“သင်တို့ကြောင့် ယေဟောဝါသက်သေတို့အပေါ်ကျွန်တော့်ထင်မြင်ချက်ပြောင်းသွားပြီ”
ယင်းကား ကျွန်တော်တို့၏ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ထုတ်မဂ္ဂဇင်းတွင်တင်ပြထားသည့် ယေဟောဝါသက်သေတို့၏လုပ်ငန်းဆိုင်ရာဆောင်းပါးကို ပိုလန်အကျဉ်းဦးစီးအရာရှိတစ်ဦး တုံ့ပြန်လိုက်ပုံဖြစ်သည်။ “နှလုံးခိုင်မာသူများတုံ့ပြန်ချိန်ဝယ်” ဆောင်းပါးတွင် ယေဟောဝါသက်သေတို့က ပိုလန်နိုင်ငံ ဗော့ဝူဖ်မြို့ရှိအကျဉ်းသားများအတွက် လုပ်ဆောင်ခဲ့ကြသည့်အောင်မြင်မှုကို မှတ်တမ်းတင်ထားသည်။
အထက်ဖော်ပြပါ ကင်းမျှော်စင်မဂ္ဂဇင်းကို လူထုသို့မထုတ်ဝေမီ အကျဉ်းသားများအတွက် ယင်းကိုပေးရန် အထူးအစည်းအဝေးကို ဗော့ဝူဖ်စံပြအကျဉ်းထောင်၌ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် စီစဉ်ခဲ့သည်။ တက်ရောက်ရန်ဖိတ်ခေါ်ခံရသူများထဲတွင် ဒေသခံသက်သေခံများ၊ နှစ်ခြင်းခံပြီးသားအကျဉ်းသားများ၊ စိတ်ဝင်စားသောအခြားအကျဉ်းသားများနှင့် စံပြထောင်အရာရှိအချို့ပါဝင်သည်။ တက်ရောက်လာသူများ၏ရှုမြင်သုံးသပ်ချက်အချို့ကို အောက်တွင်ဖော်ပြလိုက်သည်။
ထောင်ထဲတွင်နှစ်ခြင်းခံခဲ့သည်မှာ ငါးနှစ်ကျော်ကြာပြီဖြစ်သော သက်သေခံတစ်ဦးဖြစ်သူ ယာဇီက ဤသို့ဆိုသည်– “ကျွန်တော်တို့ကို အကူအညီပေးဖို့ အနီးအနားမှာရှိတဲ့အသင်းတော်များက ညီအစ်ကိုတွေ ဘယ်လောက်ကြိုးစားအားထုတ်ခဲ့ကြရတယ်ဆိုတာကို ဒီနေ့ဖတ်လိုက်ရတာ အရမ်းပျော်တယ်ဗျာ။” သူကဤသို့ဖြည့်စွက်သည်– “ကိုယ့်ကိုယ်ကိုတိုးတက်အောင် အပြင်းအထန်ကြိုးစားနေပြီး ယေဟောဝါ ကျွန်တော့်ကို ဘယ်လိုပုံသွင်းခဲ့တယ်ဆိုတာ တွေ့ရပါပြီ။”
နောက်အကျဉ်းသားတစ်ဦးဖြစ်သော ချီစ်ဝါဖ်က အကျဉ်းထောင်ထဲတွင် သက်သေခံခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး ဤသို့ဆိုသည်– “လက်ရှိရာဇဝတ်သားလေးဦးဟာ နှစ်ခြင်းခံဖို့ပြင်ဆင်နေကြပါတယ်၊ စိတ်ဝင်စားခါစလူသစ်များဟာ ကျွန်တော်တို့ခန်းမမှာ အစည်းအဝေးတွေကိုဆက်တက်နေကြပါတယ်။ ဒီဆောင်းပါးဟာ ကျွန်တော်တို့ရဲ့လယ်ကွင်းမှာရှေ့ဆက်လှုပ်ရှားဖို့ ကျွန်တော်တို့အတွက် အားပါတဲ့လှုံ့ဆော်ပေးချက်တစ်ခုပါပဲ။” ချီစ်ဝါဖ်သည် အကျဉ်းထောင်ထဲတွင် ကျခံရန် ၁၉ နှစ်ကျန်သေးသည်ကိုထည့်တွက်လျှင် တကယ့်အကောင်းမြင်စိတ်ထားပင်!
ဗော့ဝူဖ်စံပြထောင်နှင့်ပတ်သက်သည့် ထိုဆောင်းပါးကိုဖတ်ပြီးနောက် အကျဉ်းဦးစီးအရာရှိတစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော်တို့ အထူးဂုဏ်တင်ခံခဲ့ရတယ်။ ဒီစံပြထောင်ဟာ ကမ္ဘာ့ဘာသာစကားပေါင်း ၁၃၀ နဲ့ ကောင်းသတင်းကျော်သွားလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မထင်ခဲ့ဖူးဘူး။ ခင်ဗျားတို့ကို ကျွန်တော်သိပ်ကြိုက်တယ်၊ ရာဇဝတ်သားတွေရဲ့အကျိုးအတွက် ခင်ဗျားတို့ရဲ့ကြိုးစားအားထုတ်မှုကို အထူးကျေးဇူးတင်တယ်ဗျာ။” နောက်အရာရှိတစ်ဦးက ဤသို့ထပ်၍ဖြည့်စွက်သည်– ”သင်တို့ကြောင့် ယေဟောဝါသက်သေတွေအပေါ် ကျွန်တော့်ထင်မြင်ချက်ပြောင်းသွားပြီ။ နဂိုတုန်းက ခင်ဗျားတို့ကို ဘာသာရေးတစ်ယူသန်တွေလို့ မြင်ခဲ့တယ်၊ ခုတော့ ခင်ဗျားတို့ဟာ ကိုယ်ကျင့်တရားရှိသူတွေဖြစ်တယ်ဆိုတာ ကျွန်တော်တွေ့မြင်ရပါပြီ။”
ဗော့ဝူဖ်အကျဉ်းထောင်၏ဒါရိုက်တာဖြစ်သူ မာရက်ခ် ဂျီယိုစ်က ပြုံးလျက်ဤသို့ဆိုသည်– “ခင်ဗျားတို့သိပ်အောင်မြင်မှာမဟုတ်ပါဘူးလို့ အစတုန်းက ကျွန်တော်တို့ထင်မိတယ်။ ရာဇဝတ်သားတွေကို ကျမ်းစာနဲ့ပြုပြင်ပေးလိုစိတ်ပြင်းထန်တဲ့နောက်ထပ်ဘာသာရေးအဖွဲ့တစ်ခုလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့စစချင်းလုပ်ဆောင်မှုရဲ့ရလဒ်တွေကို တွေ့မြင်လိုက်ရတော့ အတူတူပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ခင်ဗျားတို့ ဒီကို မမောမပန်းလာနေကြတာ ခုဆို ကိုးနှစ်ရှိသွားပြီး ဒီလောက်အထိ ခင်ဗျားတို့လုပ်ခဲ့တာကို သိပ်ကျေးဇူးတင်တယ်ဗျာ။”
သို့သော် ဗော့ဝူဖ်ရှိ အကျဉ်းသားအများစုက ထိုဆောင်းပါးကို မည်သို့သဘောထားခဲ့ကြသနည်း။ အကျဉ်းထောင်ရှိသက်သေခံများသည် သူတို့တွင်ရှိသောမဂ္ဂဇင်းကုန်သွားသည်အထိ အကျဉ်းသားများက အလွန်စိတ်ဝင်စားကြောင်း တင်ပြခဲ့ကြသည်။ အကျဉ်းဦးစီးအရာရှိများကလည်း သူတို့အတွက် အစောင် ၄၀ ပိုတောင်းခြင်းဖြင့် စိတ်ဝင်စားကြောင်းပြခဲ့ကြသည်။ မဂ္ဂဇင်းထပ်မှာသည်ကို ဖြည့်စွက်ပေးရန် ဒေသခံအသင်းတော်များသည် အကျဉ်းထောင်ရှိညီအစ်များအတွက် အစောင် ၁၀၀ စုဆောင်း၍ ထပ်ပို့ပေးခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အကျဉ်းထောင်ထဲတွင် အစည်းအဝေးတက်ရောက်သူအရေအတွက် တိုးလာလေသည်။
ယေဟောဝါသက်သေတို့ကို ဝိုင်းဝန်းကူညီပေးခဲ့သော အကျဉ်းဦးစီးအရာရှိတစ်ဦးဖြစ်သူ ပွိုင့်တာဟော့ဒန်က ဤသို့ဆိုသည်– “ဒီဆောင်းပါးကို ကျွန်တော်တို့ရဲ့စံပြထောင်က မှန်ဘီဒိုအားလုံးထဲမှာ ပြသထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သင်တို့နဲ့ကျမ်းစာမသင်သေးတဲ့အကျဉ်းသားအားလုံး အဲ့ဒီမဂ္ဂဇင်းကို ဖတ်ကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။”
သက်သေခံတို့၏ပုံသက်သေကောင်းနှင့် သူတို့၏ဇွဲနပဲနှင့်ကြိုးစားဟောပြောမှုတို့ကြောင့် ရလဒ်ကောင်းများ ဆက်၍ပေါ်ထွက်နေပါသည်။ နှစ်ခြင်းခံနိုင်သည့်အဆင့်အထိ တိုးတက်ခဲ့သော အကျဉ်းသား ၁၅ ဦးအပြင် အကျဉ်းဦးစီးအရာရှိနှစ်ဦးတို့သည် သူတို့၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံခဲ့ကြပြီး နောက်အကျဉ်းဦးစီးအရာရှိတစ်ဦးက ကျမ်းစာသင်ပေးဖို့တောင်းဆိုထားသည်။ ဗော့ဝူဖ်အကျဉ်းထောင်တွင် ဟောပြောခွင့်ရခဲ့ကြသည့် ညီအစ်ကိုများက သူတို့၏အောင်မြင်မှုအရပ်ရပ်မှာ ယေဟောဝါဘုရားသခင်ကြောင့်ဖြစ်ကြောင်း အမှန်တကယ်ဂုဏ်တင်ချီးမွမ်းခဲ့ကြသည်။—၁ ကောရိန္သု ၃:၆၊ ၇ နှိုင်းယှဉ်။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
သက်သေခံသုံးဦးနှင့်အကျဉ်းသားတစ်ဦးတို့ အကျဉ်းထောင်ခန်းမမဂ္ဂဇင်းတင်ဆက်သည့်နေရာတွင်ရှိနေ