ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၂/၈ စာ. ၁၄-၁၆
  • လိမ်လည်ခြင်းနှင့်ပတ်သက်သော အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိမ်လည်ခြင်းနှင့်ပတ်သက်သော အမှန်တရား
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပထမဦးဆုံးလိမ်လည်မှု
  • သေစေသောအကျိုးဆက်များ
  • အရိုးစွဲနေသည့်အကျင့်
  • ယနေ့ ဘာသာရေးလိမ်လည်မှုများ
  • သတိရှိရန်လို
  • အမှန်တရားအတွက်ရပ်တည်ခြင်း
  • လိမ်လည်ရန် အဘယ်ကြောင့် ဤမျှလွယ်ကူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • မှန်တဲ့စကားကို ပြောပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ပရဒိသု ဆုံးရှုံးခြင်း
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာ ရှိနေကြသလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၂/၈ စာ. ၁၄-၁၆

လိမ်လည်ခြင်းနှင့်ပတ်သက်သော အမှန်တရား

“မင်း လူလိမ်ပဲ!” ထိုသို့စူးရှစေသောစကားများကို သင် ပြောဆိုခံရဖူးပါသလော။ ထိုသို့ ဖြစ်ပါက ၎င်းကြောင့်ဖြစ်ရသည့်စိတ်ထိခိုက်မှုကို သင်နားလည်မည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

အမြတ်တနိုးထားခဲ့သည့် ပန်းအိုးတစ်အိုးသည် တိုက်မိပြီး ကြမ်းပြင်ပေါ်ကျကာ အစိတ်စိတ်အမြွှာမြွှာကွဲသွားသကဲ့သို့ အဖိုးအနဂ္ဃရှိသည့်ဆက်ဆံရေးသည် လိမ်လည်ခြင်းကြောင့် ပျက်ပြားသွားနိုင်ပါသည်။ မှန်ပါသည်၊ အချိန်အတန်ကြာကာလအတွင်း ယင်းကိုသင်ပြုပြင်နိုင်ပေမည်၊ သို့သော် ယခင်ကဆက်ဆံရေးမျိုးကို တစ်ဖန်ပြန်ရရှိတော့မည်မဟုတ်ပေ။

လိမ်လည်ခြင်း—အများနှင့်တစ်ဦးစီအသက်တာတွင် ကျင့်ဝတ်ဆိုင်ရာရွေးချယ်နိုင်ခွင့် စာအုပ်တွင် “အလိမ်ခံရသည်ကိုသိရှိသူများသည် ပြန်လည်ရင်းနှီးသင့်မြတ်ရန် ကြိုးပမ်းခြင်းကို သတိထားကြတော့သည်။ ထို့အပြင် သူတို့သည် ပေါ်လာသည့်အလိမ်များကို ထည့်သွင်းစဉ်းစားလျက် ယခင်ကယုံကြည်မှုနှင့် ပြုမူမှုများကို ပြန်သုံးသပ်တတ်ကြသည်” ဟူ၍ဖော်ပြသည်။ အလိမ်ပေါ်လာပြီးနောက် တစ်ချိန်က ပွင့်လင်းသောဆက်သွယ်မှုနှင့် ယုံကြည်မှုဖြင့် ရှင်သန်ခဲ့သည့် ဆက်ဆံရေးသည် မယုံသင်္ကာမှုနှင့် သံသယတို့ဖြင့် ပျောက်ပျက်သွားပေမည်။

လိမ်လည်ခြင်းနှင့်ဆက်စပ်နေသော မနှစ်မြို့ဖွယ်ခံစားမှုများကြောင့် ‘ဤမျှမရိုးသားသည့်အကျင့်သည် မည်သို့စဖြစ်ခဲ့သနည်း’ ဟူ၍ကျွန်ုပ်တို့မေးရမည်။

ပထမဦးဆုံးလိမ်လည်မှု

ပထမလူမောင်နှံ အာဒံနှင့်ဧဝကို ယေဟောဝါဘုရားသခင် ဖန်ဆင်းခဲ့ချိန်က ကိုယ်တော်သည် သူတို့ကို လှပသည့်ဥယျာဉ်စံအိမ်တစ်ခုတွင် နေရာချထားတော်မူသည်။ သူတို့၏စံအိမ်သည် လိမ်လည်ခြင်း သို့မဟုတ် ကလိန်ကျခြင်းနှင့် လုံးဝကင်းလွတ်ခဲ့သည်။ အမှန်တကယ်ပင် ပရဒိသုဖြစ်ခဲ့သည်!

သို့သော်လည်း ဧဝကိုဖန်ဆင်းပြီးနောက်တစ်ချိန်တွင် စာတန်သည် မက်မောစရာကမ်းလှမ်းချက်တစ်ခုဖြင့် သူမ ထံချဉ်းကပ်ခဲ့သည်။ ဘုရားသခင်တားမြစ်ထားသော “အပင်၏အသီး” ကိုစားလျှင် ဘုရားသခင်မိန့်တော်မူသကဲ့သို့ သေရမည်မဟုတ်ဟု ဧဝကိုပြောခဲ့သည်။ သို့အစား သူမသည် “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်” မည်ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၇; ၃:၁-၅) ဧဝသည် စာတန်ကိုယုံခဲ့သည်။ သူမသည် အသီးကိုယူ၍စားလိုက်ပြီး သူမ၏ယောက်ျားကိုပါ တချို့ပေးသည်။ သို့သော် စာတန်ကတိပေးသည့်အတိုင်း ဘုရားသခင်ကဲ့သို့ ဖြစ်လာမည့်အစား အာဒံနှင့်ဧဝတို့သည် နာခံမှုမရှိသောအပြစ်သားများ၊ ပုပ်ပျက်ခြင်း၏ကျွန်များဖြစ်လာကြလေသည်။ (၂ ပေတရု ၂:၁၉) ထို့အပြင် ပထမဦးဆုံးလိမ်လည်ခြင်းဖြင့် စာတန်သည် “မုသားအားလုံး၏အဘ” ဖြစ်လာပေသည်။ (ယောဟန် ၈:၄၄၊ Today’s English Version) အချိန်တန်သော် လိမ်ပြောသူကော လိမ်လည်ခြင်းကိုယုံစားသူပါ အကျိုးမရှိကြောင်း ဤအပြစ်သားသုံးဦး သိရှိသွားလေသည်။

သေစေသောအကျိုးဆက်များ

ယေဟောဝါသည် စိတ်လိုကိုယ်လျောက်မနာခံခြင်းကို အပြစ်မပေးဘဲနေတော်မမူကြောင်း ကောင်းကင်နှင့်မြေကြီးပေါ်တွင် ရှိရှိသမျှ မိမိ၏ဖန်ဆင်းရာအားလုံးကို သိစေလိုတော်မူသည်။ ကိုယ်တော်သည် ပုန်ကန်သောနာမ်ဝိညာဉ်သတ္တဝါအား ကျန်ရှိသော သူ၏အသက်တာတစ်လျှောက် ဘုရားသခင်၏ သန့်ရှင်းသောအဖွဲ့အစည်းအပြင်ဘက်တွင် အသက်ရှင်ရန် ချက်ချင်းအပြစ်ဒဏ်ချမှတ်တော်မူခဲ့သည်။ ထို့အပြင် နောက်ဆုံးတွင် ယေဟောဝါသည် စာတန်ကို လုံးလုံးဖျက်ဆီးပစ်တော်မူလိမ့်မည်။ ဘုရားသခင်ကတိထားတော်မူသော “အမျိုးအနွယ်” သည် ​သေလောက်သည့်ခေါင်းဒဏ်ရာ ရစေသောအခါ ထိုသို့ ဖြစ်ပျက်လာလိမ့်မည်။—ကမ္ဘာဦး ၃:၁၄၊ ၁၅; ဂလာတိ ၃:၁၆။

သူတို့၏လုပ်ရပ်ကြောင့် အာဒံနှင့်ဧဝတို့သည် ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံခဲ့ရသည်။ ဘုရားသခင်သည် အာဒံအား ဤသို့စီရင်ချက်ချမှတ်တော်မူခဲ့သည်– “သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်။” အချိန်တန်သော် ဘုရားသခင်ကြိုတင်မိန့်တော်မူထားသည့်အတိုင်း သူနှင့်ဧဝနှစ်ဦးစလုံးသေခဲ့ရသည်။—ကမ္ဘာဦး ၃:၁၉။

အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသောကြောင့် လူ့မိသားစုတစ်ခုလုံးသည် “အပြစ်တရားအောက်အရောင်းခံ” ခဲ့ရကြပြီ။ လူသားအားလုံးသည် သေခြင်းသို့ပို့ဆောင်သည့် မစုံလင်မှုကို အမွေခံခဲ့ရကြ၏။ (ရောမ ၅:၁၂; ၆:၂၃; ၇:၁၄၊ ကဘ) ပထမဦးဆုံးလိမ်လည်ပြောသည့်စကားကြောင့် ရရှိခဲ့သောအကျိုးဆက်များသည် မည်မျှထိတ်လန့်ကြောက်ရွံ့ ဖွယ်ပါတကား!—ရောမ ၈:၂၂။

အရိုးစွဲနေသည့်အကျင့်

စာတန်နှင့်တကွ ဘုရားသခင်ကိုပုန်ကန်ရာတွင် သူနှင့်အတူပူးပေါင်းခဲ့သော ကောင်းကင်တမန်များကို အဆုံးမစီရင်ရသေးသောကြောင့် သူတို့သည် “မုသားစကားကိုပြော” ရန်လူတို့အားလှုံ့ဆော်ပေးမည်ကို ကျွန်ုပ်တို့မအံ့သြသင့်ပေ။ (၁ တိမောသေ ၄:၁-၃) ယင်းကြောင့် လိမ်လည်ခြင်းသည် လူ့အဖွဲ့အစည်းတွင် အရိုးစွဲနေပါသည်။ “လိမ်လည်ခြင်းသည် ဤမျှကြာမြင့်စွာထုံးစံဓလေ့ဖြစ်နေရာ ယခုအခါ ၎င်းကို လူ့အဖွဲ့အစည်းသည် ကျင့်သားရနေပြီ” ဟု လော့စ်အိန်ဂျလိစ်တိုင်းမ်စ် ကဖော်ပြသည်။ ယနေ့ များစွာသောသူတို့သည် . . . သမားများကို လိမ်လည်ခြင်းနှင့်ဆက်နွှယ်ထားကြသည်၊ သို့သော် ဘာသာရေးခေါင်းဆောင်များသည် နာမည်အကြီးဆုံးလိမ်လည်ပြောဆိုသူများဖြစ်သည်ကို သင်သိပါသလော။

ယေရှု၏ဘာသာရေးအတိုက်အခံပြုသူများသည် ကိုယ်တော်၏ မြေကြီးအမှုတော်ဆောင်ချိန်အတွင်း ကိုယ်တော်နှင့်ပတ်သက်၍လိမ်လည်မှုများကို ဖြန့်ခဲ့ကြသည်။ (ယောဟန် ၈:၄၈၊ ၅၄၊ ၅၅) ကိုယ်တော်သည် သူတို့ကို လူအများရှေ့ပြစ်တင်ရှုတ်ချကာ ဤသို့ဆိုသည်– “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ . . . သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။”—ယောဟန် ၈:၄၄။

ယေရှုရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်တော်၏သင်္ချိုင်းဂူ ဟင်းလင်းဖြစ်နေသည်ကိုတွေ့သောအခါ မဟုတ်မမှန်သတင်းဖြန့်ခဲ့သည်ကို သင်ပြန်အမှတ်ရပါသလော။ ယဇ်ပုရောဟိတ်အကြီးတို့သည် “စစ်သူရဲတို့အား ငွေအများကိုပေး၍၊ ညဉ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူတို့၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးသွားကြသည်ဟု သင်တို့ပြောကြလော့” ဟူ၍ဆိုခဲ့ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ ဤလိမ်လည်မှုကိုအနှံ့အပြားဖြန့်ခဲ့ရာ များစွာသောသူတို့သည် ၎င်းကြောင့်လှည့်ဖြားခံရကြသည်။ မည်မျှဆိုးညစ်သော ဘာသာရေးခေါင်းဆောင်များပါတကား!—မဿဲ ၂၈:၁၁-၁၅။

ယနေ့ ဘာသာရေးလိမ်လည်မှုများ

ယနေ့ ဘာသာရေးခေါင်းဆောင်များပြောဆိုသည့် လူအများသိသောလိမ်လည်မှုတစ်ခုကား အဘယ်နည်း။ “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်” ဟူ၍ဧဝအားပြောခဲ့သည့် စာတန်၏လိမ်လည်မှုနှင့်တူသည်။ (ကမ္ဘာဦး ၃:၄) သို့သော် ဧဝသေ ခဲ့ရပြီး သူမကိုဖန်ဆင်းသည့်မြေမှုန့်ဖြစ်သော မြေကြီးသို့ ပြန်ခဲ့ရသည်။

သို့ရာတွင် သူမသည် သေသွားပုံသာပေါက်ပြီး အခြားပုံစံတစ်မျိုးမျိုးဖြင့် အမှန်ပင်အသက်ရှင်ခဲ့ပါသလော။ သေခြင်းသည် အခြားဘဝတစ်မျိုးမျိုးသို့ ကူးပြောင်းသောတံခါးဝတစ်ခုမျှသာလော။ ဧဝ၏သိတတ်သော အစိတ်အပိုင်းတချို့သည် အသက်ဆက်ရှင်ကြောင်း သမ္မာကျမ်းစာတွင် မည်သည့်တင်ပြချက်မျှမရှိချေ။ သူမ၏စိုးလ်သည် ဆက်အသက်မရှင်ခဲ့ပါ။ ဘုရားသခင်ကိုမနာခံခြင်းဖြင့် သူမအပြစ်ပြုခဲ့ရာ သမ္မာကျမ်းစာက “ပြစ်မှားသောစိုးလ်သည် ကိုယ်တိုင်အသက်သေရမည်” ဟုဆိုထားသည်။ (ယေဇကျေလ ၁၈:၄၊ ကဘ) ဧဝသည် သူမ၏ယောက်ျားကဲ့သို့ အသက်ရှင်သောစိုးလ်အဖြစ် ဖန်ဆင်းခံရပြီး အသက်ရှင်သောစိုးလ်ဖြစ်သည့် သူမ၏အသက်သည် ချုပ်ငြိမ်းသွားလေသည်။ (ကမ္ဘာဦး ၂:၇) လူသေ၏အခြေအနေနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက “သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ” ဟူ၍ဆိုထားသည်။ (ဒေသနာ ၉:၅) သို့သော် ချာ့ချ်များက မည်သို့သွန်သင်ပေးလေ့ရှိသနည်း။

လူတို့တွင် မသေနိုင်သောစိုးလ်ရှိပြီး သေခြင်းသည် သုခချမ်းသာ သို့မဟုတ် ညှဉ်းဆဲခံရာနောက်ဘဝကိုတွေ့ကြုံခံစားရန် ကျွတ်လွတ်သွားစေသည်ဟု ချာ့ချ်များကသွန်သင်ပေးလေ့ရှိသည်။ ဥပမာ၊ ကက်သလစ်စွယ်စုံကျမ်း က “မှားယွင်းကြောင်းအထောက်အထားမရှိ၊ မည်သူမျှမငြင်းဆိုနိုင် သို့မဟုတ် စောဒကမတက်နိုင်သော ယုံကြည်ချက်အမှန်အဖြစ် ငရဲတွင် ထာဝရဝေဒနာခံစားရသည်ဟူ၍ ချာ့ချ်က အတိအလင်းသွန်သင်ပေးသည်” ဟူ၍ဆိုသည်။—၁၉၁၃ ခုနှစ်ထုတ် အတွဲ ၇၊ စာမျက်နှာ ၂၀၉။

သမ္မာကျမ်းစာတွင် အတိအလင်းဖော်ပြထားရာနှင့် မည်မျှကွာခြားသည့် သွန်သင်ချက်ပါတကား! သမ္မာကျမ်းစာက လူတစ်ဦးသေသောအခါ “မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏” ဟူ၍သွန်သင်ပါသည်။ (ဆာလံ ၁၄၆:၄) ထို့ကြောင့် သမ္မာကျမ်းစာအရ လူသေများသည် အဘယ်အရာကိုမျှမသိတော့သည့်အတွက် မည်သည့်ဝေဒနာကိုမျှ မခံစားနိုင်ပါ။ ထို့ကြောင့် သမ္မာကျမ်းစာက “ဆောင်ရွက်စရာအမှုရှိသမျှတို့ကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား” ဟူ၍ဆော်သြထားသည်။—ဒေသနာ ၉:၁၀။

သတိရှိရန်လို

ယေရှုအချိန်က ယဇ်ပုရောဟိတ်များ၏လိမ်လည်မှုကြောင့် များစွာသောသူတို့သည် လှည့်ဖြားခံရသကဲ့သို့ပင် ယနေ့အချိန်ရှိ ဘာသာရေးခေါင်းဆောင်များ၏ မှားယွင်းသောသွန်သင်ချက်များကြောင့် လှည့်ဖြားခံရမည့်အန္တရာယ်ရှိနေသည်။ ဤသူများသည် “ဘုရားသခင်၏သစ္စာတရားတော်ကို မုသားနှင့်လှဲလှယ်” ကြပြီး လူ့စိုးလ်မသေနိုင် အစရှိသောမှားယွင်းသည့်သွန်သင်ချက်များနှင့် လူသား၏စိုးလ်သည် မီးငရဲတွင် အလွန်ပြင်းပြသောဝေဒနာ ခံစားရမည်ဟူသောအယူအဆကို အားပေးအားမြှောက်ပြုကြသည်။—ရောမ ၁:၂၅၊ သမ္မာ။

ထို့အပြင် ယနေ့ဘာသာတရားများသည် လူ့ထုံးတမ်းစဉ်လာနှင့် အတွေးအခေါ်ကို ကျမ်းစာအမှန်တရားနှင့် တစ်တန်းတစ်စားတည်းထားကြသည်။ (ကောလောသဲ ၂:၈) ထို့ကြောင့် အကျင့်နှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ပညတ်တော်များ—ရိုးသားမှုနှင့် လိင်ဆိုင်ရာအကျင့်အကြံနှင့်ဆိုင်သည့် ပညတ်များအပါအဝင်—ကိုလုံးလုံးလျားလျားမဟုတ်ဘဲ အထိုက်အလျောက်ဖြင့်သာရှုမြင်ကြသည်။ ရလဒ်ကား တိုင်းမ်စ် မဂ္ဂဇင်းတွင်ဖော်ပြသကဲ့သို့ ဖြစ်သည်– “တစ်ဦးနှင့်တစ်ဦးအပေါ် အမူအကျင့်ကိုစိုးမိုးသည့်စည်းမျဉ်းများကို လူများနားမလည်၊ သို့မဟုတ် လက်မခံကြတော့သည့်အခါ လိမ်လည်မှုများသည် မရေရာသောလူမှုရေးတွင် ရှင်သန်ကြီးထွားသည်။”—ဟေရှာယ ၅၉:၁၄၊ ၁၅; ယေရမိ ၉:၅ နှိုင်းယှဉ်။

အမှန်တရားကို တန်ဖိုးမထားသည့်ဝန်းကျင်တွင် အသက်ရှင်နေရခြင်းကား လိမ်လည်မပြောရဟူသည့် ဘုရားသခင်၏စကားတော်ကိုလိုက်နာဖို့ ခက်ခဲစေသည်။ အခါခပ်သိမ်း အမှန်အတိုင်းပြောဆိုဖို့ ကျွန်ုပ်တို့ကို အဘယ်အရာကကူညီပေးနိုင်သနည်း။

အမှန်တရားအတွက်ရပ်တည်ခြင်း

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို ချီးမွမ်းဂုဏ်တင်လိုသည့်ဆန္ဒကား မှန်ကန်စွာပြောဆိုခြင်းကို မွေးမြူပြုစုပေးရန် အကောင်းဆုံးလှုံ့ဆော်မှုဖြစ်သည်။ သမ္မာကျမ်းစာက ကိုယ်တော်အား “သမ္မာတရား၏ဘုရားသခင်” ဟူ၍ခေါ်ဆိုထားခြင်းကား ထူးခြားပါသည်။ (ဆာလံ ၃၁:၅၊ ကဘ) ထို့ကြောင့် “မုသား၌ကျင်လည်သောလျှာ” ကိုမုန်းတော်မူသော ဖန်ဆင်းရှင်၏သဘောတော်နှင့်တွေ့လိုပါက ကျွန်ုပ်တို့သည် ကိုယ်တော်အားတုပရန် လှုံ့ဆော်ခံရမည်ဖြစ်သည်။ (သု. ၆:၁၇) ယင်းကို ကျွန်ုပ်တို့မည်သို့ ပြုနိုင်သနည်း။

ဘုရားသခင်၏နှုတ်မြွက်စကားတော်ကို အပတ်တကုတ်လေ့လာခြင်းဖြင့် “မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်ပြော” ဆိုကြရန် လိုအပ်သည့်ခွန်အားကိုရရှိနိုင်သည်။ (ဧဖက် ၄:၂၅) သို့ရာတွင် ကျွန်ုပ်တို့ထံမှ ဘုရားသခင်တောင်းဆိုရာကို သိထား ရုံမျှဖြင့် မလုံလောက်ပါ။ ယနေ့လောကတွင်ရှိနေသူများစွာကဲ့သို့ ကျွန်ုပ်တို့သည် အမှန်အကန်ကို အမြဲပြောဆိုလိုစိတ်မရှိပါက ထိုသို့ ပြုမူရန် ကြိုးစားအားထုတ်ဖို့လိုပေမည်။ တမန်တော်ပေါလု၏ စံနမူနာကိုလိုက်လျှောက်ပြီး မိမိကိုယ်ကိုခပ်ကြမ်းကြမ်းကိုင်တွယ်ရန်လိုပေမည်။ “ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏” ဟူ၍ပေါလုက ရေးသားခဲ့သည်။—၁ ကောရိန္သု ၉:၂၇။

အခါခပ်သိမ်း၌ အမှန်တရားကိုပြောဖို့ ဆိုင်ပြိုင်တိုက်လှန်ရာတွင် ထပ်ဆင့်အကူအညီတစ်ခုမှာ ဆုတောင်းခြင်းဖြစ်သည်။ ကူညီပေးဖို့အတွက် ယေဟောဝါထံတိုးလျှိုးအသနားခံခြင်းဖြင့် “သာမန်ထက်ထူးကဲသောတန်ခိုးတော်” ကိုကျွန်ုပ်တို့ရရှိနိုင်ကြပါသည်။ (၂ ကောရိန္သု ၄:၇၊ ကဘ) မှန်ပါသည်၊ “သစ္စာနှုတ်ခမ်း” ကိုထိန်းသိမ်းထားပြီး “မုသားလျှာ” ကိုဖယ်ပစ်ရန် တကယ်ကြိုးစားရပေမည်။ (သု. ၁၂:၁၉) သို့သော် ယေဟောဝါ၏အကူအညီဖြင့် ဖြစ်နိုင်ပါသည်။—ဖိလိပ္ပိ ၄:၁၃။

လိမ်လည်ခြင်းသည် သာမန်ကိစ္စသာဖြစ်သည်ဟုယူမှတ်စေသူကား စာတန်ပင်ဖြစ်ကြောင်း အမြဲသတိရပါ။ ပထမဦးဆုံးမိန်းမဖြစ်သူ ဧဝကို သူလှည့်ဖြားပြီး သူမအား မလိုတမာစိတ်ဖြင့် လိမ်ညာခဲ့သည်။ ကျွန်ုပ်တို့မူကား စာတန်လိမ်လည်နည်းများ၏ ဆိုးကျိုးများကို ကောင်းစွာသိထားကြသည်။ အတ္တဆန်သောလိမ်လည်မှုတစ်ခုနှင့် အတ္တဆန်သောပုဂ္ဂိုလ်သုံးဦးဖြစ်သည့် အာဒံ၊ ဧဝနှင့် စာတန်တို့ကြောင့် လူ့မိသားစုအပေါ် မရေမတွက်နိုင်သောဆင်းရဲခြင်းများ ကျရောက်ခဲ့သည်။

မှန်ပါသည်၊ လိမ်လည်ခြင်းနှင့်ပတ်သက်သောအမှန်တရားမှာ ယင်းသည် သေစေသောအဆိပ်နှင့်နှိုင်းယှဉ်နိုင်သည်။ သို့သော်လည်း ယင်းကို တစ်စုံတစ်ရာလုပ်ဆောင်နိုင်သည့်အတွက် ကျေးဇူးတင်ဖို့ဖြစ်သည်။ ကျွန်ုပ်တို့သည် လိမ်လည်တတ်သည့်အကျင့်ကိုရပ်တန့်ပြီး “ကရုဏာနှင့်သစ္စာကြွယ်ဝတော်မူသော” ဘုရားသခင်ယေဟောဝါ၏မျက်နှာသာတော်ကို ထာဝရခံစားနိုင်ကြပါသည်။—ထွက်မြောက်ရာ ၃၄:၆၊ ကဘ။

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

လိမ်လည်ခြင်း၏အကျိုးဆက်များသည် ပန်းအိုးတစ်အိုးအစိတ်စိတ်အမြွှာမြွှာကွဲခြင်းနှင့်တူသည်

[စာမျက်နှာ ၁၆ ပါ အကျဉ်းဖော်ပြချက်]

လိမ်လည်ခြင်းကို သေစေသောအဆိပ်နှင့်နှိုင်းယှဉ်နိုင်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ