ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁၀/၈ စာ. ၃
  • ကမ္ဘာချီကျေးရွာ ဖြစ်သော်လည်း ကွဲပြားနေဆဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာချီကျေးရွာ ဖြစ်သော်လည်း ကွဲပြားနေဆဲ
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူများ တစ်ဦးနှင့်တစ်ဦးထိတွေ့လာကြ
  • လူတို့ အဘယ်ကြောင့် ဆက်သဘောကွဲလွဲနေ
  • ပေါင်းကူးပေးရန် အတားအဆီးများ ဖြိုဖျက်ခြင်း
    နိုးလော့!—၁၉၉၇
  • ဆက်သွယ်မှုကို တားဆီးသောတံတိုင်းများ
    နိုးလော့!—၁၉၉၇
  • နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေဘုရားသခင်သင့်အားကြိုဆို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • “ခေတ္တတည်းခိုသူများ” စစ်မှန်တဲ့ဝတ်ပြုရေးမှာ တစည်းတလုံးရှိကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၁၀/၈ စာ. ၃

ကမ္ဘာချီကျေးရွာ ဖြစ်သော်လည်း ကွဲပြားနေဆဲ

နိုင်ဂျီးရီးယားမှ နိုးလော့! သတင်းထောက် ပေးပို့သည်

ပါးစပ်မရှိသောကြောင့် မစားမသောက်နိုင်သော လူမျိုးတစ်မျိုးနှင့်ပတ်သက်သည့် ပုံပြင်များကို သင်ကြားဖူးပါသလော။ သူတို့သည် အနံ့ခံခြင်း၊ များသောအားဖြင့် ပန်းသီးအနံ့ကိုရှူခြင်းဖြင့် အသက်ဆက်ခဲ့ကြသည်ဟူ၏။ မကောင်းသည့်အနံ့ကမူ သူတို့ကို သေစေလိမ့်မည်ဖြစ်သည်။

ရွှေကုန်သွယ်ကြသော အနောက်အာဖရိကလူမျိုးတစ်မျိုး၏ ပုံပြင်များလည်း ရှိသေးသည်။ ထိုအချိန်ရှိ ပေါ်တူဂီသင်္ဘောကက်ပ​တိန်တစ်ဦးက ဤသို့ဖော်ပြသည်– “[မာလီ] နိုင်ငံ၏တစ်ဖက် မိုင်နှစ်ရာတွင် ခွေး၏ခေါင်းနှင့်သွားများရှိပြီး ခွေးကဲ့သို့ အမြီးရှိသော ပြည်သားများနေသည့် နိုင်ငံတစ်နိုင်ငံရှိသည်။ သူတို့သည် အခြားလူများကို မတွေ့လိုကြသဖြင့် အပြန်အလှန်စကားစမြည် မပြောဆိုဘဲနေကြသော လူမည်းများဖြစ်သည်။” ၎င်းတို့မှာ ခရီးသွားလာ စူးစမ်းရှာဖွေရေးခေတ်မတိုင်မီ နှစ်ပေါင်းများစွာက ခံယူထားကြသော ထူးဆန်းသည့် ယူဆချက်များဖြစ်ပါသည်။

လူများ တစ်ဦးနှင့်တစ်ဦးထိတွေ့လာကြ

အဆိုပါပုံပြင်များကို အမှန်အကန်အဖြစ် နှစ်ရာစုပေါင်းများစွာထိတိုင် ခံယူထားခဲ့ကြသည်။ သို့သော် စူးစမ်းရှာဖွေသူများသည် ကမ္ဘာမြေကြီးကို စူးစမ်းကြရာတွင် ပါးစပ်မရှိသော ပန်းသီးနံ့ခံသူများကိုဖြစ်စေ၊ ခွေးခေါင်းရှိလူများကိုဖြစ်စေ မတွေ့ မြင်ခဲ့ကြပါ။ ယနေ့ ကျွန်ုပ်တို့၏နယ်နိမိတ်တစ်ဖက်စွန်းတွင် နေထိုင်ကြသူများနှင့်ပတ်သက်၍ လျှို့ဝှက်နက်နဲရာ မရှိသလောက်ဖြစ်သည်။ ဤကမ္ဘာလောကသည် ကမ္ဘာချီကျေးရွာကြီးတစ်ရွာ ဖြစ်လာလေပြီ။ ရုပ်မြင်သံကြားက တိုင်းတစ်ပါးနယ်မြေဒေသများနှင့် လူများကို ကျွန်ုပ်တို့၏ဧည့်ခန်းထဲသို့ ရောက်လာစေခဲ့ပြီ။ လေကြောင်းခရီးက ထိုနယ်မြေများသို့ နာရီပိုင်းအတွင်း သွားရောက်လည်ပတ်နိုင်စေသည်; သန်းပေါင်းများစွာသောလူတို့သည်လည်း နှစ်စဉ် ထိုသို့သွားရောက်လည်ပတ်နေကြပါသည်။ အခြားသူများမှာမူ စီးပွားရေးနှင့် နိုင်ငံရေးအကြောင်းရင်းများအတွက် လှည့်လည်လျက်ရှိကြသည်။ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ အစီရင်ခံချက်က ဤသို့ဖော်ပြသည်– “သမိုင်းတွင် ပိုမိုများပြားစွာသော၊ ဆက်လက်၍တိုးပွားရန် သေချာသော အတိုင်းအတာဖြင့် ကမ္ဘာတစ်ဝန်းရှိ လူများသည် သာ၍ကောင်းသောအသက်တာကို ရှာဖွေဖို့ရန် မိမိတို့နေရင်းဇာတိမှ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြပါသည်။” သန်း ၁၀၀ ခန့်သောလူတို့သည် မိမိမွေးရပ်နိုင်ငံတွင်မဟုတ်ဘဲ အခြားနေရာဒေသတွင် သွားရောက်နေထိုင်ကြသည်။

တိုင်းနိုင်ငံများစပ်ကြား စီးပွားရေးအပြန်အလှန်မှီခိုမှု တိုးများသည်ထက်တိုးများလာနေပါသည်။ ကမ္ဘာ့ဆက်သွယ်ရေးကွန်ရက်သည် ဧရာမဗဟိုနဗ်ကြောအဖွဲ့ ကြီးတစ်ခုပမာ လူမျိုးအသီးသီးကို ချိတ်ဆက်ထားလေပြီ။ အတွေးအခေါ်၊ အချက်အလက်များနှင့် စက်မှုပညာတို့ကို အပြန်အလှန်ဖလှယ်ယူကြရာ ယဉ်ကျေးမှုအသီးသီး ရောပြွမ်းပေါင်းစပ် လိုက်လျောညီထွေဖြစ်လာလေပြီ။ ကမ္ဘာအရပ်ရပ်ရှိ လူသားတို့၏ ဝတ်စားဆင်ယင်မှုသည် တစ်ချိန်တစ်ခါနှင့်မျှမတူ ပိုမိုဆင်တူယိုးမှားဖြစ်နေသည်။ ကမ္ဘာ့မြို့ကြီးပြကြီးများ၏ ရဲအဖွဲ့၊ ဇိမ်ခံဟိုတယ်၊ ယာဉ်သွားယာဉ်လာစနစ်၊ ဈေးဆိုင်၊ ဘဏ်၊ ဝန်းကျင်ညစ်ညမ်းမှု အစရှိသည်တို့သည်လည်း အတူတူပင်ဖြစ်သည်။ သို့ ဖြင့် ကမ္ဘာသူကမ္ဘာသားတို့သည် ကူးလူးဆက်သွယ်မှုပြုကြစဉ် ထွန်းသစ်စကမ္ဘာ့ယဉ်ကျေးမှုဟု အချို့ခေါ်ဆိုသည့်အဖြစ်မျိုးကို ကျွန်ုပ်တို့တွေ့ မြင်နေကြရ၏။

လူတို့ အဘယ်ကြောင့် ဆက်သဘောကွဲလွဲနေ

လူတို့နှင့် လူ့ယဉ်ကျေးမှုများ ရောယှက်နေကြသည်မှန်သော်လည်း လူတိုင်းက တစ်ဦးကိုတစ်ဦး ညီအစ်ကိုများအဖြစ် သဘောမထားကြကြောင်း ထင်ရှားပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ကျော်က “လူတိုင်း တိုင်းတစ်ပါးသားကို ချက်ချင်းအပြစ်တင်တတ်ကြသည်” ဟုဂရိပြဇာတ်ဆရာတစ်ဦး ရေးသားခဲ့၏။ ဝမ်းနည်းစရာမှာ ယနေ့လည်း ထိုနည်းထပ်တူပင်ဖြစ်နေသည်။ ဝေးဝေးကြည့်စရာမလိုပါ။ တစ်ယူသန်မှု၊ နိုင်ငံခြားသားများကို မုန်းတီးမှု၊ “လူမျိုးစုသန့်စင်မှု၊” လူမျိုးရေးပဋိပက္ခဖြစ်မှု၊ ဘာသာရေးဆူပူအုံကြွမှု၊ တိုင်းသူပြည်သားတို့ကို သိမ်းရုံးသတ်ဖြတ်မှုများနှင့် လူသတ်ကွင်းများ၊ ဗလက္ကာရပြုတပ်စခန်းများ၊ နှိပ်စက်ညှဉ်းဆဲခြင်း သို့မဟုတ် လူမျိုးတစ်မျိုးပြုတ်သည့်တိုင် သတ်ဖြတ်ခြင်းအကြောင်းများကို သတင်းစာက သက်သေထူသည်။

လူမျိုးစုပဋိပက္ခဖြစ်မှုများကို ကျွန်ုပ်တို့အများစုအနေနှင့် အဘယ်နည်းဖြင့်မျှ မတားဆီးနိုင်၊ မပြုပြင်ပေးနိုင်ကြပါ။ ယင်းတို့ကို ကိုယ်တိုင်ပင် ခံချင်မှခံကြရမည်။ သို့ရာတွင် ကျွန်ုပ်တို့အများစုအတွက် ပြဿနာများဖြစ်ပေါ်လာရခြင်းသည် ကျွန်ုပ်တို့နှင့်ထိတွေ့လာသော တိုင်းတစ်ပါးသားအိမ်နီးချင်း၊ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် ကျောင်းနေဖက်တို့နှင့် ဆက်သွယ်မှုကင်းမဲ့ခြင်းကြောင့်ဖြစ်ပါသည်။

လူမျိုးစုကွာခြားသူတို့သည် တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချရ၊ တန်ဖိုးထားရ ခဲယဉ်းလေ့ရှိသည်မှာ အံ့ဩစရာမဖြစ်ပေလော။ အမှန်မှာ ကျွန်ုပ်တို့၏ကမ္ဘာသည် အလွန်ကွဲပြားခြားနားပြီး မကုန်နိုင်မခန်းနိုင်သောအမျိုးအမည်များပြားသည့် ဂြိုလ်တစ်လုံးဖြစ်သည်။ ကျွန်ုပ်တို့အများစုသည် စားဖွယ်သောက်ဖွယ်၊ တေးသံနှင့် အဆင်းအရောင် ဒုနှင့်ဒေးအပြင် သစ်ပင်ဝါးပင်၊ ကျေးငှက်များနှင့် တိရစ္ဆာန်ပေါင်းစုံတို့ကို တန်ဖိုးထားတတ်ကြပါသည်။ သို့သော် အမျိုးမျိုးအဖုံဖုံကို တန်ဖိုးထားတတ်သော ကျွန်ုပ်တို့၏စိတ်ထားသည် တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့နည်းတူ မစဉ်းစား၊ မလုပ်ကိုင်တတ်ကြသူများအပေါ် ကူးစက်သွားလေ့မရှိပါ။

လူအသီးသီးတို့၏ ကွဲပြားခြားနားမှုမှ အပြုသဘောပါလက္ခဏာများကို ထောက်ရှုမည့်အစား ခြားနားချက်များကို အာရုံပြုပြီး ယင်းတို့ကြောင့် အငြင်းပွားစရာ ဖြစ်စေကြသည်။ ထိုသို့အဘယ်ကြောင့် ဖြစ်ပျက်နေရသနည်း။ ကျွန်ုပ်တို့နှင့်ယဉ်ကျေးမှုမတူသော လူမျိုးတို့ထံ ကမ်းလှမ်းပြီး ဆက်သွယ်မှုပြုခြင်းမှ အဘယ်အကျိုးကျေးဇူးရရှိနိုင်သနည်း။ ဆက်သွယ်မှုပြုရန် အတားအဆီးများကိုဖြိုပြီး ယင်းတို့အစား တံတားများကို မည်သို့ခင်းကြမည်နည်း။ ၎င်းမေးခွန်းတို့ကို နောက်ဆောင်းပါးများက ကြိုးစားဖြေဆိုပေးပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ