ယေဟောဝါသက်သေများ ဂရိနိုင်ငံတွင် အပြစ်မဲ့ကြောင်းထင်ရှားပြခဲ့
နိုးလော့! သတင်းထောက်ပေးပို့သည်
ဂါဇီကျေးရွာ ကရေတန်တွင်ရှိသည့် ဓမ္မဆရာက သူ၏ဟောပြောချက်တစ်ခုပေးစဉ်အတွင်း ဤသို့ဖော်ပြခဲ့သည်– “ကျုပ်တို့ဒီရွာမှာ ယေဟောဝါသက်သေတွေရဲ့ခန်းမတစ်ခုရှိနေပြီ။ သူတို့ကိုမောင်းထုတ်ဖို့ ခင်ဗျားတို့ရဲ့အကူအညီလိုတယ်။” ရက်အနည်းငယ်ကြာ တစ်ညနေခင်းတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမပြတင်းပေါက်များဖျက်ဆီးခံရပြီး မသိရသည့်သူများက သေနတ်များဖြင့် ၎င်းကိုပစ်ခတ်ခဲ့ကြသည်။ သို့ဖြင့် ဂရိနိုင်ငံတွင် ဘာသာရေးလွတ်လပ်မှုအရေးကိစ္စ ပြန်ပေါ်လာသည်။
ဤအဖြစ်အပျက်များက ဒေသခံသက်သေခံလေးဦးဖြစ်ကြသော ကရီးအားကောစ် ဘတ်စာဗားနက်စ်၊ ဗာစီလီ ဟတ်ဇကီ၊ ကို့စ်တပ်စ် မာခ်ကရီးဒါးကစ်နှင့် တီးတိုးစ် မာနူဆာကီတို့ကို ပညာရေးနှင့် သာသနာရေးဝန်ကြီးထံ ဘာသာရေးအစည်းအဝေးများကျင်းပဖို့ခွင့်ပြုရန်အတွက် အသနားခံချက်တင်သွင်းရန် လှုံ့ဆော်ခဲ့သည်။ ခွင့်ပြုချက်ရယူခြင်းဖြင့် နောက်ဆုံးတွင် ရဲအကာအကွယ်ရမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် ထိုမျှလောက် မလွယ်ခဲ့ချေ။
ဓမ္မဆရာသည် ဟေရပ်လီယွန်ရှိ ရဲလုံခြုံရေးဌာနချုပ်ထံ စာတစ်စောင်ပေးပို့ခဲ့ပြီး သူ၏နယ်ပယ်ရှိ ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမအပေါ် အာဏာပိုင်များ၏အာရုံကိုရောက်စေကာ ကန့်သတ်ချုပ်ချယ်မှုများထုတ်ပြန်ပေးဖို့နှင့် သူတို့၏အစည်းအဝေးများကိုပိတ်ပင်ဖို့ တောင်းဆိုသည်။ ယင်းကြောင့် ရဲတို့၏စုံစမ်းစစ်ဆေးမှုနှင့် အမေးအမြန်းများရှိခဲ့သည်။ နောက်ဆုံးတွင် အစိုးရရှေ့နေက သက်သေခံများအား ရာဇဝတ်ကြောင်းတရားစွဲဆိုကာ အမှုကိုရုံးတင်ခဲ့သည်။
၁၉၈၇၊ အောက်တိုဘာ ၆ ရက်တွင် ဟေရပ်လီယွန်ရာဇဝတ်တရားရုံးက တရားခံလေးဦးကို တရားသေလွှတ်လိုက်ပြီး “စွဲချက်တင်ခံရသည့်လုပ်ရပ်ကို ကျူးလွန်ခြင်းမရှိပါ၊ အကြောင်းမှာ ဘာသာရေးအသင်းသားများသည် လွတ်လပ်စွာကျင်းပခွင့်ရှိသောကြောင့်ဖြစ်သည် . . . , ခွင့်ပြုချက်မလိုအပ်ပါ” ဟုဖော်ပြသည်။ သို့သော်ငြားလည်း နှစ်ရက်အကြာတွင် အစိုးရရှေ့နေက ဆုံးဖြတ်ချက်ကိုအယူခံဝင်လိုက်ရာ အမှုကို အထက်တရားရုံးသို့တင်လိုက်သည်။ ၁၉၉၀၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် သက်သေခံများအား ထောင်ဒဏ်နှစ်လနှင့် ဒဏ်ငွေ ဒေါ်လာ ၁၀၀ ခန့်ကိုပေးဆောင်ရန် ထိုတရားရုံးက စီရင်ချက်ချလိုက်သည်။ မကြာခဏပင် တရားခံများသည် ဂရိတရားရုံးချုပ်သို့ အယူခံဝင်ခဲ့ကြသည်။
၁၉၉၁၊ မတ် ၁၉ ရက်တွင် တရားရုံးချုပ်က အယူခံဝင်ချက်ကိုပယ်ချလိုက်ပြီး ပြစ်ဒဏ်ကို အတည်ပြုခဲ့သည်။ နောက်နှစ်နှစ်ကျော်အကြာ ၁၉၉၃၊ စက်တင်ဘာ ၂၀ ရက်တွင် တရားရုံးချုပ်၏ဆုံးဖြတ်ချက်ကို ကြေညာလိုက်သောအခါ ရဲတို့က ဘုရားသခင့်နိုင်ငံတော်ခန်းမကို ချိတ်ပိတ်လိုက်သည်။ ရဲတို့၏မှတ်တမ်းကဖော်ပြသည့်အတိုင်း ခရိသြသဒေါက်စ်ချာ့ချ်သည် ဤလုပ်ရပ်၏နောက်ကွယ်မှရှိနေခဲ့သည်။ ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ဖို့ ရည်ရွယ်ကာ ၁၉၃၈ ခုနှစ်တွင် ချမှတ်ခဲ့သော ဥပဒေအချို့ကြောင့် ဤအခြေဆိုက်ခဲ့ရပြီး ယင်းဥပဒေသည် ဂရိနိုင်ငံတွင် အကျိုးသက်ရောက်နေဆဲဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဝတ်ပြုရာအရပ်တစ်ခုနှင့်ပူးပေါင်းလိုပါက ပညာရေးနှင့်သာသနာရေးဝန်ကြီးဌာနနှင့် ဒေသခံသြသဒေါက်စ်ချာ့ချ်၏ဘိရှော့တို့ထံတွင် ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ကြသည်။ ဆယ်စုနှစ်များစွာပင် ခေတ်နှင့်မလျော်ညီတော့သော ဤဥပဒေများက ယေဟောဝါသက်သေများကို အခက်အခဲများစွာဖြစ်စေပါသည်။
ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး
သူတို့၏ပြစ်ဒဏ်စီရင်မှုကို တရားရုံးချုပ်က အတည်ပြုလိုက်ကြောင်း သိရှိချိန်တွင် သက်သေခံလေးဦးသည် ပြင်သစ်နိုင်ငံ၊ စတြာစဘာ့ဂ်မြို့တွင်ရှိသော ဥရောပလူ့အခွင့်အရေးကော်မရှင်ထံသို့ ၁၉၉၁၊ ဩဂုတ် ၇ ရက်နေ့တွင် လျှောက်လွှာတစ်စောင် တင်သွင်းခဲ့ကြသည်။ လျှောက်လွှာတင်သွင်းသူများက သူတို့အပေါ်စီရင်ချက်သည် လွတ်လပ်စွာ စဉ်းစားခွင့်၊ လွတ်လပ်သောအတွင်းလှုံ့ဆော်စိတ်နှင့် လွတ်လပ်စွာကိုးကွယ်ခွင့်အပြင် မိမိဘာသာကို တစ်ဦးတည်းသော်လည်းကောင်း၊ သူတစ်ပါးနှင့်ဖွဲ့စည်း၍သော်လည်းကောင်း၊ လူအများရှေ့၊ သို့မဟုတ် သီးသန့်နည်းဖြင့် ဖော်ပြပိုင်ခွင့်ကို အကာအကွယ်ပေးသည့် ဥရောပညီလာခံ၏ စာပိုဒ် ၉ ကို ချိုးဖောက်ရာကျကြောင်း ဖော်ပြခဲ့သည်။
၁၉၉၅၊ မေ ၂၅ ရက်တွင် အဖွဲ့ဝင် ၂၅ ယောက်ပါသောကော်မရှင်က ဂရိနိုင်ငံသည် ဤကိစ္စတွင် ဥရောပသဘောတူညီမှု၏ စာပိုဒ် ၉ ကိုချိုးဖောက်ကြောင်း တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်။ အငြင်းပွားဖွယ် ဤအပြစ်ဒဏ်သည် ဘာသာရေးလွတ်လပ်ခွင့်သဘောတရားနှင့် အပ်စပ်မှုမရှိကြောင်း၊ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွင် မလိုအပ်ကြောင်း ကြေညာခဲ့ကြသည်။ ခွင့်ပြုနိုင်သောကိစ္စဖြစ်ခြင်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တွင် ဤသို့လည်းဖော်ပြထားသည်– “လျှောက်ထားသူများသည် . . . ဥရောပနိုင်ငံအများတွင် အနှံ့အပြားသိရှိထားပြီး အခွင့်ရထားသည့် ဘာသာရေးထုံးတမ်းအခမ်းအနားများနှင့် ကျင့်ထုံးများကို ကျင့်သုံးသောအဖွဲ့၏ အသင်းသားများဖြစ်သည်။” နောက်ဆုံးတွင် ကော်မရှင်အဖွဲ့က အမှုကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးသို့ တင်ပြခဲ့သည်။
ယေဟောဝါသက်သေများကို ရပ်တန့်မပစ်နိုင်
၁၉၉၆၊ မေ ၂၀ ရက်တွင် အမှုကြားနာခဲ့သည်။ တရားခွင်အခန်းတွင် ဒေသခံတက္ကသိုလ်မှ ကျောင်းသားများနှင့် ပါမောက္ခများ၊ သတင်းစာဆရာများနှင့် ဂရိ၊ ဂျာမနီ၊ ဘယ်လဂျီယံနှင့် ပြင်သစ်နိုင်ငံတို့မှ ယေဟောဝါသက်သေခံများအပါအဝင် အယောက် ၂၀၀ ကျော်ရှိခဲ့ကြသည်။
အေသင်တက္ကသိုလ်ရှိ ဂုဏ်ထူးဆောင်ပါမောက္ခနှင့် သက်သေခံများ၏ရှေ့နေဖြစ်သူ ဖေသွန် ဗဲကလဲရစ်က တိုင်းပြည်အာဏာပိုင်တို့သုံးခဲ့သည့် ပေါ်လစီနှင့် ချမှတ်ခဲ့သည့် တရားစီရင်ချက်များသည် ဥရောပသဘောတူညီချက်ကိုသာမဟုတ်ဘဲ ဂရိနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ ချိုးဖောက်ရာရောက်သည်ဟု အခိုင်အမာဆို၏။ “ထို့ကြောင့် တရားရုံးက ကိုင်တွယ်သည့်အရာမှာ နိုင်ငံဥပဒေနှင့် ယင်း၏သက်ဆိုင်ပုံဖြစ်သည်။”
ဂရိအစိုးရအတွက်ရှေ့နေသည် နိုင်ငံတော်ကောင်စီမှတရားသူကြီးတစ်ဦးဖြစ်ပြီး သူသည် အဖြစ်မှန်ကိုဆွေးနွေးမည့်အစား ဂရိနိုင်ငံတွင် ဩသဒေါက်စ်ချာ့ချ်ကရယူထားသည့်ရာထူး၊ နိုင်ငံတော်၊ ပြည်သူပြည်သားတို့နှင့် ယင်း၏အနီးကပ်ဆက်ဆံရေး၊ အခြားဘာသာတရားများကိုထိန်းချုပ်ရေးအတွက် လိုအပ်သည်ဟူသည့်အဆိုတို့ကိုသာ တင်ပြခဲ့သည်။ ထို့ပြင် ၁၉၆၀ ပြည့်နှစ်မှစ၍ ယေဟောဝါသက်သေများသည် အရေအတွက် အကြီးအကျယ်တိုးပွားအောင်မြင်ခဲ့ကြောင်း သူက ဖော်ပြခဲ့သည်။ တစ်နည်းဆိုရသော် ဩသဒေါက်စ်တို့၏ ချယ်လှယ်မှုကို အောင်မြင်စွာဖြင့် စိန်ခေါ်ခဲ့သည်!
ဘာသာရေးလွတ်လပ်မှုကိုအတည်ပြု
စက်တင်ဘာ ၂၆ ရက်တွင် စီရင်ချက်ကိုထုတ်ပြန်ခဲ့သည်။ အလွန်ပင် စိတ်တထင့်ထင့်နှင့်ဖြစ်နေကြသည်၊ အထူးသဖြင့် ယေဟောဝါသက်သေများ ဤသို့ဖြစ်ကြသည်။ အထက်လွှတ်တော်ဥက္ကဋ္ဌ ရူးဒေါ့လ်ဖ်ဘန်းဟတ်က ဆုံးဖြတ်ချက်ကိုဖတ်ကြားသည်– တရားသူကြီးကိုးဦးဖြင့် ဖွဲ့စည်းထားသောတရားရုံးက ဂရိနိုင်ငံသည် ဥရောပညီလာခံ၏ စာပိုဒ် ၉ ကိုချိုးဖောက်ကြောင်း တညီတညွတ်တည်းအတည်ပြုသည်။ ထို့ပြင် တရားစရိတ်ကိုကာမိစေရန် ဒေါ်လာ ၁၇,၀၀၀ ခန့်ကိုလည်း လျှောက်ထားသူများအားပေးရန်သတ်မှတ်ပေးသည်။ အရေးအကြီးဆုံးကား ဆုံးဖြတ်ချက်တွင် ဘာသာရေးလွတ်လပ်မှုကိုထောက်ခံသည့် မှတ်သားထိုက်သောအချေအတင်ပြောဆိုချက်အမြောက်အမြားပါဝင်ခြင်းဖြစ်သည်။
နိုင်ငံရေးကလည်းကောင်း၊ စီမံခန့်ခွဲရေးနှင့်ချာ့ချ်အာဏာပိုင်များကလည်းကောင်း ဘာသာရေးလွတ်လပ်မှုကျင့်သုံးခြင်းကို အလွန်တရာဝင်ရောက်စွက်ဖက်” ရန်အတွက် ဂရိဥပဒေကခွင့်ပြုထားကြောင်း တရားရုံးကမှတ်ချက်ချခဲ့သည်။ ခွင့်ပြုချက်ယူဖို့လိုအပ်သည့် လုပ်ထုံးကို အစိုးရသည် “ဩသဒေါက်စ်မဟုတ်သည့် အချို့သော ဘာသာရေးအဖွဲ့လှုပ်ရှားမှုများ၊ အထူးသဖြင့် ယေဟောဝါသက်သေများ၏ ဘာသာရေးယုံကြည်ချက်ကျင့်ထုံးကို တင်းကြပ်သော ကန့်သတ်ချက်များ၊ အမှန်မှာ ပိတ်ပင်တားမြစ်သော ကန့်သတ်ချက်များကို ပြဋ္ဌာန်းရန်” အသုံးပြုခဲ့သည်။ ဩသဒေါက်စ်ချာ့ချ်က ဆယ်စုနှစ်များစွာအသုံးပြုခဲ့သော ရက်စက်ကြမ်းကြုတ်သည့်နည်းများသည် ဤအပြည်ပြည်ဆိုင်ရာတရားရုံးအားဖြင့် ဖော်ထုတ်ခံခဲ့ရသည်။
“သဘောတူညီမှုတွင် အာမခံခဲ့သည့်အတိုင်း ဘာသာရေးလွတ်လပ်ခွင့်က ဘာသာရေးယုံကြည်ချက်များ သို့မဟုတ် ယင်းသို့သောယုံကြည်ချက်များအား ဖော်ပြရန်အသုံးပြုသည့်နည်းလမ်းများသည် တရားဝင်မဝင်ကို ဆုံးဖြတ်ဖို့ နိုင်ငံတော်အပိုင်းမှ မည်သည့်အခွင့်ကိုမျှ မရရှိထားကြောင်း “တရားရုံးကအလေးအနက်ဖော်ပြခဲ့သည်။ “ဂရိဥပဒေကဖော်ပြထားသည့်အတိုင်း ‘လူသိများသောဘာသာ’ ဟူသည့်အနက်ဖွင့်ဆိုချက်သည် ယေဟောဝါသက်သေတို့နှင့် အံဝင်သည် . . . ယင်းကို အစိုးရကပို၍ပင် လုပ်ပိုင်ခွင့်ပေးထားသည်” ဟုလည်းဖော်ပြခဲ့သည်။
ဟာသမျှမဟုတ်
နောက်ရက်အနည်းငယ်အတွင်း ဂရိနိုင်ငံ၏အဓိကသတင်းစာကြီးအများစုက ဤကိစ္စကိုကြေညာခဲ့ကြသည်။ ၁၉၉၆၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့ထုတ် ကသီမေရီနီသတင်းစာက ဤသို့ဝေဖန်ခဲ့သည်– “ဂရိနိုင်ငံက ယင်းကို ‘ဟာသမျှ’ အဖြစ် လျစ်လျူရှုပစ်ရန် အပြင်းအထန်ကြိုးစားသလောက် စတြာစဘာ့ဂ်မြို့တွင်ရှိသော ဥရောပလူ့အခွင့်အရေးတရားရုံးက ‘အရေးနိမ့်စေခြင်း’ မှာ အမှန်တရားပင်၊ ၎င်းအဖြစ်မှန်သည် နိုင်ငံတကာအတိုင်းအတာအရ မှတ်တမ်းတင်ခဲ့ရာဖြစ်သည်။ တရားရုံးသည် လူ့အခွင့်အရေးသဘောတူညီမှု စာပိုဒ် ၉ ကို ဂရိနိုင်ငံအား ပြန်လည်သတိရစေပြီး ဂရိနိုင်ငံ၏တရားဥပဒေကို တညီတညွတ်တည်း အပြစ်တင်ခဲ့ကြသည်။”
၁၉၉၆၊ စက်တင်ဘာ ၂၈ ရက်ထုတ်၊ အေသင်နေ့စဉ်သတင်းစာ အေ့သနို့စ်က ဥရောပတရားရုံးက ဂရိနိုင်ငံကိုအပြစ်တင်ခဲ့ပြီး ယေဟောဝါသက်သေများဖြစ်ကြခြင်းကြောင့် အကြောင်းမလှဖြစ်ကြရသော နိုင်ငံသားများအား တရားရုံးစရိတ်ပေးစေသည်” ဟုရေးသားခဲ့သည်။
လျှောက်ထားသူများ၏ ရှေ့နေတစ်ဦးဖြစ်သူ မစ္စတာ ပီနို့စ်ဘစ်ဆာဇစ်က ရေဒီယိုအစီအစဉ် တွေ့ဆုံမေးမြန်းခန်းတွင် ဤသို့ပြောခဲ့သည်– “ကျွန်တော်တို့ဟာ ၂၁ ရာစုထဲဝင်တော့မယ့်အချိန်ဖြစ်တဲ့ ၁၉၉၆ ခုနှစ်မှာအသက်ရှင်သူတွေဖြစ်ကြတဲ့အတွက် ခွဲခြားဘက်လိုက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ဒါမှမဟုတ် ဘာသာရေးလွတ်လပ်ခွင့်ကိုကျင့်သုံးခြင်းနဲ့စပ်လျဉ်းတဲ့ စီမံခန့်ခွဲရေးအပိုင်းကဏ္ဍကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ဘူးဆိုတာ ပြောစရာတောင်မလိုပါဘူး။ . . . ဒါဟာ အစိုးရအနေနှင့် ကိုယ့်ရဲ့မူဝါဒကိုပြန်လည်စစ်ဆေးဖို့အတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်ပြီး ဒီမျက်မှောက်ခေတ်မှာ ဘယ်လိုရည်ရွယ်ချက်အတွက်ဖြစ်ဖြစ်မလုပ်သင့်တဲ့ အသိဉာဏ်ကင်းမဲ့တဲ့ ခွဲခြားဘက်လိုက်မှုကို ရပ်တန်းကရပ်ဖို့ဖြစ်ပါတယ်။”
မာနူဆာကီနှင့်အခြားသူများအပေါ် အမှုဆုံးဖြတ်ချက်က ဂရိနိုင်ငံသည် မိမိတို့၏တရားဥပဒေကို ဥရောပတရားရုံး၏စီရင်ချက်နှင့်အညီဖြစ်စေမည်ဟူသော မျှော်လင့်ချက်ကိုဖြစ်ပေါ်စေရာ ယင်းကြောင့် ဂရိနိုင်ငံရှိယေဟောဝါသက်သေများကို ဘက်လိုက်ခွဲခြားခြင်း၊ ရဲ သို့မဟုတ် ချာ့ချ်၏ဝင်ရောက်စွက်ဖက်မှုမရှိတော့ဘဲ ဘာသာရေးလွတ်လပ်မှုကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့ပြင် ယင်းသည် ဘာသာရေးလွတ်လပ်မှုနှင့်ဆက်နွှယ်သော ကိစ္စရပ်များအပေါ် ဥရောပတရားရုံးက ဂရိတရားရေးစနစ်ကို ဒုတိယအကြိမ်စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။a
ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် မဆန့်ကျင်သည့်ကိစ္စရပ်အားလုံးတွင် အစိုးရ “မင်းအာဏာစက်” ကိုနာခံကြကြောင်း အနှံ့အပြားသိရှိကြသည်။ (ရောမ ၁၃:၁၊ ၇) လူထုစည်းကမ်းသေဝပ်မှုကို အန္တရာယ်ပြုသည့်နည်း သူတို့တွင်မရှိပါ။ ယင်းနှင့်ဆန့်ကျင်ကာ သူတို့၏စာပေများနှင့် လူထုရှေ့ဓမ္မအမှုက ဥပဒေလိုက်နာသော နိုင်ငံသားများဖြစ်ရန်နှင့် ငြိမ်းချမ်းစွာအသက်ရှင်နေထိုင်ရန် လူတိုင်းကို အားပေးသည်။ သူတို့သည် ရိုးဖြောင့်သူများဖြစ်ကြပြီး အခိုင်အမာတည်ထောင်ထားသော ဘာသာတရားရှိထားသည့်အပြင် သူတို့အသင်းသားများသည် မိမိတို့အိမ်နီးချင်းများ၏အကျိုးကိုလည်း ကောင်းစွာသယ်ပိုးပေးကြသူများဖြစ်ကြသည်။ သူတို့၏သန္နိဋ္ဌာန်မှာ သမ္မာကျမ်းစာ၏ မြင့်မားသောစံနှုန်းကိုစွဲကိုင်ထားခြင်းဖြစ်ပြီး သူတို့၏ကျမ်းစာပညာပေးလုပ်ငန်းတွင် အထူးဖော်ပြထားသည့်အတိုင်း မိမိတို့၏အိမ်နီးချင်းကို ချစ်ခြင်းသည် သူတို့နေထိုင်ကြသည့်နေရာဖြစ်သော နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ကောင်းစွာအကျိုးဖြစ်ထွန်းလျက်ရှိသည်။
ဥရောပတရားရုံးမှစီရင်ချက်ချမှတ်သည့်ဆုံးဖြတ်ချက်များက ယေဟောဝါသက်သေများနှင့် ဂရိနိုင်ငံရှိ အခြားလူနည်းစုဘာသာများကို ဘာသာရေးလွတ်လပ်ခွင့် ပို၍ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း မျှော်လင့်ရပါသည်။
[အောက်ခြေမှတ်ချက်]
a ဦးဆုံးအကြိမ်ဆုံးဖြတ်ချက်ကို ၁၉၉၃ ခုနှစ်၊ ကိုကီနာကိစ်အမှုတွင် ထုတ်ပြန်ခဲ့သည်—ကင်းမျှော်စင် စက်တင်ဘာ ၁၊ ၁၉၉၃၊ စာမျက်နှာ ၂၇ ကိုရှု။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
၁၉၉၃၊ စက်တင်ဘာ ၂၀ ရက်တွင် ရဲတို့ချိတ်ပိတ်လိုက်သော မူလဘုရားသခင့်နိုင်ငံတော်ခန်းမ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
စတြာစဘာ့ဂ်မြို့ရှိ ဥရောပလူ့အခွင့်အရေးတရားရုံး
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ပါဝင်ပတ်သက်သော သက်သေခံများ– တီ. မာနူဆာကီ၊ ဗီ. ဟတ်ဇကီ၊ ကေ. မာခ်ကရီးဒါးကစ်၊ ကေ. ဘတ်စာဗားနက်စ်