ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၉/၈ စာ. ၁၄-၁၉
  • ကျွန်တော်ဝရမ်းပြေးဖြစ်ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်တော်ဝရမ်းပြေးဖြစ်ခဲ့
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်ဝရမ်းပြေးဖြစ်ခဲ့ရပုံ
  • ဝရမ်းပြေးလုပ်ရပ်
  • ထောင်ချခံရခြင်းနှင့် ပြစ်ဒဏ်စီရင်ခံရခြင်း
  • ကျမ်းစာသမ္မာတရားကိုသင်ယူခြင်း
  • အကျဉ်းထောင်ဓမ္မဆရာထံမှဆန့်ကျင်မှု
  • အကျဉ်းထောင်အတွင်း ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု
  • အကျဉ်းထောင်တွင်နှစ်ခြင်းခံခြင်း
  • အကျဉ်းထောင်အတွင်း တပည့်ဖြစ်စေခြင်း
  • ကြီးစွာသောရွှင်လန်းရာအချိန်များ
  • တရားမျှတမှုအတွက် တစ်ခုတည်းသောမျှော်လင့်ချက်
  • ကောင်းချီးကြွယ်ဝသည့်အသက်တာ
  • “သင်တို့ကြောင့် ယေဟောဝါသက်သေတို့အပေါ်ကျွန်တော့်ထင်မြင်ချက်ပြောင်းသွားပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အချိန်အခါတိုင်း နိုင်ငံတော်မျိုးစေ့ကြဲဖြန့်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နိုးလော့!—၁၉၉၇
န၉၇ ၉/၈ စာ. ၁၄-၁၉

ကျွန်တော်ဝရမ်းပြေးဖြစ်ခဲ့

၁၉၄၇၊ မေလ ၁ ရက်နေ့၊ စစ္စလီကျွန်းမှာဖြစ်ပါတယ်။ အမျိုးသမီးနဲ့ကလေးတွေအပါအဝင် လူ ၃,၀၀၀ လောက်ဟာ နှစ်ပတ်လည်အလုပ်သမားနေ့ကို ကျင်းပဖို့အတွက် တောင်ကြားလမ်းတစ်ခုမှာ စုရုံးခဲ့ကြတယ်။ အနီးအနားကတောင်ကုန်းတွေမှာ ပုန်းကွယ်နေတဲ့ဘေးအန္တရာယ်ကို သူတို့သတိမထားမိကြပါဘူး။ နောက်ဆက်ဖြစ်ပျက်တဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ဖြစ်ရပ်ကို သင်ဖတ်ကောင်းဖတ်ဖူးမယ် ဒါမှမဟုတ် ရုပ်ရှင်မှာတောင် ကြည့်ကောင်းကြည့်ဖူးပါလိမ့်မယ်။ ၁၁ ယောက်သေဆုံးပြီး ၅၆ ယောက်ဒဏ်ရာရရှိခဲ့တဲ့ အဲဒီအစုလိုက်အပြုံလိုက်လူသတ်ပွဲကို ပေါတဲလ်လာ ဒဲလာ ဇီး​နက်စ်​ထ​ရာလူသတ်မှုလို့ ခေါ်ဆိုကြပါတယ်။

အဲဒီဖြစ်ရပ်မှာ ကျွန်တော်မပတ်သက်ခဲ့ပေမဲ့ ကျွန်တော်ဟာ အဲဒီအတွက်တာဝန်မကင်းတဲ့ ခွဲထွက်ရေးဂိုဏ်းက အဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ အဲဒီဂိုဏ်းခေါင်းဆောင်က မွန်တဲလက်ပ်ရီဆိုတဲ့ရွာမှာ ကျွန်တော်နဲ့အတူကြီးပြင်းလာတဲ့ စာလ်ဗာတိုးရီ ဂျူလီယားနိုးပဲဖြစ်တယ်။ သူကကျွန်တော်ထက် တစ်နှစ်ပဲကြီးတယ်။ ၁၉၄၂၊ ဒုတိယကမ္ဘာစစ်အတောအတွင်း ကျွန်တော့်အသက် ၁၉ နှစ်မှာ ဥပဒေအရစစ်ထဲဝင်ရတယ်။ အဲဒီနှစ်မတိုင်ခင်မှာ ကျွန်တော်ဟာ ဗီတာမိုတီဇီနဲ့ မေတ္တာမျှပြီး လက်ထပ်လိုက်တယ်။ နောက်ဆုံးမှာ ကျွန်တော်တို့သားသုံးယောက်ရလာတယ်၊ သားအကြီးဆုံးကို ၁၉၄၃ မှာမွေးဖွားခဲ့တယ်။

ကျွန်တော်ဝရမ်းပြေးဖြစ်ခဲ့ရပုံ

၁၉၄၅၊ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့နှစ်မှာ ကျွန်တော်ဟာ စစ္စလီလူမျိုးလွတ်လပ်ရေး စေတနာ့ဝန်ထမ်းတပ်ရဲ့ အနောက်ပိုင်းတပ်မ (အီးဗွီအိုင်အက်စ်) ထဲဝင်လိုက်တယ်။ အဲဒီတပ်မက စစ္စလီလွတ်လပ်ရေးလှုပ်ရှားမှု (အမ်အိုင်အက်စ်) အဖြစ်လူသိများတဲ့ ခွဲထွက်ရေးနိုင်ငံရေးပါတီက အရန်တပ်ဖြစ်တယ်။ အီးဗွီအိုင်အက်စ်နဲ့ အမ်အိုင်အက်စ်တပ်က အထက်အရာရှိတွေက ကျွန်တော်တို့တပ်မကိုကွပ်ကဲဖို့ ဝရမ်းပြေးတစ်ဦးဖြစ်နေတဲ့ စာလ်ဗာတိုးရီ ဂျူလီယားနိုးကိုခန့်အပ်ခဲ့တယ်။

စစ္စလီကျွန်းနဲ့ ကျွန်တော်တို့လူမျိုးကိုချစ်တဲ့စိတ်က ကျွန်တော်တို့နှစ်ယောက်ကို ပေါင်းစည်းစေပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့ မမျှတမှုတွေကြောင့် ဒေါသထွက်မိတယ်။ ဒါကြောင့် စစ္စလီကျွန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၉ခုမြောက်ပြည်နယ်တစ်ခုဖြစ်လာဖို့ဆိုတဲ့ ဂျူလီယားနိုးအဖွဲ့ရဲ့မူဝါဒကို ကျွန်တော်လက်ခံလိုက်တယ်။ အဲဒီမူဝါဒဟာ ဖြစ်နိုင်မယ်လို့ ယုံကြည်စရာအကြောင်းရှိပါသလား။ ရှိကိုရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ အမ်အိုင်အက်စ်အရာရှိတွေက ဝါရှင်တန်၊ ဒီ.စီ. နဲ့သူတို့ရင်းနှီးပြီး အမေရိကန်သမ္မတ ဟယ်ရီ အက်စ်. ထရူးမဲန်းကလည်း အဲလိုပူးပေါင်းစေလိုတဲ့အကြောင်း ကျွန်တော်တို့ကို အခိုင်အမာပြောဆိုကြတဲ့အတွက်ကြောင့်ပါပဲ။

ဝရမ်းပြေးလုပ်ရပ်

ကျွန်တော်တို့အဖွဲ့ရဲ့ အဓိကအလုပ်ကတော့ အထင်ကရဖြစ်တဲ့လူတွေကို ပြန်ပေးဆွဲဖို့ပဲဖြစ်တယ်။ အဲဒီနည်းနဲ့ ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ ငွေကြေးတွေရရှိတယ်။ “ကျွန်တော်တို့ရဲ့ဧည့်သည်များ” လို့ခေါ်တဲ့ အဲဒီပြန်ပေးဆွဲခံရတဲ့လူတစ်ယောက်ကိုမှ ကျွန်တော်တို့ အန္တရာယ်မပေးခဲ့ပါဘူး။ သူတို့ကိုပြန်လွှတ်လိုက်တဲ့အခါ ကျွန်တော်တို့ယူထားတဲ့ငွေကို ပြန်ပေးမယ့်ပြေစာတစ်ခုပေးလိုက်တယ်။ ကျွန်တော်တို့အနိုင်ရပြီးတဲ့နောက် အဲဒီပြေစာကိုပြပြီး သူတို့ရဲ့ငွေတွေကို ပြန်တောင်းနိုင်တဲ့အကြောင်း ပြောပြလိုက်တယ်။

ပြန်ပေးဆွဲတဲ့အမှု ၂၀ လောက်နဲ့ အမျိုးသားစစ်ပုလိပ်တပ်တစ်ခုဖြစ်တဲ့ ကာရာဘီနီယာရီစစ်တန်းလျားများကို လက်နက်ကိုင်တိုက်ခိုက်မှုမှာ ကျွန်တော်ပါဝင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်လူတစ်ယောက်ကိုမှ မသတ်ခဲ့ဘူးဆိုတာကို ဝမ်းသာစွာပြောနိုင်ပါတယ်။ ပေါတဲလ်လာ ဒဲလား ဇီးနဲစ်ထရာကျေးရွာကို တိုက်ခိုက်ရာမှာ ကျွန်တော်တို့ခွဲထွက်ရေးသမားတွေရဲ့ ဉာဏ်အမြော်အမြင်မရှိတဲ့ လုပ်ရပ်ပေါ်လာခဲ့တယ်။ အဲဒီတိုက်ခိုက်မှုမှာ ဂျူလီယားနိုးအဖွဲ့က လူဆယ့်နှစ်ယောက်နဲ့ဖွဲ့စည်းထားပြီး ကွန်မြူနစ်ပါတီက ဦးစီးညွှန်ကြားတာဖြစ်တယ်။

သာမန်လူတန်းစားတွေ—အိမ်နီးချင်းများနဲ့ အထောက်အကူပေးတဲ့သူများအပါအဝင်—ကို ကျွန်တော်တို့ တမင်တကာသတ်တာမဟုတ်ပေမဲ့ ကျွန်တော်တို့ကို ထောက်​ပံ့ထားတဲ့သူတွေနဲ့ ကျွန်တော်တို့ရဲ့အကာအကွယ်ရထားတယ်လို့ ယူမှတ်တဲ့သူတွေက သူတို့ကိုသစ္စာဖောက်တယ်လို့ ထင်မှတ်သွားကြတယ်။ အဲဒီအချိန်ကစပြီး ဝရမ်းပြေးဂျူလီယားနိုးဂိုဏ်းကို အပြင်းအထန်ရှာဖွေကြပါလေရော။ ရဲတွေကို လက်တို့အသိပေးကြတဲ့အတွက်ကြောင့် ကျွန်တော့်အပေါင်းအဖော် အတော်များများ ဖမ်းဆီးခံရတယ်။ ၁၉၅၀ ပြည့်နှစ်၊ မတ် ၁၉ ရက်မှာ ကျွန်တော်အဖမ်းခံလိုက်ရတယ်။ ပြီးတော့ အဲဒီနွေရာသီမှာပဲ ဂျူလီယားနိုးကိုယ်တိုင် အသတ်ခံလိုက်ရတယ်။

ထောင်ချခံရခြင်းနှင့် ပြစ်ဒဏ်စီရင်ခံရခြင်း

ကျွန်တော်အထိန်းသိမ်းခံနေရတဲ့ ပလဲရ်မိုးအကျဉ်းထောင်မှာ အမှုဆိုင်းငံ့ထားချိန်မှာ ကျွန်တော့်ရဲ့ငယ်ရွယ်တဲ့ဇနီး၊ သားသုံးယောက်နဲ့ ခွဲနေရတဲ့အတွက် ဝမ်းနည်းပူဆွေးရပါတယ်။ ဒါပေမဲ့ ကျွန်တော်မှန်တယ်လို့ယူဆထားတဲ့အရာအတွက် တိုက်ခိုက်လိုတဲ့ဆန္ဒက အကြီးအကျယ်စိတ်ပျက်မသွားအောင် အကာအကွယ်ပေးပါတယ်။ အချိန်တွေကုန်သွားအောင်ဆိုပြီး စာဖတ်တယ်။ ကျမ်းစာဖတ်ချင်တဲ့ ကျွန်တော့်ရဲ့ဆန္ဒကို စာအုပ်တစ်အုပ်က လှုံ့ဆော်ပေးတယ်။ အဲဒီစာအုပ်ကတော့ ၁၉ ရာစုအတောအတွင်းက နိုင်ငံရေးကိစ္စကြောင့် အကျဉ်းချခံရတဲ့ အီတလီလူမျိုးစေလ်ဗီယို ပယ်လီကိုရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပဲဖြစ်တယ်။

ပယ်လီကိုက အကျဉ်းထောင်မှာသူနဲ့အတူ အဘိဓာန်တစ်အုပ်နဲ့ ကျမ်းစာတစ်အုပ်ကို အမြဲထားတယ်လို့ ရေးသားထားတယ်။ ကျွန်တော့်မိသားစုနဲ့ကျွန်တော်ဟာ ရိုမန်ကက်သလစ်ဘာသာဝင်တွေဖြစ်ပေမဲ့ သမ္မာကျမ်းစာအကြောင်း ဘာတစ်ခုမှနားမလည်တာအမှန်ပါ။ ဒါကြောင့် ကျမ်းစာတစ်အုပ်ရဖို့ အထက်အာဏာပိုင်တွေကို တောင်းဆိုလိုက်တယ်။ အဲဒီစာအုပ်ကို ပိတ်ပင်တားမြစ်ထားတယ်လို့ပြောတယ်၊ ဒါပေမဲ့ ကျွန်တော့်ကို မဿဲ၊ မာကု၊ လုကာနဲ့ ယောဟန်ခရစ်ဝင်ကျမ်း တစ်အုပ်ပေးတယ်။ နောက်ပိုင်းကျတော့ သမ္မာကျမ်းစာတစ်အုပ်လုံးကို ကျွန်တော်ပိုင်ဆိုင်နိုင်ပြီး အဲဒီကျမ်းစာအုပ်ကို အထိမ်းအမှတ်ပစ္စည်းတစ်ခုအနေနဲ့ အခုအချိန်အထိ ကျွန်တော်အမြတ်တနိုးသိမ်းထားဆဲပါပဲ။

နောက်ဆုံး ၁၉၅၁၊ ရောမမြို့အနီးက ဗီတာဘိုမှာ ကျွန်တော့်အမှုကို စတင်စစ်ဆေးပါတယ်။ အမှုစစ်ဆေးတာ ၁၃ လကြာတယ်။ ကျွန်တော်ဟာ ထောင်ဒဏ်နှစ်သက်နဲ့ ၃၀၂ နှစ် ချမှတ်ခံရပါတယ်။ ကျွန်တော်ဟာ ထောင်ထဲကနေ အသက်ရှင်ရက်နဲ့ဘယ်တော့မှ ထွက်လာနိုင်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ကျမ်းစာသမ္မာတရားကိုသင်ယူခြင်း

ပလဲရ်မိုးမြို့ကအကျဉ်းထောင်ကို ကျွန်တော်ပြန်သွားတဲ့အခါ ဌာနစိတ်တစ်ခုမှာ တာဝန်ကျတယ်၊ ကျွန်တော်တို့အုပ်စုထဲမှာ ဂျူလီယားနိုးရဲ့ဝမ်းကွဲတစ်ယောက်ပါတယ်၊ သူလည်းပဲ အကျဉ်းသားတစ်ယောက်ဖြစ်တယ်။ သူကကျွန်တော့်ထက် သုံးနှစ်စောပြီးအဖမ်းခံရတယ်။ စောစောပိုင်းမှာ ဆွစ်ဇလန်နိုင်ငံက ယေဟောဝါသက်သေတစ်ယောက်နဲ့ ထောင်ထဲမှာသူတွေ့ဆုံခဲ့တယ်၊ သက်သေခံက အံ့သြဖွယ်ကောင်းတဲ့ သမ္မာကျမ်းစာကတိတော်တွေအကြောင်း သူ့ကိုပြောပြဖူးတယ်။ အဲဒီလူက ပလဲရ်မိုးမြို့က သက်သေခံချင်းတစ်ယောက်နဲ့အတူ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကိုဟောပြောနေတုန်း အဖမ်းခံရတာဖြစ်တယ်။ (မဿဲ ၂၄:၁၄) ဓမ္မဆရာတွေရဲ့ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် သူအဖမ်းခံရတယ်ဆိုတာ နောက်ပိုင်းမှာသိလာရတယ်။

ဥပဒေပြင်ပကလုပ်ရပ်တွေကို ကျွန်တော်လုပ်နေပေမဲ့ ဘုရားသခင်နဲ့ ချာ့ချ်သွန်သင်ချက်တွေကို ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် စိန့်လို့ခေါ်တဲ့ပုဂ္ဂိုလ်တွေကို ကြည်ညိုလေးစားခြင်းဟာ သမ္မာကျမ်းစာနဲ့မညီတဲ့အကြောင်း၊ ပညတ်တော်ဆယ်ပါးမှတစ်ပါးက ဝတ်ပြုကိုးကွယ်ရာမှာ ရုပ်ပုံအသုံးပြုခြင်းကို တားမြစ်ထားတဲ့အကြောင်းတွေကို သိလာရတဲ့အခါ ကျွန်တော်တုန်လှုပ်သွားတယ်။ (ထွက်မြောက်ရာ ၂၀:၃၊ ၄) ကျွန်တော့်အတွက် အရမ်းအဖိုးတန်တဲ့အရာဖြစ်လာတဲ့ ကင်းမျှော်စင် နဲ့ နိုးလော့!မဂ္ဂဇင်းကို နှစ်စဉ်ကြေးမှာယူလိုက်တယ်။ ကျွန်တော်ဖတ်သမျှကို နားမလည်ပေမဲ့ အဲဒါတွေကိုဖတ်လေလေ အကျဉ်းထောင်မဟုတ်ဘဲ မှောက်မှားသောဘာသာအယူနဲ့ ဝိညာဉ်ရေးအရမျက်စိကွယ်ခြင်းမှ လွတ်မြောက်ဖို့လိုတယ်လို့ ခံစားရလေလေပဲ။

ဘုရားသခင်နှစ်သက်စေဖို့က ကျွန်တော့်ရဲ့စရိုက်ဟောင်းကို ချွတ်ပယ်ဖို့နဲ့ နူးညံ့သိမ်မွေ့ပြီး ခရစ်တော်ယေရှုနဲ့ အလားတူတဲ့ ပုံသဏ္ဌာန်အသစ်ကို ဝတ်ဆင်ဖို့လိုတယ်ဆိုတာ နောက်ပိုင်းမှာ ကျွန်တော်သိလာရတယ်။ (ဧဖက် ၄:၂၀-၂၄) တဖြည်းဖြည်းနဲ့ ကျွန်တော်ပြောင်းလဲလာတယ်။ ချက်ချင်းဆိုသလို ကျွန်တော်ဟာ ထောင်သားချင်းတွေအကျိုးအတွက် စတင်လုပ်ဆောင်ပြီး ကျွန်တော်သင်ယူနေတဲ့ ကြီးမြတ်သောအရာများအကြောင်း သူတို့ကိုပြောပြဖို့ ကြိုးစားတယ်။ ဒါကြောင့် ၁၉၅၃ မှာကျွန်တော့်အတွက် ပျော်ရွှင်စရာအချိန် စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အတားအဆီးတွေနဲ့ပေါ့။

အကျဉ်းထောင်ဓမ္မဆရာထံမှဆန့်ကျင်မှု

ကင်းမျှော်စင်နဲ့ နိုးလော့!ကိုနှစ်စဉ်ကြေးယူပြီး ခြောက်လလောက်မှာ အဆက်အသွယ်ပြတ်သွားတယ်။ ကျွန်တော်လည်း ထောင်တွင်းစာအဝင်အထွက်စိစစ်ရေးမှူးကို အဲဒီကိစ္စသွားပြောပြတယ်။ အကျဉ်းထောင်ဓမ္မဆရာက စာတွေကိုဖြတ်ပစ်လိုက်တာလို့ သူပြောတယ်။

အဲဒီဓမ္မဆရာကိုတွေ့ဖို့ ကျွန်တော်တောင်းဆိုလိုက်တယ်။ ကျွန်တော်တို့ဆွေးနွေးတဲ့အချိန်အတွင်း ဝတ်ပြုကိုးကွယ်မှုမှာ ရုပ်ပုံများကိုအသုံးပြုတာနဲ့ပတ်သက်ပြီး ထွက်မြောက်ရာ ၂၀:၃၊ ၄ နဲ့ ဟေရှာယ ၄၄:၁၄-၁၇ စတဲ့ကျမ်းချက်တွေအပါအဝင် ကျမ်းစာထဲကကျွန်တော်သိသလောက် ပြလိုက်တယ်။ မဿဲ ၂၃:၈၊ ၉ မှာဖော်ပြထားတဲ့ ‘မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍ မခေါ်ဝေါ်ကြနှင့်’ ဆိုတဲ့ယေရှုရဲ့စကားကိုလည်း ဖတ်ပြလိုက်တယ်။ သူက ကျွန်တော်ဟာ အသိဉာဏ်သိပ်နည်းလို့ သမ္မာကျမ်းစာကိုနားမလည်နိုင်တာဆိုပြီး စော်စော်ကားကားပြန်ပြောတယ်။

ကျွန်တော့်စရိုက်ကို ပြောင်းလဲပြီးခါစမို့လို့ တော်သေးတယ်—မဟုတ်ရင် ကျွန်တော်ဘာလုပ်လိုက်မိမလဲမသိဘူး။ စိတ်ကိုငြိမ်ငြိမ်ထားပြီး “ဟုတ်တယ်; ကျွန်တော်အသိဉာဏ်နည်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားကလေ့လာထားပြီး ကျမ်းစာသမ္မာတရားအကြောင်း ကျွန်တော့်ကိုဘာတစ်ခုမှလည်း မသင်ပေးဘူး” လို့ဖြေလိုက်တယ်။ ဓမ္မဆရာက ယေဟောဝါသက်သေတွေရဲ့ စာပေစာတမ်းတွေရဖို့ဆိုရင် . . . [ချာ့ချ်] က နုတ်ထွက်ကြောင်း တရားရေးဝန်ကြီးဌာနမှာ တောင်းခံရလိမ့်မယ်ဆိုပြီး ပြန်ပြောတယ်။ ကျွန်တော်ချက်ချင်းတောင်းဆိုလိုက်ပေမဲ့ ခွင့်မပြုဘူး။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ဦးအဖြစ် သတ်မှတ်ခံပြီး မဂ္ဂဇင်းတွေပြန်ပြီး ရရှိနိုင်ခဲ့တယ်။ ဒါပေမဲ့ အတော့်ကိုနားပူနားဆာလုပ်ယူမှရတယ်။

အကျဉ်းထောင်အတွင်း ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု

ကျွန်တော့်ဝင်ငွေနဲ့ မိသားစုကိုငွေပို့ပေးနိုင်အောင် အကျဉ်းထောင်ညွှန်ကြားရေးမှူးကို အလုပ်တစ်ခုတောင်းထားတာ တော်တော်ကြာပါပြီ။ ကျွန်တော့်ကိုအလုပ်တစ်ခုပေးမယ်ဆိုရင် တခြားသူတွေကိုလည်း ပေးရမှာဖြစ်တဲ့အတွက် ဖြစ်နိုင်မှာမဟုတ်ဘူးဆိုပြီး သူအမြဲပြောတယ်။ ဒါပေမဲ့ ၁၉၅၅၊ ဩဂုတ် ၅ ရက်နေ့ မနက်ပိုင်းမှာ အကျဉ်းထောင်ညွှန်ကြားရေးမှူးက ကျွန်တော့်ကို သတင်းကောင်းတချို့ပေးတယ်၊ အကျဉ်းထောင်ထဲမှာ စာရေးတစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ဖြစ်တယ်။

ကျွန်တော့်အလုပ်ကြောင့် အကျဉ်းထောင်ညွှန်ကြားရေးမှူးရဲ့ လေးစားမှုကိုရလိုက်ပြီး ကျမ်းစာလေ့လာမှုအတွက် အစည်းအဝေးတွေကျင်းပဖို့ စတိုခန်းကို ရှောရှောရှူရှူသုံးခွင့်ပြုတယ်။ ၁၉၅၆ မှာ စွန့်ပစ်ထားတဲ့ဖိုင်တွဲဘီရိုတွေက သစ်သားတွေကိုအသုံးပြုပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုအဖြစ် ယူမှတ်နိုင်ဖို့အတွက် ခုံတန်းလျားတွေကိုစပ်ပါတယ်၊ ယေဟောဝါသက်သေများရဲ့ အစည်းအဝေးကျင်းပရာနေရာများကို အဲ့ဒီလိုခေါ်ကြတယ်။ အဲဒီနေရာမှာ တခြားထောင်သားချင်းတွေနဲ့ တနင်္ဂနွေနေ့တိုင်းကျွန်တော်တွေ့ဆုံပြီးကျမ်းစာဆွေးနွေးပွဲတွေမှာ အများဆုံးတက်ရောက်သူ ၂၅ ယောက်အထိရှိခဲ့ပါတယ်။

နောက်ဆုံးမှာ အကျဉ်းထောင်ဓမ္မဆရာက ကျွန်တော်အစည်းအဝေးတွေကျင်းပတာသိသွားတော့ သူအရမ်းစိတ်ဆိုးတယ်။ ရလဒ်ကတော့ ၁၉၅၇ နွေရာသီမှာ ကျွန်တော့်ကို ပလဲရ်မိုးအကျဉ်းထောင်ကနေ အယ်လ်ဘာကျွန်းပေါ်မှာရှိတဲ့ ပိုရ်တို အပ်စူရိုစာရိတ္တပြုပြင်ရေးထောင်ကို ရွှေ့ပြောင်းလိုက်တယ်။ အဲဒီနေရာဟာ ဆိုးဝါးတဲ့နာမည်ကြီးတယ်။

အကျဉ်းထောင်တွင်နှစ်ခြင်းခံခြင်း

အဲဒီကိုရောက်သွားတဲ့အခါ ကျွန်တော့်ကို ၁၈ ရက်တိုက်ပိတ်ထားတယ်။ ကျမ်းစာအုပ်ကိုတောင်ထားခွင့်မပြုဘူး။ နောက်ပိုင်းကျတော့ ကျွန်တော့်ကို . . . [ချာ့ချ်] မှနုတ်ထွက်ခွင့်ပေးဖို့ တရားရေးဝန်ကြီးဌာနကို တစ်ခါထပ်ပြီးတောင်းဆိုလိုက်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ရောမမြို့မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ဌာနခွဲရုံးကို အကူအညီတောင်းလိုက်တယ်။ ဆယ်လကြာပြီးတဲ့နောက် အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ အဖြေရလာတယ်။ ကျွန်တော်ဘာသာပြောင်းတာကို ဝန်ကြီးဌာနက အသိအမှတ်ပြုလိုက်ပြီလေ! အဲဒါက သမ္မာကျမ်းစာတစ်အုပ်၊ မဂ္ဂဇင်းတွေနဲ့ တခြားကျမ်းစာစာပေတွေကို ရနိုင်ရုံမက ယေဟောဝါသက်သေတွေရဲ့ ဓမ္မအမှုဆောင်တစ်ယောက်ရဲ့ မှန်မှန်လည်ပတ်မှုကိုပါရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ကျွန်တော့်ဆီကို အီတလီနိုင်ငံ၊ ယေဟောဝါသက်သေများရဲ့ဌာနခွဲရုံးက ဂျူဇက်ပ်ပေ ရိုမဲန်နို ဦးဆုံးအကြိမ်အလည်လာတဲ့အခါ ပြောမပြတတ်လောက်အောင် ဝမ်းသာပျော်ရွှင်မိတာပေါ့။ နောက်ဆုံးမှာ ယေဟောဝါထံဆက်ကပ်အပ်နှံခြင်းကို ရေမှာနှစ်ခြင်းခံပြီးတင်ပြနိုင်ဖို့အတွက် အကျဉ်းထောင်အရာရှိတွေရဲ့ ခွင့်ပြုချက်နဲ့ အစီအစဉ်တွေပြုလုပ်ကြတယ်။ ၁၉၅၈၊ အောက်တိုဘာ ၄ ရက်နေ့မှာ အကျဉ်းထောင်ညွှန်ကြားရေးမှူး၊ ပဲ့ပြင်ရေးတာဝန်မှူးနဲ့ တခြားအရာရှိတွေရှေ့မှာ ညီအစ်ကိုရိုမဲန်နိုက အကျဉ်းထောင်ဥယျာဉ်ကို ရေလောင်းဖို့အတွက်အသုံးပြုတဲ့ စည်ပိုင်းကြီးထဲမှာ ကျွန်တော်နဲ့တခြားအကျဉ်းသားတစ်ယောက်ကို နှစ်ခြင်းပေးခဲ့ပါတယ်။

ကင်းမျှော်စင်ကို တခြားအကျဉ်းသားတွေနဲ့အတူ အမြဲတမ်းလိုလိုလေ့လာနိုင်ခဲ့ပေမဲ့ ခရစ်တော်ရဲ့သေခြင်းကို သတိရအောက်မေ့ရာ နှစ်ပတ်လည်ပွဲတော်ကို ကျွန်တော့်အခန်းကျဉ်းကလေးထဲမှာ တစ်ယောက်ထဲကျင်းပခဲ့ရတယ်၊ အကြောင်းကတော့ အဲဒီပွဲတော်ကို နေဝင်ပြီးမှကျင်းပရတဲ့အတွက်ကြောင့်ပါပဲ။ သက်သေခံချင်းတွေနဲ့ အတူစုရုံးနေတယ်လို့မြင်ယောင်ပြီး မျက်စိပိတ်ဆုတောင်းလိုက်တယ်။

အကျဉ်းထောင်အတွင်း တပည့်ဖြစ်စေခြင်း

၁၉၆၈ မှာကျွန်တော်ဟာ ပါဇရိုဒေသမှာရှိတဲ့ ဖိုစိုးမ်ဘရိုနာအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတယ်။ အဲဒီမှာလည်း တခြားသူတွေကို ကျမ်းစာသမ္မာတရားအကြောင်းနဲ့ပတ်သက်ပြီး ပြောပြရတဲ့အခါ အကျိုးရလဒ်ကောင်းတွေရရှိခဲ့ပါတယ်။ သက်သေခံဖို့အခွင့်အလမ်းတွေ ရဖို့လွယ်ကူတဲ့လူနာခန်းမှာ ကျွန်တော်အလုပ်လုပ်ပါတယ်။ အထူးသဖြင့် ကျွန်တော်နဲ့အတူနေထိုင်သူ အေမယ်နွယ်လေ အာသာဗေလာဆိုတဲ့ အကျဉ်းထောင်သားချင်းတစ်ယောက်ရဲ့တိုးတက်မှုကိုမြင်ရတာ ဝမ်းသာစရာပါပဲ။ သင်အံမှုလုပ်ပြီး နှစ်လကြာပြီးတဲ့နောက် တမန်တော် ၁၉:၁၉ မှာပါတဲ့ဆုံးမစကားကို လက်တွေ့အသုံးချရမယ်ဆိုတာ သူနားလည်လာပြီး မှော်အတတ်ပညာနဲ့သက်ဆိုင်တဲ့ သူ့စာအုပ်ကိုဖျက်ဆီးလိုက်တယ်။ နောက်ပိုင်း အေမယ်နွယ်လေဟာ ယေဟောဝါသက်သေတစ်ဦးဖြစ်လာတယ်။

နောက်တစ်နှစ်မှာ နေပယ်လ်မြို့ရဲ့ပင်လယ်အော် တစ်ဖက်ကမ်းမှာရှိတဲ့ ပရိုချီဒါကျွန်းကအကျဉ်းထောင်ကို ပြောင်းရွှေ့ရပါတယ်။ ကျွန်တော့်ရဲ့ကောင်းမွန်တဲ့အကျင့်ကြောင့် လူနာခန်းမှာ တစ်ခါထပ်ပြီးတာဝန်ကျပြန်တယ်။ အဲဒီမှာ အာပတ်ဖြေခွင့်ရရှိထားသူ ကက်သလစ်တစ်ဦးဖြစ်တဲ့ မာရ်ယို မိုရေနိုဆိုတဲ့ အကျဉ်းသားတစ်ယောက်နဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ စာရင်းအင်းဌာနမှာ တာဝန်ရှိတဲ့ရာထူးတစ်ခုကိုလည်း သူရထားတယ်။

ညနေခင်းတစ်ခုမှာ မာရ်ယိုက ဖတ်စရာတစ်ခုခုတောင်းတာနဲ့ ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားa စာအုပ်ကို ကျွန်တော်ပေးလိုက်တယ်။ ဖတ်ရှုနေတဲ့အရာက အရေးကြီးတယ်ဆိုတာ သူချက်ချင်းသိသွားပြီး ကျမ်းစာသင်အံမှုတစ်ခု စတင်လိုက်ကြတယ်။ တစ်ရက်ကိုစီးကရက်သုံးဘူးသောက်တတ်တဲ့ မာရ်ယိုဟာ စီးကရက်ဖြတ်လိုက်တယ်။ အဲဒီအပြင် အကျဉ်းထောင်က စာရင်းအင်းအလုပ်မှာတောင် ရိုးသားရမယ်ဆိုတာ သူသဘောပေါက်လာတယ်။ သူနဲ့စေ့စပ်ထားတဲ့ အမျိုးသမီးကိုစသက်သေခံပြီး သူမလည်းကျမ်းစာသွန်သင်ချက်ကို လက်ခံလာတယ်။ နောက်ပိုင်းသိပ်မကြာခင် ထောင်ထဲမှာ သူတို့လက်ထပ်လိုက်ကြတယ်။ မာရ်ယိုရဲ့ဇနီးဟာ ၁၉၇၅၊ နေပယ်လ်မြို့မှာကျင်းပတဲ့ စည်းဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံယူခဲ့တယ်။ သူမရဲ့ခင်ပွန်းလည်း သူမနဲ့တစ်နေ့ထဲ ထောင်ထဲမှာနှစ်ခြင်းယူတယ်ဆိုတာကို ကြားတဲ့အခါ သူမအရမ်းဝမ်းသာခဲ့တာပေါ့!

ပရိုချီဒါကျွန်းမှာ ကျွန်တော့်ဆီအလည်လာကြတဲ့ သက်သေခံတွေနဲ့ အပတ်တိုင်းစကားပြောခွင့်ရတယ်။ ဧည့်ခန်းမကြီးမှာ သူတို့ကိုချက်ပြုတ်ကျွေးမွေးခွင့်လည်းပေးတယ်။ တစ်ကြိမ်ကို လူဆယ်ယောက်အထိ လာတွေ့နိုင်တယ်။ ယေဟောဝါသက်သေများရဲ့ နယ်လှည့်ကြီးကြပ်မှူးတွေ အလည်လာတဲ့အခါ ရုပ်သေအစီအစဉ်တွေကို ကျွန်တော်ပြသခွင့်ရတယ်။ တစ်ခါတုန်းကဆိုရင် သက်သေခံ ၁၄ ယောက်အလည်လာတဲ့အချိန်မှာ ကင်းမျှော်စင်သင်တန်းကို ကျွန်တော်ကိုင်ခွင့်ရခဲ့တယ်။ အထက်အာဏာပိုင်တွေက ကျွန်တော့်ကိုတော်တော်လေး ယုံကြည်လာပုံပဲ။ သတ်မှတ်ထားတဲ့နေ့တွေမှာ ညနေပိုင်းအထိ အကျဉ်းခန်းတစ်ခုကနေတစ်ခုကို သွားဟောပြောတယ်။

အကျဉ်းထောင်အမျိုးမျိုးမှာ ၂၄ နှစ်နေပြီးတဲ့နောက် ၁၉၇၄ မှာ အသနားခံလွှာတင်သွင်းဖို့ ကျွန်တော့်ကိုတိုက်တွန်းတဲ့ တရားသူကြီးက ကျွန်တော့်ဆီအလည်လာပါတယ်။ အဲလိုလုပ်မယ်ဆိုရင် ပေါတဲလ်လာ ဒဲလာ ဇီးနက်စ်ထရာလူသတ်မှုမှာ ကျွန်တော်ပါဝင်တယ်လို့ ဝန်ခံရာရောက်မယ်၊ ပြီးတော့ အဲဒီလူသတ်ပွဲမှာ ကျွန်တော်မပါဝင်ခဲ့တဲ့အတွက် အသနားခံလွှာတင်သင့်တယ်လို့ ကျွန်တော်မထင်ဘူး။

ကြီးစွာသောရွှင်လန်းရာအချိန်များ

၁၉၇၅ မှာ ထောင်အပြင်ထွက်ခွင့် ဥပဒေသစ်တစ်ရပ် ထုတ်ပြန်လိုက်တယ်။ ဒါကြောင့် နေပယ်လ်မြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေများရဲ့ စည်းဝေးကြီးကိုတက်ရောက်ဖို့ အခွင့်အရေးရရှိခဲ့တယ်၊ အဲဒီစည်းဝေးကြီးက ကျွန်တော်ပထမဦးဆုံးတက်ရတဲ့ အစည်းအဝေးဖြစ်တယ်။ အရင်ကကျွန်တော်မြင်ဖူးတာထက်ပိုများတဲ့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေနဲ့တွေ့ဆုံရတဲ့ မမေ့နိုင်တဲ့ငါးရက်တာအချိန်ကို ကျွန်တော်ပျော်မွေ့ခဲ့ရတယ်။

ကျွန်တော့်ကို အထူးပျော်ရွှင်စေတာကတော့ နှစ်တော်တော်လေးကြာပြီးတဲ့နောက် နောက်ဆုံးမှာ မိသားစုနဲ့ပြန်လည်ပေါင်းစည်းရခြင်းပါပဲ။ ကျွန်တော့်ရဲ့ဇနီး ဗီတာဟာ ကျွန်တော်အပေါ်သစ္စာရှိပြီး ကျွန်တော့်သားတွေဟာ အခုဆိုရင်အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်အရွယ်တွေရောက်နေကြပြီလေ။

အကြိမ်ပေါင်းများစွာ ထောင်ပြင်ထွက်ခွင့်ရပြီးတဲ့နောက် နောက်တစ်နှစ်မှာ—အကျဉ်းထောင်က အပြီးလွှတ်ခွင့်လျှောက်ထားဖို့ စိတ်ထဲပေါ်လာမိတယ်။ ကျွန်တော့်အကြောင်း ပြစ်မှုဆိုင်ရာခံဝန်ချုပ် တရားသူကြီးရဲ့မှတ်တမ်းမှာ ကျွန်တော့်လျှောက်ထားချက်ကို လက်ခံဖို့ထောက်ခံထားတယ်။ သူက “အခိုင်အမာပြောနိုင်သည်မှာ—ဂျူလီယားနိုးအမိန့်ကို လိုက်နာနေသော သွေးဆာနေသည့်လူငယ်များနှင့် ယှဉ်လိုက်လျှင် ယနေ့မာနီနိုသည် ခြားနားသူတစ်ဦးဖြစ်သည်၊ သူသည် လုံးဝပြောင်းလဲသွားပြီ” ဆိုပြီးရေးသားထားတယ်။

နောက်ဆုံးမှာ ပရိုချီဒါအကျဉ်းထောင် အာဏာပိုင်တွေက ကျွန်တော့်အတွက် လွတ်ငြိမ်းခွင့်တောင်းပေးကြပါတယ်။ နောက်ဆုံး လွတ်မိန့်ကျလာပြီး ၁၉၇၈၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျွန်တော်ကို အကျဉ်းထောင်ကလွှတ်ပေးလိုက်တယ်။ ၂၈ နှစ်ကျော်ကျော် အကျဉ်းကျခံရပြီးနောက် အနှောင်အဖွဲ့ကင်းတဲ့ လူတစ်ယောက်ပြန်ဖြစ်လာလို့ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း!

တရားမျှတမှုအတွက် တစ်ခုတည်းသောမျှော်လင့်ချက်

စာလ်ဗာတိုးရီ ဂျူလီယားနိုးရဲ့သြဇာအာဏာအောက်က ပြန်ပေးဆွဲသူတစ်ယောက်အနေနဲ့ ကျွန်တော်ရဲ့မိသားစုနဲ့ နိုင်ငံသားတွေအတွက် စစ်မှန်တဲ့လွတ်မြောက်မှု ဖြစ်စေမယ့်အရာအတွက် တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ လူသားတွေဘယ်လောက်ပဲ စိတ်ရင်းမှန်ရှိပါစေ ကျွန်တော်လူငယ်ဘဝတုန်းက လိုလားတောင့်တခဲ့တဲ့ တရားမျှတမှုကို ဘယ်တော့မှဖြစ်စေနိုင်မှာမဟုတ်ဘူးဆိုတာ ကျမ်းစာကနေသိလာရတယ်။ ကျွန်တော်တို့ အလွန်အမင်းလိုအပ်နေတဲ့ မမျှတခြင်းကနေ လွတ်မြောက်မှုကို ဘုရားသခင့်သားတော်ယေရှုခရစ် အစိုးရတဲ့နိုင်ငံတော်ကသာ ပေးစွမ်းနိုင်တယ်ဆိုတဲ့အသိကို ကျမ်းစာအသိပညာက ကျွန်တော့်ကိုအထောက်အကူပေးတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။—ဟေရှာယ ၉:၆၊ ၇; ဒံယေလ ၂:၄၄; မဿဲ ၆:၉၊ ၁၀; ဗျာဒိတ် ၂၁:၃၊ ၄။

အဲဒီလိုကျမ်းစာအသိပညာတွေကြောင့် ကျွန်တော့်ဥပဓိရုပ်ပြောင်းလဲသွားတာကို သတင်းစာအတော်များများက ရေးသားကြတယ်။ ဥပမာအနေနဲ့ ပါရေဇဲစေရာသတင်းစာက ပရိုချီဒါအကျဉ်းထောင်ရဲ့ ထောင်ကြပ်အဆိုကို ဒီလိုကိုးကားထားပါတယ်– “အကျဉ်းသားများအားလုံး ဖရဲန့်ခ်ကဲ့သို့ဖြစ်သွားမည်ဆိုပါက အကျဉ်းထောင်များရှိတော့မည်မဟုတ်ပေ; သူ၏အမူအကျင့်မှာ အပြစ်တင်စရာမရှိ၊ မည်သည့်အခါမျှ ခိုက်ရန်ဒေါသဖြစ်ခြင်းမရှိ၊ အနည်းငယ်မျှသော ပြစ်တင်ကြိမ်းမောင်းခြင်းကို တစ်ခါမျှမခံခဲ့ရပေ။” တခြားသတင်းစာတစ်စောင်ဖြစ်တဲ့ အာဗေနီရဲက “သူသည် သာမန်ထက်ထူးခြားပြီး စံနမူနာကောင်းသော အကျဉ်းသားတစ်ဦးဖြစ်သည်။ သူ၏အကျင့်စာရိတ္တတိုးတက်မှုမှာ မျှော်လင့်ထားသည်များထက် သာလွန်သည်။ သူသည် လူမှုအဖွဲ့အစည်းများနှင့် အကျဉ်းထောင်အရာရှိများကို ရိုသေလေးစား၍ ဝိညာဉ်ရေးရာတွင် အတိုင်းထက်အလွန်ကောင်းမွန်သည်” ဆိုပြီးရေးသားထားတယ်။

ကောင်းချီးကြွယ်ဝသည့်အသက်တာ

၁၉၈၄ ကတည်းက ယေဟောဝါသက်သေများရဲ့ အသင်းတော်တစ်ခုမှာ အကြီးအကဲတစ်ဦးအဖြစ်နဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်လို့ခေါ်တဲ့ ရှေ့ဆောင်တစ်ဦးအဖြစ် ကျွန်တော်အမှုထမ်းခဲ့တယ်။ ၁၉၉၀ မှာ၊ အစောပိုင်း ၁၅ နှစ်လောက်က သမ္မာကျမ်းစာအသိပညာကို ကျွန်တော်ဝေမျှပေးခဲ့တဲ့ အကျဉ်းထောင်အစောင့်တစ်ယောက်က သူနဲ့ သူ့မိသားစုအားလုံး ယေဟောဝါသက်သေတွေဖြစ်လာကြပြီဆိုတဲ့အကြောင်း ကျွန်တော့်ကိုဖုန်းဆက်ပြောပြတယ်။

ဒါပေမဲ့ ကျွန်တော့်အတွက် အပျော်ဆုံးအဖြစ်အပျက်တစ်ခုက ၁၉၉၅၊ ဇူလိုင်လမှာရောက်ရှိလာပါတယ်။ အဲဒီနှစ်မှာ ကျွန်တော့်ရဲ့ချစ်လှစွာသောဇနီးဗီတာရဲ့ နှစ်ခြင်းမင်္ဂလာအခါသမယကို တက်ရောက်ကြည့်ရှုရတဲ့အတွက် အရမ်းကိုပျော်ရွှင်ခဲ့ရတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ သူမဟာ ကျမ်းစာသွန်သင်ချက်တွေကို သူမကိုယ်ပိုင်ဖြစ်စေခဲ့တယ်။ အခုအချိန်မှာ ကျွန်တော့်သားသုံးယောက်ဟာ ကျွန်တော့်ယုံကြည်ချက်ကို လက်မခံကြပေမဲ့ တစ်နေ့ကျရင် သူတို့လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကနေ ကျွန်တော်သိရှိလာတဲ့အရာတွေကို လက်ခံကောင်းလက်ခံလာပါလိမ့်မယ်။

ကျမ်းစာသမ္မာတရားကို တခြားသူတွေသိလာအောင်ကူညီပေးရတဲ့ ကျွန်တော်ရဲ့တွေ့ကြုံမှုတွေက ဘာနဲ့မှနှိုင်းလို့မရတဲ့ကျေနပ်ရောင့်ရဲမှုကို ရရှိစေတယ်။ ထာဝရအသက်ရစေတဲ့ အသိပညာကိုပိုင်ဆိုင်ပြီး အဲဒီအသိပညာကို စိတ်နှလုံးရိုးဖြောင့်တဲ့သူတွေကို ဝေမျှနိုင်ခြင်းဟာ အကျိုးကြီးမားလိုက်လေခြင်း!—ယောဟန် ၁၇:၃။—ဖရဲန့်ခ် မာနီနိုပြောပြသည်။

[အောက်ခြေမှတ်ချက်]

a မြန်မာ၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည်။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

လူသတ်မှုဖြစ်ပျက်ခဲ့သော စစ္စလီကျွန်းပေါ်မှ တောင်ကြားလမ်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၄၂၊ ကျွန်တော်တို့လက်ထပ်စဉ်က

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကျမ်းစာသမ္မာတရားကို အကျဉ်းထောင်အစောင့်များအား ကျွန်တော်မကြာခဏဝေမျှခဲ့

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ကျွန်တော့်ဇနီးနှင့်အတူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ