တေးဂီတ၊ မူးယစ်ဆေးနှင့် သောက်ကြူးခြင်းတို့သည် ကျွန်တော့်ဘဝဖြစ်ခဲ့
ကျွန်တော်က အမေရိကန်တိုင်းရင်းသားတစ်ယောက်ပါ။ လွန်ခဲ့တဲ့လေးနှစ်က ဆုံးသွားတဲ့အဖေဟာ ယူ.အက်စ်.အေ. မီချီဂန်ပြည်နယ်၊ ရူးဂါးကျွန်းက ချီပါဝေါအနွယ်ဖြစ်တယ်။ အမေကတော့ ကနေဒါနိုင်ငံ၊ အော်န်တာရီအိုခရိုင်က အော်တဝါးနဲ့ အိုဂျီဘွားအင်းဒီးယန်းလူမျိုးပါ။ ကျွန်တော့်အဖေကြောင့် ကျွန်တော်ဟာ ချီပါဝေါအင်းဒီးယန်း စူစဲန့်မရီးန်အနွယ်ဝင်တစ်ယောက်ဖြစ်တယ်။ ကက်သလစ်သာသနာပြုအဖွဲ့နဲ့ ဘော်ဒါကျောင်းတွေရဲ့လွှမ်းမိုးမှုကြောင့် တနင်္ဂနွေနေ့တိုင်း မစ္ဆားတရားပွဲကိုတက်ရောက်ရတဲ့ ကက်သလစ်တစ်ဦးအဖြစ် ကျွန်တော်ကြီးပြင်းလာတယ်။
အင်းဒီးယန်းလူမျိုးအတွက် သီးသန့်နယ်မြေမှာကြီးပြင်းလာတဲ့ ကျွန်တော့်ရဲ့ကလေးဘဝဟာ ရိုးရှင်းပြီး ပျော်စရာကောင်းပါတယ်။ ကလေးတစ်ယောက်အမြင်နဲ့ဆိုရင် နွေရာသီဟာ ကြာညောင်းကုန်ခဲလှပြီး တိတ်ဆိတ်လှပါတယ်။ ကျွန်တော်တို့ဟာ ရေပေးစနစ်မရှိ၊ အိမ်တွင်းရေချိုးခန်းမရှိတဲ့ ဝေးခေါင်လှတဲ့ဒေသမှာ နေထိုင်ကြပြီး ရေကန် ဒါမှမဟုတ် အဝတ်လျှော်ဇလုံထဲမှာ ရေချိုးကြတယ်။ ကျွန်တော်တို့ရဲ့ကစားကွင်းကတော့ အိမ်အပြင်မှာပေါ့။ အပျင်းဖြေစရာတွေကတော့ မြင်းတွေ၊ ကျွဲနွားတွေနဲ့ တခြားတိရစ္ဆာန်တွေပါပဲ။ အဲဒီအချိန်တုန်းက ကမ္ဘာကြီးတစ်ခုလုံး အဲလိုအမြဲဖြစ်သွားနိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုခဲ့တယ်။
ကြီးကောင်ငင်ဘဝ၏ စိန်ခေါ်မှုများ
ကျွန်တော်အရွယ်ရောက်လာပြီး အစိုးရကျောင်းတက်တဲ့အချိန်မှာ သီးသန့်နယ်မြေကို အသွားအလာကျဲသွားတယ်။ ကျွန်တော့်ရဲ့အချိန်အများစုကို ကျောင်း၊ အားကစားနဲ့ တေးဂီတတွေက နေရာယူလာတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များရဲ့ ဆယ်ကျော်သက်တစ်ဦးအနေနဲ့ ကျွန်တော်ဟာ ခေတ်ရဲ့စိတ်ဓာတ်နဲ့ပုံသွင်းခံခဲ့ရတယ်။ ၁၃ နှစ်အရွယ်ရောက်တော့ မူးယစ်ဆေးနဲ့ အရက်ကိုအမြဲသောက်သုံးလာတယ်။ အဖွဲ့အစည်းကိုပုန်ကန်တာခေတ်စားနေပြီး ကျွန်တော်ဟာ လူ့အသိုင်းအဝိုင်းလက်ခံရာအားလုံးကို မုန်းတီးလာတယ်။ တစ်ယောက်ကိုတစ်ယောက် လူလူချင်းမစာနာတဲ့လုပ်ရပ်တွေကို ဘာကြောင့်လုပ်ကြတယ်ဆိုတာ ကျွန်တော်နားမလည်နိုင်ခဲ့ဘူး။
အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ပထမဦးဆုံး ဂစ်တာကိုရခဲ့တယ်။ ကျွန်တော်တို့ရဲ့မိသားစုဟာ ဂီတမိသားစုပါ။ ကျွန်တော့်အဖေက စန္ဒရားတီးခတ်သူနဲ့ တက်ပ်ကချေသည်တစ်ယောက်ဖြစ်ပြီး သူ့ညီတွေလည်း ဂီတဘက်မှာ ဝါသနာပါကြတယ်။ ဒါကြောင့် အဖေနဲ့ ကျွန်တော့်ဦးလေးတို့ဆုံကြတဲ့အခါ မနက်မိုးလင်းအထိ မြူးမြူးကြွကြွအကတွေနဲ့ လေးပွင့်ဆိုင်အကတွေကကြတယ်။ အဲလိုကရတာကို ကျွန်တော်နှစ်သက်တယ်။ သိပ်မကြာခင် ကျွန်တော်ဂီတာတီးတတ်လာပြီး ရော့ခ်အင်ရိုးတီးဝိုင်းထဲဝင်လိုက်တယ်။ ကျောင်းကပွဲတွေနဲ့ တခြားပွဲတွေမှာ ကျွန်တော်တို့ဖျော်ဖြေကြတယ်။ အဲဒီကနေ အရက်နဲ့ မူးယစ်ဆေးတွေ ပိုမိုသုံးစွဲစေတဲ့နေရာဖြစ်တဲ့ အရက်ရောင်းခန်းတွေနဲ့ နိုက်ကလပ်တွေကို ရောက်သွားပါတယ်။ ဆေးခြောက်နဲ့ မက်သာဖီတာမင်း (စပိဒ်) တွေကို သုံးစွဲခြင်းဟာ ကျွန်တော့်ဘဝပုံစံဖြစ်လာပါတော့တယ်။
ဗီယက်နမ်နိုင်ငံ၌ စစ်မှုထမ်းခြင်း
အသက် ၁၉ နှစ်ရောက်တဲ့အချိန်မှာ ကျွန်တော်ဟာ အိမ်ထောင်ကျပြီး ဖခင်လောင်းတစ်ယောက်ဖြစ်နေပြီလေ။ အဲဒီနှစ်မှာပဲ ယူ.အက်စ်. မရိမ်းတပ်ထဲရောက်သွားတယ်။ အဲဒီမှာ ကျွန်တော့်အတွက် ဖိစီးမှုတွေများလှပါတယ်။ အဲဒီဒဏ်ကိုခံနိုင်ဖို့ ကျွန်တော်ဟာ တစ်ရက်မှာ ၂၄ နာရီလုံးလုံး မူးယစ်ဆေး၊ အရက်တို့နဲ့ပဲ မူးပေတေအောင်နေလိုက်တော့တယ်။
ကျွန်တော်ဟာ ကယ်လီဖိုးနီးယားပြည်နယ် စဲန်ဒီအာဂိုမြို့မှာရှိတဲ့ ရေတပ်စုဆောင်းရေးတပ်ရှိ ပင်မလေ့ကျင့်ရေးစခန်းကို အပို့ခံရပြီး အဲဒီကနေ ကယ်လီဖိုးနီးယားပြည်နယ် ပဲန်ဒဲလ်တန်တပ်မှာ ခြေလျင်စစ်သည်လေ့ကျင့်ရေးကို တက်ရပါတယ်။ ကျွန်တော်ဟာ စစ်မြေပြင်ဆက်သွယ်ရေးနဲ့ ရေဒီယိုအော်ပရေတာတစ်ယောက် ဖြစ်လာတယ်။ အဲဒါက ၁၉၆၉ ခုနှစ်အကုန်ပိုင်းမှာပေါ့။ အခုတော့ တကယ့်စမ်းသပ်ချက်ဖြစ်တဲ့ ဗီယက်နမ်မှာစစ်မှုထမ်းဖို့ ဖြစ်လာတယ်။ ဒါနဲ့ အထက်တန်းကျောင်းဆင်းပြီး လအနည်းငယ်အကြာ အသက် ၁၉ နှစ်အရွယ်မှာ ကျွန်တော်ဟာ ဗီယက်နမ်နိုင်ငံရဲ့ နီကြန့်ကြန့်မြေပေါ် ရောက်နေပါပြီ။ လူနည်းစုအဝင်ဖြစ်တဲ့ကျွန်တော်တို့ကို လူ့အဖွဲ့အစည်းက မတရားဆက်ဆံပါလျက်နဲ့ မျိုးချစ်စိတ်က အမေရိကန်တိုင်းရင်းသားများစွာကို စစ်မှုထမ်းဖို့လှုံ့ဆော်ခဲ့သလို ကျွန်တော့်ကိုလည်းလှုံ့ဆော်ခဲ့ပါတယ်။
ကျွန်တော်ပထမဦးဆုံး တာဝန်ကျတဲ့နေရာကတော့ ဒါနန်မြို့အပြင်ဘက်မှာရှိတဲ့ အမှတ် ၁ လေကြောင်းတပ်ရင်းမှာဖြစ်တယ်။ လူပေါင်း ၅၀ လောက်—တကယ့်တကယ်တော့ ယောက်ျားလေးတွေ—ဟာ စစ်တပ်အဆောက်အအုံတွေမှာရှိတဲ့ ဆက်သွယ်ရေးစနစ်တွေကို ပြုပြင်ထိန်းသိမ်းဖို့တာဝန်ယူရကြပါတယ်။ မြောက်ပိုင်းဗီယက်နမ်နဲ့ တောင်ပိုင်းဗီယက်နမ်ကြားမှာရှိတဲ့ ဒီအမ်ဇက် (စစ်မဲ့ဇုန်) ကနေ ဒါနန်မြို့ရဲ့တောင်ပိုင်း မိုင် ၅၀ လောက်ဝေးတဲ့ဒေသအထိ ကျွန်တော်တို့တာဝန်ယူရတယ်။
ဒုက္ခသည်တွေဟာ ဒါနန်မြို့ကိုစုပြုံလာကြပြီး မြို့ဆင်ခြေဖုံး ဆင်းရဲသားရပ်ကွက်တွေလည်း နေရာအနှံ့ မှိုလိုပေါက်နေပါတော့တယ်။ မိဘမဲ့ဂေဟာတွေလည်း အများကြီးပဲ။ အများအပြားက ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့ ကလေးငယ်တွေကိုမြင်ရတာ ကျွန်တော့်ရင်ထဲဆို့နင့်စေခဲ့ပါတယ်။ အားလုံးနီးပါးလိုလိုက မိန်းကလေးတွေ ဒါမှမဟုတ် ငယ်ငယ်ရွယ်ရွယ်ယောက်ျားလေးတွေဖြစ်နေတော့ ကျွန်တော့်အတွက် အထူးအဆန်းလိုဖြစ်နေတယ်။ ဘာကြောင့်အဲလိုဖြစ်ရတယ်ဆိုတာ မကြာခင်သိလာရတယ်။ အသက် ၁၁ နှစ်နဲ့ ၁၁ နှစ်အထက်တွေက စစ်ပွဲမှာတိုက်ခိုက်နေကြတယ်။ နောက်ပိုင်း ငယ်ရွယ်တဲ့ ဗီယက်နမ်စစ်သားလေးတစ်ယောက်ကို ကျွန်တော်တွေ့ဆုံခဲ့ပြီး သူ့အသက်ဘယ်လောက်ရှိပြီလဲလို့ မေးမိတယ်။ “ဆယ့်လေးနှစ်” လို့ဖြေတယ်။ သူစစ်တိုက်လာတာ သုံးနှစ်တောင်ရှိပြီ! အဲဒါက ကျွန်တော့်ကိုအံ့အားသင့်စေခဲ့ပါတယ်။ သတ်ဖြတ်ဖို့မဟုတ်ဘဲ အငယ်တန်းဘေ့စ်ဘောအသင်းဝင်တစ်ယောက်ဖြစ်ရေးကိုသာ စိတ်ဝင်စားတဲ့ ကျွန်တော့်ရဲ့ ၁၄ နှစ်အရွယ်ညီလေးကို သတိရစေခဲ့ပါတယ်။
ရေတပ်မှာ အမှုထမ်းနေတဲ့အတောအတွင်း ကျွန်တော့်အတွက် ဖြေရှင်းစရာမေးခွန်းတွေ စပြီးပေါ်လာတယ်။ တစ်ညကျတော့ တပ်ထဲမှာရှိတဲ့ချာ့ချ်ကို ကျွန်တော်သွားတက်တယ်။ ကက်သလစ် ဘုန်းတော်ကြီးက ယေရှု၊ ငြိမ်သက်ခြင်းနဲ့ မေတ္တာအကြောင်းဟောပြောနေလိုက်တာ! ကျွန်တော်ဟားတိုက်ရယ်လိုက်ချင်တယ်။ သူ့ဟောပြောချက်က အဲဒီမှာဖြစ်ပျက်နေတဲ့အရာမှန်သမျှနဲ့ တခြားစီပဲ။ အခမ်းအနားအစီအစဉ်ပြီးတဲ့နောက် ကျွန်တော်က သူ့ကိုခရစ်ယာန်တစ်ယောက်ဖြစ်ပြီး တစ်ချိန်တည်းမှာ စစ်ပွဲမှာတိုက်ခိုက်နေတာ လျော်ကန်သင့်မြတ်ကြောင်း သူဘယ်လိုလုပ်ပြီး အကြောင်းပြနိုင်မလဲလို့ မေးလိုက်တယ်။ သူ့အဖြေကကော။ “ဟ ရဲဘော်ရ ဒို့တိုက်ခိုက်နေတာဟာ သခင်ဘုရားအတွက်ပဲလေ။” ကျွန်တော်ထွက်လာပြီး နောက်ကိုချာ့ချ်နဲ့ဘယ်တော့မှ မပတ်သက်လိုတော့ဘူးလို့ ကိုယ့်ကိုယ်ကိုပြောမိတယ်။
ကျွန်တော့်တာဝန်ပြီးဆုံးသွားတဲ့အခါ အခွင့်သာလို့ကျွန်တော်အသက်ရှင်နေပေမဲ့ စိတ်ပိုင်းနဲ့ ကိုယ်ကျင့်တရားပိုင်းမှာတော့ အတော်လေးနစ်နာဆုံးရှုံးခဲ့တယ်။ နေ့တိုင်းလိုလို စစ်နဲ့ သေခြင်းကိုကြားရ၊ မြင်ရပြီး အဲဒီအငွေ့အသက်တွေကို ရှူရှိုက်ရခြင်းက ကျွန်တော့်ရဲ့နုနယ်တဲ့နှလုံးသားမှာ ဖျက်မရအောင်စွဲကျန်ခဲ့ပါတယ်။ အဲဒါတွေအားလုံး လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က ဖြစ်ပျက်ခဲ့တာမှန်ပေမဲ့ ကျွန်တော်စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပါပဲ။
အရပ်သားဘဝကို ကြိုးစားအသွင်ပြောင်းခြင်း
အိမ်ပြန်ရောက်တော့ ကျွန်တော့်ရဲ့တေးဂီတအလုပ်မှာပဲ အာရုံနစ်မြှုပ်လိုက်တယ်။ ကျွန်တော့်ဘဝက အထိန်းအကွပ်မရှိဖြစ်နေပါတယ်၊ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရတာတောင်မှ မူးယစ်ဆေးတွေနဲ့ အရက်ကို အလွန်အကျွံသောက်သုံးနေဆဲပဲ။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့ ဆက်ဆံရေးကတင်းမာလာပြီး ရလဒ်ကတော့ ကွာရှင်းခြင်းပါပဲ။ ကျွန်တော့်ဘဝမှာ စိတ်ဓာတ်အကျဆုံးအချိန်လို့ဆိုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသီးခြားဖြစ်စေပြီး မင်နက်စိုတာနဲ့ မီချီဂန်ပြည်နယ်အထက်ပိုင်းစတဲ့ ဝေးလံတဲ့နယ်မြေတွေမှာ ထရောက်ငါးတွေဖမ်းပြီး အိမ်ပြင်မှာပဲ စိတ်ဖြေဖျောက်မှုရှာဖွေခဲ့တယ်။
၁၉၇၄ ခုနှစ်မှာ ကျွန်တော့်ရဲ့တေးဂီတအလုပ်မှာ ဂီတာတီးသူနဲ့ အဆိုတော်တစ်ယောက်အဖြစ် တက်လှမ်းဖို့ရည်ရွယ်ချက်နဲ့ တက်နက်စီပြည်နယ်၊ နက်ရှ်ဗေးလ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ တေးဂီတရဲ့ ပင်မရေစီးကြောင်းကို ဝင်ရောက်နိုင်ဖို့အမြဲမျှော်လင့်ပြီး နိုက်ကလပ်အတော်များများမှာ ကျွန်တော်ဖျော်ဖြေခဲ့တယ်။ ဒါပေမဲ့ အားလုံးကထိပ်တန်းအနုပညာရှင်တွေဖြစ်ဖို့ ကြိုးစားနေကြတဲ့ ဂီတာတီးကျွမ်းကျင်တဲ့သူတွေကြီးပဲဆိုတော့ အကြိတ်အနယ်ဝင်တိုးရပါတယ်။
ဒါပေမဲ့ အခြေအနေတွေကကျွန်တော့်အတွက် တကယ်ပဲအဆင်ပြေချောမွေ့လာပြီး ကျွန်တော့်ရဲ့လုပ်ငန်းပိုင်းမှာ အောင်မြင်မှုရတော့မယ်လို့ ခံစားရတဲ့အချိန်မှာပဲ ကျွန်တော့်ကို ထိတ်လန့်တုန်လှုပ်သွားစေတဲ့အရာတစ်ခု ဖြစ်ပျက်လာတော့တယ်။
အန္တရာယ်ရှိသောဘဝပုံစံ
ကျွန်တော်နဲ့ မူးယစ်ဆေးပတ်သက်ခဲ့ဖူးတဲ့ အပေါင်းအသင်းဟောင်းတစ်ယောက်ဆီ ကျွန်တော်အလည်သွားတယ်။ သူကတံခါးပေါက်မှာ ၁၂-ဂိတ် ပြောင်းချောသေနတ်တစ်လက်နဲ့ စောင့်ကြိုနေတယ်။ သူ့ကိုယ်ခန္ဓာတစ်ပိုင်းကို ကျောက်ပတ်တီးကိုင်ထားပြီး မေးရိုးကျိုးသွားတဲ့အတွက် သူ့ပါးစပ်ကို ဝါယာကြိုးနဲ့ချည်ပြီးပိတ်ထားတယ်။ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူအံကြိတ်ပြီး ပြောပြတယ်။ ကျွန်တော်မသိဘဲ သူဟာ နက်ရှ်ဗေးလ်မြို့က မူးယစ်ဆေးကုန်ကူးတဲ့အဖွဲ့နဲ့ ပတ်သက်နေပြီး ကိုကင်းအတော်များများ ပျောက်ဆုံးသွားတယ်။ မူးယစ်ဆေးအကြီးအမှူးတွေက သူ့ကိုစွပ်စွဲပါလေရော။ သူ့ကိုရိုက်ဖို့ လူရမ်းကားတွေ၊ လူမိုက်တွေလွှတ်ခဲ့တယ်။ ကိုကင်းတွေပြန်ပေးရင်ပေး ဒါမှမဟုတ် အဲဒီတန်ဖိုးကို အပြင်ပေါက်ဈေးနဲ့ ဒေါ်လာ ၂၀,၀၀၀ ပေးဖို့ပြောကြတယ်။ သူပဲခြိမ်းခြောက်ခံနေရတာမဟုတ်ဘဲ သူ့ဇနီးနဲ့ ကလေးပါအန္တရာယ်ရှိနေပါတယ်။ ကျွန်တော့်ကိုသူနဲ့အတူတွေ့ မြင်ရခြင်းဟာ ကျွန်တော့်အတွက်အန္တရာယ်ရှိကြောင်းနဲ့ ဖြစ်နိုင်ရင် ကျွန်တော်ထွက်သွားသင့်တယ်လို့ပြောတယ်။ သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော်ရိပ်မိပြီး ထွက်လာခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်က ကျွန်တော့်ဘဝကို နည်းနည်းထိတ်လန့်သွားစေခဲ့တယ်။ မထင်မှတ်ဘဲနဲ့ ကျွန်တော်ဟာ အကြမ်းဖက်လောကရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတော့တယ်။ တေးဂီတနဲ့ မူးယစ်ဆေးအသိုင်းအဝိုင်းက ကျွန်တော်သိတဲ့လူအများစုတို့ဟာ သေနတ်ကိုင်ဆောင်ကြတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ပွိုင့် ၃၈ ခြောက်လုံးပြူးတစ်လက် ကျွန်တော်ဝယ်မိတော့မလို့ပဲ။ တေးဂီတလုပ်ငန်းရဲ့ ပင်မရေစီးကြောင်းနဲ့ ကျွန်တော်နီးကပ်လာတာနဲ့အမျှ ပေးဆပ်ရမယ့်အဖိုးအခလည်း ပိုများလာတယ်ဆိုတာ ကျွန်တော်သဘောပေါက်လာတယ်။ ဒါနဲ့ ဘရာဇီးနိုင်ငံကိုသွားပြီး လက်တင်အမေရိကန်တေးဂီတကို လေ့လာသင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နက်ရှ်ဗေးလ်မြို့ကထွက်ဖို့ဆုံးဖြတ်လိုက်တယ်။
မေးခွန်းများများ၊ အဖြေနည်းနည်း
ဘာသာရေးနဲ့ပတ်သက်ပြီး အဆိုးမြင်စရာအတွေ့အကြုံတွေ တွေ့ကြုံခဲ့တဲ့ကြားထဲက ဘုရားသခင်ကိုဝတ်ပြုဖို့ ကျွန်တော်စိတ်ပြင်းပြခဲ့တယ်။ ပြီးတော့ ကျွန်တော့်မှာ အဖြေမရတဲ့မေးခွန်းတွေရှိနေဆဲပါပဲ။ ဒါနဲ့ အမှန်တရားကို စပြီးရှာပုံတော်ဖွင့်ပါတော့တယ်။ ဂိုဏ်းဂဏစာရင်းမဝင်တဲ့ ချာ့ချ်အုပ်စုတွေကို တက်ရောက်ပေမဲ့လည်း ကျေနပ်မှုမရရှိခဲ့ပါဘူး။ မင်နက်စိုတာပြည်နယ်မှာ ကျွန်တော်တက်ခဲ့တဲ့ချာ့ချ်တစ်ခုကို အမှတ်ရမိပါသေးတယ်။ အဲဒီနေ့မှာ မင်နက်စိုတာဗိုက်ကင်းဘော်လုံးအသင်းက ကစားမှာဖြစ်တဲ့အတွက် ပါစတာက ဟောပြောချက်တိုတိုပဲဟောတယ်။ ကျွန်တော်တို့အားလုံး အိမ်ကိုပြန်ပြီး ဗိုက်ကင်းအနိုင်ရအောင် ဆုတောင်းကြဖို့ တိုက်တွန်းလိုက်သေးတယ်! ကျွန်တော်ထွက်လာလိုက်တယ်။ ဘုရားသခင်ကို အပေါ်ယံသဘောဖြစ်တဲ့ အားကစားလှုပ်ရှားမှုနဲ့ ပတ်သက်စေတဲ့ အဲဒီလိုအတွေးတိမ်တာမျိုးက ဒီနေ့အထိကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။
မင်နက်စိုတာပြည်နယ် ဒါလုသ်မြို့မှာ အလုပ်လုပ်နေတုန်း သူငယ်ချင်းတစ်ယောက်က ကျွန်တော့်အခန်းထဲမှာ ကင်းမျှော်စင်မဂ္ဂဇင်းတစ်စောင် ထားခဲ့ပေးတယ်။ မဿဲကျမ်း အခန်းကြီး ၂၄ ကို ရှင်းပြထားတာကိုဖတ်ကြည့်တော့ အားလုံးကမှန်ပုံရတယ်။ ‘ဒီယေဟောဝါသက်သေတွေက ဘယ်သူတွေပါလိမ့်၊ ယေဟောဝါဆိုတာ ဘယ်သူလဲ’ ဆိုပြီးကျွန်တော့်ကို တွေးတောစေခဲ့တယ်။ ၁၉၇၅ ခုနှစ်ရောက်တဲ့အထိ အဖြေမရခဲ့ပါဘူး။ အဲဒီသူငယ်ချင်းကပဲ ကျွန်တော့်အတွက် ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရားaစာအုပ်နဲ့ သမ္မာကျမ်းစာတစ်အုပ် ထားခဲ့ပေးပြန်တယ်။
အဲဒီညမှာ စာအုပ်ကိုဖတ်တော့တာပဲ။ ပထမအခန်းဆုံးသွားတာနဲ့ အမှန်တရားကိုတွေ့ ပြီဆိုတာ ကျွန်တော်သိလိုက်တယ်။ ကျွန်တော့်စိတ်ကိုဖုံးအုပ်နေတဲ့ အဖုံးကိုဖယ်ပစ်လိုက်သလိုပါပဲ။ စာအုပ်ကိုပြီးအောင်ဖတ်လိုက်တယ်၊ ပြီးတော့ နောက်တစ်နေ့မှာ လမ်းတစ်ဖက်မှာရှိတဲ့ အိမ်နီးချင်းသက်သေခံတချို့ဆီသွားပြီး ကျွန်တော့်ကိုကျမ်းစာသင်ပေးဖို့ တောင်းဆိုလိုက်တယ်။
ဘရာဇီးနိုင်ငံကိုခရီးထွက်ဖို့ အစီအစဉ်ကိုဖျက်လိုက်ပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေကို စတက်ပါတယ်။ ၁၂ နှစ်လုံးလုံး မူးယစ်ဆေးနဲ့အရက်စွဲလာပြီးမှ ယေဟောဝါရဲ့အကူအညီနဲ့ ချက်ချင်းပဲလုံးလုံးပြတ်သွားအောင် ရုန်းထွက်နိုင်ခဲ့တယ်။ လအနည်းငယ်အတွင်းမှာ တစ်အိမ်မှတစ်အိမ်အမှုဆောင်မှာ ကျွန်တော်ပါဝင်နေပါတော့တယ်။
ဒါပေမဲ့လို့ ကျွန်တော့်အတွက် အခက်အခဲတစ်ခုရှိပါတယ်။ အချိန်ဇယားတစ်ခုအတိုင်း တစ်သဝေမတိမ်းလုပ်ရတဲ့ အစီအစဉ်ကို ကျွန်တော်မုန်းတဲ့အတွက် အတည်တကျအလုပ်ကို တစ်ခါမှမလုပ်ခဲ့ဘူး။ အခုတော့ ဒယ်ဘီက ကျွန်တော့်ဘဝထဲကို ပြန်လည်ဝင်ရောက်လာပြီဆိုတော့ ကျွန်တော်ဟာ တာဝန်ယူတတ်တဲ့လူဖြစ်ဖို့လိုလာပြီပေါ့။ ကျွန်တော်ဟာ ဒီ့အရင်ထဲက သူမကိုတွဲနေခဲ့တာပါ; ဒါပေမဲ့ သူမက ဆရာမတစ်ယောက်ဖြစ်ဖို့ ကောလိပ်သွားတက်ခဲ့ပြီး ကျွန်တော်ကတော့ ဂီတပညာရှင်တစ်ယောက်ဖြစ်ဖို့ပေါ့။ အခုတော့ သူမလည်း ကျမ်းစာသမ္မာတရားကိုလက်ခံလာပြီး ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် တစ်ခါပြန်ပြီးနီးစပ်လာတယ်။ ကျွန်တော်တို့လက်ထပ်လိုက်ကြပြီး ၁၉၇၆ ခုနှစ် ကနေဒါနိုင်ငံ၊ အော်န်တာရီအိုခရိုင်၊ စူစဲန့်မရီးန်မြို့မှာ သက်သေခံများအဖြစ် နှစ်ခြင်းခံယူလိုက်ကြပါတယ်။ အချိန်တန်တော့ ကျွန်တော်ကလေး လေးယောက်ရလာတယ်၊ ယောက်ျားလေးသုံးယောက်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။
ကျွန်တော့်မိသားစုကို ထောက်ပံ့ဖို့အတွက် တူရိယာစတိုးဆိုင်တစ်ခုကိုဖွင့်ပြီး ဂျဇ်တေးဂီတဖန်တီးမှုနဲ့ ဂီတာသင်တန်းပေးပါတယ်။ အသံသွင်းစတူဒီယိုလေးတစ်ခုကိုလည်းဖွင့်ပြီး အခါအခွင့်သင့်သလို နိုက်ကလပ်တွေမှာ ဖျော်ဖြေခဲ့တယ်။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲ တေးဂီတလောကမှာ အထွတ်အထိပ်ပြန်ရောက်ဖို့ အခွင့်အလမ်းပေါ်လာပါတယ်။ နာမည်ကြီးအဆိုတော်များအတွက် နောက်ခံတီးခတ်ပေးဖို့ သုံးကြိမ်ကျွန်တော့်ကို ကမ်းလှမ်းလှာပါတယ်။ အဲဒါက ကျွန်တော့်အတွက်အခွင့်အရေးကြီးတစ်ခုပါပဲ—တကယ်ဆိုရင် နှစ်နှစ်အတွင်းမှာ တတိယအကြိမ်မြောက်ဖြစ်တယ်။ လူသိများတဲ့ ဂျဇ်အုပ်စုတစ်ခုနဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ဖျော်ဖြေဖို့အခွင့်အရေးတွေ ကမ်းလှမ်းခံရပါတယ်။ ဒါပေမဲ့ အဲဒါကိုလက်ခံရင် မကြာမကြာခရီးထွက်ပြီး တေးဂီတဖျော်ဖြေပွဲတွေ အသံသွင်းအစီအစဉ်တွေနဲ့ ပြန်လုံးပန်းရမယ်ဆိုတာ ကျွန်တော်သိထားတယ်။ ကမ်းလှမ်းချက်ကို ငါးစက္ကန့်လောက်စဉ်းစားပြီးတော့ “ကျေးဇူးတင်ပါတယ်၊ ကျွန်တော်လက်မခံနိုင်ပါဘူး” ဆိုပြီးလေးလေးစားစား အဖြေပေးလိုက်ပါတယ်။ မူးယစ်ဆေးဝါး၊ အရက်နဲ့ လူရမ်းကားတွေရဲ့အန္တရာယ်နဲ့ ကျွန်တော့်အတိတ်ဘဝကို ပြန်သတိရတာနဲ့တင် လုံးဝမတန်ဘူးဆိုတာ ကျွန်တော့်ကိုသဘောပေါက်စေတယ်။ ကျွန်တော့်ဇနီးနဲ့ ကလေးတွေပါဝင်တဲ့ ခရစ်ယာန်ဘဝအသက်တာအသစ်က ကျွန်တော့်အတွက် ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။
ပီဘီအက်စ် (လူထုအသံလွှင့်လုပ်ငန်း) ရုပ်မြင်သံကြားကထုတ်လွှင့်တဲ့ ပညာရေးနဲ့ သတင်းအစီအစဉ်မှာ အသံလွှင့်အင်ဂျင်နီယာတစ်ယောက်အဖြစ် နှစ်အတော်ကြာကြာ ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ လက်ရှိကျွန်တော့်အလုပ်ကတော့ မြောက်ပိုင်းအရီဇိုးနားမှာရှိတဲ့ တက္ကသိုလ်အတွက် ဟော်ပီသီးသန့်နယ်မြေကို ဗီဒီယိုဆက်သွယ်ရေးမှာ ညှိနှိုင်းရေးမှူးအဖြစ်လုပ်ဆောင်ရတယ်။
ကျွန်တော့်လူမျိုးရင်းနှင့်အတူ ပြန်လည်နေထိုင်ခြင်း
ယေဟောဝါဘုရားထံမှာ ကျွန်တော်ဆက်ကပ်အပ်နှံခဲ့တာ အနှစ်နှစ်ဆယ်ရှိပါပြီ။ အဲဒီအနှစ်နှစ်ဆယ်ဟာ ပျော်ရွှင်တဲ့အိမ်ထောင်သက်တမ်းလည်း ဖြစ်ခဲ့ပါတယ်။ ဒယ်ဘီ၊ ၁၉ နှစ်အရွယ် ကျွန်တော်တို့ရဲ့သား ဒီလဲန်နဲ့ ၁၆ နှစ်အရွယ် သမီးလက်စ္စလီတို့အားလုံး အချိန်ပြည့်လုပ်ငန်းတော်မှာ ပါဝင်ကြတယ်။ အခုဆိုရင် ဒီလဲန်က နယူးယောက်၊ ဝေါလ်ကီးလ်မှာရှိတဲ့ ကင်းမျှော်စင်အသင်းရဲ့ ပုံနှိပ်လုပ်ငန်းနဲ့ စိုက်ပျိုးမွေးမြူရေးခြံမှာ အမှုထမ်းနေပါတယ်။ သားအငယ်နှစ်ယောက်ဖြစ်တဲ့ ကေစီ ၁၂ နှစ်နဲ့ မာရှယ်လ် ၁၄ နှစ်တို့ဟာ ယေဟောဝါထံမှာ ဆက်ကပ်အပ်နှံခဲ့ကြပြီး မကြာသေးခင်က နှစ်ခြင်းခံခဲ့ကြပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်လောက်က ခရစ်ယာန်ဟောပြောခြင်းပိုလိုအပ်တဲ့နေရာကို ပြောင်းရွှေ့ဖို့ဖိတ်ခေါ်ချက်ကိုလက်ခံပြီး နယ်ဗာဟိုနဲ့ ဟော်ပီအင်းဒီးယန်းတွေကြားမှာအမှုဆောင်ဖို့ အရီဇိုးနားပြည်နယ်က ကီးမ်စ် ကင်ညွှန်မြို့ကိုလာခဲ့ပါတယ်။ ကျွန်တော်က အသင်းတော် အကြီးအကဲတစ်ယောက်ဖြစ်တယ်။ အမေရိကန်တိုင်းရင်းသားတွေကြားမှာ တစ်ခါပြန်ပြီးနေထိုင်ရတာ ပျော်စရာပါ။ ဒီကယဉ်ကျေးမှုနဲ့ နေထိုင်မှုအခြေအနေက စံပြအမေရိကန်ဆင်ခြေဖုံးဒေသနဲ့ ကွာခြားတဲ့အတွက်ကြောင့် သာသနာပြုလုပ်ငန်းမှာ လုပ်ဆောင်ရတဲ့အခြေအနေကို ကျွန်တော်တို့ကောင်းကောင်းသဘောပေါက်လိုက်ပါတယ်။ ကျွန်တော်တို့ခြောက်ယောက်ဟာ ကျယ်ဝန်းပြီး ဇိမ်ကျလှတဲ့အိမ်ကြီးကို ထားရစ်ပြီး ယာဉ်နောက်တွဲအိမ်လေးမှာ နေကြတယ်။ ဒီကနေထိုင်ပုံဘဝအခြေအနေက ပိုပြီးဆင်းရဲကျပ်တည်းပါတယ်။ အိမ်အတော်များများမှာ အိမ်တွင်းရေပေးစနစ်မရှိပါဘူး၊ အိမ်ပြင်ရေချိုးခန်းပဲရှိတယ်။ တချို့မိသားစုတွေဆိုရင် ဆောင်းတွင်းဘက်မှာ ထင်းနဲ့ ကျောက်မီးသွေးရဖို့အတွက်နဲ့ ခရီးအဝေးကြီးသွားကြတယ်။ သုံးဖို့ရေကို ရပ်ကွက်ရေတွင်းတွေမှာ သွားဆွဲငင်ရတယ်။ လမ်းတော်တော်များများက မြေလမ်းတွေပဲဖြစ်ပြီး မြေပုံထဲမှာမပါဘူး။ သီးသန့်နယ်မြေမှာကြီးပြင်းခဲ့တဲ့ကလေးတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ အဲဒီအခြေအနေတွေအားလုံးကို ဟန်မပျက်ဘဲ ကြုံသလိုရင်ဆိုင်သွားပါတယ်။ အခုဆိုရင် နေ့စဉ်လုပ်ရတဲ့အိမ်မှုကိစ္စတွေ လုပ်ဖို့အတွက် ဘယ်လောက်ကြိုးစားပြီး ခွန်အားစိုက်ထုတ်ဖို့လိုတယ်ဆိုတာကို ကျွန်တော့်မိသားစုနဲ့ ကျွန်တော်သိနားလည်လာကြတယ်။
အင်းဒီးယန်းတွေဟာ သီးသန့်နယ်မြေမှာ တရားစီရင်ခွင့်အာဏာရှိပေမဲ့ အစိုးရအားလုံးကြုံတွေ့နေရတဲ့—ပြည်တွင်းပဋိပက္ခဖြစ်မှု၊ ဘက်လိုက်မှု၊ ရန်ပုံငွေမလုံလောက်မှု၊ ငွေအလွဲသုံးစားမှုနဲ့ သူတို့ရဲ့အရာရှိတွေနဲ့ ခေါင်းဆောင်တွေကြားမှာ ဖြစ်နေတဲ့ရာဇဝတ်မှုစတဲ့ အလားတူပြဿနာတွေကို သူတို့ရင်ဆိုင်နေရဆဲပါပဲ။ အင်းဒီးယန်းတွေဟာ အရက်နာကျခြင်း၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်း၊ အလုပ်လက်မဲ့ပြဿနာ၊ အိမ်တွင်းမတော်မလျော်ပြုမူကျင့်ကြံခြင်း အိမ်ထောင်နဲ့ မိသားစုပြဿနာတွေနဲ့ ဘေးသင့်နေကြပါတယ်။ တချို့က သူတို့ရဲ့လက်ရှိအခြေအနေကြောင့် လူဖြူတွေကို အပြစ်ပုံချနေဆဲဖြစ်ပေမဲ့ လူဖြူတွေလည်း အဲဒီဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေရတာပါပဲ။ ဒါပေမဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ သားချင်းတို့ရဲ့ ဖိနှိပ်မှုတွေကြားက အမေရိကန်တိုင်းရင်းသားများစွာဟာ ယေဟောဝါသက်သေတွေရဲ့ သမ္မာကျမ်းစာပညာပေးလုပ်ငန်းကို တုံ့ပြန်နေကြပါတယ်။ ဘုရားသခင်နဲ့မိတ်ဆွေဖွဲ့ခြင်းဟာ ဘာနဲ့မှတန်ဖိုးဖြတ်မရဘူးဆိုတာ သူတို့သဘောပေါက်ကြတယ်။ လူအတော်များများဟာ ခရစ်ယာန်အစည်းအဝေးတွေတက်ဖို့ အသွားခရီးတစ်ခုထဲကို ၇၅ မိုင်ကျော်ကျော်သွားရတယ်။ နယ်ဗာဟိုနဲ့ ဟော်ပီလူမျိုးတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဝေမျှနေရတဲ့အတွက် ကျွန်တော်တို့ပျော်ရွှင်ကြတယ်။
ယေဟောဝါရဲ့အုပ်ချုပ်မှုက “မြေကြီးကိုဖျက်ဆီးသောသူတို့ကိုဖျက်ဆီး” ပြီး နာခံမှုရှိတဲ့လူသားအားလုံး စည်းလုံးတဲ့မိသားစုတစ်ခုအဖြစ် ငြိမ်သက်မှု သင့်မြတ်မှုနဲ့ အတူတကွနေထိုင်ရမယ့်အချိန်ကို ကျွန်တော်စောင့်မျှော်နေပါတယ်။ အဲဒီအခါကျရင် ဘဝဟာ ကနေဒါနိုင်ငံမှာ ကျွန်တော်ချီပါဝေါလူငယ်လေးတစ်ယောက်ဖြစ်ခဲ့စဉ်က ဆန္ဒအတိုင်းဖြစ်လာပါလိမ့်မယ်။ (ဗျာဒိတ် ၁၁:၁၈; ၂၁:၁-၄)—ဘာတင် မာကာချီပြောပြသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်; ယခုပုံမနှိပ်တော့ပါ။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဘုရားသခင်နှင့်ပတ်သက်သည့် မေးခွန်းများ၏အဖြေကို ကျွန်တော်ရှာဖွေနေခဲ့သည်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အပေါ်– ကျွန်တော့်မိသားစုနှင့် ဝဲဘက်တွင် နယ်ဗာဟိုမိတ်ဆွေတစ်ဦး
အောက်– ဘုရားသခင့်နိုင်ငံတော်ခန်းမအနီးရှိ ကျွန်တော်တို့၏ယာဉ်နောက်တွဲအိမ်