ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကူးစက်တတ်သောရောဂါများ၏ ဘေးဥပဒ်
လွန်ခဲ့သည့်နှစ် [၁၉၉၅] ခုနှစ်က သေဆုံးခဲ့သော ၅၂ သန်း၏သုံးပုံတစ်ပုံမှာ ကူးစက်တတ်သောရောဂါများကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိပ်ချ်အို) ကဆို၏။ ခန့်မှန်းထားသော သေဆုံးသူ ၁၇ သန်းမှအများစုသည် ငယ်ရွယ်သောကလေးများဖြစ်ကြသည်။ ဒဗ္ဗလျူအိပ်ချ်အိုမှထုတ်ဝေသော ၁၉၉၆၊ ကမ္ဘာ့ကျန်းမာရေးအစီရင်ခံစာအရ လွန်ခဲ့သောအနှစ် ၂၀ အတွင်း အီဘိုလာရောဂါပိုးနှင့် အေအိုင်ဒီအက်စ်ရောဂါအပါအဝင် အနည်းဆုံး ၃၀ မျှရှိသော ကူးစက်တတ်သည့်ရောဂါသစ်များသည် ပေါ်လွင်ထင်ရှားလာကြသည်။ တီဘီရောဂါ၊ ကာလဝမ်းရောဂါ၊ ငှက်ဖျားရောဂါတို့ကဲ့သို့သော ရောဂါကြီးများသည် ကာကွယ်တားဆီးနိုင် သို့မဟုတ် အကုန်အကျနည်းနည်းဖြင့် ကုသနိုင်သော်လည်း ပြန်လည်ရှင်သန်လာတတ်ကြပြီး ပို၍ပို၍ဆေးပြီးလာလျက်ရှိသည်။ အကြောင်းရင်းကား ခြင်အားဖြင့်ရောဂါပြန့်ပွားသည့် အပူပိုင်းဒေသများအတွင်း နိုင်ငံတကာခရီးသွားများနှင့် လူဦးရေတိုးများခြင်းတို့ကဲ့သို့သော အခြားအကြောင်းအချက်များအပါအဝင် “ပဋိဇီဝဆေးဝါးများကို ထိန်းချုပ်မှုမရှိဘဲ မတော်မသင့်အသုံးပြုခြင်း” တို့ကြောင့်ဖြစ်ကြောင်း အစီရင်ခံစာကဆို၏။
အပြစ်ဝန်ခံသည့်နေရာ စာအုပ်ဆိုင်
အီတလီလူမျိုးဆိုင်ရာ ကက်သလစ်အသင်းအဖွဲ့တစ်ခုသည် ဘာသာရေးစာအုပ်ဆိုင်များတွင် အပြစ်ဝန်ခံသည့်နေရာထားရှိရန်နှင့် တစ်ခုစီတွင် ၎င်းကိုကြားနာမည့် [ခရစ်ယာန်] ဓမ္မဆရာတစ်ဦးစီရှိစေရန် ဆုံးဖြတ်ခဲ့ကြသည်။ မီလန်မြို့တွင် အစမ်းစတင်ကြသည်။ “ဝိညာဉ်ရေးအကြံပြုချက်တွေကို မေးမြန်းဖို့ သို့မဟုတ် အပြစ်ဝန်ခံဖို့အတွက်ပင် ချာ့ချ်ထဲတွင်မဟုတ်ဘဲ [ခရစ်ယာန်] ဓမ္မဆရာကိုတွေ့လိုသူများသည်” ဗုဒ္ဓဟူးနေ့တိုင်း မြို့လယ်စာအုပ်ဆိုင်တစ်ဆိုင်တွင် ဓမ္မဆရာတစ်ဦးနှင့်တွေ့နိုင်ကြောင်း ဆိုင်မန်နေဂျာကပြောဆို၏။ သူက “ဦးဆုံးရလဒ်ကတော့ ကျွန်တော်တို့ အကောင်းဆုံးမျှော်လင့်ထားတာထက်တောင် ပိုကောင်းနေပါတယ်” ဟူ၍ထပ်ဆို၏။ စတင်ပြုလုပ်ကြည့်ပါလေ။ “အာပတ်ဖြေမင်္ဂလာ လျော့နည်းကျဆင်းနေမှုကို ပြန်လည်ဖြည့်ဆည်းရန်အတွက် ဖန်တီးထားသည်” ဟုအီတာလျံသတင်းစာ လာ ရီပါဘလစ်ကာက ရှင်းပြသည်။
ဘာကိုမျှမစွန့်ပစ်
အသား အလေးချိန်ပေါင် ၆၀၀ ခန့် ထုတ်ယူပြီးသည့်နောက်တွင် နွားမ၏ကျန်အပိုင်းသည် ဘာဖြစ်သွားသနည်း။ လည်မျို၊ ပန်ကရိယ၊ အဆုတ်များ၊ သရက်ရွက်၊ ကျောက်ကပ်ဆီးဂလင်း၊ ဥအိမ်များ၊ ဦးနှောက်အောက်ခြေရှိ အဆီဥ၊ အသည်းနှင့် သည်းခြေအိတ်မှဖြစ်သော သည်းခြေရည်တို့ကဲ့သို့သော အတွင်းကလီစာအချို့တို့သည် ဆေးဖော်စပ်ရန်အသုံးပြုသည်။ အရိုးများ၊ ခွာများနှင့် သားရေများမှ ကော်လာဂျင် (Collagen) ကိုထုတ်လုပ်ပြီး အသားအရေစိုစေသောဆေးရည်များနှင့် လိမ်းဆေးများတွင်အသုံးပြုကြသည်။ အရွတ်နှင့်အဆီတို့ကို ဘိုင်တလ်စတီရိတ် (butyl stearate)၊ ပီအီးဂျီ-၁၅၀ ဒီစတီရိတ် (PEG-150) နှင့် ဂလူးကို့စတီရိတ် (glycol stearate) တို့တွင်ပေါင်းစပ်ပါဝင်ကာ မြောက်မြားစွာသော မိတ်ကပ်နှင့်ဆံကေသာထုတ်ကုန်များတွင် အသုံးပြုသည်။ ဆပ်ပြာအများစုကို တိရစ္ဆာန်အဆီများမှထုတ်လုပ်သည်။ ထို့ပြင် အရိုးများနှင့် ခွာများသည် ကော်စေးထုတ်လုပ်ရန် အခြေခံကုန်ကြမ်းဖြစ်ပြီး ၎င်းကို ရေခဲမုန့်၊ သကြားလုံးအချို့နှင့် “အဆီမပါ” ထုတ်ကုန်များအပါအဝင် ရာပေါင်းများစွာသောစားစရာများတွင် အသုံးပြုသည်။ ရောင်စုံခဲတံများ၊ မီးခြစ်ဆံများ၊ ကြမ်းခင်းဖယောင်းပုဆိုး၊ ကြမ်းခင်းရွက်ထည်၊ ရေမခဲဆေး၊ ဘိလပ်မြေ၊ ပေါင်းသတ်ဆေး၊ မှန်ကြည်စက္ကူ၊ ဓာတ်ပုံစက္ကူ၊ အားကစားပစ္စည်းများ၊ ထိုင်ခုံအလှအဖုံးနှင့် အဝတ်အစားတို့ကဲ့သို့သော ထုတ်ကုန်များထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။ သည်းခြေကျောက်အတွက် အမြင့်ဆုံးတန်ဖိုးမှာ တစ်အောင်စလျှင် (ယူ.အက်စ်.) ဒေါ်လာ ၆၀၀ ပင်ပေးရသည်! အရှေ့ဖျားဒေသမှ ကုန်သည်များသည် ကာမရာဂစိတ်လှုံ့ဆော်ပေးရာတွင်အသုံးပြုရန်အတွက် ၎င်းကို ဝယ်ယူကြသည်။
ကြေကွဲဖွယ်ရာ သားသမီးမွေးဖွားခြင်း
ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် မွေးဖွားစဉ် အမျိုးသမီး ၅၈၅,၀၀၀ ခန့် နှစ်စဉ်သေဆုံးကြောင်းဖြင့် ယူနီဆက်ဖ် (ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့) ၏ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်ချက်အသစ်တစ်ရပ်ကဆို၏။ ၁၉၉၆၊ သည်ပရိုဂရက်စ်အော့ဖ်နေးရှင်း စာစောင်၏အစီရင်ခံစာအရ ကြေကွဲဖွယ်ကလေးမွေးဖွားမှုအများစုကို ကာကွယ်တားဆီးနိုင်ပေသည်။ ယင်းက ဤသို့ဖော်ပြသည်– “များသောအားဖြင့် ယင်းတို့သည် ဖျားနာ၍လည်းကောင်း၊ အသက်ကြီးလွန်း၍လည်းကောင်း၊ ငယ်ရွယ်လွန်း၍လည်းကောင်း သေဆုံးကြခြင်းမဟုတ်ဘဲ ကျန်းမာသောအမျိုးသမီးများ သူတို့၏ဘဝအရွယ်ကောင်းသည့်အချိန်တွင် သေဆုံးကြခြင်းဖြစ်သည်။” အမှားမှားအယွင်းယွင်း ကလေးဖျက်ချခြင်းကြောင့် နှစ်စဉ် အမျိုးသမီး ၇၅,၀၀၀ ခန့်သေဆုံးသည်; မီးဖွားမှုကြောင့် ၄၀,၀၀၀; သွေးအဆိပ်တက်မှုမှ ၁၀၀,၀၀၀; အကြောတက်၍ ထိခိုက်ပျက်စီးသွားသော ဦးနှောက်နှင့်ကျောက်ကပ်မှ ၇၅,၀၀၀ (ကိုယ်ဝန်ဆောင်ချိန်နှောင်းပိုင်းတွင် အကြောတက်ခြင်းနှင့် သွေးပေါင်တက်ခြင်း); နှင့် သွေးထွက်လွန်ခြင်းကြောင့် ၁၄၀,၀၀ ကျော်ဖြစ်သည်။ တိုင်းနိုင်ငံအများတွင် မီးယပ်သားဖွားစောင့်ရှောက်မှု ချို့တဲ့ခြင်းအပေါ် ကြီးမားစွာတာဝန်ရှိကြောင်း တိုင်းနိုင်ငံအများက ပြောဆိုကြ၏။ ကနေဒါနိုင်ငံ၌ ၇,၃၀၀ တွင် ၁ ယောက်၊ အမေရိကန်ပြည်ထောင်စု၌ ၃,၃၀၀ တွင် ၁ ယောက်နှင့် ဥရောပရှိ ၃,၂၀၀ တွင် ၁ ယောက်တို့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ပျမ်းမျှအားဖြင့် အရှေ့တောင်အာရှ၌ အမျိုးသမီး ၃၅ ယောက်တွင် ၁ ယောက်၊ ဆာဟာရအာဖရိက၌ ၁၃ ယောက်တွင် ၁ ယောက်သည် ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းနှင့်ဆက်နွှယ်၍ သေဆုံးကြကြောင်း ယူနီဆက်ဖ်မှ တရားဝင်ပြောဆို၏။ ဤဖော်ပြချက်သည် တစ်နှစ်လျှင် ၅၀၀,၀၀၀ ခန့်သေဆုံးသည်ဟူသော အစောပိုင်းခန့်မှန်းတွက်ချက်ထားမှုထက် ၂၀ ရာခိုင်နှုန်းနီးပါး ပိုမြင့်တက်သည်။
အေအိုင်ဒီအက်စ်ရောဂါ တိုးပွားနေဆဲ
“အေအိုင်ဒီအက်စ်ကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးသည် ကမ္ဘာ့ဒေသအမြောက်အမြားတွင်၊ အထူးသဖြင့် အာရှ၊ တောင်အာဖရိကတို့တွင် အဆက်မပြတ် လျင်မြန်စွာပျံ့နှံ့လျက်ရှိပြီး အေအိုင်ဒီအက်စ်ရောဂါနှင့် ဖျားနာသူအရေအတွက်သည်လည်း လျင်မြန်စွာထိုးတက်နေသည်” ဟူ၍ သည်နယူးယောက်တိုင်းမ်စ် သတင်းစာက ရေးသားဖော်ပြသည်။ ၁၉၉၅ တွင် အေအိုင်ဒီအက်စ်ရောဂါဖြင့်ဖျားနာသူ ၁.၃ သန်းခန့်ရှိကြောင်းနှင့် ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်းတိုးများနေကြောင်း ကုလသမဂ္ဂ၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်သော အိပ်ချ်အိုင်ဗွီ-အေအိုင်ဒီအက်စ်ရောဂါအပေါ် လေ့လာပြုစုချက်က ပြဆို၏။ ယခုတွင် ခန့်မှန်းထားသည်မှာ ကမ္ဘာတစ်လွှားမှ ၂၁ သန်းမျှရှိသော လူကြီးများသည် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရကြပြီး ၎င်းမှ ၄၂ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများဖြစ်ကြသည်ဟူ၍ဖြစ်သည်။ ထပ်ဆင့်၍ ၇,၅၀၀ ယောက်ရှိသောသူများသည် နေ့စဉ်ကူးစက်ခံနေကြရသည်။ သန်းနှင့်ချီသော ကလေးအတော်များများသည်လည်း ကူးစက်ခံကြရသည်ဟုဆို၏။ အကြီးအကျယ်ဖျားနာရန်အတွက် ကူးစက်ခံရသည့်အချိန်မှ ဆယ်နှစ်ခန့်အချိန်ယူသည်။ ၁၉၉၅ တွင် အေအိုင်ဒီအက်စ်ရောဂါနှင့်ဆက်စပ်၍ ၉၈၀,၀၀၀ သေဆုံးကြောင်းနှင့် ၁၉၉၆ တွင် ၁,၁၂၀,၀၀၀ သို့ခုန်တက်သွားမည်ဖြစ်ကြောင်း ယူအဲန်အစီရင်ခံစာက ခန့်မှန်းဖော်ပြ၏။ ဗိုင်းရပ်စ်ပိုးသည် မကြာသေးခင်က တောင်အာဖရိကနှင့် အိန္ဒိယတွင် နေရာအနှံ့ပျံ့နှံ့နေပြီး တရုတ်နှင့်ဗီယက်နမ်တို့တွင် ထပ်တူဖြစ်မည်ဟုမျှော်လင့်ကြသည်။ အာဖရိကန်တိုင်းပြည်အချို့တွင် ကူးစက်ခံရသည့်နှုန်းမှာ ၁၆ မှ ၁၈ ရာခိုင်နှုန်းအထိပင် မြင့်တက်လျက်ရှိနေပေပြီ။ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသော ငယ်ရွယ်သူအမျိုးသမီးငယ်များ၏ အရေအတွက်လျင်မြန်စွာတိုးပွားနေခြင်းသည် စိုးရိမ်စရာဖြစ်ပေသည်။ ထိုအမျိုးသမီးများမွေးဖွားမည့် ကလေးငယ် ၃၃ ရာခိုင်နှုန်းခန့်တွင်လည်း ဗိုင်းရပ်စ်ပိုးပါရှိပါလိမ့်မည်။
ထိုနှုန်းကိုသတိပြု!
အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် နှစ်စဉ် ဗြိတိန်လူမျိုး ၁,၀၀၀ သေဆုံးပြီး ဒဏ်ရာရရှိသူ ၇၇,၀၀၀ ရှိကြောင်း လန်ဒန်မြို့ထုတ် သည်ဒေးလီးတယ်လီဂရပ်ဖ် ကရေးသားဖော်ပြ၏။ ကန့်သတ်ထားသောနှုန်းအတိုင်းမောင်းသည့်တိုင် တချို့အခြေအနေများအောက်တွင် အန္တရာယ်မကင်းပေ။ အမြန်မောင်းလမ်းမများပေါ်ရှိ မတော်တဆဖြစ်မှု ၁၀ ရာခိုင်နှုန်းကျော်သည် ရှေ့ကယာဉ်နှင့် နီးကပ်စွာမောင်းနှင်ခြင်းကြောင့်ဖြစ်သည်။ ဗြိတိသျှလမ်းစည်းကမ်းက အရှေ့မှကားနှင့် သင့်စပ်ကြားကို နှစ်စက္ကန့်အကွာအဝေးမှခွာ၍ မောင်းနှင်ရန် ထောက်ခံထားသော်လည်း မိုးရွာသည့်အခါ သို့မဟုတ် ချော်မွတ်နေသည့်အခါ သို့မဟုတ် မြင်ကွင်းမသဲမကွဲဖြစ်သည့်အခါတွင်မူ ထိုအကွာအဝေး၏နှစ်ဆဖြစ်သင့်ပေသည်။ နီးကပ်လွန်းစွာလိုက်ခြင်းသည် အန္တရာယ်မကင်းရုံမျှသာမဟုတ်ပေ; ယင်းသည် ပင်ပန်းနွမ်းနယ်စေပြီး ဖိစီးမှုပါဖြစ်စေပါသည်။ အန္တရာယ်ကင်းရန် ခွာ၍မောင်းနှင်စဉ် အခြားကား၏ဖြတ်ဝင်မောင်းနှင်မှုကို ယာဉ်မောင်းများညည်းညူတတ်ကြသည်။ သို့ရာတွင် အရှိန်လျော့၍ အကွာအဝေးကို ထပ်၍ကျယ်စေခြင်းကသာ အန္တရာယ်ကင်းစေမည်ဖြစ်သည်။ ရုတ်တရက် ဘရိတ်အုပ်လိုက်ခြင်းက မတော်တဆထိခိုက်မှုဖြစ်စေနိုင်သောကြောင့် ဖြစ်လာနိုင်သည့်အန္တရာယ်ကို သတိပြုပါ။ အဲန်တီးလော့ခ် ဘရိတ်စနစ် [antilock braking system] ရှိခြင်းက မရပ်တန့်မီ ဘီးလှိမ့်သွားသည့်အကွာအဝေးကို မလျော့စေပါ။ ယာဉ်မောင်းနည်းပြ ပေါလ် ရိတ်လီက “မည်သည့်အခြေအနေတွင်မဆို အန္တရာယ်ကင်းသည့်နှုန်းသည် များသောအားဖြင့် ယာဉ်မောင်းအများစုထင်မြင်ထားသည်ထက် များစွာပို၍နိမ့်သည်” ဟုဆို၏။
ခွဲစိတ်ဆရာဝန်များ သင်တို့ပြောဆိုသည့် စကားကို သတိပြု
ခွဲစိတ်မှုခံယူနေသည့်လူနာများသည် ယေဘုယျ မေ့ဆေးပေးသည့်ကြားမှပင် “ကြားသိ” နိုင်ကြကြောင်း နယ်သာလန်နိုင်ငံရှိ အာရာမာ့စ်တက္ကသိုလ်မှ သုတေသီများက တွေ့ရှိကြသည်။ ခွဲစိတ်ပြီးနောက်တွင် လူနာ ၂၄၀ ကို ခွဲစိတ်စဉ်အတွင်း ပြောဆိုခဲ့သောစကားမှ ဦးဆုံးစကားလုံးတစ်လုံးကို အစဖော်ပေးခဲ့ကာ လူနာမှတ်မိခဲ့သည့် ဦးဆုံးစကားလုံးကိုပြောခြင်းဖြင့် ဆက်၍ပြောစေခဲ့သည်။ ၂၄ နာရီကြာပြီးနောက်၌ပင် လူနာအများစုသည် တစ်ခါတည်းသာ ဖော်ပြပြောဆိုသောစကားကို ပြန်အမှတ်ရနိုင်ကြသည်။ မေ့ဆေးပေးခံရသောလူနာများသည် ခွဲစိတ်ကုသစဉ်အတွင်း “ကြားနာ” နိုင်ကြပြီး အပြုသဘောမပါသော သို့မဟုတ် စော်ကားမော်ကားပြောဆိုချက်များကို အကင်းပါးပါးသိရှိနိုင်ကြသည်ဟု သုတေသီများကဆိုကြောင်း ဖော်ပြသည်။ နယ်သာလန်အဖွဲ့အစည်း၏ သိပ္ပံသုတေသနမှထုတ်ဝေသော နယ်သာလန်မှသုတေသနမှတ်တမ်းဟူသည့်စာစောင်က ဤသို့ကောက်ချက်ချသည်– “ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ခွဲစိတ်ကုသစဉ်အတွင်း သူတို့၏အပြန်အလှန်ပြောဆိုချက်များကို သတိမူကြရန်လိုပေမည်။”
နွားရူးရောဂါ
◼ ဗြိတိန်နိုင်ငံ၏ “နွားရူးရောဂါ” ဖြစ်ပွားမှုက နှစ်ရှည်လများတည်ရှိနေသော တိရစ္ဆာန်မွေးမြူမှုကို ထင်ရှားပေါ်လွင်လာစေသည်။ တိရစ္ဆာန်များသည် အခြားတိရစ္ဆာန်များ၏အစိတ်အပိုင်းတို့ကို စားသုံးနေခြင်းအားဖြင့် သစ်ဥသစ်ဖုစားတိရစ္ဆာန်မှ အသားစားတိရစ္ဆာန်သို့ပြောင်းလဲလျက်ရှိကြသည်။ အရင်းအမြစ်များကို ထိန်းသိမ်းရန်၊ အကျိုးအမြတ် တိုးများစေရန်နှင့် တိရစ္ဆာန်ကြီးထွားမှုမြန်ဆန်စေရန် ကြိုးပမ်းရာတွင် ပန်ကရိယများ၊ လေပြွန်နှင့် ကျောက်ကပ်တို့ကဲ့သို့သော အခြားကိုယ်တွင်းကလီစာများ၊ ညက်ညက်ကြိတ်ထားသော အူများ၊ ကျောရိုးနဗ်ကြောများ၊ ဦးနှောက်များပါဝင်သည့်အစာများနှင့် သွေးခဲ၊ ကြေမွနေသည့်အရိုးတို့ကို ပုံမှန်အသုံးပြုကြသည်။ ပျမ်းမျှအားဖြင့် နွားသားပေါက်သည် အသက်ခြောက်နှစ်အရွယ်ရောက်သည့်အချိန်တွင် အခြားတိရစ္ဆာန်များ၏အကြွင်းအကျန်များမှပြုလုပ်ထားသည့် အစာ ၂၆ ပေါင်ခန့်ကို စားသုံးခဲ့ပြီးဖြစ်သည်ဟု ရောဂါအကြောင်း ဦးဆုံးအကြိမ်သတိပေးသူ ကျွမ်းကျင်သူများမှတစ်ဦးဖြစ်သည့် ဒေါက်တာ ဟာရပ်စ်နာရာန်းက ပြောဆို၏။ “ကျွန်တော် အံ့သြတုန်လှုပ်မိပါသည်” ဟူ၍ သူလည်ပတ်သော သားသတ်ရုံတစ်ခုကိုရည်ညွှန်းလျက် သူကဆို၏။ “ကျွန်ုပ်တို့သည် အမှန်ပင် နွားကို နွားသို့ပြန်ထုတ်လုပ်နေခြင်းဖြစ်သည်။ ၎င်းသည် ကျွန်ုပ်အတွက် ဇာတ်တူသားစားခြင်းပင်ဖြစ်သည်။”
◼ အကောင်းဘက်ကမျှော်ကြည့်သော် ဗြိတိသျှလူမျိုး နို့စားနွားမွေးမြူရေးခြံပိုင်ရှင်တစ်ဦးက အထိတ်တလန့်ဖြစ်ရသော “နွားရူးရောဂါ” ကြောင့် အကျိုးအမြတ်အတွက် ရောင်း၍မရနိုင်သည့် နွားမအိုများကိုအသုံးပြုရန်နည်းလမ်း တွေ့ရှိခဲ့သည်။ နယူးစ်ဝိခ် မဂ္ဂဇင်းတွင်မှတ်တမ်းတင်ထားသည့်အတိုင်း ၎င်းကို ကြော်ငြာသင်ပုန်းများအဖြစ် သူအသုံးပြုသည်။ ပျားပန်းခပ်နေသော အဝေးပြေးလမ်းမများဘေးရှိ မြက်စားနေသော မိမိ၏နွားများပေါ်တွင် ကြော်ငြာများကိုကပ်ပြီး တစ်ပတ်လျှင် နွားတစ်ကောင်ကို ဒေါ်လာ ၄၀ နှုန်းခန့်ရရှိသည်။ “ဝင်ငွေရတဲ့ကဏ္ဍသစ်တစ်ခုကို ကျွန်တော်တို့ရှာရတာပါပဲ” ဟူ၍ ခြံပိုင်ရှင်ကဆို၏။ “အဲ့ဒါ သူတို့ဘာသာသူတို့ ဝင်ငွေရဖို့ ကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပုံရတယ်။”