ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
အချိန်အခါတိုင်း နိုင်ငံတော်မျိုးစေ့ကြဲဖြန့်ခြင်း
ဘုရားသခင့် နှုတ်ကပါဌ်တော် သမ္မာကျမ်းစာက လုံ့လဝီရိယရှိဖို့ တိုက်တွန်းသည်။ ဘုရင်ရှောလမုန်က ဤသို့ပြောသည်– “နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်။”—ဒေသနာ ၁၁:၆။
ယေဟောဝါသက်သေတို့သည် သင့်လျော်သောအချိန်အခါတိုင်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းအားဖြင့် “မျိုးစေ့” ကိုကြဲဖြန့်ကြသည်။ နိုင်ငံပေါင်း ၂၃၀ ကျော်နှင့် ကျွန်းစုများပေါ်တွင် ဆက်၍ “ယေရှုသည် ခရစ်တော်မှန်ကြောင်း နေ့စဉ်မပြတ်သွန်သင် ဟောပြောလျက် နေကြ၏။” (တမန်တော် ၅:၄၂၊ သမ) ယေဟောဝါသက်သေတို့သည် ဟောပြောခြင်းလုပ်ငန်းတွင် ‘လက်မလျော့’ ကြပုံကို အောက်ပါတွေ့ ကြုံမှုက ဖော်ပြသည်။
◻ ကိပ်ဗာဒေးသမ္မတနိုင်ငံ၌ ယေဟောဝါသက်သေတစ်ယောက်သည် လယ်ကွင်းလုပ်ငန်းတွင် ပါဝင်နေစဉ် ထောင်ဘေးနားမှ ဖြတ်လျှောက်သွားသည်။ ထောင်ဝင်းအတွင်း၌ အချို့ထောင်သားများသည် သစ်ပင်ပေါ်တွင် ထိုင်နေကြသည်။ အောက်တွင် ဖြတ်လျှောက်သွားသော သက်သေခံကိုတွေ့သောအခါ ထောင်သားများသည် မဂ္ဂဇင်းများကို အော်ဟစ်တောင်းဆိုကြသည်။ သက်သေခံသည် ကင်းမျှော်စင် နှင့် နိုးလော့! များစွာကို ကျောက်ခဲနှင့်ချည်ပြီး ထောင်နံရံအပေါ်သို့ ပစ်သွင်းပေးသည်။ ဤအစပြုစိတ်ဝင်စားမှုကြောင့် ကျမ်းစာသင်အံမှု ၁၂ ခုစတင်ကျင်းပခဲ့သည်။ ထောင်သားများထဲမှ သုံးဦးတို့သည် မိမိတို့၏ဘဝကို ဘုရားသခင်အား ဆက်ကပ်အပ်နှံပြီးကြောင်း ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် တင်ပြကြသည်။ ယခုအခါ ထိုသုံးဦးထဲမှ တစ်ဦးသည် အချိန်ပြည့်ဧဝံဂေလိဟောပြောသူ သို့မဟုတ် ရှေ့ဆောင်တစ်ဦးအဖြစ် အမှုထမ်းဆောင်နေသည်မှာ တစ်နှစ်ကျော်ပြီ။ သို့တစေ သူတို့သည် ထောင်ထဲတွင် လယ်ကွင်းလုပ်ငန်းတော် လှုပ်ရှားမှုကို မည်သို့လုပ်ဆောင်ကြသနည်း။ ဦးစွာ ထောင်ကို ရပ်ကွက်များအဖြစ်သို့ ခွဲခြားလိုက်ကြသည်။ ထို့နောက် သက်သေခံသုံးယောက်သည် ရပ်ကွက်များကို ခွဲဝေကြပြီး တစ်ခန်းပြီးတစ်ခန်း အမှုဆောင်ထွက်ကြသည်။ ထိုဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများသည် ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ လုပ်ဆောင်သည့်နည်းလမ်းအတိုင်း စိတ်ဝင်စားသူများထံ—ပြန်လည်ပတ်မှုပြုလုပ်ခြင်းဖြင့် ပြန်သွားကြသည်။ သို့သော်လည်း ခြားနားချက်တစ်ခုမှာ ကျမ်းစာသင်အံမှုကျင်းပသည့် အကြိမ်အရေအတွက်ဖြစ်သည်။ ကျမ်းစာသင်အံမှုကို တစ်ပတ် သို့မဟုတ် နှစ်ပတ်တွင် တစ်နာရီ သို့မဟုတ် ထိုထက်မက ပြုလုပ်ကြမည့်အစား အချို့ထောင်သားများသည် နေ့တိုင်းသင်ကြသည်! ထို့အပြင် သက်သေခံများကို အကျဉ်းထောင်အထွေထွေညွှန်ကြားရေးမှူးသည် ထောင်အတွင်း၌ အသင်းတော်အစည်းအဝေးအားလုံး ကျင်းပနိုင်ဖို့ခွင့်ပြုသည်။
◻ ပေါ်တူဂီနိုင်ငံရှိ အမျိုးသမီးတစ်ဦးသည် သူမ၏အဘွားသေဆုံးပြီးနောက် ကင်းမျှော်စင်စာအုပ်စာတမ်းများစွာကို အမွေရခဲ့သည်။ သူမသည် ယေဟောဝါသက်သေတစ်ယောက်မဖြစ်ခင်က စာအုပ်များကို သိမ်းထားရန် လုံးဝစိတ်မဝင်စားခဲ့ချေ။ သို့ပင်ငြားလည်း ထိုစာအုပ်များကို မဖျက်ဆီးချင်ပေ။ တစ်နေ့သောအခါ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုဖြင့် သူမထံရောက်ရှိလာသော ယေဟောဝါသက်သေတစ်ဦးကို စာကြည့်တိုက်အကြောင်း ပြောပြသည်။ သက်သေခံသည် သူမအား စာကြည့်တိုက်၏စစ်မှန်သောတန်ဖိုးကို သဘောပေါက် မပေါက်မေးမြန်းခဲ့သည်။ “အမှန်တကယ်ပြောရရင် စာအုပ်တွေရဲ့ စစ်မှန်တဲ့တန်ဖိုးကို ကျွန်မ မသိပါဘူး၊ ဒါပေမဲ့ ကျွန်မဘယ်လိုတွေ့ ရှိနိုင်မလဲ” ဟုအမျိုးသမီးက ပြန်ပြောသည်။ ကျမ်းစာသင်အံမှု လက်ခံလိုက်ပြီး မကြာခင်တွင် အဘွား၏စာကြည့်တိုက်မှ ဘဏ္ဍာကို တွေ့ ရှိခဲ့သည်။ ယခုအခါ သူမလည်း နှစ်ခြင်းခံပြီးသော ယေဟောဝါသက်သေတစ်ယောက်ဖြစ်နေပြီ။ ထို့အပြင် သူမ၏သမီး၊ မိသားစုနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးတို့သည်လည်း ကျမ်းစာသင်နေကြသည်။ ဤစာအုပ်ပုံကြီးသည် တန်ဖိုးရှိသောအမွေဖြစ်ကြောင်း ထင်ရှားပါသည်တကား!