ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၉၃
  • ငါဘယ်လို ဝိတ်လျှော့နိုင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါဘယ်လို ဝိတ်လျှော့နိုင်မလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်အလေးချိန် လျှော့ဖို့ တကယ်ပဲ လိုအပ်လို့လား
  • ကိုယ်အလေးချိန် လျှော့နိုင်တဲ့ အကောင်းဆုံး နည်းလမ်းက ဘာလဲ
  • လုပ်ဆောင်နိုင်ရာ
  • အာဟာရ မျှတအောင် ဘယ်လို စားမလဲ
    လူငယ်များအမေး
  • အဝလွန်ခြင်း ဖြေရှင်းနည်းကား အဘယ်နည်း
    နိုးလော့!—၂၀၀၅
  • ပိုထွားလာတိုင်း ပိုကောင်းသည်မဟုတ်
    နိုးလော့!—၁၉၉၈
  • အဝလွန်ခြင်း အကြောင်းရင်းကား အဘယ်နည်း
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၉၃
ဆယ်ကျော်သက် လူငယ်တစ်ယောက် မှန်ထဲမှာ ကိုယ့်ဗိုက်ကို ကြည့်နေစဉ်

လူငယ်များအမေး

ငါဘယ်လို ကိုယ်အလေးချိန် လျှော့နိုင်မလဲ

  • ကိုယ်အလေးချိန် လျှော့ဖို့ တကယ်ပဲ လိုအပ်လို့လား

  • ကိုယ်အလေးချိန် လျှော့နိုင်တဲ့ အကောင်းဆုံး နည်းလမ်းက ဘာလဲ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေအဆို

ကိုယ်အလေးချိန် လျှော့ဖို့ တကယ်ပဲ လိုအပ်လို့လား

ကိုယ်အလေးချိန် လျှော့ချင်တယ်ဆိုပြီး ဆယ်ကျော်သက်တချို့ ပြောပြောနေကြတယ်။ ဒါပေမဲ့ . . .

  • အများစုဟာ ကျန်းမာရေးထက် လှချင်ပချင်လို့ ဖြစ်တယ်။ ကိုယ်အလေးချိန် အမြန် ကျချင်လို့ ဆိုပြီး နပ်မှန်အောင် မစားဘဲနေတာ၊ အဆီကျဆေးတွေ သောက်တာ စတဲ့ အလွယ်နည်းတွေကို လိုက်တယ်။ ဒါတွေဟာ ဘာမှ သိပ်မထူးခြားတဲ့အပြင် အန္တရာယ်တောင် ရှိတယ်။

    “တချို့ မိန်းကလေးတွေက ကိုယ်အလေးချိန် အမြန် ကျဖို့ အစာ အငတ်ခံကြတယ်။ ဒါက သူတို့ ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ အဲဒီဒဏ်ကနေ သက်သာလာဖို့ အချိန်တော်တော် ကြာတယ်။”—ဟေလီ။

  • ကိုယ်အလေးချိန်အကြောင်း စိုးရိမ်နေသူ အများစုဟာ တကယ်တော့ စိုးရိမ်ရလောက်တဲ့ အနေအထားမှာ မရှိပါဘူး။ သင့်တင့်တဲ့ ကိုယ်အလေးချိန် ရှိသူတချို့က တခြားရွယ်တူတွေနဲ့ ဒါမှမဟုတ် ပိန်ကပ်နေမှ လှတယ်ဆိုပြီး မီဒီယာမှာ တွေ့ရတတ်တဲ့ “စံနှုန်း” နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ဝနေတယ်လို့ ခံစားတတ်ကြတယ်။

    “ကျွန်မ ၁၃ နှစ်တုန်းက ကိုယ့်ကိုယ်ကိုယ် သူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်မိတယ်။ သူတို့လို ပိန်မယ်ဆိုရင် ကျွန်မကို ပိုခင်ချင်ကြမယ်လို့ ထင်ခဲ့တာ။”—ပါအိုလာ။

လူငယ်တချို့ကတော့ တကယ်ပဲ ကိုယ်အလေးချိန် လျှော့ဖို့ လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စစ်တမ်းကောက်ချက်တစ်ခုအရ . . .

  • ကမ္ဘာတစ်ဝန်းလုံးမှာ အသက် ၅ နှစ်နဲ့ ၁၉ နှစ် ကြား လူငယ် သန်း ၃၄၀ လောက်ဟာ အဝလွန်နေတယ်။

  • ၁၉၇၅ ခုနှစ်တုန်းက ၅-၁၉ နှစ်ကြားက လူငယ်တွေမှာ ၄ ရာခိုင်နှုန်းပဲ အဝလွန်တယ်။ ၂၀၁၆ ခုနှစ်ရောက်တော့ ၁၈ ရာခိုင်နှုန်း ဖြစ်သွားတယ်။

  • ကမ္ဘာ့ဒေသတချို့မှာ ပိန်လွန်းတဲ့သူထက် အဝလွန်တဲ့သူ ပိုများနေတယ်။

  • ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာတောင် အဝလွန်တာကို တွေ့နေရပြီ။ အာဟာရ ချို့တဲ့နေတဲ့ အိမ်ထောင်စုတွေမှာလည်း အဝလွန်နေသူတွေ ရှိနေတယ်။

ကိုယ်အလေးချိန် လျှော့နိုင်တဲ့ အကောင်းဆုံး နည်းလမ်းက ဘာလဲ

ဘယ်နည်းလမ်းကို သင်ရွေးချယ်မလဲ

  1. ၁။ နပ်မှန်အောင် မစားဘူး။

  2. ၂။ ကာယလေ့ကျင့်ခန်းလည်း လုပ်၊ အာဟာရ မျှတအောင်လည်း စားမယ်။

  3. ၃။ အဆီကျဆေးတွေ သောက်မယ်။

အဖြေမှန်။ ဒုတိယနည်းလမ်း ဖြစ်တဲ့ ကာယလေ့ကျင့်ခန်းလည်း လုပ်၊ အာဟာရ မျှတအောင်လည်း စားမယ်။

နပ်မှန်အောင် မစားတာ၊ တချို့ အစားအစာတွေကို ရှောင်တာက မြန်မြန် ကိုယ်အလေးချိန် ကျစေတယ်ဆိုတာ မှန်ပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ပုံမှန်အတိုင်း ပြန်စားတာနဲ့ အရင်အတိုင်း ပြန်ဖြစ်သွားတတ်တယ်။

ဒါပေမဲ့ ကျန်းမာဖို့ ပန်းတိုင်ထား ကြိုးစားမယ်ဆိုရင် ရုပ်ရည်ကော၊ ခန္ဓာပါ ကျန်းမာလန်းဆန်းနေပါလိမ့်မယ်။ “အန္တရာယ် အကင်းဆုံး၊ အကျန်းမာဆုံး၊ ရေရှည်ခံတဲ့ ရလဒ်တွေကို ရရှိစေဖို့ . . . ကိုယ့်ဘဝပုံစံကို ပြောင်းလဲရမယ်။ အဲဒါက ကိုယ်အမြဲတမ်း နေထိုင်သွားနိုင်မယ့် ဘဝပုံစံ ဖြစ်ရမယ်” ဆိုပြီး ဒေါက်တာ မိုက်ကယ် ဘရက်လီ ရေးသားခဲ့တယ်။a ဆိုလိုရင်းက ဘာလဲ။ ကိုယ်အလေးချိန် လျှော့ဖို့ လိုအပ်တယ်ဆိုရင် အစာရှောင်တာ တစ်ခုတည်းကိုပဲ မစဉ်းစားပါနဲ့။ ဘဝနေထိုင်မှုပုံစံကိုပါ ပြောင်းလဲရပါမယ်။

လုပ်ဆောင်နိုင်ရာ

“ထိန်းချုပ်နိုင်သူ” ဖြစ်ဖို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ အဲဒီထဲမှာ စားသောက်တဲ့ အကျင့်လည်း ပါဝင်တယ်။ (၁ တိမောသေ ၃:၁၁) စားကြူးတာကို ရှောင်ဖို့တောင် ကျမ်းစာမှာ သတ်သတ်မှတ်မှတ် မိန့်မှာထားတယ်။ (ပညာအလိမ္မာ ၂၃:၂၀။ လုကာ ၂၁:၃၄) ပိုကျန်းမာစေတဲ့ ဘဝပုံစံ ပိုင်ဆိုင်နိုင်ဖို့ အဲဒီမူတွေကို စိတ်ထဲ မှတ်ထားပြီး အောက်ပါအတိုင်း လုပ်ကြည့်ပါ။

  • ဆယ်ကျော်သက် ကောင်လေးတစ်ယောက် စားစရာတွေကို အသေအချာ ကြည့်နေစဉ်

    အာဟာရ မျှမျှတတ ရွေးချယ်စားသုံးတတ်အောင် သင်ယူပါ။

    ဘာကိုပဲ စားမယ်၊ ဘာကိုတော့ လုံးဝ မစားဘူးဆိုပြီး အစွန်းရောက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အာဟာရနဲ့ပတ်သက်ပြီး ဗဟုသုတ နည်းနည်းပါးပါး ရှိထားတာက မျှတအောင် စားသုံးတတ်ဖို့ အများကြီး အထောက်အကူပြုပါတယ်။ မျှတအောင် စားတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်တဲ့ အကောင်းဆုံးနည်းတစ်ခုပါပဲ။

  • ဆယ်ကျော်သက် ကောင်လေးတစ်ယောက် လမ်း ခက်သွက်သွက် လျှောက်နေစဉ်

    ကာယလေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။

    ခန္ဓာကိုယ် လှုပ်ရှားနေဖို့ နေ့စဉ် လုပ်ဆောင်နိုင်တဲ့ နည်းတွေကို ရှာကြံပါ။ ဥပမာ၊ ဓာတ်လှေကား စီးမယ့်အစား လှေကား သုံးပါ။ ဗီဒီယိုဂိမ်း ကစားတဲ့ အချိန်ထဲက နာရီဝက်ကို အပြင်ထွက်ပြီး ခပ်သွက်သွက် လမ်းလျှောက်ပါ။

  • ဆယ်ကျော်သက် ကောင်လေးတစ်ယောက် သရေစာမုန့်တွေအစား အာဟာရရှိတာတွေကို ရွေးချယ်နေစဉ်

    သရေစာတွေ မစားဘဲ အာဟာရရှိတာတွေကို စားပါ။

    “အသီးအနှံတွေလိုမျိုး အာဟာရရှိတဲ့ အဆာပြေ စားစရာတွေကို ဆောင်ထားတယ်။ အဲဒါဆိုရင် တခြားအာဟာရ မရှိတဲ့ မုန့်တွေ မစားမိတော့ဘူး” ဆိုပြီး ဆယ်ကျော်သက်အရွယ် ဆိုဖီယာ ပြောတယ်။

  • ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ထပ်ထည့်ဖို့ ကမ်းလှမ်းတာကို ငြင်းနေစဉ်

    ဖြည်းဖြည်း စားပါ။

    တချို့သူတွေဟာ စားတာ မြန်လွန်းလို့ ဗိုက်ပြည့်နေပြီဆိုပြီး အစာအိမ် အချက်ပြတာကို သတိမထားမိဘူး။ ဒီတော့ ဖြည်းဖြည်းပဲ စားပါ။ စားစရာ ထပ်မယူခင် ခဏလောက် နားပါ။ ဗိုက်ပြည့်နေမှန်း သတိထားမိပါလိမ့်မယ်။

  • ဆယ်ကျော်သက် ကောင်လေးတစ်ယောက် အာဟာရ ပမာဏစာရင်းကို ဖတ်နေစဉ်

    ကယ်လိုရီ ဘယ်လောက် စားနေသလဲဆိုတာ သတိပြုကြည့်ပါ။

    ကိုယ် စားနေတဲ့ အစားအစာမှာ ကယ်လိုရီ ဘယ်လောက် ပါဝင်သလဲဆိုတာ အာဟာရ ပမာဏစာရင်းကို ဖတ်ပါ။ အချိုရည်၊ သရေစာ၊ အချိုပွဲတွေမှာ ကယ်လိုရီ အများကြီး ပါဝင်နိုင်တယ်။ ဒါတွေဟာ ကိုယ်အလေးချိန်ကို တိုးစေတဲ့ အစားအသောက်တွေပဲ။

  • ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ဘောလုံးကစားပြီးလို့ ရေခဲမုန့် စားနေစဉ်

    မျှတမှု ရှိပါ။

    ၁၆ နှစ်အရွယ် ဆာရာ ဒီလိုပြောတယ်– “ကယ်လိုရီ တွက်တာနဲ့ပတ်သက်ပြီး ကျွန်မ ဘယ်လောက်တောင် အစွန်းရောက်ခဲ့သလဲဆိုရင် ပန်းကန်ကို ကြည့်လိုက်တဲ့အခါ ကိန်းဂဏန်းတွေကိုပဲ မြင်တော့တယ်။” “ကယ်လိုရီ ရေတွက် စက်” မဖြစ်ပါနဲ့။ တစ်ခါတလေ ကိုယ်စားချင်တာတွေ စားနိုင်ပါတယ်။

အကြံပြုချက်။ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး စိုးရိမ်တာတွေကို ဆရာဝန်ကို ပြောပြပါ။ သင့်ကျန်းမာရေး အချက်အလက်တွေကို ထည့်စဉ်းစားပြီး ဘယ်လို နေ၊ ဘယ်လို စားရမလဲဆိုတာကို အကြံပြုပေးပါလိမ့်မယ်။

ရွယ်တူတွေအဆို

နီကီ

“ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ ဒီလိုပဲ ဖြစ်ရမယ်ဆိုတဲ့ မီဒီယာတွေရဲ့ ဩဇာလွှမ်းမိုးမှုအောက် အလွယ်တကူ ရောက်သွားနိုင်တယ်။ ပြီးနောက် မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး စိတ်ပျက်နေတတ်တယ်။ တကယ်တော့ ကျွန်မတို့အားလုံး ခန္ဓာကိုယ်အချိုးအစား တစ်ပုံစံတည်း ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျန်းမာနေရင် ကျေနပ်သင့်ပါပြီ။”—နီကီ။

လိုရန်ဇို

“အစားအစာတွေကို ကြိုမစီစဉ်ထားဘူးဆိုရင် တွေ့ကရာမုန့်တွေ စားမိရော။ ဒါက ကျန်းမာရေးအတွက် မကောင်းဘူး၊ စျေးလည်း ပိုကြီးတယ်။ ပြီးတော့ ကျွန်တော်က ချွေးထွက်များတဲ့ လေ့ကျင့်ခန်းတွေကို ကြိုက်တယ်။ လေ့ကျင့်ခန်း လုပ်ပြီးတိုင်း အားအင်ပြည့်လာတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ကြိုတင် မစီစဉ်ထားရင်တော့ တခြားအရာတွေနဲ့ အချိန်ကုန်သွားတတ်တယ်။”—လိုရန်ဇို။

ပြန်လည်သုံးသပ်ချက်။ ငါ ဘယ်လို ကိုယ်အလေးချိန် လျှော့နိုင်သလဲ

အစာရှောင်တာ တစ်ခုတည်းကို မစဉ်းစားပါနဲ့။ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဘဝပုံစံပြောင်းလဲဖို့–

  • အာဟာရ မျှမျှတတ ရွေးချယ်စားသုံးတတ်အောင် သင်ယူပါ။ အာဟာရနဲ့ပတ်သက်ပြီး ဗဟုသုတ အနည်းငယ် ရှိထားတာက မျှမျှတတ စားသုံးတတ်ဖို့ အများကြီး အထောက်အကူပြုပါတယ်။

  • ကာယလေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ ခန္ဓာကိုယ် လှုပ်ရှားနေဖို့ နေ့စဉ် လုပ်ဆောင်နိုင်တဲ့ နည်းတွေကို ရှာကြံပါ။

  • သရေစာတွေ မစားဘဲ အာဟာရရှိတာတွေကို စားပါ။ အာဟာရရှိတဲ့ အဆာပြေတစ်ခုခု ဆောင်ထားမယ်ဆိုရင် အာဟာရ မရှိတာတွေကို မစားမိတော့ဘူး။

  • ဖြည်းဖြည်း စားပါ။ အလောတကြီး မစားနဲ့။ စားစရာ ထပ်မယူခင် ခဏနားလိုက်ပါ။ ဗိုက်ပြည့်နေမှန်း သတိထားမိပါလိမ့်မယ်။

  • ကယ်လိုရီ ဘယ်လောက် စားနေသလဲဆိုတာ သတိပြုကြည့်ပါ။ အာဟာရပမာဏ စာရင်းကို ဖတ်ပါ။ ကယ်လိုရီကို ဂရုစိုက်ပါ။

  • မျှတမှု ရှိပါ။ ကယ်လိုရီကို ဂရုစိုက်ရမှာ မှန်ပေမဲ့ ဒီတစ်ခုကိုပဲ လွန်လွန်ကဲကဲ မစဉ်းစားပါနဲ့။

a ဆယ်ကျော်သက်တွေ စိတ်ရူးပေါက်လာတဲ့အခါ စာအုပ်မှ ကိုးကားထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ