ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၆/၈ စာ. ၄-၇
  • ပိုထွားလာတိုင်း ပိုကောင်းသည်မဟုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပိုထွားလာတိုင်း ပိုကောင်းသည်မဟုတ်
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပိုဝလေ၊ အန္တရာယ်များလေ
  • ကိုယ်အလေးချိန်ဆိုင်ရာလမ်းညွှန်သစ်
  • ကျွန်ုပ်တို့မည်သို့အလွန်ထွားလာခဲ့ကြသနည်း
  • ကျွန်ုပ်တို့အောင်မြင်ပါမည်လော
  • အဝလွန်ခြင်း အကြောင်းရင်းကား အဘယ်နည်း
    နိုးလော့!—၂၀၀၅
  • အဝလွန်ခြင်း တကယ့်ပြဿနာလော
    နိုးလော့!—၂၀၀၅
  • ငါဘယ်လို ဝိတ်လျှော့နိုင်မလဲ
    လူငယ်များအမေး
  • အဝလွန်ရောဂါ တိုက်ဖျက်ရေး—ကြိုးစားရကျိုးနပ်ပါသလော
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၆/၈ စာ. ၄-၇

ပိုထွားလာတိုင်း ပိုကောင်းသည်မဟုတ်

“ကျွန်မအဝတ်အစားတွေ ကျွန်မနဲ့မတော်တော့ဘူး” ဟုအသက် ၃၅ နှစ်ရှိ ရိုစာကစိတ်ပျက်လက်ပျက်ဆိုသည်။ “ကျွန်မဟာအခုပေါင် ၁၉၀ ကျော်နေပြီ၊ ကျွန်မ ဒီလောက်ထွားလာလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။”

ရိုစာတစ်ဦးတည်းသာ ကိုယ်အလေးချိန်တိုးလာ၍ စိုးရိမ်နေသည်မဟုတ်။ သူမနေထိုင်သောအမေရိကန်နိုင်ငံတွင် နိုင်ငံသားသုံးပုံတစ်ပုံနီးပါးသည် ဝလွန်းသူများဖြစ်ကြသည်။a ဗြိတိန်နိုင်ငံ၌ ဝလွန်းသောလူကြီးများ၏အချိုးသည် ဆယ်နှစ်အတွင်းနှစ်ဆတိုးခဲ့သည်။ ထို့အပြင် အလွန်ဝသူရှားခဲ့ဖူးသည့်ဂျပန်နိုင်ငံတွင် ကိုယ်အလေးချိန်လွန်ကဲမှုသည် အဆန်းမဟုတ်တော့ပေ။

ရှိသင့်သည်ထက်ပိုလေးသော ကလေးအရေအတွက်တိုးများနေသည်။ အသက် ၆ နှစ်နှင့် ၁၇ နှစ်ကြားရှိ အမေရိကန်လူငယ် ၄.၇ သန်းခန့်သည် အလွန်အမင်းကိုယ်အလေးချိန်လွန်ကဲကာ၊ ကနေဒီယန်ကလေး ၂၀ ရာခိုင်နှုန်းခန့်သည် ဝလွန်းသူများဖြစ်ကြသည်။ မကြာသေးမီနှစ်များက စင်္ကာပူတွင် ဝလွန်းသောကလေးများသုံးဆရှိလာသည်။

နိုင်ငံအချို့တွင် ကိုယ်အလေးချိန်တိုးခြင်းကြောင့် ကိုယ်ခန္ဓာကြီးထွားလာခြင်းသည် ကြီးပွားချမ်းသာပြီး ကျန်းမာရေးကောင်းခြင်း၏အမှတ်လက္ခဏာဖြစ်ကာ ဆင်းရဲပြီးအာဟာရချို့တဲ့မှုထက် ပိုလိုလားဖွယ်အခြေအနေဖြစ်သည်ဟု ယူမှတ်ကြသည်။ သို့သော် အစားအစာအလွယ်တကူရရှိနိုင်သော အနောက်နိုင်ငံများ၌ ကိုယ်အလေးချိန်တိုးခြင်းကို လိုလားဖွယ်ရာအဖြစ်မယူမှတ်ကြပေ။ ယင်းကို အထူးပူပန်ဖွယ်အကြောင်းတစ်ရပ်အဖြစ် ယူမှတ်ကြသည်။ အဘယ်ကြောင့်နည်း။

“ဝလွန်းခြင်းကို အပြင်ပန်းပြဿနာသဏ္ဌာန်တစ်ခုဖြစ်သည်ဟုသာ လူအများယူဆကြသော်လည်း၊ ယင်းသည် အမှန်ပင်ဆိုးရွားသည့်ရောဂါတစ်ခုဖြစ်၏” ဟုယခင်အမေရိကန်သမားတော်ချုပ်ဒေါက်တာ အဲဗရက်ကုပ်ကဆိုသည်။ နယူးယောက်မှ အင်ဒိုကရင်းဗေဒပညာရှင် အက်ဖ်.ဇေဗာပီဆန်ယာက ဤသို့ရှင်းပြသည်– “[အမေရိကန်နိုင်ငံရှိလူများဝလာခြင်းသည်] ဆီးချို၊ သွေးတိုး၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါအသွင်ကွဲအချို့ကိုပင်ဖြစ်စေသည့် အန္တရာယ်ရှိသည်။”

ပိုဝလေ၊ အန္တရာယ်များလေ

အမေရိကန်သူနာပြုဆရာမ ၁၁၅,၀၀၀ ယောက်ကို ၁၆ နှစ်ကြာပြုလုပ်သည့် အနီးကပ်လေ့လာမှုတစ်ရပ်ကို သုံးသပ်ကြည့်ပါ။ လူကြီးများသည် ၁၁ ပေါင်မှ ၁၈ ပေါင်အထိတိုးလာသောအခါ ယင်းက နှလုံးရောဂါအန္တရာယ်ပိုရှိစေကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ၁၉၉၅၊ စက်တင်ဘာ ၁၄ ရက်ထုတ် နယူးအင်္ဂလန်ဆေးပညာဂျာနယ် ၌ ဖော်ပြထားသည့် ဤလေ့လာမှုအရ ကင်ဆာဖြင့်သေဆုံးသူ သုံးပုံတစ်ပုံနှင့် နှလုံးသွေးကြောဆိုင်ရာကြောင့်သေဆုံးသူ ထက်ဝက်သည် ကိုယ်အလေးချိန်လွန်ကဲမှုကြောင့်ဖြစ်သည်ဟူ၏။ ၁၉၉၆၊ မေ ၂၂/၂၉ ရက်ထုတ်အမေရိကန်ဆေးအဖွဲ့ဂျာနယ် (JAMA) တွင်ဖော်ပြချက်အရ “အမျိုးသား ၇၈% နှင့်အမျိုးသမီး ၆၅% သွေးတိုးခြင်းတွင် ဝလွန်းခြင်းသည် တိုက်ရိုက်အကြောင်းဖြစ်နိုင်သည်။” အမေရိကန်ကင်ဆာအဖွဲ့က (စံအလေးချိန်ထက် ၄၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပိုသည့်) “သိသိသာသာကိုယ်အလေးချိန်လွန်ကဲ” သူများသည် “ကင်ဆာဖြစ်နိုင်သည့်အန္တရာယ်ပိုရှိသည်” ဟုဆိုလေသည်။

သို့သော် ကိုယ်အလေးချိန်လွန်ကဲခြင်းသည် အန္တရာယ်တစ်ခုမျှမကပါ; ခန္ဓာကိုယ်အနှံ့အဆီပြန့်ခြင်းသည် ရောဂါဖြစ်ပွားမှုအန္တရာယ်လည်းရှိသည်။ ဗိုက်တွင်အဆီများသူများသည် တင်ပါးနှင့်ပေါင်တွင် အဆီများသူများထက် ပို၍အန္တရာယ်ရှိ၏။ ဝမ်းဗိုက်ပတ်ဝန်းကျင်တွင် အဆီရှိခြင်းသည် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာဖြစ်ရန်အလားအလာတိုးပွားမှုနှင့် ဆက်စပ်နေသည်။

ထို့အတူ ကိုယ်အလေးချိန်လွန်ကဲသောလူငယ်များသည် သွေးတိုးခြင်း၊ ကိုလက်စထရောပါဝင်မှုများခြင်းနှင့် ဆီးချိုဖြစ်သည့်လက္ခဏာများခံစားရ၏။ သို့ဖြင့် ဝလွန်းသောလူကြီးများဖြစ်လာကြသည်။ ဗြိတိသျှဆေးဂျာနယ် သည်လန်ဆက်တွင်ဖော်ပြထားသော ဇယားကိုအသုံးပြုလျက် သည်နယူးယောက်တိုင်းမ်စ် က “ကလေးအရွယ်ကဝသောသူများသည် သာမန်လူများထက် အသေစောသူများနှင့် ငယ်ရွယ်စဉ်ရောဂါထူသူများဖြစ်ကြသည်” ဟုဖော်ပြထားပါသည်။

ကိုယ်အလေးချိန်ဆိုင်ရာလမ်းညွှန်သစ်

ကိုယ်အလေးချိန်နှင့်ပတ်သက်သည့် ဆိုးရွားသောအန္တရာယ်ကို လက်ခံယုံကြည်သော အမေရိကန်အစိုးရသည် ၁၉၉၅ တွင်အသိအမှတ်ပြုထားသော ကိုယ်အလေးချိန်ဆိုင်ရာလမ်းညွှန်ကို သာ၍တိကျစွာဖော်ပြခဲ့သည်။ (နောက်စာမျက်နှာမှ လေးထောင့်ကွက်ကိုရှု) ခေတ်နှင့်ညီသောလမ်းညွှန်အဖြစ် “ကျန်းမာသောကိုယ်အလေးချိန်၊” “အတော်အသင့်လွန်ကဲသောကိုယ်အလေးချိန်” နှင့် “အလွန်အမင်းလွန်ကဲသောကိုယ်အလေးအချိန်” ဟူ၍ခွဲခြားထားသည်။ လမ်းညွှန်သည် အသက်အရွယ်မရွေး အရွယ်ရောက်ပြီးသည့် အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံးနှင့်သက်ဆိုင်သည်။

၁၉၉၀ လမ်းညွှန်သည် လူလတ်ပိုင်းအရွယ်တွင် အလယ်အလတ်ကိုယ်ခန္ဓာအတွက် ထည့်သွင်းစဉ်းစားပေးထားသည်။ ယင်းကို လူလတ်ပိုင်းအရွယ်ပြန့်ကားမှုဟုခေါ်သည်။ လမ်းညွှန်သစ်၌မူ လူကြီးများသည် အသက်အရွယ်နှင့် ကိုယ်အလေးချိန်အချိုးအစားကို ကျော်လွန်၍မဝသင့်ကြောင်း ဖော်ပြထားသောကြောင့် ယင်းအတွက်မထည့်သွင်းပေးတော့ပေ။b ထို့ကြောင့် ယခင်ကမိမိကိုယ်ကို သာမန်ကိုယ်အလေးချိန်ရှိသည်ဟု ယူမှတ်ခဲ့သူတစ်ဦးသည် ယခုအခါ ကိုယ်အလေးချိန်လွန်ကဲသူများစာရင်းတွင် မိမိပါဝင်ကြောင်း တွေ့ရပေမည်။ သာဓကအနေဖြင့် ၁၆၅ ပေါင်ရှိသော အသက် ၃၅ နှင့် ၆၅ နှစ်အတွင်းရှိ ငါးပေခြောက်လက်မရှိသူသည် ၁၉၉၀ လမ်းညွှန်အရ ကျန်းမာသောကိုယ်အလေးချိန်ရှိသူ အတန်းအစားအတွင်းသာရှိသည်။ လမ်းညွှန်သစ်အရမူ သူ သို့မဟုတ် သူမသည် ရှိသင့်သည့်ကိုယ်အလေးချိန်ထက် ဆယ်ပေါင်များနေပါလိမ့်မည်!

ကျွန်ုပ်တို့မည်သို့အလွန်ထွားလာခဲ့ကြသနည်း

မျိုးရိုးဆိုင်ရာကြန်အင်လက္ခဏာများက လူတစ်ဦးအဝလွန်သည့်အလားအလာအပေါ် ဩဇာလွှမ်းနိုင်သော်လည်း အနောက်နိုင်ငံများတွင် ကိုယ်အလေးချိန်များလာခြင်းသည် ယင်းကြောင့်မဟုတ်ပါ။ ပြဿနာမှာ အခြားအကြောင်းတစ်ခုကြောင့်ဖြစ်၏။

ကျန်းမာရေးပညာရှင်များက အဆီစားခြင်းသည် ဝစေနိုင်ကြောင်းလက်ခံကြ၏။ အသားများစွာနှင့်နို့ထွက်ပစ္စည်းများ၊ ဖုတ်ထားသောအစာများ၊ အမြန်ရအစာ၊ အဆာပြေအစာများ၊ အကြော်အလှော်များ၊ အချဉ်ရည်များ၊ အသားဟင်းရည်များနှင့် ဆီများသည် အဆီဓာတ်များစွာပါဝင်ပြီး ယင်းတို့ကိုစားသုံးခြင်းဖြင့် အလွန်ဝစေနိုင်သည်။ မည်သို့အားဖြင့်နည်း။

ကျွန်ုပ်တို့စားသောအစားအစာတွင် ကယ်လိုရီလိုသည်ထက်ပိုပါလျှင် ကိုယ်ခန္ဓာကိုဝစေနိုင်သည်။ အဆီတစ်ဂရမ်လျှင် ကိုးကယ်လိုရီရှိပြီး၊ ပရိုတင်း သို့မဟုတ် ကာဗိုဟိုက်ဒရိတ်တစ်ဂရမ်တွင်ရှိသည့် လေးကယ်လိုရီနှင့်နှိုင်းယှဉ်ကြည့်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့အဆီစားသောအခါ ကယ်လိုရီပို၍စားသုံးမိကြသည်။ သို့သော် အခြားအရေးကြီးသောအချက်ရှိသေးသည်—ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့် အဆီတို့မှဖြစ်သောခွန်အားကို လူ့ခန္ဓာကိုယ်ကအသုံးပြုပုံဖြစ်၏။ ခန္ဓာကိုယ်သည် ကာဗိုဟိုက်ဒရိတ်နှင့်ပရိုတင်းတို့ကို အရင်စားသုံးပြီးမှ အဆီကိုစားသည်။ အသုံးမဲ့အဆီကယ်လိုရီများသည် ခန္ဓာကိုယ်အဆီများအဖြစ်ပြောင်းလဲသည်။ ထို့ကြောင့် အဆီပါသောအစားအစာများကိုလျှော့ခြင်းသည် ကိုယ်အလေးချိန်လျှော့ချရန် အရေးကြီးသောနည်းတစ်ခုဖြစ်သည်။

သို့တိုင် အဆီလျှော့စားသည်ဟုခံယူထားသူအချို့သည် သူတို့၏ခန္ဓာကိုယ်များပို၍ ပြန့်ကားဆဲဖြစ်နေ၏။ အဘယ်ကြောင့်နည်း။ အကြောင်းတစ်ခုမှာ သူတို့သည် အစားအစာများစွာစားကြ၍ဖြစ်သည်။ အမေရိကန်နိုင်ငံမှ အာဟာရပညာရှင်တစ်ဦးကဤသို့ဆိုသည်– “စားသောက်ပွဲကြီးကျယ်လျှင် ကျွန်ုပ်တို့ပိုစားကြသည်။ ရှိလျှင်ရှိသလောက် ကျွန်ုပ်တို့စားကြသည်။” လူတို့သည် အဆီနည်းသော သို့မဟုတ် အဆီမရှိသောအစားအစာများကို အလွန်အကျွံစားသုံးလိုခြင်းလည်းရှိသေးသည်။ သို့သော် အမေရိကန်နိုင်ငံရှိ အစားအသောက်ထုတ်လုပ်ရေးအကြံပေးအဖွဲ့တစ်ခုမှ ကျွမ်းကျင်သူတစ်ဦးက ဤသို့ရှင်းပြသည်– “အဆီလျှော့ထားသည့်အစားအစာများကို [ကယ်လိုရီများသော] သကြားပိုမိုပါဝင်စေခြင်းအားဖြင့် စားကောင်းအောင်လုပ်ကြသည်။” ထို့ကြောင့် သည်နယူးယောက်တိုင်းမ်စ် တွင် ဤသို့ဖော်ပြထားသည်– “၉၀ ပြည့်လွန်နှစ်များ၏ခေတ်စားသောအရာနှစ်ခုဖြစ်သော—ငွေကိုထိထိရောက်ရောက်အသုံးပြုခြင်းနှင့် အဆီနည်းသော သို့မဟုတ် အဆီလုံးဝမပါသောအစားအစာများကိုစားခြင်း—တို့သည် စားကြူးရန်ဆွဲဆောင်မှုဖြစ်လာစေကာ” ဝလာစေသည်။

လှုပ်ရှားမှုနည်းသည့်ဘဝပုံစံသည်လည်း ကိုယ်အလေးချိန်ပိုတိုးလာစေသည်။ ဗြိတိန်နိုင်ငံ၌ပြုလုပ်သည့်လေ့လာမှုတစ်ခုအရ လူကြီးသုံးပုံတစ်ပုံသည် တစ်ပတ်လျှင် မိနစ် ၂၀ ပင်ကိုယ်ကာယလေ့ကျင့်ခန်းမလုပ်ကြပေ။ ထက်ဝက်နီးနီးကသာ တက်တက်ကြွကြွကစားရသည့်အားကစားများကို လိုက်စားကြသည်။ အနောက်နိုင်ငံများစွာ၌ လမ်းလျှောက်ခြင်းအစား ကားဖြင့်ခရီးသွားလာကြပြီး ပျင်းရိခြင်းနှင့် အစားကြူးခြင်းကိုအားပေးသည့် ရုပ်မြင်သံကြားကြည့်ရှုခြင်းတိုးပွားလာ၏။ အမေရိကန်၌ ကလေးများသည် ဗီဒီယိုဂိမ်းကစားသည့်အချိန်မပါဘဲ တစ်ပတ်လျှင်ခန့်မှန်းခြေအားဖြင့် ၂၆ နာရီရုပ်မြင်သံကြားထိုင်ကြည့်ကြသည်ဟု ဆို၏။ တစ်ချိန်တည်းတွင် ကာယပညာပေးအစီအစဉ်ရှိနေသည့်ကျောင်းများမှာ ၃၆ ရာခိုင်နှုန်းခန့်သာရှိသည်။

ကိုယ်အလေးချိန်လွန်ကဲစေသည့် စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းများလည်းရှိသည်။ “စိတ်လှုပ်ရှားမှုဆိုင်ရာလိုအပ်ချက်တွေနဲ့ ကျွန်တော်တို့အစာစားကြတယ်။ ဝမ်းသာတဲ့အခါ၊ ဝမ်းနည်းတဲ့အခါတွေမှာ ကျွန်တော်တို့စားကြတယ်။ အစားအစာဟာ အခြားအရာများစွာအတွက် အစားထိုးတဲ့အရာတစ်ခုဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ ကျွန်တော်တို့ ကြီးလာကြတယ်” ဟုဂျွန်စ်ဟော့ကင်းစ်ကိုယ်အလေးချိန်စီမံခန့်ခွဲမှုဌာနမှ ဒေါက်တာလောရင်းချက်စကင်းကဆိုသည်။

ကျွန်ုပ်တို့အောင်မြင်ပါမည်လော

ကိုယ်အလေးချိန်လွန်ကဲမှုနှင့်ပတ်သက်သောကိစ္စများသည် ရှုပ်ထွေးနေသည်။ နှစ်စဉ်အမေရိကန်လူမျိုးသန်း ၈၀ ခန့်အစာရှောင်ကြသည်။ သို့သော် အားလုံးနီးပါးသည် အလေးချိန်အတော်အသင့်လျော့ပြီးနောက် မကြာမီပင် ယခင်အတိုင်းပြန်စားကြသည်။ ငါးနှစ်အတွင်း ၉၅ ရာခိုင်နှုန်းသည် သူတို့မလျှော့ချမီက ကိုယ်အလေးချိန်သို့ပြန်ရောက်သွားသည်။

အလေးချိန်လျော့ပြီး ပြန်မတိုးလာရန် လိုအပ်သည့်အရာမှာ ဘဝပုံစံပြောင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါပြောင်းလဲမှုများကို မိသားစုနှင့်မိတ်ဆွေများထံမှ ကူညီပံ့ပိုးမှုဖြင့် ကြိုးစားလုပ်သွားရန်လိုသည်။ အချို့သောကိစ္စများတွင် ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၏ထောက်မမှုလည်း လိုအပ်ပေမည်။c သို့ရာတွင် သင်၏ကြိုးစားမှုအောင်မြင်ရန်မှာ ကောင်းသောရည်ရွယ်ချက် မရှိမဖြစ်လိုသည်။ သင့်ကိုသင်ဤသို့မေးလျှင်ကောင်းသည်– ‘ကျွန်တော်ဘာကြောင့် အလေးချိန်လျှော့ချင်ရသလဲ။’ ကျန်းမာရေးအန္တရာယ်များကိုရှောင်လိုခြင်းသည် သင့်ဘဝအရည်အသွေး သာ၍ကောင်းလာသည်ကိုသိမြင်ခံစားလိုပြီး တိုးတက်လိုသည့်ဆန္ဒနှင့်ဒွန်တွဲလိုက်မည်ဆိုလျှင် အလေးချိန်လျှော့ဖို့သင့်ကြိုးစားမှုသည် ပိုအောင်မြင်မည့်ပုံရှိသည်။

အာဟာရလည်းရှိကာကယ်လိုရီလည်းနည်းသော အရသာရှိသည့်ကျေနပ်ဖွယ် အစားအစာများစွာစားနိုင်ပါသည်။ သို့ရာတွင် အလေးချိန်လျော့စေနိုင်သော အစားအစာများကိုမသုံးသပ်မီ အချို့အစားအစာဒြပ်များသည် ကျန်းမာရေးအန္တရာယ်မည်သို့ဖြစ်စေနိုင်ကြောင်း ဆန်းစစ်ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်များ]

a ဝလွန်းခြင်းကို စံအလေးချိန်ထက် ၂၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပိုခြင်းအဖြစ် အများအားဖြင့်သတ်မှတ်ကြသည်။

b ၁၉၉၅ လမ်းညွှန်သည် အသက်အရွယ်အများစုနှင့်သက်ဆိုင်သော်လည်း လူအားလုံးအတွက်မဟုတ်ချေ။ ၁၉၉၆၊ ဇွန် ၁၉ ရက်ထုတ် JAMA တွင် ဒေါက်တာရောဘတ်အဲမ်.ရပ်ဆယ်လ်က ဤသို့ဆိုသည်– “ယေဘုယျသတ်မှတ်ချက်အရ ကိုယ်အလေးချိန်လမ်းညွှန်သစ်သည် အသက် ၆၅ နှစ်ကျော်သူများနှင့်မသက်ဆိုင်ပါ။ အသက်ကြီးသောသူများ၌ အလေးချိန်အနည်းငယ်ပိုခြင်းသည် ဖျားနာသည့်ကာလများအတွက် ခွန်အားသိုမှီးထားခြင်း၊ ကြွက်သားနှင့် အရိုးစုများပျက်စီးယိုယွင်းခြင်းကိုကာကွယ်ရန် ထောက်ကူခြင်းတို့၌ပင် အကျိုးဖြစ်ထွန်းစေနိုင်သည်။”

c အလေးချိန်လျှော့ချခြင်းနှင့်ပတ်သက်၍ အကြံပေးချက်များအတွက် နိုးလော့! [လိပ်] ၁၉၉၄၊ မေ ၈၊ စာမျက်နှာ ၂၀-၂၂; ၁၉၉၃၊ ဇန်နဝါရီ ၂၂၊ စာမျက်နှာ ၁၂-၁၄; နှင့် ၁၉၈၉၊ ဒီဇင်ဘာ ၈၊ စာမျက်နှာ ၃-၁၂ တို့ကိုရှု။

[စာမျက်နှာ ၆ ပါ ဇယား]

သင်သည် မည်သည့်အပိုင်းအခြားတွင် ရှိနေသနည်း။ “ကျန်းမာသောကိုယ်အလေးချိန်၊” တွင်လော။ “အတော်အသင့်လွန်ကဲသောကိုယ်အလေးချိန်၊” သို့မဟုတ် “အလွန်အမင်းလွန်ကဲသောကိုယ်အလေးချိန်” တွင်လော။ ဤဂရပ်က ၎င်းကိုဖြေဆိုနိုင်ရန် ထောက်ကူပေးပါလိမ့်မည်

အမျိုးသားအမျိုးသမီးများအတွက် ၁၉၉၅ ကိုယ်အလေးချိန်လမ်းညွှန်

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

အရပ် *စင်တီမီတာ

၁၉၈

၁၉၀

၁၈၀

၁၇၀ ကျန်းမာသောကိုယ်အလေးချိန် အတော်အသင့်လွန်ကဲသောကိုယ်အလေးချိန် အလွန်အမင်းလွန်ကဲသောကိုယ်အလေးချိန်

၁၆၀

၁၅၀

ကီလိုဂရမ် ၃၀ ၄၀ ၅၀ ၆၀ ၇၀ ၈၀ ၉၀ ၁၀၀ ၁၁၀

ကိုယ်အလေးချိန် †

အခြေခံထားသောစာရင်းအင်း– အမေရိကန်စိုက်ပျိုးရေးဌာန၊ အမေရိကန်ကျန်းမားရေးနှင့်လူထုဝန်ဆောင်လုပ်ငန်းဌာန

* ဖိနပ်မပါ။

† အဝတ်အစားမပါ။ ပို၍လေးသောအလေးချိန်များသည် အမျိုးသားများစွာကဲ့သို့ ကြွက်သားနှင့် အရိုးပိုကြီးသူများနှင့်သက်ဆိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ