ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁၁/၈ စာ. ၄-၇
  • နာမ်ဝိညာဉ်ဘုံတွင် မည်သူရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နာမ်ဝိညာဉ်ဘုံတွင် မည်သူရှိသနည်း
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၊ အဆုံးမရှိတန်ခိုးရှင်ဘုရားသခင်
  • ကောင်းကင်တမန်များ၊ ဘုရားသခင်၏ တန်ခိုးရှိဓမ္မအမှုတော်ဆောင်များ
  • ဘုရားသခင်နှင့် လူသားတို့၏ရန်သူများဖြစ်သော စာတန်နှင့် နတ်ဆိုးများ
  • ဘိုးဘေးများ မည်သည့်နေရာတွင်ရှိသနည်း
  • မြေမှုန့်သို့ ပြန်သွားခြင်း
  • နာမ်ဝိညာဉ်များဟာ ကမ္ဘာပေါ် အသက်ရှင်ခဲ့ပြီး သေဆုံးသွားတဲ့ ပုဂ္ဂိုလ်များ မဟုတ်
    လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား။ တကယ်ကော တည်ရှိရဲ့လား။
  • နာမ်ဝိညာဉ်ဘုံကလာတဲ့ အဆင်းအာရုံများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဝိညာဉ်သတ္တဝါတွေ—ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • နာမ်ဝိညာဉ်ဘုံရှိ ကျွန်ုပ်တို့၏ အကောင်းဆုံးမိတ်ဆွေ
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၁၁/၈ စာ. ၄-၇

နာမ်ဝိညာဉ်ဘုံတွင် မည်သူရှိသနည်း

ဤကမ္ဘာကြီးသည် ဘာသာရေးယုံကြည်ချက်များနှင့် အယူဝါဒများ၏ “ကုန်ပဒေသာဆိုင်ကြီး” တစ်ဆိုင်ဖြစ်လာလေပြီ။ အာဖရိက၌ပင် ဘာသာရေးအုပ်စုများ ထောင်နှင့်ချီရှိပြီး နာမ်ဝိညာဉ်ဘုံတွင် ဖြစ်ပျက်ရာတို့နှင့်ပတ်သက်၍ ယင်းတို့၌ ထင်မြင်ယူဆချက်တစ်မျိုးစီရှိကြသည်။ သို့သော် ပြတ်သား၍ တိကျမှန်ကန်သောအကြောင်းအချက်များသိရှိဖို့ သမ္မာကျမ်းစာအပေါ် အာရုံစူးစိုက်ရန်လိုအပ်သည်။ ယင်းက နာမ်ဝိညာဉ်ဘုံတွင် နေထိုင်ကြသော နာမ်ဝိညာဉ်များ—အကောင်းနှင့် အဆိုးအုပ်စုနှစ်စုစလုံး—ကိုဖော်ပြထားသည်။ အကူအညီနှင့်အကာအကွယ် အမှန်ရနိုင်ဖို့ မည်သူ့ထံတောင်းခံရမည်ကိုလည်း ယင်းကဖော်ပြထားသည်။

ယေဟောဝါ၊ အဆုံးမရှိတန်ခိုးရှင်ဘုရားသခင်

အာဖရိကရှိ မိရိုးဖလာဘာသာတရားက အဆုံးမရှိတန်ခိုးရှင်ဘုရားသခင်တစ်ပါးသည် ဘိုးဘေးများနှင့် နတ်ဘုရားများအပေါ် ဦးစီးကြီးကြပ်မှုပြုနေတော်မူသည်ဟု သွန်သင်ပါသည်။ အာဖရိကန် ဒဏ္ဍာရီပေါင်းချုပ်စာအုပ်က “အာဖရိကန်လူမျိုး အားလုံးမဟုတ်သည့်တိုင် အားလုံးနီးပါးသည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင် အထွတ်အထိပ်တစ်ပါးရှိသည်ဟု ယုံကြည်ကြသည်မှာ သံသယဖြစ်စရာမလိုပေ” ဟုဖော်ပြသည်။ အာဖရိကန်ပညာတတ်လောကရှိ အာဖရိကန်ဘာသာရေးစာအုပ်က “ဘုရားသခင်သည် စကြဝဠာကို ခြွင်းချက်မရှိချုပ်ကိုင်ထားသူဖြစ်တော်မူသောကြောင့် အခြားအရှင်ပုဂ္ဂိုလ်အားလုံးနှင့် တန်ခိုးအပေါင်းတို့သည် ကိုယ်တော်ကြောင့်သာတည်ရှိရသည်။ အကြွင်းမဲ့အာဏာတော်နှင့် တန်ခိုးတော်ကို ကိုယ်တော်သာပိုင်ဆိုင်တော်မူသည်” ဟုဖော်ပြသည်။

နာမ်ဝိညာဉ်ဘုံတွင် အုပ်စိုးရှင်အထွတ်အထိပ်တစ်ပါး ရှိတော်မူသည်ဟူသောအချက်မှာ သမ္မာကျမ်းစာနှင့် ညီညွတ်ပါသည်။ ယင်းက ကိုယ်တော်အား “ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဖွယ်သောဘုရား၊ လူမျက်နှာကိုမထောက်၊ တံစိုးကိုမစား” သောဘုရားသခင်အဖြစ်ဖော်ပြထားပါသည်။—တရားဟောရာ ၁၀:၁၇။

အာဖရိကတစ်ခွင်တွင် အထွတ်အထိပ်ဟုယူမှတ်ထားသောပုဂ္ဂိုလ်အား ဘွဲ့နာမ ရာနှင့်ချီ ပေးထားပါသည်။ သို့တိုင် မြင့်မြတ်သောနာမတော်နှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က မည်သို့ဆိုသနည်း။ ဆာလံဆရာက “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင် ဖြစ်တော်မူကြောင်းကို သိကြပါစေသော” ဟုရေးသားခဲ့သည်။ (ဆာလံ ၈၃:၁၈) ဤသန့်ရှင်းမြင့်မြတ်သောနာမတော်သည် သမ္မာကျမ်းစာမှတ်တမ်းတွင် ၇,၀၀၀ ကျော်ပါရှိခဲ့သော်လည်း သမ္မာကျမ်းစာကို ဘာသာပြန်သူအချို့တို့က ယင်းကို “ဘုရား” သို့မဟုတ် “သခင်” စသည့် ဘွဲ့နာမများဖြင့် အစားထိုးခဲ့ကြပြီ။

ယေဟောဝါသည် အဆုံးမရှိတန်ခိုးရှင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။ ကိုယ်တော်သည် မိမိကိုယ်တော်တိုင်အား “ချစ်သနားခြင်းရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်တော်မူထသော၊ [မတရား] ကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော” ဘုရားသခင်အဖြစ်ဖော်ပြထားတော်မူသည်။—ထွက်မြောက်ရာ ၃၄:၆၊ ၇; ၁ ဓမ္မရာဇဝင် ၂:၆၊ ၇။

ကောင်းကင်တမန်များ၊ ဘုရားသခင်၏ တန်ခိုးရှိဓမ္မအမှုတော်ဆောင်များ

ယေဟောဝါသည် လူသားများ သို့မဟုတ် ကမ္ဘာမြေကြီးကိုပင်ဖန်ဆင်းတော်မမူမီ ကြာမြင့်စွာကတည်းကပင် ကောင်းကင်ဘုံ၌ နာမ်ဝိညာဉ်ပုဂ္ဂိုလ်များကို ဖန်ဆင်းတော်မူခဲ့သည်။ သမ္မာကျမ်းစာက ဘုရားသခင်သည် ‘မြေကြီးအမြစ်ကိုတည်သောအခါ . . . [ကောင်းကင်တမန်များဖြစ်သော] ဘုရားသခင်၏သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ၏’ ဟုဖော်ပြထားသည်။ (ယောဘ ၃၈:၄-၇) ကောင်းကင်တမန် သန်းနှင့်ချီ၍ရှိပါသည်။ ယေဟောဝါ၏ကျေးကျွန်ဖြစ်သူ ဒံယေလက သူတွေ့ မြင်ခဲ့သော ကောင်းကင်ဆိုင်ရာအဆင်းအာရုံတစ်ခုတွင် “အတိုင်းမသိများစွာသောသူတို့သည် [ဘုရားသခင်] အမှုတော်ကိုဆောင်ရွက်၍၊ ကုဋေသင်္ချေမကရှေ့တော်၌ခစား၍နေကြ၏” ဟုရေးသားဖော်ပြခဲ့သည်။—ဒံယေလ ၇:၁၀။

ယေဟောဝါဖန်ဆင်းတော်မူခဲ့သော အဦးဆုံးနာမ်ဝိညာဉ်ပုဂ္ဂိုလ်မှာ ယေရှုခရစ်ဟု အမည်တွင်တော်မူသည့်အရှင်ဖြစ်သည်။ (ယောဟန် ၁၇:၅; ကောလောသဲ ၁:၁၅) ယေရှုသည် မြေကြီးပေါ်တွင်လူသားအဖြစ် ကြွလာတော်မမူမီ ကောင်းကင်ဘုံတွင် တန်ခိုးကြီးမားသောနာမ်ဝိညာဉ်သတ္တဝါအဖြစ် ကျိန်းဝပ်တော်မူခဲ့သည်။ လူသားအဖြစ် သေဆုံးပြီးသည့်နောက်ပိုင်းတွင် ယေရှုသည် ကောင်းကင်ဘုံသို့ရှင်ပြန်ထမြောက်ကာ တန်ခိုးကြီးမားသောနာမ်ဝိညာဉ်သတ္တဝါအသက်တာကို ပြန်လည်ရရှိတော်မူသည်။—တမန်တော် ၂:၃၂၊ ၃၃။

ယေရှုသည် ကောင်းကင်ဘုံ၌ တန်ခိုးအာဏာကြီးမားတော်မူသည်။ ယုဒ ၉ ၌ မိက္ခေလဟူ၍လည်း အမည်တွင်သော ယေရှုအား “ကောင်းကင်တမန်မင်း” ဟုခေါ်ဆိုထားရာ ဆိုလိုသည်မှာ ကိုယ်တော်သည်အကြီးအကဲဖြစ်သော သို့မဟုတ် အဓိကကျသော ကောင်းကင်တမန်ဖြစ်တော်မူသည်။ (၁ သက်သာလောနိတ် ၄:၁၆) ကိုယ်တော်သည် ကမ္ဘာတစ်ဝန်းစီရင်ပိုင်သော အခွင့်အာဏာကိုလည်း ပိုင်ဆိုင်ထားတော်မူသည်။ ယေဟောဝါသည် “အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကိုအုပ်စိုးခြင်းငှာ၊ . . . နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကို” ကိုယ်တော်အား ပေးတော်မူသည်။ (ဒံယေလ ၇:၁၃၊ ၁၄) ယေရှုသည် မိမိ၏တန်ခိုးအာဏာကြီးမားလင့်ကစား ခမည်းတော်ယေဟောဝါအား လက်အောက်ခံလျက်နေတော်မူသည်။—၁ ကောရိန္သု ၁၁:၃။

သစ္စာရှိကောင်းကင်တမန်များသည် ယေဟောဝါထံတော်၌ ခစားနေကြစဉ် သူတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင့်ကျေးကျွန်များ၏အကျိုးကိုလည်း ဆောင်ရွက်ကြသည်။ တမန်တော်ပေါလုက “ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံလတ္တံ့သောသူတို့ကို ပြုစုစေခြင်းငှာ၊ စေလွှတ်တော်မူသော အစေခံနာမ်ဝိညာဉ်ဖြစ်ကြသည်မဟုတ်ပေလော” ဟုရေးသားခဲ့သည်။ (ဟေဗြဲ ၁:၁၄) သူတို့သည် ယေဟောဝါနှင့်ပတ်သက်၍ အမှန်တရားကို လူတို့သိရှိစေရေးတွင် အထူးသဖြင့်စိတ်ပါဝင်စားကြသည်။ တမန်တော်ယောဟန်က အဆင်းအာရုံတစ်ခုတွင် “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးသီးဘာသာစကားကိုပြောသော လူအမျိုးနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကိုဟောရသော ကောင်းကင်တမန်တစ်ပါးက၊ ‘ဘုရားသခင်ကိုကြောက်ရွံ့ ၍ချီးမွမ်းကြလော့’ . . . ဟုကြီးသောအသံနှင့်ပြောဆို၍ ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသည်ကို” မြင်ခဲ့ပါသည်။—ဗျာဒိတ် ၁၄:၆၊ ၇။

ဘုရားသခင်နှင့် လူသားတို့၏ရန်သူများဖြစ်သော စာတန်နှင့် နတ်ဆိုးများ

ဝမ်းနည်းစရာကား ကောင်းကင်တမန်အားလုံးသည် ဘုရားသခင်အပေါ် သစ္စာမစောင့်သိခဲ့ကြခြင်းဖြစ်သည်။ အချို့တို့က ကိုယ်တော်အား ဆန့်ကျင်ပုန်ကန်ခဲ့ကြပြီး ဘုရားသခင်နှင့် လူသားအပေါင်း၏ ရန်သူများဖြစ်လာကြပါသည်။ အဓိကပုန်ကန်သူမှာ စာတန်ဖြစ်သည်။

ယနေ့ စာတန်ရှိကြောင်းကို လူများစွာကငြင်းပယ်ကြသော်လည်း ဆိုး​သွမ်းမှုရှိကြောင်းကိုကား မည်သူမျှမငြင်းဆိုကြပေ။ ဆိုးသွမ်းမှုရှိကြောင်းကို လက်ခံသော်လည်း ၎င်းမှာ အကြောင်းရင်းတစ်ရပ်ရှိကြောင်းကိုကား လက်မခံခြင်းသည် “မရှောင်လွှဲနိုင်သောပြဿနာတစ်​ခု” ကိုဖြစ်ပေါ်စေသည်ဟု စာတန့်သေခြင်းဟူသည့်စာအုပ်တွင် မှတ်ချက်ချထားသည်။ “ကျွန်ုပ်တို့၏ယဉ်ကျေးမှုတွင် ဖော်ပြစရာဝေါဟာရမရှိသည့် ခံစားချက်တစ်မျိုးတစ်မည်ကို ကျွန်ုပ်တို့ခံစားကြရသည်။”

၎င်းနှင့်ခြားနားစွာပင် သမ္မာကျမ်းစာ၌ အဆိုပါအတွက် ဝေါဟာရရှိပြီး ဆိုးသွမ်းမှုနှင့်ပတ်သက်သော အမှန်တရား၏အရင်းအမြစ်ကို ပြတ်ပြတ်သားသားဖော်ပြပေးထားပါသည်။ ယေဟောဝါဖန်ဆင်းထားတော်မူသော ကောင်းကင်တမန်အားလုံးသည် ဖြောင့်မတ်ပြီးကောင်းမွန်ကြောင်း ယင်းက ရှင်းပြထားသည်; ကိုယ်တော်သည် ဆိုးယုတ်သောကောင်းကင်တမန်တစ်ပါးကိုမျှ ဖန်ဆင်းတော်မမူပေ။ (တရားဟောရာ ၃၂:၄; ဆာလံ ၅:၄) သို့တိုင် အမှားအမှန်ရွေးချယ်နိုင်စွမ်းကို လူသားများအား ပေးထားသကဲ့သို့ပင် ကောင်းကင်တမန်များအားလည်း ပေးထားတော်မူသည်။ ဤစုံလင်သော နာမ်ဝိညာဉ်သားများထဲမှ တစ်ပါးသည် ယေဟောဝါတစ်ပါးတည်းသာ ပိုင်သတော်မူသော ကိုးကွယ်မှုကို ရယူလိုသည့်တစ်ကိုယ်ကောင်းစိတ် ပေါ်လာစေခဲ့သည်။ ဤသို့အားဖြင့် သူသည် “တော်လှန်သူ” အဓိပ္ပာယ်ရှိ စာတန်ဟူသောအမည်ကို ရရှိလေသည်။ (ယာကုပ် ၁:၁၄၊ ၁၅ နှိုင်းယှဉ်။) အာဖရိကန်ဘာသာတရားအချို့က သွန်သင်သကဲ့သို့ စာတန်သည် ကလိမ်ကကျစ်ကျသူမျှသာမဟုတ်; သူ့ထံ မှန်မှန်ပူဇော်ပသမှုပြုသူများအား ကာကွယ်ပေးသည့် “အစောင့်” တစ်ဦးလည်းမဟုတ်ပါ။ သမ္မာကျမ်းစာက သူ့ကိုအလွန်ဆိုးညစ်၍ အန္တရာယ်ပြုတတ်သောသူအဖြစ် ဖော်ပြထားပါသည်။

ဘုရားသခင်အား စာတန်၏ဆန့်ကျင်ပုန်ကန်မှုတွင် အခြားကောင်းကင်တမန်များပါ ပူးပေါင်းပါဝင်လာကြသည်။ ဤကောင်းကင်တမန်ဆိုးများသည် မြေကြီးပေါ်ရှိလူတို့၏ ရန်သူများလည်းဖြစ်ကြသည်။ သူတို့သည်လည်း အငြိုးအတေးထားကာ ဆိုးသွမ်းမှုများပြုလုပ်ကြ၏။ လွန်လေပြီးသောကာလက သူတို့သည် အချို့သူတို့ကို စကားအစေခဲ့သည်၊ မျက်စိကန်းစေခဲ့သည်။ (မဿဲ ၉:၃၂၊ ၃၃; ၁၂:၂၂) သူတို့သည် ကလေးများအပါအဝင် အခြားသူတို့ကို ဖျားနာခြင်း သို့မဟုတ် ရူးသွပ်ခြင်းဝေဒနာများခံစားစေခဲ့ကြသည်။ (မဿဲ ၁၇:၁၅၊ ၁၈; မာကု ၅:၂-၅) ရှင်းနေသည်မှာ ကျိုးကြောင်းဆင်ခြင်တတ်သူ မည်သူမဆိုသည် စာတန် သို့မဟုတ် ထိုနတ်ဆိုးများနှင့် ဘာမျှပတ်သက်လိုမည်မဟုတ်ပါ။

ဘိုးဘေးများ မည်သည့်နေရာတွင်ရှိသနည်း

အာဖရိကနှင့် အခြားနေရာဒေသများရှိ သန်းပေါင်းများစွာသောသူတို့က သေခြင်းသည်ဘဝ၏နိဂုံးမဟုတ်ဘဲ ကူးပြောင်းခြင်းမျှသာဖြစ်ပြီး၊ ဘုရားသခင်များနှင့် ဘိုးဘေးများကျိန်းဝပ်သည့် နာမ်ဝိညာဉ်ဘုံအသက်တာသို့ ကူးပြောင်းသောလမ်းကြောင်းဖြစ်၏ဟု ယုံကြည်ကြသည်။ အာဖရိကန်ဘာသာတရားများတွင် တစ်ဖက်ကမ်းခပ်အောင်ကျွမ်းကျင်သူ ပညာရှင် ဂျွန် မဘီတီက “အသက်ရှင်နေသောလူသေများ” ဟုသူခေါ်ဆိုသည့် ဘိုးဘေးများကိုယုံကြည်ခြင်းအကြောင်း ဤသို့ရေးသားထားသည်– “ယင်း ‘နာမ်ဝိညာဉ်များ’ ကို အာဖရိကန်လူတို့ စိတ်အဝင်စားဆုံးဖြစ်သည်။ . . . သူတို့သည် [မြေကြီးပေါ်ရှိ] မိသားစုတို့၏ အဖြစ်အပျက်များကို သိရှိပြီး စိတ်ဝင်တစားရှိကြသည်။ . . . သူတို့သည် မိသားစု၏ ကိစ္စရေးရာများ၊ ထုံးတမ်းစဉ်လာများ၊ လောကနီတိများနှင့် ဆောင်ရွက်လှုပ်ရှားမှုများကို စောင့်ရှောက်ကာကွယ်သူများဖြစ်ကြသည်။ ဤကိစ္စရပ်များတွင်ပြစ်မှားခြင်းက အဆုံးတွင် ဘိုးဘေးများအား ပြစ်မှားရာရောက်လေသည်။ ဘိုးဘေးများဖြစ်ကြသောကြောင့်လည်း သူတို့သည် မိသားစုများနှင့် လူအစုအဝေးတို့၏ မျက်မြင်မရသောစောင့်ကြပ်သူအဖြစ် အကျိုးဆောင်ကြ၏။ သူတို့သည် ‘လူ’ ဖြစ်နေကြသေးသောကြောင့် ထိုအသက်ရှင်နေသည့်လူသေများသည် လူတို့နှင့် ဘုရားသခင်စပ်ကြားတွင် အကောင်းဆုံးသောဖျန်ဖြေပေးသည့်အုပ်စု ဖြစ်သည်– သူတို့သည် လူတို့၏လိုအပ်ရာများကို သိရှိကြသည်၊ ‘မကြာသေးမီက’ လူတို့နှင့်အတူ ဤနေရာတွင်ရှိခဲ့ကြ၍ တစ်ကြိမ်တည်းတွင် ဘုရားသခင်နှင့်ဆက်သွယ်ခြင်းအခွင့်အလမ်း အပြည့်အဝရရှိထားကြသည်။”

သို့ဖြစ်စေကာမူ လူသေတို့၏အခြေအနေနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဘာပြောထားသနည်း။ “အသက်ရှင်သောလူသေများ” ကဲ့သို့သောအရာ တစ်စုံတစ်ရာမျှမရှိဟု ယင်း၌ ဖော်ပြထားသည်။ လူတို့သည် အသက်ရှင်လျှင်ရှင်၊ မရှင်လျှင်သေ—နှစ်ခုစလုံးတော့မဖြစ်နိုင်ပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်က လူသေတို့သည် ကြားနိုင်စွမ်း၊ မြင်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း သို့မဟုတ် ကြံစည်နိုင်စွမ်းမရှိဟု သွန်သင်သည်။ လူသေတို့သည် အသက်ရှင်သူတို့ကို အဘယ်နည်းဖြင့်မျှစောင့်ကြပ်နိုင်မည်မဟုတ်ပါ။ သမ္မာကျမ်းစာက “သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ . . . သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား” ဟုဆိုသည်။ (ဒေသနာ ၉:၅၊ ၆၊ ၁၀) “[လူ] သည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင်၊ သူ၏အကြံအစဉ်တို့သည် ပျက်စီးကြ၏။”—ဆာလံ ၁၄၆:၄။

မြေမှုန့်သို့ ပြန်သွားခြင်း

ယင်းကို သင်လက်ခံဖို့ခက်ခဲနေပါက ပထမလူသားဖြစ်သော အာဒံဖြစ်ပေါ်လာခဲ့ပုံကို သုံးသပ်ကြည့်ပါ။ ယေဟောဝါသည် “မြေမှုန့်ဖြင့်” အာဒံကိုဖန်ဆင်းခဲ့သည်။ (ကမ္ဘာဦး ၂:၇) အာဒံသည် ယေဟောဝါ၏အမိန့်တော်ကို မနာခံသောအခါ အပြစ်ဒဏ်မှာသေခြင်းဖြစ်သည်။ ဘုရားသခင်က သူ့ကို “သင်သည်မြေမှထွက်ခဲ့၍ မြေမှုန့်ဖြစ်သဖြင့် မြေမှုန့်သို့ပင်ပြန်ရမည်” ဟုမိန့်တော်မူသည်။—ကမ္ဘာဦး ၃:၁၉၊ သမ။

ယေဟောဝါသည် မြေမှုန့်မှအာဒံကိုမဖန်ဆင်းမီ အာဒံသည် လုံးဝမတည်ရှိခဲ့ပါ။ ထိုကြောင့် ‘မြေမှုန့်သို့ပြန်သွား’ သောအခါ သူသည် မြေမှုန့်ကဲ့သို့ပင် သက်မဲ့ဖြစ်လေသည်။ နာမ်ဝိညာဉ်ဘိုးဘေးများ၏ဘုံသို့ မသွားပါ။ ကောင်းကင် သို့မဟုတ် ငရဲသို့ မသွားခဲ့ပါ။ သူသေဆုံးသွားသောအခါ သူချုပ်ငြိမ်းသွားလေသည်။

အခြားလူသားတို့သေဆုံးသွားရာတွင် အလားတူဖြစ်ပျက်ပါသလော။ ထိုသို့ပင် ဖြစ်ပျက်ပါသည်။ သမ္မာကျမ်းစာက “အလုံးစုံတို့ [လူသားနှင့်တိရစ္ဆာန်များပါ] သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ပြန်သွားတတ်ကြ၏။” (ဒေသနာ ၃:၂၀) ဘုရားသခင်သည် ပရဒိသုမြေကြီးတွင် လူသေတို့ကို အသက်ပြန်ရှင်စေလိမ့်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာ၌ ကတိပြုထားသော်လည်း ထိုအချိန်သည် အနာဂတ်တွင်ရှိနေသေးသည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) လူသေတို့သည် ကျွန်ုပ်တို့ကို အကူအညီ သို့မဟုတ် အန္တရာယ်မပေးနိုင်သောကြောင့် ဤအတောအတွင်း ကျွန်ုပ်တို့သည် သူတို့ကိုကြောက်ရွံ့စရာ သို့မဟုတ် ပူဇော်ပသစရာမလိုပေ။

စာတန်နှင့် သူ၏နတ်ဆိုးတို့သည် သေဆုံးသွားသောဘိုးဘေးတို့၏ အခြေအနေနှင့်ပတ်သက်၍ လူတို့ကိုထင်ယောင်ထင်မှားဖြစ်စေလိုကြရာ လူသေပြီးနောက် ဆက်၍အသက်ရှင်သည်ဟူသော သူတို့၏လိမ်ညာမှုကို အားပေးအားမြှောက်ပြုလုပ်ကြသည်။ ယင်းကို သူတို့ပြုလုပ်သည့် နည်းတစ်နည်းကား ဒဏ္ဍာရီစကားများအားဖြင့်ဖြစ်သည်။ (၁ တိမောသေ ၄:၁၊ ၂) လူသေတို့နှင့်ဆက်သွယ်၍ရနိုင်ကြောင်း လူတို့ယူမှတ်စေဖို့လှည့်ဖြားရာတွင် သူတို့သည် အဆင်းအာရုံများ၊ အိပ်မက်များနှင့် နတ်ဝင်သည်များကိုလည်း အသုံးပြုကြသည်။ သို့သော် ထိုသူတို့ဆက်သွယ်နေကြသည်မှာ လူသေတို့မဟုတ်ပါ။ ယင်းအစား သေသူများ၏အယောင်ကိုဆောင်ကြသော နတ်ဆိုးများဖြစ်သည်။ ယင်းကြောင့် ယေဟောဝါသည် ဗေဒင်မေးခြင်းကဲ့သို့သော အခြားနည်းများဖြင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ လူသေတို့ကိုမေးမြန်းသူများအား ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချထားတော်မူခြင်းဖြစ်သည်။—တရားဟောရာ ၁၈:၁၀-၁၂။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အဆင်းအာရုံများ၊ အိပ်မက်များနှင့် နတ်ဝင်သည်များအားဖြင့် နတ်ဆိုးတို့သည် လူတို့ကိုလှည့်ဖြား၍ ခြောက်လှန့်ကြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

လူတို့ကို ထင်ယောင်ထင်မှားဖြစ်စေရန် နတ်ဆိုးတို့သည် လူသေတို့၏အယောင်ဆောင်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ