သတိ! လူလိမ်များခြေရှုပ်နေ
မြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ မုန်တိုင်း ပြီးဆုံးသွားခဲ့ပြီ။ အဖျက်စွမ်းအားကြီးသည့် ဆိုးဆိုးရွားရွားတိုက်ခတ်သောလေမှာ ငြိမ်သွားပြီး လျှံတက်သောရေလည်း အန္တရာယ်မရှိတော့ချေ။ လွတ်မြောက်လာသူတို့မှာ မျက်လုံးအပြူးသားဖြင့် သူတို့၏ပုန်းခိုရာများမှထွက်လာပြီး စိုးရိမ်ကြောက်ရွံ့စိတ်ဖြင့် စွန့်ပြေးခဲ့သူတို့သည် မလှမ်းမကမ်းရှိ မုန်တိုင်း၏ဆိုးကျိုးကိုကြည့်ဖို့ပြန်လာ၏။ အိမ်များ၌ ခေါင်မိုးများ မရှိတော့; သစ်ပင်များ အမြစ်မှကျွတ်ထွက်ကာ ပြန့်ကျဲနေသော မိုးရေစိုစွတ်နေသည့်အိမ်တွင်းရှိပစ္စည်းများပေါ်တွင် ဗရမ်းဗတာလဲကျနေသည်။ လျှပ်စစ်လိုင်းများပြတ်တောက်နေပြီး အရေးပေါ်ခေါ်ဖို့နှင့် သတင်းပို့ဖို့လည်း မဖြစ်နိုင်ချေ။ တစ်ချိန်က ပျော်ရွှင်သောမိသားစုများအတွက် ကွန်းခိုရာဖြစ်သောအိမ်အချို့မှာ ပျက်စီးသွားပြီး ပျက်စီးမှုကိုပြင်ဖို့ အလှမ်းဝေးလေစွ။ တစ်ချိန်က ပျော်ရွှင်ငြိမ်းချမ်းသောရပ်ကွက်မှာ ယခု ပျက်စီးမှုအတိဖြင့် စိတ်ပျက်စရာမြင်ကွင်းတစ်ခု ဖြစ်နေပေပြီ။
ပြန်လည်တည်ဆောက်ရန် စိတ်ပိုင်းဖြတ်မှုအပြည့်ဖြင့် ရပ်ကွက်လူစုသည် စိန်ခေါ်ချက်ကို ရင်ဆိုင်ကြသည်။ အိမ်နီးချင်းတို့သည် အချင်းချင်းရိုင်းပင်းကူညီကြပြီ; အချို့တို့မှာ ထိုအချိန်ထိ တစ်ဦး၏နာမည်ကို တစ်ဦးပင်မသိခဲ့ကြချေ။ ယောက်ျားများသည် အိမ်ဆောက်ကိရိယာများနှင့် ကျွမ်းကျင်မှုကိုဝေမျှကြ၏။ မိန်းမများက ဆောက်လုပ်ရေးသမားများအတွက် ချက်ပြုတ်စဉ် ကလေးအကြီးလေးများက ပေါက်စလေးများကို ထိန်းနေသည်။ ထိုရပ်ကွက်၏အပြင်ဘက်မှ အိမ်ခေါင်မိုးသူများ၊ သစ်ပင်ဖယ်ရှားသူများ၊ လက်သမားများ၊ ဆေးသုတ်သူများပါဝင်သည့် စခန်းချယာဉ်လူစုများသည် တလိုတလားအကူအညီပေးရန် ရောက်လာကြ၏။ သို့သော် သူတို့နှင့်အတူ ဒုက္ခမှကျော်နင်းသူတို့ကို အမြတ်ထုတ်ရန် လူလိမ်များလည်းပါလာသည်။
ပြုပြင်ရေးလုပ်ငန်းအတွက် စရန်ငွေအမြောက်အမြား တောင်းဆိုကြသည်။ ကြံရာမရဖြစ်နေသောအိမ်ပိုင်ရှင်တို့က သူတို့ကို ငွေကြေးပေးလိုက်ရာ သူတို့သည် ဘာမျှမလုပ်ပေးဘဲ ငွေများယူကာ ပျောက်ခြင်းမလှပျောက်သွားကြတော့သည်။ သူတို့၏လုပ်ငန်းအတွက် “အာမခံချက်” ပေးသောအိမ်ခေါင်မိုးသူတို့၏ ပြုပြင်မှုမှာ အရည်အသွေးညံ့ဖျင်းပြီး မိုးရွာသည်နှင့် မိုးယိုတော့သည်။ မနက်ဖြန်လုပ်ငန်းအတွက် ကြီးမားသောကိရိယာများ ငှားရမ်းရလေဟန်ဖြင့် သစ်ပင်ဖယ်ရှားသူတို့သည် မိမိတို့၏သားကောင်များထံမှ စရန်အနေဖြင့် ဒေါ်လာထောင်နှင့်ချီ၍ ရယူခဲ့ကြပြီ။ မနက်ဖြန်သည် ဘယ်တော့မျှ ရောက်မလာတော့ချေ။
ပျက်စီးမှုနှင့် ဆုံးရှုံးမှုကို ထပ်ဆင့်သည့်အနေနှင့် အိမ်ပိုင်ရှင်များသည် အလျော်မပေးနိုင်သော သို့မဟုတ် လိမ်လည်သော အာမခံကုမ္ပဏီများတွင် ပမာဏများသောငွေကြေးများထည့်ဝင်မိခဲ့ရာ ယခု ထိခိုက်နစ်နာကြေးပေးရန်ငြင်းဆိုကြ သို့မဟုတ် ရုံးခန်းများဖျက်သိမ်းသွားပြီး ရုံးထိုင်သူတို့မှာရှောင်ပြေးနေကြရာ အိမ်ပိုင်ရှင်တို့မှာ ကြီးစွာသောကဖြစ်ရကြသည်။ အကြောင်းလှ၍ အာမခံကြေးရရှိသွားသူတို့မှာလည်း အရည်အချင်းရှိသူလူနည်းစုက အလုပ်အားလုံးကိုမပြီးနိုင်သောကြောင့် ယုတ်မာ၍အရည်အချင်းမရှိသည့် ကန်ထရိုက်များ ဝင်ရောက်လုပ်ကိုင်မည့်အဖြစ်ကို ကြုံကြရပြန်သည်။ ရလဒ်အနေဖြင့် စိတ်နောက်ကျိနှင့်ပြီးဖြစ်သော အိမ်ပိုင်ရှင်တို့မှာ ပြီးစလွယ်လုပ်ကိုင်မှုများကိုသာတွေ့ရကာ သာ၍ဝမ်းနည်းကြရ၏။
သဘာဝဘေးဒုက္ခခံရသူတို့မှာ အမြတ်ထုတ်ခံပြီးရင်းခံနေရသည်။ အစပိုင်းတွင် အားလုံးကောင်းကျိုးအတွက်စုစည်းလာသော ဘေးဒဏ်ခံရပ်ကွက်လူစုသည် အချို့တို့အတွက် အလွန်ကြေကွဲဖွယ်ဖြစ်ရသည်။
ဟာရီကိန်းမုန်တိုင်းပြီးနောက် ရပ်ကွက်တစ်ခုတွင် ဝေဖာထုပ်များသည် မယုံကြည်နိုင်လောက်အောင် ၄ ဒေါ်လာ ဖြစ်သွားပြီး မိခင်များသည် ကလေးနို့မှုန့်ဘူးတစ်ဘူးလျှင် ၆ ဒေါ်လာဖြင့်ပေးဝယ်ရသည်။ စတိုးဆိုင်တစ်ဆိုင်တွင် တီဗွီတစ်လုံး သို့မဟုတ် ရေဒီယိုတစ်လုံး မဝယ်ယူဘဲနှင့် ဓာတ်ခဲများ ဝယ်၍မရနိုင်ချေ။ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တို့သည် ပစ္စည်းများကို မတန်တဆဈေးတင်၍ ရောင်းခြင်းဖြင့် သူတို့၏ငွေထည့်အံဆွဲကို ပြည့်လျှံစေကြပြီ။ နောက်အခြေအနေတစ်ခုတွင် ဘီးတပ်အိမ်ပိုင်ရှင်တို့သည် ရေကြီးနေစဉ် မိမိတို့၏အိမ်ကို မြင့်သောကုန်းမြေပေါ်ဆွဲတင်ရန် အခငွေမှာ ၆၀၀ ရာခိုင်နှုန်းထိုးတက်သွား၏။ မြေငလျင်လှုပ်ပြီးနောက် အိမ်ပျက်စီးသွားသော ၈၄ နှစ်အရွယ် အဖွားအိုတစ်ဦးမှာ အစိုးရအလုပ်သမားဟန်ဆောင်သူတစ်ဦး၏ လှည့်ဖြားခြင်းကိုခံခဲ့ရသည်။ မကြာမီက သူမလက်မှတ်ရေးထိုးလိုက်သော စာရွက်စာတမ်းမှာ အစိုးရထောက်ပံ့မှုနှင့် လျှော့ဈေးဖြင့်အစားအစာဝယ်ယူနိုင်သည့် လျှောက်လွှာများဟု ယူမှတ်ခဲ့၏။ အမှန်မှာ ၎င်းတို့သည် အမေရိကန်ဒေါ်လာ ၅,၀၀၀ သာတန်သည့် အိမ်ပြုပြင်မှုလုပ်ငန်းအတွက် ဒေါ်လာ ၁၈,၀၀၀ ငွေပေးဖို့ အိမ်ကိုပေါင်နှံသည့်စာချုပ် ဖြစ်နေသည်။
ဖုန်းဖြင့်စီးပွားကြေညာ၍ ကလိမ်ကျခြင်း
‘ဝမ်းသာပါတယ် ဒေါ် ____! ဒီနေ့ဟာ ခင်ဗျား ကံကောင်းတဲ့နေ့ပဲ။’ ‘ခင်ဗျားဟာ ကျွန်တော်တို့ . . . ရဲ့မဟာကံထူးရှင်ပါပဲ။’ ဤကား ရုတ်တရက်ဖုန်းမြည်သံ၏ ဦးဆုံးစကားများဖြစ်မည်။ သူတို့သည် “ဆုမဲပေါက်ပြီ” ဖြစ်ကြောင်း၊ ဆုရရန် “အာမခံ” ကြောင်း ဖုန်းဖြင့်အပြောခံရသူ များစွာရှိသည်။ မဲပေါက်သော “ဆု” မှာကားသစ်တစ်စင်း၊ အပန်းဖြေအိမ်သုံးပစ္စည်းတစ်မျိုး သို့မဟုတ် စိန်လက်စွပ်ဖြစ်ပေမည်။
သင့်အနေဖြင့် အခမဲ့လက်ဆောင်ရယူနိုင်ကြောင်း ကြေညာသည့် ထိုသို့သောဖုန်းမျိုးအခေါ်ခံရဖူးသလော။ သင် စိတ်လှုပ်ရှားခဲ့သလော။ မယုံနိုင်လောက်အောင် ဖြစ်သည်မဟုတ်ပေလော။ ထိုသို့သော ဖုန်းခေါ်ခြင်းကို သင်တုံ့ပြန်ခဲ့၍ ဆုကိုသင်ရရှိခဲ့ဖူးသလော။ သို့မဟုတ် ဖုန်းဖြင့်စီးပွားကြေညာ၍ကလိမ်ကျမှု၏ သားကောင်ဖြစ်ခဲ့သလော။ ဤသို့ သင်ဖြစ်ခဲ့လျှင် သင်တစ်ဦးတည်းမဟုတ်ချေ။ ဝယ်ယူသုံးစွဲသူများကိုလေ့လာခြင်း မဂ္ဂဇင်းအရ အမေရိကန်ပြည်ထောင်စု၌ပင် ဖုန်းဖြင့်စီးပွားကြေညာသူလူလိမ်တို့သည် မိနစ်တိုင်းတွင် ဆယ်ယောက်ခန့်ကို လိမ်ညာနေသည်ဟုဖော်ပြ၏။ နှစ်စဉ် မသမာသောလူလိမ်တို့သည် ဝယ်ယူသုံးစွဲသူတို့ထံမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံမှ ၄၀ ဘီလီယံအထိ၊ မိနစ်တိုင်း ဒေါ်လာ ၇,၅၀၀ ခန့်ကို လိမ်လည်နေ၏။
“နှစ်စဉ် ကနေဒါတစ်ဝန်း၌ ဖုန်းဖြင့်စီးပွားကြေညာသည့်လူလိမ်များက ၁၅၀,၀၀၀ ထက်မကသောလူတို့အား သူတို့မဟာဆုကို ‘ဆွတ်ခူးရရှိ’ ကြောင်း သို့မဟုတ် ရရှိရန် ‘ရွေးချယ်ခံရ’ ကြောင်း ဖုန်းဆက်ပြောဆိုကြသည်။ ထို့အပြင် နှစ်စဉ် ထောင်နှင့်ချီသောကနေဒါနိုင်ငံသားတို့မှာ ဤလိမ်လည်မှုကိုနားယောင်ကာ သူတို့ပေးသောဆုကို ဆွတ်ခူးဖို့အတွက် တစ်ဦးစီလျှင်ပျမ်းမျှငွေ အမေရိကန်ဒေါ်လာ ၂,၀၀၀ ကိုအသုံးပြုခဲ့ကြပြီ” ဟုရီးဒါးစ် ဒိုက်ဂျက်စ်ကဖော်ပြသည်။ အွန်တဲရီးယိုပြည်နယ် ရဲအရာရှိတစ်ဦးက ဤသို့ဆိုသည်– “တယ်လီဖုန်းလိမ်လည်မှုသည် ကနေဒါလူမျိုးတို့၏သမိုင်းတွင် အကြီးမားဆုံးသောလိမ်လည်မှုများထဲမှ တစ်မှုဖြစ်သည်။” သူက ဤသို့ထပ်ဆင့်သည်– “ကနေဒါနိုင်ငံသားတို့ကို တစ်နှစ်လျှင် ဒေါ်လာငွေသန်းနှင့်ချီ၍ ကုန်ကျစေကြောင်း ကျွန်ုပ်တို့သိရှိရသည်။” ယင်းတို့မှာ ရဲထံ တိုင်ကြားသည့်အရေအတွက်သာ ဖြစ်သည်။ သို့သော် ခန့်မှန်းခြေအားဖြင့် ထိုသို့ခံခဲ့ရသူ ၁၀ ရာခိုင်နှုန်းသာလျှင် သူတို့၏ဆုံးရှုံးမှုကို တိုင်ကြားခဲ့ကြသည်ဖြစ်ရာ အဆိုပါပြဿနာ၏တစ်ခုလုံးအတိုင်းအတာ မည်မျှကျယ်ပြန့်သည်ကို တိတိကျကျဆုံးဖြတ်ဖို့ရန် မဖြစ်နိုင်ချေ။
“လူတွေကို ကျွန်တော်တို့က ဆုပေါက်ပြီလို့ ပြောလိုက်ပြီး သူတို့သဲသဲကွဲကွဲမစဉ်းစားကြတော့ဘူး” ဟုလူလိမ်တစ်ဦးက ဝန်ခံခဲ့သည်။ ထပ်ဆင့်၍ ဤသို့ဆိုသည်– “သူတို့ကငြင်းရင်လည်း ဂရုမစိုက်ဘဲ [ပို၍ကြီးမားသောပေါက်မဲကိုကံစမ်းရန်] ပိုက်ဆံပို့ပေးဖို့ သူတို့ကို ကျွန်တော်တို့က တွန်းအားပေးလိုက်တယ်။” သားကောင်တစ်ဦးသည် လိမ်လည်မှုကို တစ်ခါခံလိုက်ရသည်နှင့် သူ၏နာမည်သည် ဖုန်းဖြင့်စီးပွားကြေညာသည့်အခြားအဖွဲ့သို့ ရောင်းစားခံရပြီး “ယုံလွယ်သူ” စာရင်းတွင်ထည့်သွင်းခံရသည်။ သူတို့၏နာမည်များကို အခြားသူများထံ တစ်ဆင့်ပြန်ရောင်းကာ ထိုသူများက သူတို့ကို ထပ်ခါထပ်ခါဖုန်းခေါ်လိမ့်မည်။ တိုရန်တိုမှ ယခင်ဖုန်းဖြင့်စီးပွားကြေညာခဲ့သူတစ်ဦးက “ကျွန်မတို့ဟာ ယုံလွယ်သူစာရင်းအရ လုပ်ဆောင်တဲ့အခါ ပထမအကြိမ်ဖုန်းခေါ်တာနဲ့ လူပေါင်း ၇၅ ရာခိုင်နှုန်းလောက်က ဝယ်ယူတော့တာပဲ။ တတိယအကြိမ် စာရင်းအတိုင်းဖုန်းခေါ်တဲ့အခါ ၅၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားရော။ ဒါပေမဲ့ တစ်ခါပါဝင်တာနဲ့ တချို့က ဆက်ပြီးပါဝင်ကြတယ်; ပိုက်ဆံအများကြီးကိုပြန် ရနိုးရနိုးနဲ့ပေါ့။”
သူတို့၏အိပ်မက်ဖြစ်သော စိတ်ကူးယဉ်ဆုတစ်ခုကို ဆွတ်ခူးဖို့ရာ ဖုန်းဖြင့်စီးပွားဈေးကွက်ကြေညာသူအတုအယောင်တို့၏လှည့်ဖြားမှုကို အဘယ်အတိုင်းအတာအထိ ခံရကြသနည်း။ “အသက်ကြီးသူအချို့ လိမ်ညာခြင်းမခံရလေအောင် ဘဏ်များတွင် စာရင်းသေအပ်ငွေဖြစ်စေဖို့ ကျွန်တော်တို့စီစဉ်ပေးခဲ့ကြရသည်” ဟုရဲဘက်ဆိုင်ရာမှ ထောက်လှမ်းရေးတစ်ဦးက ဆိုသည်။ မကြာသေးမီက မုဆိုးမတစ်ဦးသည် ဖုန်းဖြင့်စီးပွားကြေညာသူ ၁၆ ဦးထံ ၃၆ ခါပေးချေခဲ့ရာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၈၅,၀၀၀ ကုန်ကျခဲ့သည်။ ရလဒ်ကား “တန်ဖိုးမရှိသော လက်ဝတ်တန်ဆာ အမြောက်အမြား” ကိုသူမရရှိခဲ့၏။
လည်ဝယ်သူများကို အစီအစဉ်တကျ လိမ်လည်လှည့်ဖြားမှုများ
သို့သော် ဤသို့လိမ်လည်လှည့်ဖြားသူများသည် လူမရွေးချေ။ သူတို့၏ သားကောင်များထဲတွင် လူ့ဘောင်အဖွဲ့အစည်း၏ စီးပွားရေးအဆင့်အားလုံးမှ လူများပါဝင်သည်။ လည်ဝယ်၍ကျွမ်းကျင်သည်ဟုဆိုသူများပင် လှည့်ဖြားခံခဲ့ကြရပြီ။ လှည့်ဖြားမှုမှာ အစီအစဉ်ကျနပြီးပိရိလွန်းရကာ သတိရှိရှိဝယ်ယူသုံးစွဲသူအများစုပင် သားကောင်ဖြစ်သွားရသည်။ ဈေးနှုန်းမြင့်မားသော လိမ်လည်မှုကိုမူ နှံ့စပ်လည်ဝယ်သောဈေးဝယ်ယူသူတို့အပေါ် ပစ်မှတ်ထား၍ ရုပ်မြင်သံကြားမှဖြစ်စေ၊ စာတိုက်မှတစ်ဆင့် ရောင်စုံလက်ကမ်းစာစောင်များအားဖြင့်ဖြစ်စေ ကြော်ငြာပေမည်။ ယင်းတို့တွင် အကျိုးအမြတ်များများရမည်ဟုကတိပြုသည့် ရင်းနှီးမြှုပ်နှံခြင်းများ—ရုပ်ရှင်လုပ်ငန်းများ၊ ရွှေနှင့် ရွှေတွင်းများ၊ ရေနံတွင်းများကဲ့သို့သော မြှုပ်နှံခြင်းများ—ပါဝင်မည်။ မြှုပ်နှံနိုင်ဖွယ်စာရင်းမှာ မဆုံးနိုင်ဟန်ရှိမည်။ သို့သော် ရလဒ်များကား လုံးဝအရှုံးချည်းသာဖြစ်သည်။
“သူတို့လှည့်ကွက်ရဲ့ ကျယ်ပြန့်မှုအတိုင်းအတာက မယုံနိုင်လောက်အောင်ပါပဲ” ဟုသားကောင်ဖြစ်ခဲ့သော ပညာတတ်အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျောင်းဆရာမတစ်ဦးအနေနဲ့ ကျွန်မဟာ ကိုယ်ကိုကိုယ် သိနားလည်နိုင်စွမ်းရှိသူလို့ ထင်ခဲ့မိတယ်။ . . . ကတိတွေက အဆုံးမဲ့ပါပဲ။” သူသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု၏ လှည့်ဖြားမှုကြောင့် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ဆုံးရှုံးခဲ့သည်။
ဖုန်းဖြင့်စီးပွားကြေညာ၍ ကလိမ်ကျခြင်းမှာ နိုင်ငံတကာ ပြဿနာတစ်ရပ်ဖြစ်သည်။ စုံစမ်းစစ်ဆေးသူတို့က “ဤဆယ်စုနှစ်တွင် သာ၍ဆိုးပေမည်” ဟုတင်ကြိုခန့်မှန်းကြ၏။ သို့သော် သတိပြုပါ! အခြားလိမ်လည်မှုများရှိပြီး အချို့လူလိမ်တို့သည် သက်ကြီးရွယ်အိုတို့ကို ပစ်မှတ်ထားကြသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မုန်တိုင်းပြီးဆုံးသည့်နောက် ရောက်လာတတ်ကြသော လူလိမ်တို့ကို သတိပြု!
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
“အခမဲ့ဆုတစ်ဆု သင်ဆွတ်ခူးခဲ့ပြီ!” —အမှန်ပင်လော