယ်လွန်းသော ပထမနေ့ရက်များ၌ အားကစားလှုပ်ရှားမှုကို ကန့်သတ်ထားပါလေ။

ကျန်းမာစွာနေပါ

သာ၍ကျန်းမာပျော်ရွှင်မှုအတွက် နှစ် ၂,၀၀၀ တွင် နေ့စဉ်ကျန်းမာရေးစာအုပ်အရ “ခရီးသွားများ ပင်လယ်ရပ်ခြားခရီးသွားရာ၌ အများဆုံးကြုံတွေ့ရသော ကျန်းမာရေးပြဿနာမှာ အဓိကအားဖြင့် အစားအစာ၊ ရေနှင့် ကူးစက်ရောဂါအချို့တို့ပေါ်တွင်မူတည်သည်။” ခရီးသွားကိုယ်စားလှယ်များက အဆိုပါပြဿနာများကို မည်သို့ရှောင်ရှားနိုင်ကြောင်း အကြံပြုမည်ဖြစ်ပြီး ၎င်းအကြံဉာဏ်များကို လိုက်နာခြင်းသည် တန်ဖိုးရှိသည်။

ဒေသများစွာတို့၌ ရေပိုက်ခေါင်းမှလာသောရေများကို မသောက်မိရန် အရေးကြီးသည်။ ထို့ပြင် ရေခဲတုံးများသည် ထိုကဲ့သို့သောရေများမှ လုပ်ထားခြင်းဖြစ်နိုင်သည်ကို မမေ့ပါနှင့်။ သင်ကိုယ်တိုင်မလုပ်နိုင်ပါက အရွက်များသော ဟင်းသီးဟင်းရွက်များ၊ စားမြိန်ရည်များ၊ အဆီအနှစ်များသောဟင်းလျာများ၊ မကျက်သေးသော သို့မဟုတ် အသားစိမ်းများ၊ အခွံပါသော ပင်လယ်သတ္တဝါများနှင့် လတ်ဆတ်သောအသီးများကို သင်ကိုယ်တိုင်မနွှာနိုင်လျှင် မစားခြင်းသည်လည်း ပညာရှိရာကျပေလိမ့်မည်။ အပူပိုင်းဒေသများတွင် လတ်ဆတ်သောနို့များကို မသောက်သုံးမီ ကျိုချက်သင့်သည်။

ပေါ့ပေါ့ပါးပါးဝတ်ဆင်ကြသော အားလပ်ခွင့်ယူသူများကို အဓိကအန္တရာယ်ဖြစ်စေသောဇာစ်မြစ်မှာ နေဖြစ်ပြီး လေထုအတွင်း၌ အိုဇုန်းလွှာယိုယွင်းပျက်စီးမှုကြောင့် အန္တရာယ်ဖြစ်မှုမှာ မကြာမီနှစ်များက အကြီးအကျယ်တိုးမြင့်လာသည်။ အရေပြားကင်ဆာတွင် အသက်အန္တရာယ်အရှိဆုံးသော ဆိုးရွားလှသည့်မြင်းမည်းကင်ဆာရောဂါသစ်၏အရေအတွက်သည် အမေရိကန်၌ ၁၉၈၀ မှ ၁၉၉၃ အတွင်း နှစ်ဆဖြစ်လာသည်။ “ဝတ်! လိမ်း! ဆောင်း!” (ရှပ်အင်္ကျီ အမြန်ဝတ်၊ နေလောင်ကာကွယ်ဆေးကို လိမ်း၊ ဦးထုပ် အမြန်ဆောင်း) ဟူသော ဆောင်ပုဒ်ကို ဩစတြေးလျ၌ တီရှပ်များပေါ်တွင် ခြယ်သထားကြသည်။ သို့သော် လုံခြုံမှုအတုအယောင်နောက်ပါမသွားပါနှင့်။ နေလောင်ကာကွယ်ဆေးများသည် စိတ်ချနိုင်သည့်အရာမဟုတ်ပါ။

အချိန်ဇုန်အတော်များများကို ဖြတ်သန်းသွားရသော လေကြောင်းခရီးသည် အချိန်ကြောင်ခြင်းကို ဖြစ်စေနိုင်သည်။ ရောဂါတစ်ခုမဟုတ်သော်လည်း အချိန်ကြောင်ခြင်းသည် အထူးသဖြင့် ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ပါက လူတစ်ဦး၏ကာယရေးကောင်းကျိုးချမ်းသာကို က​မောက်​က​မဖြစ်စေနိုင်သည်။ အချိန် ရှစ်နာရီမျှကွာခြားသော လန်ဒန်မှ ဆန်ဖရန်စစ္စကိုအကြား လေကြောင်းဖြင့်သွားလာသူများကို လေ့လာကြည့်ရာ “ကိုယ်ကာယပြုပြင်ပြောင်းလဲမှုအတွက် . . . ခုနစ်ရက်မှ ဆယ်ရက်ထက်မ​နည်း လိုအပ်” ကြောင်း တွေ့ရှိရလေသည်။ ကိုယ်ခန္ဓာစက်ဟူသော စာအုပ်ကလည်း အချိန်ဇုန်အတော်များများကို လျင်မြန်စွာဖြတ်သန်းသွားလာရသည့် အချို့ခရီးသွားများသည် “မသေချာမရေရာဖြစ်ခြင်း၊ ချီတုံချတုံဖြစ်ခြင်းနှင့် အမှားနှစ်ဆပြုလုပ်မိခြင်းတို့ ဖြစ်တတ်သည်။ အာရုံစူးစိုက်နိုင်စွမ်းနှင့် မှတ်ဉာဏ်ကိုလည်း ထိခိုက်မှုရှိစေသည်။”a

ထို့အပြင် ဂျက်လေယာဉ်ဖြင့် ခရီးသွားခြင်းသည် တိုက်ကြီးတစ်တိုက်မှ အခြားတစ်တိုက်သို့ နာရီပိုင်းအတွင်း ရောဂါပျံ့နှံ့ရန် ပို၍လွယ်ကူစေသည်။ ဂျာမန်သတင်းစာ နာဆအီရှီ နိုင်အီ ပရီစာက ဤသို့သတိပြုဖော်ပြသည်– “ဆရာဝန်များသည် အားလပ်ခွင့်ယူသူများက အာဖရိက၊ အာရှ သို့မဟုတ် တောင်အမေရိကမှ ယူဆောင်လာကြသည့် ငှက်ဖျားရောဂါနှင့် အသည်းရောင်ရောဂါကဲ့သို့သော ‘တိုင်းတစ်ပါးမှဖြစ်သည့်’ ရောဂါများနှင့်ပတ်သက်၍ အထူးသဖြင့် စိုးရိမ်ကြသည်။ နှစ်စဉ်ပင် ဂျာမန်လူမျိုး ၂,၀၀၀ ခန့်တို့သည် ငှက်ဖျားရောဂါများပါလျက် အိမ်သို့ပြန်လာကြသည်။” ၁၉၉၄ ခုနှစ်က အိန္ဒိယ၌ ဆင်ထွက်ပလိပ်ရောဂါမွှေနှောက်၍ သေမှုဖြစ်ပွားခဲ့ပြီးနောက် အခြားနိုင်ငံသို့ကူးစက်ပျံ့နှံ့ခြင်းမရှိစေရန် တင်းကျပ်သောတားဆီးမှုများ ချမှတ်ခဲ့လေသည်။

နာတာရှည်ရောဂါရှိသူများအပြင် ကိုယ်ဝန်ဆောင်မိန်းမများသည် ခရီးသွားလာစဉ်၌ ကြိုတင်ကာကွယ်မှုများပြုသင့်ပေသည်။ ကိစ္စရပ်အများ၌ ထိုကဲ့သို့သောသူများအား ခရီးထွက်ခြင်းကိုရှောင်ရန် တားမြစ်စရာအကြောင်းမရှိသော်လည်း သူတို့သည် မိမိတို့ဆရာဝန်များထံမှ အကြံဉာဏ်များကို ကြိုတင်ရယူသင့်သည်။ အရေးပေါ်ကိစ္စများဖြစ်ပါက အဆက်အသွယ်ပြုနိုင်မည့် မိတ်ဆွေ သို့မဟုတ် ဆွေမျိုးများ၏ နာမည်၊ လိပ်စာနှင့် တယ်လီဖုန်းနံပါတ်တို့ကို ခရီးထွက်သူတိုင်း ဆောင်ထားခြင်းသည် ပညာရှိရာကျပေသည်။

သွေးချိုမှုကို တည်ငြိမ်အောင်ထိန်းထားရန် ဆီးချိုရောဂါဆေး မှန်မှန်ထိုးဖို့လိုအပ်သောပုဂ္ဂိုလ်တစ်ဦးသည် အချိန်ဇုန်အတော်များများကို ပျက်သန်းသွားလာခြင်းက အစားအသောက်အပြင် ဆေးထိုးခြင်းနှင့်ပတ်သက်သော သူ၏စေ့စပ်သေချာစွာပြုလုပ်ထားသည့်ဇယားကို အနှောင့်အယှက်ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သတိထားရမည်။ လျော်ညီမှုရှိအောင် သူစီစဉ်ရလိမ့်မည်။ နှလုံးစည်းချက်ပေးတပ်ထားသော ခရီးသွားတစ်ဦးသည်လည်း မိမိ၏နှလုံးရောဂါအထူးကုဆရာဝန် ဖုန်းနံပါတ်ကို ဆောင်ထားကြောင်း သေချာစေသင့်သည်။

ထို့အပြင် ဆေးဝါးတစ်ခုခုကို အားထားနေရသောသူတစ်ဦးတစ်ယောက်သည် ခရီးဆောင်အိတ်ပျောက်သွားခြင်း သို့မဟုတ် အိတ်မှားပို့လိုက်ခြင်းတို့က ကပ်ကြီးဆိုက်ရောက်စေနိုင်သောကြောင့် သူနှင့်အတူသယ်ဆောင်ထားသည့်ခရီးဆောင်အိတ်ထဲတွင် ၎င်းကို ထည့်ထားလိုပေလိမ့်မည်။ ရက်အတန်ကြာ သန့်ပြန့်သောအင်္ကျီမလဲဘဲနေခြင်းသည် နှစ်သက်ဖွယ်မကောင်းပါ; နာရီပိုင်းမျှ လိုအပ်သောဆေးဝါးမသောက်ဘဲနေခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည်။

အားလပ်ခရီးထွက်ခြင်းအန္တရာယ်ကို လျှော့တွက်၍မရပါ။ သို့သော်လည်း ယင်းသည် သင့်ကို အိမ်တွင်သာနေရန် ခြောက်လန့်ခွင့်ပြုလိုက်ဖို့ လက်ခံထိုက်သော အကြောင်းကောင်းလည်း မဟုတ်ပါ။ သတိရှိဖို့သာဖြစ်သည်။ သတိရပါ– သင့်လျော်သောကြိုတင်ပြင်ဆင်မှုက ဖြစ်နိုင်ချေရှိသောအန္တရာယ်များကို တိုက်လှန်ရန် ကူညီပေးပေမည်။ “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏” ဟူသည့် ပညာရှိအကြံပြုချက်ကို လိုက်နာပါလေ။—သု. ၂၂:၃။

[အောက်ခြေမှတ်ချက်]

a အချိန်ကြောင်ခြင်းနှင့်ပတ်သက်၍ ဘာပြုလုပ်ရမည်အကြောင်းအချို့အဝက်ကို နိုးလော့! ဇွန် ၈၊ ၁၉၈၆၊ စာမျက်နှာ ၁၉-၂၁ (လိပ်) ကိုရှု။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အားလပ်ခွင့်ယူချိန်၌ သင်စားသောက်သည့်အရာများကို သတိပြုပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ