ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၂/၁၅ စာ. ၂၁-၂၃
  • လိမ်လည်ရန် အဘယ်ကြောင့် ဤမျှလွယ်ကူသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိမ်လည်ရန် အဘယ်ကြောင့် ဤမျှလွယ်ကူသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လိမ်လည်ပြောဆိုရသည့် အကြောင်းများ
  • အကျိုးသက်ရောက်မှုများကို သုံးသပ်ပါ
  • လိမ်လည်ရန် လွယ်ကူစေသည့်အကြောင်း
  • အဘယ်ကြောင့်မှန်ရာကို ပြောဆိုရ
  • လိမ်လည်ခြင်းနှင့်ပတ်သက်သော အမှန်တရား
    နိုးလော့!—၁၉၉၈
  • မှန်တဲ့စကားကို ပြောပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အမှန်တရား အရေးပါသေးသလား
    ထပ်ဆင့် အကြောင်းအရာများ
  • သင့်ကလေး လိမ်ပြောတဲ့အခါ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၂/၁၅ စာ. ၂၁-၂၃

လိမ်လည်ရန် အဘယ်ကြောင့် ဤမျှလွယ်ကူသနည်း

မည်သူမျှ အလိမ်မခံလိုပါ။ မည်သို့ဆိုစေ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာသားများသည် အချင်းချင်းတစ်ဦးကိုတစ်ဦး လိမ်လည်ပြောဆိုတတ်ကြသည်။ ဂျိမ်းစ် ပက်တစန်နှင့် ပီတာကင်မ်တို့၏ The Day America Told the Truth စာအုပ်တွင်ပါသောစစ်ဆေးချက်က အမေရိကန်နိုင်ငံသား ၉၁ ရာခိုင်နှုန်းသည် လိမ်လည်ပြောဆိုလေ့ရှိကြောင်း တင်ပြပါသည်။ ကလောင်ရှင်များ ဤသို့ဆိုသည်။ “တစ်ပတ်လောက် မလိမ်လည်ဘဲနေရန် ကျွန်ုပ်တို့အများစုအတွက် အလွန်ခဲယဉ်းပါသည်။ ငါးဦးလျှင် တစ်ဦးသည် တစ်နေ့တာပင် မနေနိုင်ပါ။ ဤတွင် တမင်ကြိုတင်ကြံဆထားသည့် လိမ်လည်မှုမျိုးကိုဆိုလိုနေပါသည်။”

လိမ်လည်မှုသည် မျက်မှောက်ခေတ်ဘဝအသက်တာ၏ ကဏ္ဍအသီးအသီးတိုင်းတွင်ပင် အလေ့အထဖြစ်နေပါသည်။ ခေါင်းဆောင်များသည် ပြည်သူလူထုနှင့် အချင်းချင်းအား လိမ်လည်ကြသည်။ အသရေပျက်စီမံကိန်းများတွင် ကိုယ်တိုင်ပါဝင်ခဲ့လျက်နှင့် မပါဝင်ကြပါဟူ၍ ရုပ်မြင်သံကြားရှေ့ သူတို့ကြိမ်ဖန်များစွာလိမ်လည်ပြောဆိုခဲ့ကြပြီ။ စစ်စလာ ဘော့ခ်၏ Lying—Moral Choice in Public and Private Life ဟူသောစာအုပ်တွင် သူမဤသို့သတိပြုထားသည်။ “ဥပဒေရပ်နှင့် စာနယ်ဇင်း၊ အုပ်ချုပ်ရေးပိုင်းနှင့် လူမှုရေးသိပ္ပံပညာရပ်များတွင် စည်းမျဉ်းရေးဆွဲတတ်သည့် လိမ်လည်သူများက လိမ်လည်မှုကို ပေါ့ပေါ့တန်တန်သဘောထားကြသည့်အခါ လိမ်လည်လှည့်ဖြားမှုကို ဓမ္မတာအဖြစ်သာ ယူမှတ်ကြသည်။”

အမေရိကန်နိုင်ငံတွင် နိုင်ငံရေးလောက၏လိမ်လည်မှုအကြောင်း ၁၉၈၉၊ မေ/ဇွန် ထုတ် Common Cause Magazine ကဤသို့သတိပြုထားသည်။ “အစိုးရ၏လှည့်ဖြားမှု၊ လူထု၏ မသင်္ကာမှုနှင့်ပတ်သက်လျှင် ဝါတာဂိတ်နှင့် ဗီယက်နမ်အဖြစ်အပျက်သည် အီရန်–ကွန်ထရာအဖြစ်အပျက်နှင့် ထူးမခြားနားဖြစ်သည်။ ထိုသို့ဆိုလျှင် ရေဂင်အုပ်ချုပ်သည့်နှစ်များသည် အဘယ်ကြောင့်ဤမျှအပြောင်းအလဲဖြစ်ရသနည်း။ အများလိမ်လည်ခဲ့ကြသော်လည်း သံဝေဂရသူ အနည်းငယ်သာရှိခဲ့သည်။” ယင်းကြောင့် လူထုသည် ခေါင်းဆောင်များကို မယုံကြည်နိုင်ကြခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာဆက်ဆံရေးတွင် ဤခေါင်းဆောင်များသည် တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချမှုနည်းကြသည်။ ဂရိအတွေးအခေါ်ပညာရှင်ပလေတို ဤသို့သတိပြုခဲ့သည်။ “နိုင်ငံတော်အကျိုးအလို့ငှာ . . . နိုင်ငံ့ခေါင်းဆောင်များ လိမ်လည်ခွင့်ရှိသည်။” အပြည်ပြည်ဆိုင်ရာဆက်ဆံရေးတွင် ဒံယေလ ၁၁:၂၇ ၌ကျမ်းစာပရောဖက်ပြုထားသည့်အတိုင်းပင် ဖြစ်ချေပြီ။ “တစ်ခုသောစားပွဲ၌ မုသားစကားကိုပြောကြလိမ့်မည်။”

စီးပွားရေးလောကတွင် ထုတ်ကုန်နှင့်ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍လည်းကောင်း လိမ်လည်ခြင်းသည် ထုံးစံဖြစ်နေသည်။ ဝယ်သူများအနေနှင့် ပဋိညာဉ်အရသဘောတူညီချက်များမှ အသေးစိတ်အချက်အလက်များကိုပါ ဖတ်ရှုကြည့်ရန် သတိပြုကြရသည်။ အချို့နိုင်ငံများတွင် မုသားပါသောကြေညာချက်များ၊ အကျိုးပြုသည်၊ အန္တရာယ်မရှိဟုအဆိုသွင်းပြီး ပျက်စီးယိုယွင်းသည့်ကုန်စည်များ၊ လိမ်လည်မှုများမှ ပြည်သူလူထုကိုကာကွယ်ပေးရန် အုပ်ချုပ်ရေးပိုင်း၌ စည်းကမ်းသတ်မှတ်သော အဖွဲ့အစည်းများရှိပါသည်။ ဤသို့ကြိုးစားကာကွယ်ပေးထားလျက်နှင့် ကုန်သည်များ၏ လိမ်လည်လှည့်ဖြားမှုကြောင့် လူတို့ဆက်၍ ငွေအလိမ်ခံနေကြရသည်။

အချို့သူများအတွက် လိမ်လည်ရန် အလွန်လွယ်ကူသည့်အတွက် အကျင့်ဖြစ်နေပါသည်။ အခြားသူများမူကား ပုံမှန်အားဖြင့်မှန်မှန်ကန်ကန်ပြောဆိုကြသော်လည်း အကြပ်အတည်းကြုံသည်နှင့် လိမ်လည်ကြတော့သည်။ မည်သည့်အခြေအနေ၌မဆို မုသားမသုံးသူကား အလွန်နည်းပါသည်။

လိမ်လည်မှုမည်သည် “၁။ လှည့်ဖြားလိုသည့်သဘောမျိုးဖြင့်ပြုသော မမှန်မကန်သောစကား၊ သို့မဟုတ် အပြုအမူ . . . ၂။ အထင်အမြင်မှားစေသည့်၊ သို့မဟုတ် ထိုရည်ရွယ်ချက်ဖြင့်ပြုသော အဘယ်အရာမဆို” ဖြစ်သည်။ ရည်ရွယ်ချက်ကား မမှန်ကန်ကြောင်းလိမ်လည်သူသိထားသည့်အရာကို အခြားသူများအား ယုံကြည်စေလိုခြင်းဖြစ်သည်။ မုသားစကားများ၊ သို့မဟုတ် တစ်ချို့တစ်ဝက်မှန်ကန်သည့်စကားများဖြင့် အမှန်တရားကိုသိသင့်သူများအား လိမ်လည်ပြောဆိုသူသည် လှည့်ဖြားရန်ကြိုးစားနေခြင်းဖြစ်သည်။

လိမ်လည်ပြောဆိုရသည့် အကြောင်းများ

မုသားသုံးရသည့်အကြောင်း များစွာရှိပါသည်။ ဤအပြိုင်အဆိုင်လောကကြီးတွင် တိုးတက်အောင်မြင်ရန် မိမိအရည်အချင်းနှင့်ပတ်သက်၍ လိမ်လည်ဖို့လိုအပ်သည်ဟု အချို့ထင်မြင်ကြသည်။ အခြားသူများသည် မိမိတို့အမှား၊ သို့မဟုတ် အပြစ်ကိုဖုံးဖိရန် လိမ်လည်ကြသည်။ မိမိတို့မပြုမူခဲ့သောအလုပ်ကို ပြုမူခဲ့သည်ဟု အထင်ရှိစေရန် လိမ်လည်ပြောဆိုသူများလည်းရှိပါသည်။ ထို့ပြင်သူတစ်ထူး၏သိက္ခာကိုဖျက်ရန်၊ အရှက်မကွဲရန်၊ ယခင်ကပြောခဲ့သော မုသားများကိုဖုံးဖိရန်၊ သို့မဟုတ် သူတစ်ပါး၏ငွေကို လျှပ်စားဖြတ်စားပြုရန် လိမ်လည်သူများရှိပါသည်။

လိမ်လည်ရသည့် အများသုံးဆင်ခြေပေးချက်ကား အခြားသူတစ်ဦးကို ကာကွယ်ပေးရန်အတွက်ဖြစ်သည်ဟု ဆိုကြပါသည်။ ယင်းကို အချို့သူများက အပြစ်ကင်းသောမုသားဟု ယူမှတ်ကြသည်။ အကြောင်းမူကား၊ ယင်းသည် မည်သူကိုမျှ အကျိုးမယုတ်စေဟုထင်မှတ်ပါသည်။ သို့သော် ဤအမည်ခံအပြစ်ကင်းသောမုသားများသည် အမှန်ပင် ဆိုးကျိုးမပြုဘဲနေပါသလော။

အကျိုးသက်ရောက်မှုများကို သုံးသပ်ပါ

အပြစ်ကင်းသောမုသားများသည် ကြီးလေးသောကိစ္စများတွင် လိမ်လည်သည့်အလေ့အထကို ဖြစ်ပေါ်စေတတ်သည်။ စစ်စလာ ဘော့ခ်ကဤသို့မှတ်ချက်ချထားသည်။ “‘အပြစ်ကင်း’ သည်ဟုခုခံကာကွယ်ထားသော မုသားစကားအားလုံးကို ထိုမျှလွယ်ကူစွာ ဖြေရှင်းပစ်၍မရပါ။ ဦးဆုံးအနေနှင့် မုသားစကားနှင့်စပ်လျဉ်း၍ အကျိုးမပျက်စေပါဟူသောအဆိုကို ဒွိဟဖြစ်စရာအကြောင်းများစွာရှိသည်။ လိမ်လည်ပြောဆိုသူအနေနှင့် အကျိုးပျက်စရာမရှိ၊ အကျိုးပင်ပြုသည်ဟု ထင်မှတ်မည်ဖြစ်သော်လည်း လိမ်လည်ခံရသူအတွက် ထိုသို့ဖြစ်မည်မဟုတ်။”

အပြစ်မရှိဟုထင်ရသည့်မုသားစကားများသည် ထိုအမြင်မျိုးမည်မျှပင်ရှိစေကာမူ လူလူချင်းဆက်ဆံမှုပြေပြစ်ရေးအတွက် ပျက်စီးယိုယွင်းစေသည်။ မုသားစကားသုံးသူအပေါ် အယုံအကြည်ပျက်စီးသွား၍ စိတ်ချယုံကြည်မှုလုံးဝပျောက်ကင်းသွားစေနိုင်သည်။ နာမည်ကျော်စာစီစာကုံးရေးသူ ရာလ်ဖ် ဝါလ်ဒို အီမာစန်ဤသို့ရေးသားခဲ့သည်။ “မုသားစကားသုံးသူသည် အမှန်တရားကိုဖောက်ဖျက်တိုင်း သေကြောင်းကြံခြင်းဖြစ်ရုံမက လူ့အဖွဲ့အစည်း၏ကျန်းခံ့ရေးကို နစ်နာပျက်စီးစေသည်။”

အခြားသူတစ်ဦးအကြောင်း မမှန်မကန်ပြောဆိုရန် လိမ်လည်ပြောသူအတွက် လွယ်ကူပါသည်။ သက်သေအထောက်အထားမပြသော်လည်း သူ၏မုသားစကားကြောင့် လူတစ်ဖက်သားကို မယုံသင်္ကာဖြစ်စေပြီး သူ၏စကားမှန်မမှန် မစစ်ဆေးဘဲ လူအများသည် သူ့စကားကိုယုံကြပါသည်။ ဤနည်းဖြင့် အပြစ်ကင်းသူ၏သိက္ခာပျက်ရလေသည်။ မိမိမှာအပြစ်မရှိကြောင်း သက်သေတင်ပြစရာတာဝန်ကို ထမ်းရလေတော့သည်။ ထိုကြောင့်အပြစ်မရှိသူထက် လိမ်လည်ပြောဆိုသူ၏စကားကို လူတို့ယုံကြသည့်အခါ အလွန်စိတ်ဓာတ်ကျစရာဖြစ်သည်။ အပြစ်ကင်းသူနှင့် လိမ်လည်ပြောဆိုသူ၏ဆက်ဆံမှုသည်လည်း ပျက်ပြားသွားပါသည်။

မုသားသုံးသူသည် အလွယ်တကူဖြင့် လိမ်လည်တတ်သည့်အကျင့်ရှိသွားနိုင်သည်။ မုသားတစ်ခွန်းသည် အခြားမုသားစကားသို့ရောက်သွားစေသည်။ ရှေးကအမေရိကန်နိုင်ငံခေါင်းဆောင်ဖြစ်သူ သောမတ်စ် ဂျက်ဖာစင် ဤသို့သတိပြုခဲ့သည်။ “ဤမျှယုတ်ညံ့၊ ဤမျှဝမ်းနည်းဖွယ်၊ ဤမျှစက်ဆုတ်ရွံရှာဖွယ်သော ဆိုးသွမ်းညစ်ညမ်းမှုမရှိ။ တစ်ကြိမ်လိမ်လည်ပြောဆိုလိုက်သူသည် ဒုတိယအကြိမ်၊ တတိယအကြိမ် လိမ်လည်ရန် လွယ်ကူသွားပြီး အကျင့်ထုံးစံဖြစ်လေတော့သည်။” ယင်းကား စာရိတ္တပျက်ပြားခြင်းသို့ ပို့ဆောင်သောလမ်းစဉ်ဖြစ်သည်။

လိမ်လည်ရန် လွယ်ကူစေသည့်အကြောင်း

ဖန်ဆင်းရှင်၏စကားနားမထောင်ပါက သူမ သေလိမ့်မည်မဟုတ်ကြောင်း ကောင်းကင်တမန်သူပုန်တစ်ဦး ပထမမိန်းမအား လိမ်လည်ပြောဆိုချိန်တွင် မုသားစကားစတင်ခဲ့သည်။ ယင်းကြောင့် လူမျိုးတစ်မျိုးလုံးအပေါ် မရေမတွက်နိုင်အောင်များပြားသော ဆိုးကျိုးများသက်ရောက်စေခဲ့ရာ အားလုံးမစုံလင်သူများဖြစ်ပြီး ဖျားနာ၍ သေဆုံးကြရသည်။—ကမ္ဘာဦး ၃:၁-၄။ ရောမ ၅:၁၂။

နာခံမှုမရှိသော အာဒံနှင့်ဧဝအချိန်မှစ၍ ဤမုသားအဖ၏ မသိမသာတိုးပွားသောသြဇာကြောင့် မုသားစကားကိုသုံးရန် လှုံ့ဆော်ပေးသည့်ဝန်းကျင် ဖြစ်ပေါ်လာပါသည်။ (ယောဟန် ၈:၄၄) အမှန်တရားသည် အကန့်အသတ်ဖြင့်သာရှိသည့် ပျက်စီးယိုယွင်းနေသောလောကကြီး ဖြစ်နေပြီ။ ၁၉၈၆၊ စက်တင်ဘာလထုတ် The Saturday Evening Post က လိမ်လည်ခြင်းပြဿနာသည် “စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ဖျော်ဖြေရေးလောကနှင့် နိုင်ငံသားနှင့် အိမ်နီးချင်း အချင်းချင်း နေ့စဉ်ရိုးရိုးပေါင်းသင်းဆက်ဆံရေးကို ထိခိုက်နေသည်။ လုံးလုံးလျားလျားမှန်ကန်ခြင်းသည်မရှိဟုဆိုသည့် အဓိကမုသားကြီးတစ်ခုဖြစ်သော တစ်ဝက်တစ်ပျက်ဝါဒကို ကျွန်ုပ်တို့လက်ခံဝယ်ယူထားကြပြီ” ဟုဆိုသည်။

လှည့်ဖြားခံရသူများအပေါ် သက်ညှာမှုမရှိသော လိမ်လည်ပြောဆိုသည့်အကျင့်ရှိသူများ ဤသို့ယူမှတ်ကြပါသည်။ သူတို့အတွက် လိမ်လည်ပြောဆိုရန် မခဲယဉ်းပါ။ ၎င်းသည်သူတို့၏ဘဝပုံစံဖြစ်နေပါသည်။ သို့သော် မုသားသုံးသည့်အကျင့်မရှိဘဲနှင့် အမှားပေါ်မည်ကိုကြောက်ခြင်း၊ ဒဏ်သင့်မည်ကိုကြောက်ခြင်း အစရှိသည်တို့ကို ကြောက်လန့်၍ ချက်ချင်းလိမ်လည်ပြောဆိုသူများလည်းရှိပါသည်။ ယင်းကား မစုံလင်သောလူသား၏ အားနည်းချက်ပင်ဖြစ်သည်။ ဤသဘောထားကို မှန်မှန်ကန်ကန်ပြောဆိုရန် ဆုံးဖြတ်ချက်နှင့် မည်သို့အစားထိုးပြောင်းလဲနိုင်မည်နည်း။

အဘယ်ကြောင့်မှန်ရာကို ပြောဆိုရ

အမှန်တရားသည် လူတိုင်းအတွက် ကြီးမြတ်သောဖန်ဆင်းရှင် ချမှတ်ထားသည့် စံချိန်ဖြစ်သည်။ ကိုယ်တော်မှတ်တမ်းတင်ထားသောနှုတ်ကပါဌ်တော် သမ္မာကျမ်းစာက “ဘုရားသခင်သည် မုသားမသုံးနိုင်” ဟုဟေဗြဲ ၆:၁၈ တွင်ဆိုထားသည်။ ထပ်တူစံချိန်ကို ကမ္ဘာပေါ်တွင် ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်စားလှယ်တော်ဖြစ်ခဲ့သူ သားတော်ယေရှုခရစ်ထောက်ခံပါသည်။ ကိုယ်တော်အားသတ်ပစ်ရန်ရှာကြံနေသော ဂျူးဘာသာရေးခေါင်းဆောင်များကို ယေရှု ဤသို့မိန့်တော်မူသည်။ “ဘုရားသခင့်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အားဟောပြောသောသူတည်းဟူသော ငါ့ကို သတ်အံ့သောငှာ သင်တို့သည် ယခုရှာကြံကြ၏။ . . . ဘုရားသခင်ကို . . . ငါမသိဟုငါဆိုလျှင် သင်တို့ကဲ့သို့မုသားသုံးသောသူဖြစ်လိမ့်မည်။” (ယောဟန် ၈:၄၀၊ ၅၅) ကိုယ်တော်၏ “ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသားကိုရှာမတွေ့” နိုင်ခြင်းပုံစံကို ကျွန်ုပ်တို့လိုက်လျှောက်ရန် ချမှတ်ထားတော်မူခဲ့သည်။—၁ ပေတရု ၂:၂၁၊ ၂၂။

သု၊ ၆:၁၆-၁၉ ကရှင်းလင်းပြတ်သားစွာတင်ပြသကဲ့သို့ပင် ယေဟောဝါအမည်ရှိသော ကျွန်ုပ်တို့ဖန်ဆင်းရှင်သည် လိမ်လည်မှုကိုရွံမုန်းသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မုန်းတော်မူသောအရာခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ပါးဟူမူကား၊ ထောင်လွှားသောမျက်နှာတစ်ပါး၊ မုသာ၌ကျင်လည်သောလျှာတစ်ပါး၊ အပြစ်မရှိသော သူ၏အသက်ကိုသတ်သောလက်တစ်ပါး၊ မကောင်းသောအကြံကို ကြံစည်သောနှလုံးတစ်ပါး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေတစ်ပါး၊ မုသားစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သောသူတစ်ပါးတည်း။”

ဤမုသားနှင့်ကင်းစင်သောဘုရားသခင်၏အလိုတော်နှင့်တွေ့ခြင်းငှာ ကိုယ်တော်၏ စံချိန်များအတိုင်း အသက်ရှင်နေထိုင်ရန် ကျွန်ုပ်တို့အားတောင်းဆိုတော်မူသည်။ ကိုယ်တော်၏ မှုတ်သွင်းခံနှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား ဤသို့မိန့်မှာထားသည်။ “အချင်းချင်းမုသားစကားကို မပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်” ကြရမည်။ (ကောလောသဲ ၃:၉) လိမ်လည်ပြောဆိုသည့်အကျင့်ကို မဖျောက်ပစ်လိုသူများကို ကိုယ်တော်လက်ခံနှစ်သက်တော်မူမည်မဟုတ်ပါ။ ကိုယ်တော်၏ အသက်ဆုကို ဤသူများရကြမည်မဟုတ်ပါ။ အမှန်သော်ကား၊ ဘုရားသခင်သည် “မုသားစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏” ဟုဆာလံ ၅:၆ ကပွင့်ပွင့်လင်းလင်းဆိုထားသည်။ “မုသားသုံးသူဟူသမျှ” သည် “ဒုတိယသေခြင်း” တည်းဟူသောထာဝရဖျက်ဆီးခြင်းကိုခံရမည်ဟု ဗျာဒိတ် ၂၁:၈ ကထပ်ဆင့်ဖော်ပြပါသည်။ ထိုကြောင့်လိမ်လည်ပြောဆိုခြင်းနှင့်ပတ်သက်၍ ဘုရားသခင့်အမြင်ကိုလက်ခံမည်ဆိုလျှင် မှန်မှန်ကန်ကန်ပြောဆိုရန် တိုက်တွန်းခံရမည်။

သို့သော်အမှန်ကိုပြောဆိုခြင်းကြောင့် အရှက်ကွဲစရာ၊ သို့မဟုတ် စိတ်မကောင်းစရာဖြစ်မည်ဆိုလျှင် မည်သို့ပြုသင့်ပါသနည်း။ မုသားသုံးခြင်းသည် ဘယ်သောအခါမျှ ပြဿနာဖြေရှင်းနည်းမဟုတ်ပါ။ ယင်းအစား ဘာမျှမပြောမဆိုဘဲနေခြင်းသည် ဖြေရှင်းနည်းဖြစ်သောအခါများရှိသည်။ အသင်၏ ယုံကြည်စိတ်ချထိုက်သူအဖြစ်ကို လိမ်လည်ပြောဆိုခြင်းဖြင့် အဘယ်ကြောင့်သိက္ခာကျစေမည်နည်း။ ထိုသို့ပြု၍လည်း ဘုရားသခင့်အမျက်တော်ကို ခံရဦးမည်ဖြစ်သည်။

စိုးရိမ်ကြောက်ရွံ့သောသဘောနှင့် လူ့အားနည်းချက်ကြောင့် မုသားစကားဖြင့် ကိုယ့်ကိုယ်ကိုကာကွယ်ပေးရန် စုံစမ်းသွေးဆောင်ခံရလိမ့်မည်။ ထိုသို့ပြုခြင်းက အလွယ်ကူဆုံးလမ်းစဉ်ကိုလိုက်ခြင်း၊ သို့မဟုတ် မှားယွင်းသောကြင်နာမှုကိုပြခြင်း ဖြစ်ပေလိမ့်မည်။ ယေရှုခရစ်ကို မိမိမသိပါဟု သုံးကြိမ်တိုင် တမန်တော်ပေတရုငြင်းဆိုခဲ့စဉ်က ထိုသို့သောသွေးဆောင်မှုမျိုးအောက် သူအညံ့ခံခဲ့ခြင်းဖြစ်သည်။ ထိုနောက် လိမ်လည်ပြောဆိုမိသည့်အတွက် စိတ်နှလုံးကြေကွဲခဲ့ပါသည်။ (လုကာ ၂၂:၄၅-၆၂) သူ၏စစ်မှန်သောနောင်တကြောင့် ဘုရားသခင်သည် သူ့အားခွင့်လွှတ်တော်မူခဲ့ကြောင်း နောက်ပိုင်းတွင် သူရရှိခဲ့သောလုပ်ငန်းတော်အခွင့်အရေးကောင်းများက သက်သေထူပါသည်။ ဘုရားသခင်ရွံမုန်းသောအရာကို ပြုလုပ်ခြင်းကြောင့် ခွင့်လွှတ်ခံရမည့်လမ်းစဉ်သည် နောင်တယူပြီး လိမ်လည်ပြောဆိုခြင်းကိုရပ်တံ့ရန် စိတ်ပိုင်းဖြတ်ခြင်းဖြစ်ပါသည်။

သို့သော်လိမ်လည်ပြောဆိုပြီးနောက်မှ တောင်းပန်မည့်အစား သင့်ဖန်ဆင်းရှင်နှင့် ကောင်းသောဆက်ဆံရေးကို ဆက်ထိန်းသိမ်းပါ။ မှန်မှန်ကန်ကန်ပြောဆိုခြင်းအားဖြင့် အသင်၏ ယုံကြည်စိတ်ချထိုက်သူအဖြစ်ကို မပျောက်မပျက်စေပါနှင့်။ ဆာလံ ၁၅:၁၊ ၂ ပါစကားကိုအမြဲသတိရပါ။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော” သူဖြစ်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ