ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၁/၈ စာ. ၁၃-၂၀
  • ကျောက်ဆောင်လည်း မဟုတ်တော့ ကျွန်းလည်း မဟုတ်တော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောက်ဆောင်လည်း မဟုတ်တော့ ကျွန်းလည်း မဟုတ်တော့
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေများ အလည်လာခြင်း
  • သက်သေခံများ ပြန်လာခြင်း
  • ချစ်တတ်ရန်နှင့် အချစ်ခံရရန် ဖန်ဆင်းခံရ
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကျွန်တော့်ရဲ့ကနဦးမေတ္တာကို အမှတ်ရခြင်းက ခံနိုင်ရည်ရှိဖို့ ကူညီပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အမျိုးသမီးတွေကိုရော ကိုယ့်ကိုယ်ကိုယ်ပါ လေးစားတတ်လာပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၆
န၉၆ ၁/၈ စာ. ၁၃-၂၀

ကျောက်ဆောင်လည်း မဟုတ်တော့ ကျွန်းလည်း မဟုတ်တော့

၆၀ ပြည့်လွန်နှစ်များမှ နာမည်ကြီး သီချင်းတစ်ပုဒ်၏ စာသားမှာ ‘ငါဟာ ကျောက်ဆောင်/ငါဟာ ကျွန်း/ကျောက်ဆောင်မှာ နာကျင်တဲ့ ခံစားချက်မရှိ/ကျွန်းလည်း ဘယ်တော့မှ မငိုတတ်ပါ’ ဟူ၍ ဖြစ်သည်။ ဤသီချင်းမှာ ကျွန်တော့်အသည်းစွဲ ဖြစ်သည်။ အကြောင်းမှာ ကျွန်တော့်ဘဝနှင့် တစ်ထပ်တည်း ဖြစ်သောကြောင့်တည်း။ လူတွေ ခံစားရသည်ဆိုသော မေတ္တာတရား၊ အကြင်နာတရားနှင့် ကရုဏာတရားတို့ကို ကျွန်တော် လုံးဝ မခံစားခဲ့ရပေ။ ကျွန်တော်သည် ထိုသို့သော ခံစားချက်များ ရှိသယောင် ဟန်ဆောင် နေလိုက်သည်။ အခြားသူများလည်း ဤအတိုင်း ဟန်ဆောင်ကြမည်ဟု ယုံကြည်ခဲ့သည်။ အရွယ်ရောက်ပြီးနောက်ပိုင်း၌ လုံးဝ မငိုခဲ့ပါ။ ယနေ့ အသက် ၅၀ ရှိပြီ ဖြစ်သည့်အပြင် ခရစ်ယာန် အသင်းတော်တစ်ခုတွင် အကြီးအကဲတစ်ဦးအဖြစ် အမှုတော် ထမ်းဆောင်နေပါသည်။ အိမ်တွင် တစ်ယောက်တည်း စာဖတ်နေစဉ် ဖတ်နေသည့် စာအုပ်ကြောင့် ရင်ထဲ၌ ဆို့နင့်သွားသည်။ ဤ “ကျောက်ဆောင်၊” ဤ “ကျွန်း” ဖြစ်သော ကျွန်တော့်အား အဘယ်အရာက ဤသို့ ဖြစ်စေခဲ့သနည်း။

ကျွန်တော်သည် ၁၉၃၆ ခုနှစ်တွင် ဘော့စတွန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်၌ မွေးဖွားသည်။ မွေးချင်းရှစ်ယောက်အနက် စတုတ္ထမြောက် ဖြစ်သည်။ ဖေဖေနှင့် မေမေတို့သည် အရက်အိုးများ ဖြစ်ကြသည်။ မှတ်မိသလောက်ဆိုလျှင် ကျွန်တော်တို့မိသားစုသည် ရင်ထဲမှ ခံစားချက်များ ပြောကြဆိုကြခြင်း၊ ပွေ့ဖက်ခြင်း၊ ချစ်ခင်ယုယသည့် အပြုအမူ ပြသခြင်း လုံးဝ မရှိခဲ့ပေ။ ကျွန်တော် ခြောက်လသားအရွယ်တွင် လူတစ်ယောက်က ကျွန်တော့်ကို ရေချိုးကန်ထဲ ထည့်၊ ရေဆင်းပေါက်ကို ပိတ်၊ ရေပိုက်ခေါင်းကို ဖွင့်၍ ထွက်သွားသည်။ အိမ်မှုကိစ္စ စီမံထိန်းသိမ်းရန် ငှားထားသော မိန်းမက တွေ့၍ ကျွန်တော့်အသက်ကို ကယ်တင်လိုက်သည်။ ကျွန်တော့်၏ ကလေးဘဝကို ကြောက်ရွံ့ ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ဒေါသထွက်ခြင်းနှင့် နာကျင်ခြင်းတို့သာ ကြီးစိုးခဲ့သည်။

ဤသို့သော ခံစားချက်များကို ဖေဖေက အမွေပေးခဲ့ခြင်း ဖြစ်သည်။ သူဒေါသူပုန်ထပြီဆိုလျှင် သူ၏ လက်သီးနှင့် ခြေထောက်တို့သည် ကျွန်တော့် ကိုယ်ခန္ဓာ သေးသေးကွေးကွေးလေးကိုပင် ချမ်းသာမပေးခဲ့ချေ။ ထိုအချိန်များက ကြောက်စရာကောင်းသော ဖေဖေ့ မျက်နှာသည် နှစ်ပေါင်းငါးဆယ် ကြာခဲ့သည့်တိုင်အောင် ကျွန်တော့်ကို ခြောက်လှန့်နေဆဲ ရှိသည်။ ထိုသို့ရိုက်နှက်ခံရခြင်းမှာ အများအားဖြင့် ကျွန်တော် ဆိုး၍ ပေ၍ဟု ကျွန်တော် ယုံကြည်လာခဲ့သော်လည်း ယခုမူ ဖေဖေ ကျွန်တော့်ကို ဒေါသူပုန်ထသည်မှာ ကျွန်တော် လိမ္မာခြင်း၊ ဆိုးခြင်းနှင့် လုံးဝ မပတ်သက်ကြောင်း သိရှိလာသည်။

ငါးနှစ် ခြောက်နှစ်သားအရွယ်တွင် ကျွန်တော်သည် မိသားစု ဆရာဝန်၏ မတော်မတရားပြုမူခြင်းကို ခံရသည်။ ကျွန်တော် ကျောင်းစနေချိန်တွင် ကျွန်တော်တို့မိသားစုသည် အင်္ဂလို-ဆက်ခ်ဆန် ပရိုတက်စတင့် လူဖြူ (WASP) ၂၅၀,၀၀၀ ရှိသော မြို့တွင် နေထိုင်ကြသည်။ ကျောင်းနေဖက်များသည် ဂျူးကောင်လေး ဖြစ်သော ကျွန်တော့်ကို လိုက်ဖမ်း၍ ညှဉ်းဆဲကြသည်။ ၁၀ ယောက် ၁၂ ယောက် အုပ်ဖွဲ့ ၍ ကျွန်တော့်ကို ဖမ်းမိသည့်အခါ အဝတ်အစားများကို ချွတ်၍ ထိုးနှက်ရိုက်ပုတ်ကြသည့်ပြင် ကျွန်တော့်အဝတ်အစားများကို သစ်ပင်ပေါ် ပစ်တင်ကြသည်။ ကျွန်တော့်မှာဖြင့် အဝတ်အစား ပြန်ရဖို့ ကိုယ်တုံးလုံးနှင့် သစ်ပင်ပေါ် တက်ယူရသည်။

ကျွန်တော်၏ ၁၈ နှစ်မြောက် မွေးနေ့မတိုင်မီ တစ်လအလိုတွင် ကျွန်တော်သည် အိမ်ကို ခွဲခွာ၍ စစ်တပ်ထဲ ဝင်ခဲ့သည်။ ထိုအရွယ်အထိ ကျွန်တော်သည် အရက်ကို တစ်ငုံလေးမျှ မမြည်းစမ်းဖူးသော်လည်း ထိုအချိန်မှစ၍ အရက်သောက်တတ်လာရုံမက ချက်ချင်းပင်ဆိုရမလောက် အရက်စွဲသွားလေသည်။ စစ်တပ်ထဲ၌ အနှစ် ၂၀ နေခဲ့စဉ် မည်သည့်နည်းနှင့်မဆိုရလာသည့် အရက်ဖိုးကို အကုန်သောက်ပစ်၍ မူးနေတတ်သည်။ ကျွန်တော် အသက် ၂၄ နှစ်အရွယ်တွင် အိမ်ထောင်ပြု၍ သားတစ်ယောက် ထွန်းကားခဲ့သော်လည်း ကျွန်တော့်မိန်းမနှင့် သားတို့သည် သူတို့ကို ဝန်ထုပ်ကြီးတစ်ခု၊ မလိုအပ်သည့် ကုန်ကျစရိတ်အဖြစ် သဘောထားသော အရက်အိုး—ကျွန်တော်—၏ စိုးမိုးခြယ်လှယ်ခြင်း၊ ကြိုးကိုင်ထိန်းချုပ်ခြင်း ခံကြရရှာသည်။

၁၉၇၄ ခုနှစ်တွင် စစ်တပ်မှ အငြိမ်းစားယူ၍ အရောင်းအဝယ် ခေတ္တခဏ လုပ်ပြီးနောက် ရပ်ပစ်လိုက်သည်။ ကျွန်တော့်ကိုယ်ခန္ဓာက အရက်ကို လက်မခံတော့သဖြင့် ကျွန်တော် အရက်ဆက်မသောက်တော့ချေ။ ဘီယာတစ်ခွက် နှစ်ခွက်လောက် သောက်မိလျှင် အဖုအပိန့်တွေ အပိန်းလိုက် ထွက်လာတတ်သည်။ ယခုမူ ကျွန်တော်သည် မူးယစ်ဆေးဝါးများ—အဓိကအားဖြင့် ဆေးခြောက်ကို စွဲသွားသော်လည်း အခြားမူးယစ်ဆေးများ ရလျှင်လည်း သုံးစွဲသည်။ ယင်းကြောင့် အလုပ် မလုပ်နိုင်သဖြင့် ဇနီး အလုပ်သွားနေစဉ်တွင် ကျွန်တော်သည် အိမ်မှာ နေ၍ အိမ်အလုပ်များကို လုပ်သည်။

ယေဟောဝါသက်သေများ အလည်လာခြင်း

တစ်ခုသော နံနက်ခင်းတွင် ကျွန်တော့်ဇနီး အလုပ်သွားရန် ပြင်ဆင်နေသည်။ ၇ နာရီခွဲသာ ရှိသေးသော်လည်း ကျွန်တော်သည် မူးယစ်ဆေးအရှိန်နှင့် မှိန်းနေသည်။ ကျွန်တော့်ဇနီးက ကျွန်တော့်ပုံစံကို ကြည့်ပြီး ဒေါသထွက်သွားသည်။ အိမ်ရှေ့တံခါးမှအထွက်တွင် ကျွန်တော့်ကို ဆိုင်းဘုတ်လေးတစ်ခုနှင့် ပေါက်လိုက်ပြီး “သူတို့ ရှင့်ကို သေအောင် နှောင့်ယှက်ပါစေတော်” ဟူ၍ အော်ပြောသွားသည်။ ထိုဆိုင်းဘုတ်လေးမှာ ပြတင်းပေါက်တွင် သူမ အစဉ် ချိတ်ထားခဲ့သည့် ဆိုင်းဘုတ် ဖြစ်ပြီး စာလုံးကြီးဖြင့် “ယေဟောဝါသက်သေများ လာရောက်ခြင်း သည်းခံပါ” ဟု ရေးသားထားသည်။ ထိုဆိုင်းဘုတ်ကို ကျွန်တော် အမှိုက်ပုံးထဲ ပစ်လိုက်သည်။ နောက်တစ်နေ့မနက်တွင် အမျိုးသမီးနှစ်ယောက် ကျွန်တော်တို့အိမ်ကို ရောက်လာသည်။ သူတို့သည် ယေဟောဝါသက်သေများ ဖြစ်ကြသည်။

ကျွန်တော့်မိဘတို့၏ အရေခြုံမှုကြောင့် သမ္မာကျမ်းစာကို စောစောကတည်းက ကျွန်တော် လက်မခံဘဲ နေခဲ့သည်။ ကျွန်တော် ဘုရားသခင်ကို အတန်ကြာ ရှာခဲ့ဖူးသော်လည်း ဘုရားသခင် မရှိဟု ယူဆကာ ဆက်၍ မရှာတော့ဘဲ နေခဲ့သည်။ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်လက်ခံပြီး ဘုရားသခင် မရှိကြောင်း သက်သေပြနိုင်သည်ဟု ကျွန်တော် ထင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လျှပ်ပန်းလျှပ်နွယ်ယှက်သန်းသည့် မုတ်သုံမိုးရာသီအတွင်း ကျွန်တော်သည် အိမ်ရှေ့ကွင်းပြင်၌ ရပ်၍ အထက်ကို မျှော်ကြည့်ပြီး ဘုရားသခင်ကို စိတ်ရှိလက်ရှိ ညစ်တီးညစ်ပတ် ဆဲဆိုပြီးနောက် “ခင်ဗျားကြီး တကယ် ရှိတယ်ဆိုရင် ကျုပ်ကို သေအောင် ပစ်ထည့်လိုက်ပါ” ဟု ကြုံးဝါးခဲ့၍ ဖြစ်သည်။ ကျွန်တော်သာ ဘုရားသခင် ဖြစ်မည်ဆိုလျှင် ထိုအတိုင်း လုပ်မိပေမည်။ ကျွန်တော့်ကို သေအောင် မပစ်ခဲ့သည့်အတွက် ​ဘုရား​သခင် ဧကန် ရှိမည်မဟုတ်ဟု ကျွန်တော် ကောက်ချက်ချလိုက်သည်။ ကမ္ဘာကြီး ဖျက်ဆီးခံနေရခြင်းကို ရပ်တန့်သွားအောင် လူတို့ မစွမ်းဆောင်နိုင်ခြင်းကြောင့် ကမ္ဘာကြီးသည် ပျက်စီးကိန်းဆိုက်ဖို့သာ ရှိတော့သည်ဟု ကျွန်တော် ထင်သည်။ ရုပ်မြင်သံကြား၌ ထိုအဖြစ်အပျက်များ ပြသသည်ကို မူးယစ်ဆေးဝါးအရှိန်နှင့် မှိန်းလျက် ကြည့်ရှုရန် ကျွန်တော် မျှော်လင့်ထားသည်။

ထိုသို့ ဖြစ်နေစဉ် နောက်တစ်မနက်တွင် ထိုအမျိုးသမီးနှစ်ဦး ရောက်လာခဲ့သည်။ ကျွန်တော်သည် မူးနေသည် ဖြစ်၍ အပြောင်အပြက် လုပ်ချင်နေသည်။ မိနစ် ၂၀ ကြာမျှ ထွေရာလေးပါး ရောက်တတ်ရာရာ ပြောဆိုပြီးနောက် သူတို့က စာအုပ်အပြာလေးတစ်အုပ်ကို ၂၅ ဆင့်နှင့် ဝေငှခြင်းဖြင့် အဆုံးသတ်လိုက်သည်။ မိနစ် ၂၀ ကြာ အပြောင်အပြက် လုပ်လိုက်ရ၍ ၂၅ ဆင့်တန်ပါသည်ဟု တွက်ဆ၍ စာအုပ်ကို ယူလိုက်ပြီး စိတ်ဝင်စားမှု မရှိဘဲ စားပွဲပေါ် ပစ်တင်လိုက်သည်။

နောက်တစ်နေ့မနက်တွင် ကျွန်တော်သည် ဆေးခြောက်ရှူသည့်အချိန်ကို အနည်းငယ် ခြားသွားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဖတ်စရာတစ်ခုခုကို လိုက်ရှာသည်။ စာအုပ်အပြာကို တွေ့သဖြင့် တစ်နာရီ နှစ်နာရီမျှ အပျင်းဖြေနိုင်မည် ဟူသော မျှော်လင့်ချက်ဖြင့် ကောက်ကိုင်လိုက်သည်။ လေးနာရီကြာမျှ စာအုပ်ကို ဖတ်၍ပြီးသည့်နောက် ၎င်းစာအုပ်သည် ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား ဟူသောအမည်နှင့် လိုက်ဖက်လှသည်ကို ကျွန်တော် လုံးလုံး လက်ခံယုံကြည်သွားသည်။ ကျွန်တော့်အိမ်တွင် မူးယစ်ဆေး အသင့်ရှိသဖြင့် စာအုပ်ကို ချလိုက်သည်နှင့် ကျွန်တော်သည် လူမှန်းသူမှန်း မသိအောင် မူးပြီး ဖတ်ထားသမျှတစ်ခုမကျန် မေ့သွားမည်ကို ကျွန်တော် သိသည်။ နောက်ဆုံးစာမျက်နှာတွင် သမ္မာကျမ်းစာကို တစ်ဒေါ်လာတည်းနှင့် မှာယူနိုင်ကြောင်း ဖော်ပြထားသဖြင့် စာအိတ်တစ်ခုတွင် ဒေါ်လာတစ်ရွက် ထည့်၍ ပို့လိုက်သည်။ တစ်ချိန်တည်းတွင် “ဘုရားသခင်၊ ကျွန်တော်ဘက်ကတော့ ဒီလောက်ပဲ တတ်နိုင်တယ်၊ ကျန်တာကတော့ ကိုယ်တော်ပဲ ဆက်လုပ်တော်မူပါ” ဟု ဘုရားသခင်အား ပြောလိုက်သည်—ကျွန်တော့်ဘဝတွင် တစ်ခါမျှ ဆုမတောင်းခဲ့ဖူးချေ။ စာထည့်ပြီးနောက် မူးယစ်ဆေးသောက်၍ မူးနေလိုက်သဖြင့် အခုလေးတင် ကျွန်တော့်အား အလေးအနက် စေ့ဆော်ပေးခဲ့သည့် အရာများအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။

မှာထားသည့် ကျမ်းစာအုပ် ရောက်ရှိလာသော်လည်း ၎င်းကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်သည်။ များမကြာမီ သက်သေခံနှစ်ဦး ရောက်လာပြီး ကျမ်းစာသင်ရန် ကမ်းလှမ်းသဖြင့် လက်ခံလိုက်သည်။ ကျမ်းစာသင်ရသည်မှာ ပျော်စရာကောင်းသော်လည်း တိုးတက်မှုကား မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် တတ်ထားသော သဘောတရားအမြင်များဖြင့် ကျွန်တော့်ကို အထင်ကြီးလာစေရန် ကျွန်တော် မကြာခဏ ကြိုးစားသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ၎င်းပြင် သူတို့ ပြန်လျှင် ပြန်ချင်း ကျွန်တော်က မူးယစ်ဆေး သုံးသဖြင့် ထိုနေ့၌ ရရှိထားသည့် တိုးတက်မှုကို ချေဖျက်ပစ်လိုက်သည်။

နောက်ဆုံးတွင် တစ်နှစ်ကြာပြီးနောက် ဂျင်မ်အမည် ရှိသော သက်သေခံတစ်ဦး ရောက်လာပြီး ကျွန်တော်အား ယေဇကျေလ ၃၃:၉ ကို ဖတ်ခိုင်းသည်။ ကျွန်တော် ဖတ်လိုက်သည်– “လူဆိုးကို သူ၏ လမ်းမှ လွှဲစေခြင်းငှာ သင်သည် သတိပေး၍ သူသည် မလွှဲဘဲ နေလျှင် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း သင်သည် ကိုယ်အသက်ကို ကယ်တင်ပြီ။” ၎င်းနောက် သူကဘာဆိုလိုသည်ဟု ထင်သနည်းဟု မေးမြန်းရာ ကျွန်တော်က “ခင်ဗျားနောက်ကို မလာတော့ဘူး၊ ကျွန်တော်လည်း သေဖို့ပဲ ရှိတော့တယ်လို့ ဆိုလိုတယ်” ဟု ဖြေလိုက်သည်။ သူက “မှန်ပါတယ်” ဟု ပြောပြီး ပြန်သွားလေသည်။

သက်သေခံများ ပြန်လာခြင်း

ကျွန်တော့်တွင် ဩတ္တပ္ပစိတ် ရှိနေသေးသည်ကို သိရ၍ ကျွန်တော် အထူးဝမ်းသာမိသည်။ ကျွန်တော့် သြတ္တပ္ပစိတ်ကို မြေမြှုပ်သင်္ဂြိုဟ်ပစ်လိုက်သည်မှာ ကြာလှပြီဟု ကျွန်တော် ယုံကြည်ထားခဲ့သည်။ သမ္မာကျမ်းစာထဲမှ တွေ့ရှိထားသည့် အနာဂတ်ကာလကို လိုချင်တမ်းတသည့်စိတ် ရှိသဖြင့် မူးယစ်ဆေးဝါးကို ဖြတ်ရန် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ ကျွန်တော့်ဘာသာ ကျွန်တော် သီတင်းပတ်များစွာ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ တစ်ညနေမှာ ကျွန်တော့်ဇနီးက “ဟိုမိတ်ဆွေ” ကို ပြန်ခေါ်ရန် အကြံပေးသည်။ သက်သေခံ ဂျင်မ်ကို သူပြောနေခြင်း ဖြစ်သည်။ ကျွန်တော်က သူမအား သူပြန်လာမည် မဟုတ်ဟု ပြောသွားကြောင်း၊ သူ၏ ဖုန်းနံပါတ်ကိုလည်း မသိကြောင်း ပြောပြလိုက်သည်။ မျှော်လင့်ချက် လုံးလုံး ကုန်ဆုံးသွားပြီဟု ကျွန်တော် ခံစားမိသည်။

နောက်တစ်နေ့မှာပဲ အိမ်ရှေ့တံခါးတွင် ကင်းမျှော်စင် တစ်စောင် ညှပ်ထားသည်ကို တွေ့လိုက်ရသည့်အပြင် မဂ္ဂဇင်းပေါ်တွင် ဂျင်မ်၏ ဖုန်းနံပါတ်ပါ ရေးထားသည်။ ဂျင်မ်၏ ဇနီးက “အကြောင်းအထွေအထူးမရှိ” ဘဲနှင့် ထားသွားခြင်း ဖြစ်ပါသည်။ သူ့ထံသို့ ဖုန်းဆက်၍ ကျွန်တော်၏ အရက်နှင့် မူးယစ်ဆေးဝါး ပြဿနာကို ဖွင့်ပြောပြီး အကူအညီ ပေးနိုင်က ပေးပါရန် တောင်းဆိုလိုက်သည်။ သူက ကျွန်တော် မူးယစ်ဆေးဝါး ဖြတ်မည်ဆိုလျှင် နေ့တိုင်း လာ၍ ကျမ်းစာသင်ပေးမည်ဟု ပြောသည်။

ဤသို့ ဖြင့် ကျမ်းစာကို နေ့ရောညပါ အပြင်းအထန် လေ့လာသည့် ကာလတစ်ခု စတင်လိုက်သည်။ သူသည် ကျွန်တော့်ကို နေ့စဉ် ကျမ်းစာသင်ပေးရုံမျှမက သင်အံမှုအတွက် လိုအပ်သည့် စာအုပ်များနှင့် ကင်းမျှော်စင် မဂ္ဂဇင်းများကိုပါ ထောက်ပံ့ပေးသည်။ ကျွန်တော်သည် တစ်ညလျှင် လေးနာရီသာ အိပ်ပြီး—အရက်သမား တစ်ယောက် တွေ့ကြုံနေကျ ပြဿနာတစ်မျိုး—ကျန်အချိန်အားလုံးကို ကျမ်းစာလေ့လာမှုအတွက် အသုံးပြုသည်။ မူးယစ်ဆေး ပြတ်သွားသဖြင့် ကုန်လွန်ခဲ့သည့် နှစ်အတွင်း သင်ကြားခဲ့သမျှနှင့် တစ်နေ့လျှင် ၁၈ နာရီမှ နာရီ ၂၀ အထိ လေ့လာခဲ့သမျှတို့သည် စိတ်နှလုံးထဲ၌ လျင်မြန်စွာပင် အမြစ်တွယ်သွားလေသည်။

ထိုမျှမက သက်သေခံများ၏ စည်းဝေးအားလုံးကိုပါ တက်ရောက်သည်။ သီတင်းပတ် အနည်းငယ်အတွင်း ကျွန်တော်သည် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် နည်းမှန်လမ်းကျ ဆုတောင်းသည့်အထိ တိုးတက်ခဲ့သည်။ ထိုဆုတောင်းချက်မှာ ကျွန်တော်၏ အပ်နှံခြင်း ဆုတောင်းချက်လည်း ဖြစ်ပေသည်။ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းတွင် စတင်ပါဝင်သည့်အပြင် သိကျွမ်းသမျှ လူတို့ကိုလည်း ဟောပြောလေသည်။ ကျမ်းစာသင်အံမှု ခုနစ်ခု ပြုလုပ်သည့်အနက် ကျွန်တော့်ဇနီးနှင့် သားအပါအဝင် ငါးခုမှာ နှစ်ခြင်းခံသည့်အထိ တိုးတက်ခဲ့သည်။ ကျွန်တော်သည် “ဟိုမိတ်ဆွေ” ကို ဖုန်းဆက်ပြီးနောက် သုံးလအကြာ၊ ၁၉၇၆၊ မေလ ၂၃ ရက်၊ တိုက်နယ်စည်းဝေးတစ်ခု၌ နှစ်ခြင်းခံခဲ့သည်။ ၎င်းနောက် ရှေ့ဆောင် (အချိန်ပြည့်ဟောပြောခြင်း) လုပ်ငန်းတွင် စတင် ပါဝင်၍ ၁၃ နှစ်တိုင်တိုင် ဆက်တိုက် အမှုတော် ဆောင်ခဲ့သည်။

ဤသည်တို့က ကျွန်တော်အား ဤဇာတ်လမ်းအစသို့ ပြန်ရောက်သွားစေသည်—အသက် ၅၀ အရွယ်၊ အိမ်၌ တစ်ယောက်တည်း ထိုင်နေစဉ် စာအုပ်တစ်အုပ်နှင့်ပတ်သက်၍ ရင်ထဲ၌ ဆို့နင့်သွားသည်။ မိမိကိုယ်ကို တိုးတက်အောင် ပြုပြင်ရန် လမ်းညွှန်သည့် စာအုပ်များသည် ၈၀ ပြည့်လွန်နှစ်များတွင် အထူးရေပန်းစားလူကြိုက်များခဲ့ရာ ကျွန်တော်လည်း တစ်အုပ် ဖတ်ဖြစ်ခဲ့သည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် မိမိကိုယ်ကို တိုးတက်အောင် ပြုပြင်သည့် အပိုင်းသည် ကျွန်တော့်အဖို့ အကျိုးမထူးခဲ့ချေ။ စာအုပ်၌ ပေးထားသည့် လောကီအတွေးအခေါ်အတိုင်း လိုက်လိုစိတ် မရှိခဲ့ချေ။ သို့သော်လည်း ၎င်းစာအုပ်က ကျွန်တော့်ကလေးဘဝမှ ဒဏ်ရာဒဏ်ချက်များနှင့် မေတ္တာငတ်မွတ်ခဲ့ခြင်းတို့သည် ကျွန်တော့်အား စိတ်လှုပ်ရှားမှုဘက်တွင် မည်သို့မည်ပုံ မသန်မစွမ်း ဖြစ်စေကြောင်း ပထမဆုံးအကြိမ်အဖြစ် သိမြင်စေသည်။ ကျဆင်းလာသည့် မျက်ရည်များမှာ ဝမ်းသာမှုနှင့် ဝမ်းနည်းမှုတို့ ရောပြွမ်းနေသည့် မျက်ရည်များ ဖြစ်သည်။ ကျွန်တော်၌ စိတ်လှုပ်ရှားမှု ခံစားချက် အစဉ်သဖြင့် ကင်းမဲ့ခဲ့ရသည့်အကြောင်းကို ယခု သိရှိလာရခြင်းအတွက် ဝမ်းသာခြင်း ဖြစ်ပြီး စိတ်လှုပ်ရှားမှု ခံစားချက် ရှိသည့် လူသားတစ်ဦး ဖြစ်လျက်ကယ် ယင်းခံစားချက်များကို တုံ့ ပြန်နိုင်စွမ်း ကင်းမဲ့သူအဖြစ် နှစ်ပေါင်း ၅၀ ကြာ နေခဲ့ရသည့် ကြီးမားသော ဆုံးရှုံးမှုအတွက် ဝမ်းနည်းမိခြင်း ဖြစ်သည်။ ဤသည်က ဘဝတစ်လျှောက်လုံးတွင် ကျွန်တော် အဘယ်ကြောင့် မကြာခဏ စိတ်ညှိုးငယ်ရသည်ကို နားလည်စေပါသည်။

ယေဟောဝါနှင့် ကိုယ်တော့် မေတ္တာတော်အကြောင်းကို သမ္မာကျမ်းစာမှ ဖတ်ရှုရပြီးနောက် ကျွန်တော်၏ စိတ်လှုပ်ရှားမှု ခံစားချက်များသည် တစ်စတစ်စ ပီပြင်ထင်ရှားလာသည်။ ယေဟောဝါသည် ကျွန်တော့်ကိုလည်း ချစ်တော်မူကြောင်း သိမြင်လာသည်။ ဤသို့သော ပုဂ္ဂိုလ်ရေး ခံစားချက်မျိုးကို ယခင်က လုံးဝ ခံစားဖူးခြင်း မရှိခဲ့ချေ။ ယင်းက ကျွန်တော်အား သားမယားကို ချစ်ရန်၊ ဘုရားသခင့် အသင်းတော်မှ ညီအစ်ကို ညီအစ်မများကို ချစ်ရန်၊ ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းအကြောင်း ကျွန်တော် ဟောပြောသည့် ပုဂ္ဂိုလ်များကိုလည်း ချစ်ရန် စေ့ဆော်ပေးသည်။ ဤသို့ဖြင့် သူတို့လည်း ဤကမ္ဘာပေါ် တည်ထောင်မည်ဟု ယေဟောဝါ ကတိထားရာ ဖြောင့်မတ်သော ကမ္ဘာသစ်တွင် ထာဝစဉ် အသက်ရှင်နိုင်သည့် အခွင့်အရေး ရရှိကြပေမည်။

ချစ်တတ်ရန်နှင့် အချစ်ခံရရန် ဖန်ဆင်းခံရ

ကျွန်တော်တို့သည် ချစ်တတ်ရန်နှင့် အချစ်ခံရရန် ဖန်ဆင်းခြင်း ခံရကြသည်။ ကလေးတစ်ယောက် မွေးလာသည့်အခါ၌ ၎င်းသည် မေတ္တာနှင့် လူတို့၏ လက်သင့်ခံမှုတို့ကို လိုအပ်သည်။ မိဘများထံမှ မေတ္တာနှင့် လက်သင့်ခံမှု မရရှိသည့်အခါ ထိုကလေးသည် မိမိကိုယ်ကို လူတကာ မျက်မုန်းကျိုးသူ၊ ဘာမျှ အသုံးမဝင်သူအဖြစ် ထင်မှတ်တတ်သည်။ ငယ်စဉ်အခါက ကျွန်တော်သည် ချီပွေ့ ခြင်း၊ ထွေးပိုက်ခြင်း၊ယုယုယယ ပွတ်သပ်ခြင်းတို့ကို အာသာငမ်းငမ်း တောင့်တခဲ့သည်။ ကျွန်တော် မှတ်မိသလောက် အိမ်သို့ ဧည့်သည်များ လာကြသည့်အခါ၌ ကစားခွင်ကလေးထဲမှ ကျွန်တော့်ကို ကြည့်ကြည့်သွားကြသဖြင့် ကျွန်တော်ကလည်း ကျွန်တော့်ကို ချီပွေ့နိုးနိုးနှင့် မျှော်ကိုးခဲ့ရှာသည်။ သို့သော် မည်သူမျှ မချီပွေ့သောကြောင့် ကျွန်တော် ဝမ်းနည်းပက်လက် ငိုကြွေးခဲ့သည်။

ကလေးဘဝက ဒဏ်ရာဒဏ်ချက် အမာရွတ်များကြောင့် ကျွန်တော်သည် လင့်ဝတ္တရားနှင့် အိမ်ထောင်ဦးစီး တာဝန်များ ပျက်ကွက်ခဲ့ရသည့်အပြင် ကောင်းကင်ခမည်းတော် ယေဟောဝါသည် ကျွန်တော့်ကို ချစ်ကြောင်းကိုပင် မယုံကြည်နိုင်ဘဲ ဖြစ်ခဲ့သည်။ ယေဟောဝါနှင့်ပတ်သက်သည့် အမှန်တရားသည် ကျွန်တော့်ကို တဖြည်းဖြည်းချင်း ပြောင်းလဲစေပြီး ကိုယ်တော်နှင့်ပတ်သက်သော အယူအဆကိုလည်း ဦးနှောက်ထဲမှ နှလုံးသားထဲသို့ ပြောင်းရွှေ့ပေးပြီး ဖြစ်ရာ ယေဟောဝါသည် ကျွန်တော့်ကို အကြွင်းမဲ့ ချစ်တော်မူကြောင်းကို ယခု ကျွန်တော် ကောင်းစွာ သိရှိပေပြီ။ ကျွန်တော်တို့ မည်သို့ပင် ကြိုးစားစေကာမူ ထိုမေတ္တာနှင့် ထိုက်တန်မည် မဟုတ်ကြောင်းကိုလည်း သိမြင်လာသည်။ ၎င်းမှာ မေတ္တာရှင် ဘုရားသခင် ယေဟောဝါထံတော်မှ သက်ရောက်သည့် မခံစားထိုက်သော ကျေးဇူးတော်သာ ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ယေဟောဝါ၏ ကောင်းချီးမင်္ဂလာကြောင့် ကျွန်တော်တို့ ဇနီးမောင်နှံတို့၏ ဘဝသည် သာယာချမ်းမြေ့လာသည်။ ယခု လောလောဆယ်တွင် ကျွန်တော်တို့သည် ဘုရားသခင့် နိုင်ငံတော်သတင်း ဟောပြောသူများ အထူးလိုအပ်နေသည့်ဒေသ၊ အာရီဇိုးနားပြည်နယ် တောင်တန်းဒေသမှ ပန်းချီကားတမျှ ရှုချင်စဖွယ် မြို့လေးတစ်မြို့ရှိ မေတ္တာပြည့်ဝသော အသင်းတော်လေးတစ်ခုနှင့် ပူးပေါင်း၍ အမှုတော် ဆောင်နေပါသည်။ ကျွန်တော်သည် အသင်းတော် ဦးစီးကြီးကြပ်မှူးအဖြစ် အမှုတော် ထမ်းဆောင်၍ အသင်းတော် စာအုပ်ကြီးသင်တန်းတစ်ခုကို ကိုင်ရသည့်အပြင် သီအိုကရက်တစ် ဓမ္မအမှုကျောင်းကိုပါ ကိုင်ရသည့်အတွက် ကျွန်တော် အထူးဝမ်းသာသည်။ ကျွန်တော်သည် ပြတင်းပေါက် ဆေးကြောသန့်ရှင်းသည့် လုပ်ငန်းလေးကို လုပ်ကိုင်၍ ရရှိသည့် ဝင်ငွေနှင့် အငြိမ်းစားလစာတို့သည် စားဝတ်နေရေးအတွက် ဖူလုံသည့်အပြင် ဓမ္မအမှုနှင့် မေတ္တာရှင် ကောင်းကင်ခမည်းတော်၏ ကျန်အမှုတော်များကို ထမ်းရွက်ရန်အတွက် အချိန် အလုံအလောက်လည်း ရရှိစေသည်။

“ယေဟောဝါသက်သေများ လာရောက်ခြင်း သည်းခံပါ” ဆိုင်းဘုတ်ဖြင့် ကျွန်တော့်ဇနီး ကျွန်တော့်ကို ပစ်ပေါက်ခဲ့သည့် ထိုနံနက်ခင်းကို ပြန်ပြောင်းတွေးကြည့်လိုက်သည့်အခါ ကျွန်တော့်အပေါ် လုပ်ဆောင်ပေးသမျှအတွက် ကောင်းကင်ခမည်းတော်အား ကျေးဇူးတင်စိတ် အပြည့် ဖြစ်ပေါ်ခဲ့ရသည်။ ယခင်က အလုပ် မလုပ်နိုင်သော အရက်သမား ဆေးသမားနှင့် မိမိနှင့်အတူ ကျန်သူတို့လည်း သေပွဲဝင်ရန်သာ ရှိသော ဘဝမှ ယခုအခါ မြေကြီးပေါ်ရှိ ယေဟောဝါ၏ မျက်မြင်ရ အဖွဲ့အစည်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး ကမ္ဘာလောကအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည့် ဘုရားသခင့် နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းကို လူများများ သိရှိလာအောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်လျက် ရှိသည်။ ယေဟောဝါသည် ကျွန်တော် အစဉ်သဖြင့် လိုအပ်လျက် ရှိသောအရာများ ဖြစ်သည့် မေတ္တာ၊ ယုံကြည်ကိုးစားမှုနှင့် လက်သင့်ခံမှုတို့ကို ပေးကြသောသူတို့ဖြင့်လည်း ကျွန်တော့်ဘဝကို ပြည့်စုံကြွယ်ဝစေတော်မူ၏။

ယခု ကျွန်တော်သည် နာကျင်မှု ခံစားချက် ကင်းသော “ကျောက်ဆောင်” မဟုတ်တော့သကဲ့သို့ ဘယ်တော့မှ မငိုတတ်သည့် “ကျွန်း” လည်း မဟုတ်တော့ပြီ။—လာရီ ရုဘင် ပြောပြသည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

လာရီ ရုဘင်နှင့်ဇနီး ဒွန်နာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ