ကျား! ကျား!
အိန္ဒိယနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
‘တစ်ကြိမ်မှာ ကျွန်တော်ဟာ ကျဉ်းမြောင်းတဲ့ ကုန်းတန်းတစ်လျှောက်ကို လမ်းထွက်လျှောက်ခဲ့တယ်’ ဟုနီပေါလ်နိုင်ငံရှိ တော်ဝင်ချစ်ဝဲန်းအမျိုးသားဥယျာဉ်တွင် ကျားကို နှစ်ပေါင်းများစွာ လေ့လာနေသူ ဒေါက်တာ ချားလ်စ် မက်ဒိုကလ်က ပြန်ပြောင်းပြောပြသည်။ ‘အဲဒီလိုလျှောက်နေတုန်း ဆန့်ကျင်ဘက်အရပ်ကနေ ကျားတစ်ကောင်ရောက်လာပါတယ်။ ထိပ်နားလောက်မှာဆုံမိကြပြီး ကျွန်တော်တို့စပ်ကြား ၁၅ လှမ်းလောက်သာရှိမယ်။’ ဒေါက်တာ မက်ဒိုကလ်သည် ငြိမ်ငြိမ်ရပ်လိုက်သည်။ စိန်ခေါ်သည်ဟု ကျားကိုယူမှတ်စေနိုင်သော သူ့မျက်လုံးထံ စူးစိုက်ကြည့်ခြင်းကိုပြုမည့်အစား ကျား၏ပခုံးကိုကျော်ကာ စိုက်ကြည့်လိုက်သည်။ ကျားသည် တိုက်ခိုက်ရန် လှုပ်ရှားခြင်းမပြုဘဲ ဝပ်လျက်နေခဲ့သည်။ ရှည်လျားသောမိနစ်များစွာကြာပြီးနောက် ဒေါက်တာ မက်ဒိုကလ်သည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ ‘အဲဒီနောက် ကျွန်တော်ဟာ လုံးလုံးလှည့်ထွက်ခဲ့ပြီး လာရာလမ်းအတိုင်း နောက်ကြောင်းပြန်လှည့်ခဲ့တယ်’ ဟုသူကဆိုသည်။
ဤရာစုနှစ်အစပိုင်းတွင် အကောင်ရေ ၄၀,၀၀၀ ခန့်ရှိသော အိန္ဒိယနိုင်ငံရှိကျားများ အပါအဝင် သူတို့၏ဇာတိမြေအာရှတိုက်၌ ၁၀၀,၀၀၀ ခန့်ရှိသည်။ သို့သော် အဓိကအားဖြင့် အမဲပစ်ထွက်ခြင်း၏အကျိုးဆက်ကြောင့် ၁၉၇၃ ခုနှစ်တွင် ဤထူးခြားသောသတ္တဝါတို့၏အရေအတွက်သည် ၄,၀၀၀ အောက်ကျဆင်းသွားသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသောကြောင်ဖြစ်သည့် ကျားတို့သည် လူသားတို့ကြောင့် မျိုးသုဉ်းမည့်အန္တရာယ် ကျရောက်နေပါသည်။ သို့သော် ကျားသည် လူသားတို့အတွက် အန္တရာယ်လော။ ဤကြောင်ကြီးမျိုးဝင်ကျားသည် စင်စစ် မည်သည့်အရာနှင့်တူသနည်း။ မျိုးသုဉ်းခြင်းမှကာကွယ်ပေးသည့် ကြိုးစားအားထုတ်မှုများ အောင်မြင်ပါသလော။
ကျားမိသားစုအသက်တာ
သဘာဝပညာရှင်များ၏ နှစ်ရှည်လများ သည်းခံစိတ်ရှည်စွာလေ့လာမှုက ကျား၏ဘဝအသက်တာဆိုင်ရာ သဘောသဘာဝကို ရှင်းလင်းစွာသိမြင်စေသည်။ အိန္ဒိယနိုင်ငံမြောက်ဘက်ရှိ သာယာလှပသော ရဲန်သီဘောသစ်တောမှ ကျားမိသားစုပုံစံကို လေ့လာကြည့်ရှုကြသည်ဟု မြင်ယောင်ကြည့်ကြစို့။ ကျားအထီးမှာ သူ၏နှာခေါင်းမှ အမြီးအထိ ၁၀ ပေနီးပါးခန့်ရှည်လျားပြီး ကိုယ်အလေးချိန်ပေါင် ၄၅၀ ခန့်ရှိသည်။ သူ၏မိတ်ဖက်မူ ၉ ပေနီးနီးရှည်လျားပြီး ကိုယ်အလေးချိန်ပေါင် ၃၀၀ ခန့်ရှိသည်။a သားပေါက်သုံးကောင်ရှိကာတစ်ကောင်မှာအထီးဖြစ်ပြီး ကျန်နှစ်ကောင်မူ အမများဖြစ်ကြသည်။
ဤသစ်တောတွင် အပူချိန်သည် ၁၁၂˚ ဖာရင်ဟိုက်ကျော်နိုင်သော်လည်း ကျားမိသားစုသည် သစ်ရွက်ဝေဆာသော အပင်များအောက်မှ အရိပ်ရရှိကြသည်။ ထို့ပြင် အနီးအနားရှိ ရေအေးရှိရာရေကန်သို့ အမြဲလိုလိုရေဆင်းချိုးရာ၌ ပျော်မွေ့ကြသည်။ ရေကူးတတ်သည့် ကြောင်များလော။ ဟုတ်ပ၊ ကျားတို့သည် ရေကိုနှစ်သက်ကြသည်! အမှန်ဆိုရလျှင် ရပ်တန့်ခြင်းမရှိဘဲ သုံးမိုင်ထက်မက ကူးခတ်နိုင်ကြောင်း သိရှိခဲ့ကြသည်။
ကျား၏လိမ္မော်ရောင်အမွေးအမှင်များအပေါ် သစ်ပင်မှတစ်ဆင့်ဖြာကျလာသော နေရောင်ခြည်ကြောင့် ရဲရဲတောက်သည့်ပုံပေါက်စေသည်။ အနက်ရောင် အစင်းအကျားများပြိုးပြက်ကာ သူတို့၏ ပယင်းရောင်ပြေးသောမျက်လုံးအပေါ်ရှိ အဖြူကွက်များ လင်းလက်တောက်ပလာသည်။ ကျွန်တော်တို့သည် သားပေါက်သုံးကောင်ကို တစ်ခဏတာ လေ့လာကြည့်ရှုကြသည့်နောက်တွင်မူ သူတို့၏ခြားနားသောအစင်းနှင့် မျက်နှာပုံပန်းတို့ဖြင့် ၎င်းတို့ကို တစ်ကောင်မှတစ်ကောင် ခွဲခြားသိရှိရန် လွယ်ကူစေသည်။
ကျားတစ်ကောင်အဖြစ် ကြီးထွားလာခြင်း
သားပေါက်များကို ကိုယ်ဝန်ဆောင်စဉ် ကျားမိခင်သည် အပင်များထူထပ်စွာဖြင့် ကွယ်ဝှက်ထားသော သင့်လျော်သည့်ခိုအောင်းရာကိုရှာဖွေသည်။ ထိုနေရာမှ မိသားစုသည် အခြားသတ္တဝါများကို ဆွဲဆောင်မှုဖြစ်စေသော စမ်းရေပေါက်ရှိရာလွင်ပြင်ကို ယခုတွေ့မြင်နိုင်ကြသည်။ ဤနေရာကို မိခင်ဖြစ်သူရွေးချယ်ရခြင်းမှာ မိမိသားပေါက်များမှ ဝေးဝေးလံလံသွားစရာမလိုဘဲ အစာရှာဖွေနိုင်သောကြောင့်ဖြစ်သည်။
မွေးဖွားချိန်မှစ၍ သားပေါက်များကို အလွန်တရာ ဂရုစိုက်ပေးရသည်။ သူတို့ငယ်ရွယ်ချိန်တစ်လျှောက်လုံး မိခင်ဖြစ်သူသည် ညည်းသံသဲ့သဲ့ပြုရင်း မိမိ၏ခြေဖဝါးများကြားတွင် သူတို့ကိုပွေ့ဖက်လျက် နှာတံနှင့်ပွတ်တိုက်ကာ လျက်နေတတ်သည်။ သားပေါက်ကလေးများ ကြီးလာသောအခါ တူတူပုန်းတမ်းကစားကြကာ အရဲစမ်း၍ စိန်ခေါ်တိုက်ခိုက်တတ်ကြသည်။ ကျားပေါက်ကလေးများသည် မြည်သံသဲ့သဲ့မပြုနိုင်ကြသော်လည်း တစ်နှစ်အရွယ်ခန့်မှစ၍ သူတို့၏မိခင်အပြင်ထွက်ရာမှ ပြန်လာသောအခါများတွင် ကျယ်လောင်စွာ အသက်ပြင်းပြင်းရှူထုတ်ကြသည်။
သားပေါက်ကလေးများသည် သူတို့မိခင်နှင့်အတူ ရေဆင်းကူးကစားရသည်ကို နှစ်သက်ကြသည်။ ပုံတွင်ပါသော ကျားမကြီးသည် သူမ၏အမြီးကို ရေထဲတွင်ချလျက် ကန်စပ်တွင်ထိုင်နေသည်ကို ပုံဖော်ကြည့်ပါ။ သူမ၏အမြီးကို မကြာမကြာ ဆတ်ခနဲဆတ်ခနဲဆွဲဆန့်ခြင်းဖြင့် ပူနေသော သူမ၏ခန္ဓာကိုယ်ကို ရေအေးပက်ဖျန်းပေးသည်။ အမြီးနှင့်ပတ်သက်၍မူ သူမသည် ယင်းကို တစ်ဖက်တစ်ချက်သို့ရိုက်ခတ်စဉ် သားပေါက်ကလေးများက မိခင်ဖြစ်သူ၏အမြီးကိုကိုင်ဖမ်းရန် ကြိုးစားကြရာတွင် ဘယ်တော့မျှမမောပန်းကြချေ။ ထိုသို့ပြုခြင်းဖြင့် ကျားမသည် သူမ၏သားပေါက်များနှင့် ကစားနေခြင်းမျှသာမဟုတ်ချေ; ကျားမသည် သူတို့စတင်အမဲလိုက်သည့်အခါ နောင်တွင်အသုံးပြုမည့် ခုန်အုပ်ခြင်းအတတ်ပညာကိုလည်း သင်ကြားပေးနေခြင်းဖြစ်သည်။ သားပေါက်ကလေးများသည် သစ်ပင်များပေါ်တွယ်တက်ခြင်းကိုလည်း နှစ်သက်ကြသည်။ သို့သော် ၁၅ လအရွယ်ခန့်တွင် ယင်းတို့ကို အလွယ်တကူတွယ်တက်နိုင်ရန် ကြီးထွားလေးလံလွန်းသွားသည်။
ဖခင်၏အခန်းကဏ္ဍ
ကျားမိခင်သည် သားပေါက်ကလေးများကို သူမတစ်ဦးတည်းသာ ကျွေးမွေးပြုစုကာ ဖခင်ဖြစ်သူကမူ အခွင့်သာရမည်ဆိုလျှင် သားပေါက်ကလေးများကို သတ်ဖြတ်သည်ဟု များမကြာသေးမီကအထိ များစွာသောသူတို့ ယုံကြည်ကြသည်။ သို့ရာတွင် ကျားအများစု၌ကား ထိုသို့မဟုတ်ပါ။ ကျားဖခင်သည် ကာလကြာမြင့်စွာ တောထဲသို့ ပျောက်ကွယ်သွားပြီး စတုရန်းမိုင် ၂၀ ကျော်သောနယ်မြေအတွင်း အခြေချနေထိုင်သည်။ သို့သော် သူ့မိသားစုထံလည်း အလည်အပတ်ရောက်လာတတ်သည်။ ထိုသို့ရောက်လာသည့်အခါများတွင် ကျားမိခင်၊ သားပေါက်ကလေးများနှင့်အတူ အမဲလိုက်တတ်ပြီး ရရှိသောသားကောင်များကို သူတို့နှင့်အတူ ဝေမျှသုံးဆောင်တတ်ကြသည်။ ပို၍ရန်လိုတတ်သော သားပေါက်အထီးတို့သည် အရင်ဦးဆုံးစားရန် နေရာဝင်ယူတတ်ကြသည်။ သို့သော်လည်း သူသည် လောဘကြီးစွာ မိမိ၏ညီမများအား အချိန်ကြာကြာ အကပ်မခံဘဲနေပါက မိခင်ဖြစ်သူသည် သားပေါက်အမများစားရရန်အတွက်သူ့ကိုတံတောင်နှင့်အသာတွက်သည် သို့မဟုတ် သူမ၏ဖဝါးဖြင့်ပင် ရိုက်တတ်သည်။
သားပေါက်များသည် သူတို့၏ဖခင်ကြီးနှင့် ကစားရသည်ကို ပျော်မွေ့ကြသည်။ ယင်းသို့ကစားရန် အနီးအနားရှိ စမ်းရေပေါက်သည် သူတို့အနှစ်သက်ဆုံးနေရာဖြစ်သည်။ ကျားဖခင်သည် သူ၏ဦးခေါင်းနားအထိ အေးအေးသာသာဖြင့် သူ့ကိုယ်ကို ရေထဲသို့ နောက်ဆုတ်၍နှစ်လိုက်သည်။ (ကျားတို့သည် သူတို့၏မျက်လုံးများတွင် ရေစဉ်ခြင်းကို မကြိုက်ကြပေ!) ထို့နောက် သားပေါက်ကလေးများ၏မျက်နှာကိုလျက်စဉ် သူတို့၏နှာတံနှင့်ပွတ်တိုက်ခွင့်ပြုသည်။ ရှင်းနေသည်ကား မိသားစုနှောင်ကြိုး ခိုင်မြဲခြင်းပင်ဖြစ်သည်။
လူသားစား ကျားများလော
စာအုပ်များနှင့် ရုပ်ရှင်များက ကျားတို့ကို ကြမ်းကြုတ်သော၊ ရန်လိုတတ်သော သတ္တဝါ၊ လူသားများကို ချောင်းမြောင်းတိုက်ခိုက်ကာ ကုတ်ဖဲ့ကိုက်စားသူအဖြစ် ဖော်ပြကြသည်။ ယင်းသည် လုံးဝမမှန်ကန်ချေ။ ကျားအားလုံး လူသားစားခြင်းမဟုတ်ပါ။ များသောအားဖြင့် လူတစ်ဦးကို တောတွင်တွေ့မည်ဆိုလျှင် အသာကလေး လစ်ထွက်သွားရန်လိုလားသည်။ စိတ်ဝင်စားစရာကား ကျားသည် လူ့အနံ့ခံနိုင်စွမ်း မရှိခြင်းပင်ဖြစ်သည်။
သို့ရာတွင် တချို့သောအခြေအနေများအောက်၌ ဆာလောင်နေသောကျားသည် အမှန်ပင် အန္တရာယ်ကောင်ဖြစ်လာနိုင်သည်။ အသက်အရွယ်အိုမင်းခြင်းကြောင့် သွားမရှိတော့ခြင်း သို့မဟုတ် လူတို့ကြောင့် အနာတရရရှိထားခြင်းဖြစ်မည်ဆိုလျှင် များသောအားဖြင့် အမဲမလိုက်နိုင်ချေ။ ထပ်တူစွာပင် လူသားတို့၏နေထိုင်မှုနယ်ပယ်က ကျားတို့၏နယ်မြေကို ကျူးကျော်ဝင်ရောက်ထားလျှင် ကျားများ၏သဘာဝကိုက်ဖြတ်စားသောက်ရန်မှာ ရှားပါးသွားသည်။ ဤအလားတူ အကြောင်းများကြောင့် အိန္ဒိယနိုင်ငံတွင် ကျားကိုက်ဖြတ်မှုဖြင့် တစ်နှစ်လျှင် လူအယောက် ၅၀ ခန့်သေဆုံးသော်လည်း မြွေကြောင့်အသတ်ခံရသည့် အရေအတွက်ထက် အကြိမ်တစ်ရာလျော့နည်းသည်။ ကျားတို့၏တိုက်ခိုက်မှုများသည် အဓိကအားဖြင့် ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသ၏ စိမ့်မြေများတွင် အဖြစ်များသည်။
ဒေါက်တာ မက်ဒိုကလ်၏အဆိုအရ ကျားတို့သည် လူအများစုထင်မှတ်သလောက် အန္တရာယ်မကြီးမားချေ။ ကျားထံသို့ အနားကပ်သွား၍ အလန့်တကြားဖြစ်စေခြင်းက တိုက်ခိုက်ရန် ဆွပေးသလိုဖြစ်စေနိုင်သော်လည်း “ကျားတို့သည် အလွန်အေးဆေးတည်ငြိမ်သော တိရစ္ဆာန်များဖြစ်ကြသည်” ဟုသူကဆိုသည်။ “သာမန်အားဖြင့် ကျားတစ်ကောင်နှင့် အတော်အတန် အနီးကပ်ရင်ဆိုင်ကြုံတွေ့ရခြင်းသည်ပင်လျှင် တိုက်ခိုက်မည်မဟုတ်။”
ကျားများအလယ်တွင် ရန်လိုတတ်မှု ဖြစ်ခဲပါသည်။ သာဓကအနေနှင့် ငယ်ရွယ်သောကျားတစ်ကောင်သည် တခြားကျား၏နယ်မြေအတွင်းသို့ လှည့်လည်ဝင်ရောက်ကာ ထိုတွင်နေသည့် ကျားထီးကြီးနှင့် ပက်ပင်းတိုးမိပေမည်။ ဟိန်းဟောက်ခြင်း၊ စူးစူးဝါးဝါးအော်ဟစ်ခြင်း၊ နှာခေါင်းချင်းဆိုင်မာန်ဖီခြင်း စသည်တို့ကိုပြုတတ်ကြသည်။ သို့သော် ပိုအသက်ကြီးသူအထီးက သူ၏သာလွန်ကြီးကဲမှုကိုပြသည့်အခါ များသောအားဖြင့် အငယ်ဖြစ်သူက ကျိုးနွံလေးစားသည့် အထိမ်းအမှတ်အဖြစ် မိမိ၏ဖဝါးများကို လေထဲမြောက်ကာ ကိုယ်ကိုပက်လက်လှန်လိုက်သည်။ သို့ဖြင့် ထိပ်တိုက်ရင်ဆိုင်မှု ပြီးသွားလေသည်။
ကြောင်ကြီးမျိုးဝင် ကျားတို့၏အနာဂတ်
ကျားတို့ထံမှ အန္တရာယ်ဖြစ်မည့်အစား ကျားတို့ကို အမှန်အန္တရာယ်ပြုသူမှာ လူတို့သာဖြစ်ကြောင်း သက်သေထူလေပြီ။ လက်ရှိအချိန်တွင် ကျားတို့မျိုးသုဉ်းမည့်အဖြစ်မှ ကာကွယ်ပေးရန် ကြိုးပမ်းအားထုတ်နေကြသည်။ အာရှနိုင်ငံအတော်များများသည် ကျားထိန်းသိမ်းရေးနယ်မြေများကို သတ်မှတ်ထားရှိကြသည်။ ၁၉၇၃ ခုနှစ်တွင် အိန္ဒိယမြောက်ပိုင်းရှိ ကောဘတ်အမျိုးသားဥယျာဉ်၌ ကျားစီမံကိန်းခေါ် အထူးကြိုးစားအားထုတ်မှုတစ်ခု စတင်ခဲ့သည်။ ကျားစီမံကိန်းအတွက်ငွေကြေးနှင့် ပစ္စည်းပစ္စယတို့ကို တစ်ကမ္ဘာလုံးက ပေးကမ်းကြသည်။ နောက်ဆုံး၌ အိန္ဒိယနိုင်ငံတွင် ကျားထိန်းသိမ်းရေးနယ်မြေ ၁၈ ခုကိုသတ်မှတ်နိုင်ခဲ့ကာ စုစုပေါင်းဧရိယာ စတုရန်းမိုင် ၁၀,၀၀၀ ထက်ကျော်လေသည်။ ၁၉၇၈ ခုနှစ်တွင် ကျားတို့သည်လည်း မျိုးသုဉ်းမည့်အန္တရာယ်ရှိသောမျိုးစိတ်တွင် ထည့်သွင်းပါဝင်ခဲ့သည်။ ရလဒ်ကား အံ့သြဖွယ်ရာပင်! ကျားကိုအမဲလိုက်ခွင့် မပိတ်ပင်မီက ကျားတို့သည် လူကိုကြောက်ရွံ့ ကြသောကြောင့် ရှောင်တိမ်းကာ အဓိကအားဖြင့် ညအချိန်၌ကျက်စားကြသည်။ သို့သော် နှစ်အတော်အတန် ကာကွယ်ခြင်းခံရပြီးနောက် ကျားတို့သည် ထိန်းသိမ်းထားသည့်နယ်မြေအတွင်း စတင်သွားလာကြကာ နေ့အချိန်တွင်ပင် အမဲလိုက်ကြသည်။
သို့တိုင် ကျားတို့အတွက် အန္တရာယ်မှာ ဆက်ရှိနေလျက်ပင်ဖြစ်သည်—ကျား၏ကိုယ်ခန္ဓာအစိတ်အပိုင်းတို့မှ ဆေးဖော်စပ်ထုတ်လုပ်သည့် အာရှထုံးတမ်းစဉ်လာဆေးဝါးအတွက် နိုင်ငံတကာက အဝယ်လိုက်နေခြင်းဖြစ်သည်။ သာဓကအနေနှင့် အိန္ဒိယနိုင်ငံတွင် ကျားအရိုးစုများတစ်အိတ်လျှင် ဒေါ်လာ ၅၀၀ ကျော်ရှိနိုင်ပြီး အရိုးစုများကိုပြုပြင်ပြီးနောက် အရှေ့ဖျားစျေးကွက်သို့ရောက်ချိန်တွင် တန်ဖိုးမှာ ဒေါ်လာ ၂၅,၀၀၀ ကျော်အထိ မြင့်တက်သွားသည်။ ဤသို့ဝင်ငွေမြောက်မြားစွာရရှိနိုင်သည့် အလားအလာကြောင့် တောရွာနေ ဆင်းရဲသားများသည် ကျားခိုးပစ်သူများနှင့်ပူးပေါင်းကာ တောစောင့်ကိုတစ်ပတ်ရိုက်ရန် သွေးဆောင်ခံရကြသည်။ ပထမတွင် ကျားကာကွယ်ခြင်းကြိုးပမ်းအားထုတ်မှုသည် အတော်အတန်အောင်မြင်မှုရရှိသည်ဟုယူဆသည်။ သို့သော် ၁၉၈၈ ခုနှစ်မှစ၍ အခြေအနေမှာ အဆိုးဘက်သို့လှည့်လာသည်။ လွန်ခဲ့သောအနှစ် ၂၀ က အကောင်ရေ ၄၀ နှင့်နှိုင်းယှဉ်လျှင် ယနေ့အချိန်တွင် ရဲန်သီဘောသစ်တောရှိ ခြေဦးတည့်ရာလှည့်လည်သည့်ကျားမှာ ၂၇ ကောင်ခန့်သာရှိသည်။ ထို့ပြင် ကမ္ဘာ့ကျားအရေအတွက်မှာ ၅,၀၀၀ လောက်သာရှိပေမည်!
နောက်ဆုံးရာစုနှစ်၏အဆုံးပိုင်းအထိ အိန္ဒိယနိုင်ငံတွင် ကျားနှင့်လူတို့သည် အထိုက်အလျောက်သင့်မြတ်စွာ နေထိုင်ခဲ့ကြသည်။ ယင်းသို့ပြန်၍ ဖြစ်နိုင်ပါဦးမည်လော။ ယခုတွင်မူ “ကျား! ကျား!” ဟူ၍ စိတ်လှုပ်တရှားနှင့် ခေါ်ဆိုကြခြင်းက ကမ္ဘာ့အကြီးဆုံးကြောင်အသွင်၏မြင်ကွင်းကို အမှတ်သညာပြုနိုင်ဆဲပင်ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်များသည် ကျားတို့၏အနာဂတ် ဘေးမဲ့လုံခြုံမှုအာမခံချက်ဖြစ်မည်မဖြစ်မည်ကိုမူ ဆက်လက်စောင့်ကြည့်ရပေဦးမည်။ သို့သော် သမ္မာကျမ်းစာက တစ်နေ့သောအခါ ကမ္ဘာတစ်ခုလုံး ဧဒင်ဥယျာဉ်ကဲ့သို့ ပရဒိသုဖြစ်လိမ့်မည်ဖြစ်ကြောင်း အာမခံသည်။ ထိုအခါ လူတို့နှင့် ကျားကဲ့သို့သော တောရိုင်းတိရစ္ဆာန်တို့သည် ကမ္ဘာပေါ်တွင် ငြိမ်သက်စွာ ဝေမျှနေကြပါလိမ့်မည်။—ဟေရှာယ ၁၁:၆-၉။
[အောက်ခြေမှတ်ချက်]
a အကြီးဆုံးမျိုးနွယ်ပွား ဆာဘီးယားကျားများသည် ကိုယ်အလေးချိန်ပေါင် ၇၀၀ ကျော်ရှိပြီး အရှည် ၁၃ ပေအထိရှည်လျားသည်။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ကျားဖြူ
အိန္ဒိယနိုင်ငံ၏ အမျိုးသား အဖိုးတန်ရတနာတစ်ခုဖြစ်သော ရှားပါးသည့်ကျားဖြူတို့သည် နက်နဲသိမ်မွေ့သော မျိုးရိုးဗီဇပြောင်းလဲမှု၏ရလဒ်ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှိ ရေဝါသစ်တောထဲမှ ကျားဖြူအထီးပေါက်လေးတစ်ကောင်ကို ဖမ်းမိခဲ့သည်။ သာမန်အရောင်ရှိ ကျားအမနှင့်မိတ်လိုက်သောအခါ သာမန်သားပေါက်ကလေးများ မွေးဖွားလာသည်။ သို့ရာတွင် ဤသားပေါက်ကလေးများထဲမှ အမတစ်ကောင်က အဖြူရောင်အထီးသက်ကျားအိုနှင့် မိတ်လိုက်သောအခါတွင်မူ အဖြူရောင်သားပေါက် လေးကောင်ကိုမွေးဖွားပေးသည်။ ဂရုတစိုက်ကျွေးမွေးပြုစုခြင်းဖြင့် ဒေသအများအပြားရှိ လူတို့သည် သူတို့၏တိရစ္ဆာန်ရုံများတွင် ဤလှပရှားပါးသော သတ္တဝါကိုတွေ့ရှိရန် ဖြစ်မြောက်စေပါသည်။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ရေကူးတတ်သည့် ကြောင်များလော။ ဟုတ်ပ!
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ကျားတို့သည် လူအများစုထင်မှတ်သလောက် အန္တရာယ်မကြီးမားချေ